အခန်း (၁၀၄၉)
Vol. 71 Ch. 1049
ကျွင်းချောင်ရှောင်းသည် ကျန်းဝေမြို့ထဲသို့ ဝင်ရသည့်အချိန်မှာတော့ မြင်းပျံများကို စီးနင်းလျက်ရှိနေသော လက်နက်အပြည့် တပ်ဆင်ထားသည့် စစ်သားများ အားလုံးသည် အပေါ်ဘက် ကောင်းကင်ယံတွင် ပျံဝဲလျက် ရှိနေကြ၏။ ၎င်းတို့အားလုံးသည် အလွန်အားကောင်းလှသော သိုင်းဘုရင်အဆင့် ကျွမ်းကျင်သူများ ဖြစ်လို့နေ သည်။ သိုင်းဘုရင်များသည် ကုန်းမြေတိုက်ကြီးတွင် သာမန်သာဖြစ်သည်ဆိုသော်လည်း ဤကဲ့သို့ အစုလိုက်၊ အပြုံလိုက် တွေ့ရဖို့ဆိုသည်မှာတော့ ရှားပါးလွန်းလှ၏။ စစ်သားများသည် အင်ပါယာ၏ တည်နေရာတစ်ခုလုံးတွင် လှည့်လည်သွားလာ၍ စောင့်ကြည့်ရသည့်တာဝန်ကို ယူထားကြ၏။ ယနေ့မှာတော့ ၎င်းတို့အားလုံးသည် မြက်ခင်း ပြင်ထက်တွင် သတိလစ်မေ့မျောနေခဲ့သော သိုင်းကျင့်ကြံသူ ငါးယောက်တို့ကို တွေ့ရှိခဲ့ရ၏။
“ဗိုလ်ချုပ်”
နောက်လိုက်တစ်ယောက်က သတင်းပို့လိုက်သည်။ “ဒီငါးယောက်က တိုင်ဝေမြို့မှာ နေထိုင်တဲ့လူတွေပဲ။ သူတို့ကို ကြည့်ရတာ တစ်စုံတစ်ခုကြောင့် သတိလစ်မေ့မျောနေပုံပေါ်တယ်”
ဂုဏ်သိက္ခာ ထည်ဝါလှပုံပေါ်သော ဗိုလ်ချုပ်သည် အေးစက်သည့်မျက်နှာဖြင့် ပြောလိုက်၏။ “သူတို့ရဲ့ အဝတ်အစာတွေ အကုန်လုံးကို ယူသွားကြပြီ။ ပြီးတော့ မှတ်ပုံတင်တွေကိုလည်း ယူသွားသေးတယ်။ ကြည့်ရတာ ငါတို့မြို့ထဲကို သူလျှိုတွေ ဝင်ရောက်လာတာနဲ့ တူတယ်။ ဒါဆိုရင် အမိန့်ကို ဖြန့်လိုက်တော့။ မြို့ထဲမှာ ရှိနေတဲ့ လူတွေအကုန်လုံး ဒီငါးယောက်ရဲ့ ပုံတူပန်းချီတွေကို ဖြန့်ဝေလိုက်။ တူညီတဲ့ပုံစံရှိတယ်ဆိုတာနဲ့ ဘာအကြောင်းအရာမှ မေးမြန်းမနေတော့ဘဲ တစ်ခါတည်း ဖမ်းဆီးလိုက်ကြ”
“ကောင်းပါပြီ”
ဟီ.. ဟီ..
မြင်းပျံများအားလုံးသည် တောင်ပံကြီးများကို ဖြန့်ကာဖြင့် ပျံသန်းသွားခဲ့ကြသည်။ ၎င်းတို့အားလုံးသည် အဓိက မြို့များဆီသို့ အသီးသီး ပျံဝဲသွားပြီးသည့်နောက်မှာတော့ သတင်းအချက်အလက်များ ပေးပို့တော့သည်။ မကြာခင် မှာပဲ ကျွင်းချောင်ရှောင်းနှင့် တခြားသူတို့အားလုံး အယောင်ဆောင်ခဲ့ကြသည့် ပုံတူများသည် မြို့၏ တည်နေရာ အနှံ့တွင် ကပ်ထားလျက် ရှိနေတော့၏။ ဤအချက်အလက်ကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ကျန်းဝေအင်ပါယာ၏ သတင်းအချက်အလက် ဖြန့်ဝေမှုနှုန်းမှာ မည်မျှ မြန်ဆန်၍ ကောင်းမွန်လှသည် ဖြစ်ကြောင်းကို သိသာ ထင်ရှားလှ၏။
တခြားသော အင်ပါယာသုံးယောက်တို့သည် ကျန်းဝေအင်ပါယာအား ပူးပေါင်း၍ တိုက်ခိုက်မည်ဆိုပါက အနိုင်ရ မလား၊ မရမလားဆိုသည်ကို ဝေခွဲ၍ မရနိုင်ဖြစ်နေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ အမှန်ပင် အားကောင်းလွန်းလှ၏။ ၎င်းသည် ယွမ်သခင်လေး ကဲ့သို့ပင် အစီအစဉ် ချမှတ်ရာတွင် ကောင်းမွန်လှသည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။
ယွမ်သခင်လေး အကြောင်းကို ပြောရမည်ဆိုလျှင် ၎င်းသည် ကျန်းဝေအင်ပါယာ၏ နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ အင်ပါယာ၏ အားအင်နှင့် အခြေခံအဆင့်များကို သိရှိပြီးသည့်နောက်မှာတော့ သူသည် ဂုဏ်ယူစွာပြောလိုက်၏။ “အင်ပါယာကျန်းဝေက ကျုပ်လို ပါရမီရှင်မျိုးကို အသည်းအသန် လိုအပ်နေမှာ သေချာတယ်”
အကြီးအကဲလင်းက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အင်ပါယာကျန်းဝေက အနိုင်ကျင့်ခံရတဲ့ အင်ပါယာအဆင့်ကနေပြီးတော့ တကယ့်ကို ကြီးမားတဲ့အင်ပါယာကြီးတစ်ခုဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်လေ။ သူသာ သခင်လေးရဲ့ အကူအညီကို ရမယ်ဆိုရင် အရှေ့ပင်လယ်တစ်ခုလုံးကို တစ်စုတစည်းတည်း ဖြစ်အောင်လုပ်ဖို့ ဆိုတာ ပြဿနာ မဟုတ်တော့ဘူး”
ယွမ်သခင်လေးသည် ပြုံးကာပြောလိုက်မိ၏။ “ပင်လယ်ကြီးကို ဖြတ်ပြီးတော့ လာခဲ့ရတာ ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုပဲ”
.............
ဘုတ်
အဖြူရောင်ဆံပင်နှင့် လက်ထဲတွင် တုတ်ကောက်တစ်ခုကို ကိုင်ကာ လှမ်းလျှောက်လာခဲ့သော အဘိုးအို တစ်ယောက်သည် မြေပေါ်တွင် ဒူးထောက်၍ ထိုင်လိုက်သည်။ သူသည် ရေကန်၏ အလယ်ဗဟိုတွင်ရှိသော စင်မြင့်တစ်ခုကို ဦးညွတ်ကာ ပြောလိုက်သည်။ “မင်းကြီး”
ကျောက်စင်မြင့်ပေါ်တွင် လူတစ်ယောက်သည် ထိုင်လျက် ရှိနေ၏။ ထိုလူသည် အနီရောင်တိမ်များဖြင့် ဖုံးလွှမ်းလျက် ရှိနေသောကြောင့် ၎င်း၏မျက်နှာကို မြင်တွေ့ရရန် ခက်ခဲလှ၏။
“ကျုပ် တံခါးပိတ် ကျင့်ကြံနေတာလေ။ မင်းဆရာအနေနဲ့ ဘာကိစ္စ ရှိလို့လဲ”
လေးနက်သည့်အသံတစ်ခုသည် ထွက်ပေါ်လာခဲ့၏။ လေသံကို နားထောင်လိုက်သည်ဆိုသည်နှင့် အသက် သုံးဆယ်နှင့် လေးဆယ်နီးပါးခန့် ရှိသော ရင့်ကျက်လှသည့် လူတစ်ယောက်ဖြစ်မှန်း သိသာထင်ရှားလှသည်။
“မင်းကြီး”
မင်းဆရာသည် လေးနက်စွာဖြင့် ပြောလိုက်မိ၏။ “မင်းကြီး... လွန်ခဲ့တဲ့ လအနည်းငယ်က ကျုပ် တွေ့ရှိခဲ့ရတဲ့ မကောင်းတဲ့ အတိတ်နမိတ်တွေက ပိုပိုပြီး အားကောင်းလာခဲ့တယ်။ ဒီတော့ ကျန်းဝေအင်ပါယာကြီး အန္တရာယ်ဖြစ်မှာ စိုးရိမ်မိတယ်”
အနီရောင်မြူများထဲမှ အသံသည် ထွက်ပေါ်လာပြန်၏။ “မင်းဆရာက နမိတ် မကောင်းဘူးလို့ပဲ အမြဲတမ်း ပြောနေတာလေ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ကျုပ်က အရာအားလုံးကို လွယ်လွယ်ကူကူပဲ ဖြေရှင်းပြနိုင်တယ် မဟုတ်ဘူးလား။ ဒီတော့ လေးလေးနက်နက် ခံစားမနေပါနဲ့”
“အရှင်မင်းကြီး.... ဒီတစ်ကြိမ်က …..”
“ဘယ်လို အန္တရာယ်မျိုးပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ကျုပ်က လွယ်လွယ်ကူကူနဲ့ ဖြေရှင်းနိုင်တယ်။ ခင်ဗျား ထွက်သွားတော့”
“နားလည်ပါပြီ”
မင်းဆရာသည် ဦးညွတ်ကာဖြင့် အနောက်သို့ ဆုတ်ခွာကာ ထွက်ခွာသွားခဲ့တော့သည်။ သူသည် အိမ်တော်ဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာ သူ၏ အထူးစွမ်းရည်ကို အသုံးပြုကာ ပုံရိပ်ယောင်နှင့် ဆင်တူလှသော အစီအရင်တစ်ခုကို ဖွင်လိုက်၏။ ခြောက်ကပ်နေသော သီးခြားကျွန်းငယ်လေးတစ်ခု ချုပ်နှောင်ခံထားရသော ဆရာဖန်းအား တွေ့လိုက်ရသည့်နောက်မှာတော့ သူသည် စိတ်သက်သာရာ ရလိုက်မိ၏။
“ဒီမကောင်းတဲ့ နမိတ်တွေက ဒီလူနဲ့ သက်ဆိုင်နေတာပဲ ဖြစ်ရမယ်။ ငါသူ့တို့ ထိန်းချုပ်ထားနိုင်တာနဲ့အမျှ ကပ်ဘေး တွေကို ဖြေရှင်းဖို့နည်းလမ်း ရရှိလိမ့်မယ်”
..............
လျှို့ဝှက် အခန်းကြီး တစ်ခုထဲမှာတော့ …။
ဖူး...
အနီရောင်မြူများ ရစ်သိုင်းလျက်ရှိနေသောလူသည် သွေးတစ်လုတ် အန်ထုတ်လိုက်တော့၏။ သူ၏ တင်းမာခက်ထန်လှသောမျက်နှာ ထင်ပေါ်လာပြီးသည့်နောက်မှာတော့ မျက်နှာပေါ်တွင် အလွန်တရာ ပြင်းထန်လှသည့် ဒေါသမီးတောက်များနှင့် တောက်လောင်နေသကဲ့သို့ပင် ဖြစ်လို့နေ၏။
“ကျန်းဝေ... ငါ့တပည့်”
ရယ်သံတစ်ခုသည် ၎င်း၏ နားထဲတွင် ထွက်ပေါ်လာခဲ့၏။ “မင်းရဲ့ ခန္ဓာကိုယ် အတွင်းဘက်ပိုင်းမှာ ငါ့ကို ဖိနှိပ်ထားလို့ရမယ် ထင်နေတာလား။ မင်းက မင်းရဲ့ အထူး နည်းစနစ်ကို အရမ်းကို မှီခိုလွန်းတယ် မထင်ဘူးလား။ ပြီးတော့ ခန္ဓာကိုယ်ထဲမှာ ငါ့ကို ထာဝရ ထိန်းချုပ်ထားနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား”
အမှန်ပင်ဖြစ်သည်။ ဤသက်လတ်ပိုင်းလူသည် အင်ပါယာ ကျန်းဝေပင် ဖြစ်၏။ ၎င်းသည် ဖိနှိပ် နှိပ်စက်ခြင်းကို ခံထားရသောကြောင့် အင်ပါယာကျန်းဝေ ဖြစ်သည်ဟုပင် ပြောရန်ခက်ခဲနေတော့၏။ အင်ပါယာကျန်းဝေသည် သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော ထိန်းချုပ်ရခက်နေသည့် စွမ်းအင်များကို အတင်းဖိနှိပ်ပြီးသည့်နောက် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကျုပ်ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့အတွက် အဲလောက်ကြီး အရေးကြီး နေတာလား”
“မင်း.... ဒီလောကကြီးတစ်ခုလုံးမှာ နာမည်တစ်လုံးနဲ့လူတစ်ယောက် မဖြစ်ချင်ဘူးလား။ မင်းရဲ့ ခန္ဓာကိုယ်ကို ငါ့ကို လွှဲပေးလိုက်။ ငါမင်းကို လွယ်လွယ်ကူကူနဲ့ ကူညီပေးနိုင်တယ်။ ဒီကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးကို တစ်စုတစ်စည်းတည်း ဖြစ်အောင်လို့ ကူညီပေးနိုင်တယ်” အသံသည် ထွက်ပေါ်လာခဲ့၏။
“ဟား ဟား ဟား”
အင်ပါယာကျန်းဝေ၏ မျက်နှာသွင်ပြင်သည် တင်းမာခက်ထန်နေရာမှ ပြေလျော့သွားခဲ့၏။ သူသည် နှာခေါင်းကိုရှုံ့ကာ ပြောလိုက်သည်။ “ကျုပ်က ကျုပ်ရဲ့ ခန္ဓာကိုယ်ကို လွှဲပေးလိုက်မယ်ဆိုရင် တကယ့်ကို သိစိတ်မဲ့တဲ့ ရုပ်သေးတစ်ခုလို ဖြစ်သွားမှာပေါ့။ ဒါဆိုရင် သိုင်းပညာတာအိုရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်သွားတော့လည်း ဘာထူးမှာလဲ”
“အင်း...”
အသံရှင်က ထပ်ပြောလိုက်တော့သည်။ “ငါ့ရဲ့လက်ကျန် စိတ်ဝိညာဉ်စွမ်းအင်တွေက မင်းရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်ပြီးတော့ အချိန်အတိုင်းအတာတိုအတွင်း ပိုပြီးအားကောင်းအောင် ကူညီနိုင်တယ်လေ။ ဒါပေမဲ့ …”
“ပါးစပ်ပိတ်ထား”
အင်ပါယာကျန်းဝေသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ခင်ဗျားက ကျုပ်ကို အသုံးချနေတာလေ။ ကျုပ် လုံလောက်အောင် အားကောင်းသွားပြီဆိုရင် ခင်ဗျားက အခွင့်အရေးယူတော့မှာပေါ့”
“မင်းက ကျန်းဝေအင်ပါယာရဲ့ အရင်အင်ပါယာသားလေ။ ဒီတော့ ငါသာ မင်းကို သိုင်းပညာတွေ မသင်ပေးဘူးဆိုရင် မင်းအနေနဲ့ ဒီနေ့လို အခြေအနေမျိုးကို ရောက်လာမှာ မဟုတ်ဘူး။ ငါက မင်းရဲ့ ခန္ဓာကိုယ်ကို စတေးပစ်မယ်လို့ တောင်းဆိုခဲ့တာလေ။ ဒါပေမဲ့ မင်းက ငြင်းပယ်ခဲ့တယ်လေ။ ဘယ်လောက်ထိ ကျေးဇူးကန်းလိုက်တဲ့ကောင်လဲ”
အင်ပါယာကျန်းဝေသည် သူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို အသုံးပြု လှည့်ပတ်ကာဖြင့် ထိန်းချုပ်၍ မရနိုင်သော စွမ်းအင်များကို အတင်းဖိနှိပ်တော့သည်။ ပြီးသည့်နောက်မှာတော့ သူသည် အေးစက်စက် ပြောလိုက်၏။ “ခင်ဗျားက အလကားပါပဲ။ ခင်ဗျား မရှိရင်လည်း ကျုပ်က အောင်မြင်နိုင်ပါသေးတယ်”
ဟား ဟား ဟား ဟား
ထူးဆန်းသည့်ရယ်သံသည် ထွက်ပေါ်လာခဲ့၏။ “မင်းအနေနဲ့ အထူးလီမီးနည်းစနစ်ကို အသုံးပြုပြီးတော့ ငါ့ကို ဘယ်လောက် ဖိနှိပ်ထားနိုင်မလဲဆိုတာ သိချင်သေးတယ်။ ပြီးမှ ငါသတိမပေးဘူးလို့ အပြစ်မတင်နဲ့နော်။ နည်းနည်းလေး အမှားလုပ်လိုက်တာနဲ့ မင်းရဲ့ ကျော်ကြားမှု၊ ချမ်းသာမှု ၊ စွမ်းအင်၊ အာဏာတွေ အကုန်လုံးက ပျောက်ကွယ်သွားလိမ့်မယ်”
ဝှစ်
ပြောပြီးပြီးချင်းမှာပဲ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဝိညာဉ်ကဲ့သို့ စွမ်းအင်သည် ပျောက်ကွယ်သွားတော့၏။ ၎င်းစွမ်းအင်များသည် ၎င်း ခန္ဓာကိုယ်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင် ပုန်းအောင်းလျက်ရှိ၏။
ဟူး ဟူး
အင်ပါယာကျန်းဝေသည် အသက်ကို ပြင်းပြင်းရှုလိုက်၏။ သူ၏ နဖူးစပ်တွင်တော့ ချွေးစေးများဖြင့် ဖုံးလွှမ်းလျက် ရှိသည်။
ဒီအဘိုးကြီးက စည်းကိုချိုးဖြတ်တဲ့နေရာမှာ မြန်မြန်လာတယ်လေ။ ငါသာ တကယ်တမ်း အထူးလီမီး စနစ်ကို အဆင့်မြင့်အထိ မတတ်ကျွမ်း၊ မနားလည်ဘူးဆိုရင် ငါ့ရဲ့ခန္ဓာကိုယ်ကို သူက မကြာခင်မှာ သိမ်းဆည်းသွား နိုင်တယ်။ ဟင်း... ငါ့အနေနဲ့ လောဘကြီးခဲ့မိတာ အပြစ်ဘဲ။ အစောကြီးကတည်းက ဒီနည်းစနစ်ကို ရရှိရဲ့သားနဲ့ တစ်ဖက်လူရဲ့ ဆွဲဆောင်မှုကို လက်ခံလိုက်တယ်။ ဒီလိုအခြေအနေမျိုးကို ရောက်ရှိသွားတာပဲ။ မင်းဆရာပြောတဲ့ မကောင်းတဲ့ အတိတ်နမိတ်ဆိုတာ ဒါများလား မသိဘူး။ ငါ့အနေနဲ့ ဒီအရာကို မဖိနှိပ်နိုင်ဘူးဆိုရင် ခန္ဓာကိုယ် တစ်ခုလုံး ပါသွားလိမ့်မယ်။ ဒါဆိုရင် ကျန်းဝေအင်ပါယာကြီးတစ်ခုလုံးက ဘေးဒုက္ခတွေ သင့်ကုန်တော့မှာပဲ။ ငါ ဒါကို လက်ခံလို့ မဖြစ်ဘူး။ မဖြစ်ဘူး။
အင်ပါယာကျန်းဝေသည် လက်သီးကို ဒေါသတကြီးဆုပ်ကာဖြင့် ပြောလိုက်သည်။ “ငါက သိုင်းအင်ပါယာ တစ်ယောက် ဖြစ်လာဖို့ အလားအလာကို ပိုင်ဆိုင်တယ်။ ဘယ်လိုဖြစ်ပြီး ရုပ်သေးတစ်ရုပ် ဖြစ်လာရမှာလဲ”
ဝှစ်
သူသည် ကျင့်ကြံခြင်းနည်းစနစ်ကို လှည့်ပတ်ကာဖြင့် သူ၏ဒန်ထျန်ထဲရှိ စွမ်းအင်များကို အားဖြည့်ပေးလိုက် တော့သည်။
ဝှစ် ဝှစ်
ရုတ်တရက် ကျောက်တံခါးကြီးသည် ဘယ်မှညာဆီသို့ ပွင့်သွား၏။ အနီရောင်မျက်လုံးများနှင့် သိုင်းကျင့်ကြံသူ နှစ်ယောက်သည် ရောက်ရှိလာခဲ့ပြီးသည့်နောက်မှာတော့ မြေပေါ်တွင် ဒူးထောက်လိုက်ကြသည်။ ၎င်းတို့သည် လေးစားစွာဖြင့် ပြောလိုက်သည်။ “ဂါရဝပြုပါတယ် … မင်းကြီး”
“ငါ့ရဲ့ အားအင်အဆင့်တွေ ပိုပြီး ကောင်းမွန်လာစေဖို့အတွက် မင်းတို့ရဲ့ အသက်တွေကို လိုအပ်တယ်။ ဒီတော့ မင်းတို့ရဲ့ ဝိညာဉ်နဲ့သွေးတွေ ငါ့ကို ပေးကြ”
အင်ပါယာကျန်းဝေသည် လေးနက်စွာ ပြောလိုက်၏။ သူသည် ဤကဲ့သို့သော ကိစ္စမျိုးကို ရေတွက်လို့ မရနိုင်အောင် ပြောခဲ့ဖူးကြောင်း သေချာလှ၏။
“ကောင်းပါပြီ မင်းကြီး”
သိုင်းကျင့်ကြံသူနှစ်ယောက်တို့သည် ခြေချိတ်ကာ ထိုင်လိုက်ကြ၏။ ၎င်းတို့သည် လက်ဝါးများကို မြှောက်ကာဖြင့် ဦးခေါင်းအား အသာရိုက်နှက်လိုက်သည့်နောက်မှာတော့ ၎င်းတို့၏ နတ်ဘုရားစိတ်ဝိညာဉ်များ သည် တစ်ခါတည်း ပျောက်ကွယ်သွားတော့သည်။
ဝှစ် ဝှစ် …။
အင်ပါယာကျန်းဝေသည် သူ၏ လက်များကို အသာဖွင့်ဟပြီးသည့်နောက် လက်ချောင်းများသည် လက်သည်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ဟူး ဟူး
အနီရောင်စွမ်းအင်လှိုင်းနှစ်ခုသည် လေထဲတွင် ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ သေဆုံးသွားခဲ့သော သိုင်းကျင့်ကြံသူနှစ်ယောက်၏ ခန္ဓာကိုယ်များကို ရစ်သိုင်းလိုက်သည်။ ၎င်းတို့နှစ်ယောက်သည် အဝတ်အစားများ သာ ကျန်ရှိသည်အထိ ပျောက်ကွယ်သွားခဲ့တော့သည်။
ဒင်.. ဒင်
သေဆုံးသွားခဲ့သော သိုင်းကျင့်ကြံသူ နှစ်ယောက်ဆီမှ တစ်ယောက်၏ နားကပ်တစ်ခုသည် ပြုတ်ကျလာခဲ့၏။ ထိုအရာ၏ ပုံပန်းသွင်ပြင်ကို ကြည့်လိုက်လျှင် စုံတွဲတစ်ခုစာ ပြုလုပ်ထားခြင်း ဖြစ်ပုံပေါ်၏။ သို့ပေမဲ့ တခြား တစ်ခုသည် ဘယ်ရောက်နေမှန်း မသိချေ။
ဟူး
အချိန်အတော်ကြာ သန့်စင်ပြီးသည့်နောက် အင်ပါယာကျန်းဝေသည် သူ၏ မူလ အေးစက်မှုနှင့် တည်ငြိမ်မှု ပုံပန်း သွင်ပြင်မျိုးကို ပြန်လည် ရရှိလိုက်သည်။ သူသည် ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်တော့၏။ “ခင်ဗျားသင်ပေး ခဲ့တဲ့ ခင်ဗျားရဲ့တပည့်က ကျင့်ကြံခြင်းနည်းစနစ်နဲ့ အထူးလီမီးနည်းစနစ်တို့ကို ပေါင်းစပ်နိုင်သွားလိမ့်မယ်လို့ ခင်ဗျား အိမ်မက်တောင် မက်ဖူးမှာ မဟုတ်ဘူး။ လုံလောက်တဲ့ အရင်းအမြစ်သာ ရှိနေရင် ကျုပ်ရဲ့ကျင့်ကြံခြင်းနည်း စနစ်က ဒီထက်ပိုပြီး အဆင့်မြင့်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားဖို့ ပြဿနာမရှိဘူး။ ဒီတော့ …..”
သူသည် ခဏလောက် ရပ်ကာဖြင့် အားရပါးရ ရယ်လိုက်တော့သည်။ “ခင်ဗျား ကျုပ်ခန္ဓာကိုယ်ကို သိမ်းပိုက်ချင်တယ်ဆိုရင် အိမ်မက်သာမက်နေလိုက်”