အခန်း (၁၀၅၀)
Vol. 71 Ch. 1050
ကျန်းဝေမြို့ ……။
ကျွင်းချောင်ရှောင်းနှင့် သူ၏တပည့်လေးယောက်တို့သည် ကျယ်ပြောလှသည့်လမ်းကြီးတွင် မတ်တပ်ရပ်လျက် ရှိနေကြသည်။ ၎င်းတို့သည် သူတို့အား ဖြတ်၍ လျှောက်သွားကြသော ချပ်ဝတ်အပြည့်နှင့် စစ်သားများအား ကြည့်ရှုနေမိကြ၏။ ၎င်းတို့သည် လမ်းမှားပြီး စစ်တပ်ထဲသို့ ရောက်ရှိနေသလားလို့ပင် အမှတ်မထင် တွေးတောနေမိ၏။ သို့ပေမဲ့ မြို့ထဲတွင် ဆူညံကာ စည်းကားနေသည့်အသံကို ကြားပြီးသည့်နောက် ဤအရာသည် မြို့တစ်ခုကို ရောက်ရှိနေခြင်းဖြစ်ပြီး စစ်တပ်တစ်ခုကို ရောက်ရှိနေခြင်းမဟုတ်ကြောင်း နားလည်လိုက်မိကြ၏။
ဤမြို့သည် ဝတ်စုံအပြည့်နှင့် ဝတ်ဆင်ထားသော စစ်သားအများအပြား တည်ရှိနေသည့် မြို့လည်းဖြစ်၏။ လုံခြုံရေးသည် အထူးပင် တင်းကျပ်လွန်းလှ၏။ ကုန်းရှန့်အား ပိုမို၍ စိတ်အပျက်ရဆုံးမှာ စားသောက်ဆိုင် တစ်ခုထဲသို့ ဝင်ရောက်လိုက်သည့် အချိန်တိုင်းပင်လျှင် စစ်သားများက စောင့်ကြည့်နေသည်ကို တွေ့မြင်နေရခြင်းပင် ဖြစ်၏။ ၎င်းတို့၏ ပုံပန်းသွင်ပြင်ကို ကြည့်ရသည်မှာ မလျော်ညီသည် ကိစ္စတစ်ခုခုကို တွေ့မြင်ရသည်ဆိုသည်နှင့် ဖမ်းဆီးကာ အချုပ်ထဲထည့်မည့် ဟန်ပင်မျိုးပင် ပေါက်နေသည်။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အသံပို့လွှတ်လိုက်၏။ “ဒီ ကျန်းဝေမြို့ရဲ့ လုံခြုံရေးက အရမ်းကို ကြောက်ဖို့ ကောင်းတာပဲ”
ကျွတ်
ရီရှင်းချန်သည် နှာခေါင်းရှုံ့လိုက်မိ၏။ သူ၏ အထင်အရဆိုလျှင် သေရမှာကို ကြောက်ရွံ့လှသည့်လူများသာလျှင် ဤကဲ့သို့မြို့ကို လေးလေးနက်နက်ဖြင့် တည်ထောင်ဖန်တီးထားခြင်း ဖြစ်သည်။ ဆိုလိုရသည်မှာ ကျန်းဝေမြို့၏ အင်ပါယာသည် လူကြောက်တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ကောင်းကင်ဘုံအင်ပါယာ၏ နာမည်ကို အလွဲသုံးစားပြုကာ သုံးစွဲနေသည့်လူတစ်ယောက် အနေဖြင့် ဤကဲ့သို့ သရဲဘောကြောင်မနေသင့်ပေ။ သိုင်းအင်ပါယာအဟောင်း တစ်ယောက်ဖြစ်သည့် ဖေးအားညိုသည် ကျန်းဝေအင်ပါယာအား တစ်ခါမှ မတွေ့ဆုံဖူးဘူး ဆိုသော်လည်း မနှစ်သက်ခဲ့ချေ။ အကယ်၍သာ ပြည့်စုံလုံလောက်သည့် အခြေအနေမျိုးတွင်သာ ထိပ်တိုက်တွေ့ဆုံမည်ဆိုပါက သူ့အနေနှင့် သင်ခန်းစာ ကောင်းကောင်းပေးရန်ပင် စဉ်းစားထားမိသေးသည်။
“သွားကြရအောင်”
ကျွင်းချောင်ရှောင်းသည် အခန်းတစ်ခုကို စာရင်းပေးသွင်းပြီးနောက်မှာတော့ ပြောလိုက်သည်။ “အပြင်ဘက်ကို လျှောက်သွားရအောင်”
သူ့အနေနှင့် နန်းတော်နှင့် တားမြစ်တည်နေရာထဲသို့ တိုက်ရိုက်သွားရန် အစီအစဉ် မရှိပေ။ သို့ပေမဲ့ မြို့ထဲတွင် ရှိသော အခြေအနေများကို စုံစမ်းထားရန် စီစဉ်ထားမိ၏။ အင်ပါယာကျန်းဝေသည် တခြားသူများ၏ အနိုင်ကျင့် ခံရသည့်ဘဝမှပင် မြို့ကြီးတစ်ခုကို ထူထောင်နိုင်ခဲ့သော အင်ပါယာတစ်ယောက် ဖြစ်လာသည် ဖြစ်သောကြောင့် အရည်အသွေးပြည့်ဝသည့် လူတစ်ယောက်ဖြစ်မည်ဟု တွေးထင်မိတော့သည်။ ထို့ကြောင့် တစ်ဖက်လူ၏ နောက်ခံကို နားလည်ရန် အရင်လိုအပ်နေတော့သည်။ ထိုမှသာလျှင် သူ့အနေနှင့် ကြောင်တောင်တောင်နှင့် စိန်ခေါ်ခံရခြင်းမှ လွတ်မြောက်နိုင်ပေလိမ့်မည်။
“ဂိုဏ်းချုပ်”
လီချင်းယန်က ပြောလိုက်သည်။ “အရှေ့မှာ လူတွေ အများကြီးပဲ။ သွားကြည့်ရအောင်”
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါပြီးသည့်နောက် ပြောလိုက်၏။ “သေသေချာချာ သွားကြည့်ရအောင်”
၎င်းတို့ငါးယောက်သည် အသာချဉ်းကပ်ပြီးသည့်နောက် အရှေ့ဘက် ကျောက်သင်ပုန်းပေါ်တွင် တစ်စုံတစ်ခု တည်ရှိနေသည်ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအရာပေါ်တွင် သေးငယ်လှသည့် အစီအရင်များ ရေးဆွဲ ထားပြီး တစ်ဖျတ်ဖျတ်နှင့် လင်းလက်နေသည်။
“ပုံရိပ်ယောင်အစီအရင်”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိသည်။ ဤအရာမှာ အမှန်ပင် ပုံရိပ်ယောင်အစီအရင် ဖြစ်လို့နေသည်။ သို့ပေမဲ့ အဆင့်သည် အလွန်တရာ နိမ့်ပါးလို့နေသည်။ အသက်ဝင်ပြီး ခဏလောက် ကြာသည့်နောက်မှာတော့ သက်ဆိုင်ရာ သတင်းအချက်အလက်များသည် ထွက်ပေါ်လာခဲ့တော့သည်။
“ကျန်းဝေအင်ပါယာကြီးက အားကောင်းလှတယ်ဆိုပေမယ့် အဓိကကုန်းမြေတိုက်က အရာတွေနဲ့ နှိုင်းယှဉ်လို့ မရနိုင်သေးဘူး” ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ တွေးလိုက်မိ၏။
ဆွစ် ……။
ထိုအချိန်မှာတော့ မြင်ကွင်းတစ်ခုသည် တောက်ပသည့်အလင်းတိုင်အောက်မှာ ပေါ်လာခဲ့တော့သည်။ အားလုံးသော သူများသည် မျက်လုံးအပြူးသားဖြင့် စူးစိုက်ကာ ကြည့်နေသည်။ မြင်ကွင်းပေါ်မှာတော့ မတူညီသည့် ပုံပန်းသွင်ပြင်နှင့် လူငါးယောက်တို့၏ ရုပ်ပုံကို ရေးထိုးထားသည်။ အလိုရှိသည့် ရာဇဝတ်သားများ ဟူသည့်စာတမ်းသည်လည်း အောက်တွင် ပါရှိတော့သည်။
“ဒါက ဝရမ်းထုတ်တာပဲ”
“တစ်စုံတစ်ခုကို ကြေညာမယ်လို့ ငါထင်သားပဲ”
“သွားကြမယ်။ သွားကြမယ်” အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားပြီးသည့်နောက်မှာတော့ အနောက်ဘက်တွင် ပေါ်လာသောသူများအား သတိမပြုခဲ့ပေ။ ၎င်းတို့အားလုံးသည် အသီးသီး ပြန်လည် ထွက်ခွာ သွားကြသည်။
..................
မဲမှောင်နေသော လမ်းကြားလေးတစ်ခုထဲမှာတော့ လီချင်ယန်သည် ကြောက်လန့်စွာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်.... ကျွန်တော်တို့က အယောင်ဆောင်ထားခဲ့တာပဲ။ ဘယ်လိုဖြစ်ပြီးတော့ ဝရမ်းထုတ်ခံလိုက်ရတာလဲ”
“ဟုတ်တယ်”
ရီရှင်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “အဲလူငါးယောက်ကို ရှာတွေ့သွားတာပဲ ဖြစ်ရမယ်”
ဟယ်ဝူတီက ပြောလိုက်သည်။ “ကျုပ်တို့ ဒီလူတွေအဖြစ် နေထိုင်နေလို့ မရတော့ဘူး။ မဟုတ်ရင် အပြင်ထွက်တာနဲ့ စစ်သားတွေရဲ့ ဖမ်းဆီးခြင်းကို ခံရလိမ့်မယ်”
“ဒါဆိုရင် မူလ သွင်ပြင်အတိုင်းပဲ ပြန်နေကြတာပေါ့” အရှေ့ဆုံးတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တစ်ချက် တီးလိုက်၏။ သို့ပေမဲ့ သူ မျက်နှာဖုံးချွတ်လိုက်ပြီးပြီးချင်းမှာပဲ ပတ္တရောင်လှည့်လျက် ရှိနေသော စစ်သားများသည် ရုတ်တရက် လမ်းကြား၏ အဝင်ဝတွင် ပေါ်လာ၏။
လူငါးယောက်သည် ခိုးကြောင် ခိုးဝှက် တည်ရှိနေသည်ကို မြင်လိုက်ရသည့်အချိန်မှာတော့ ၎င်းတို့သည် အော်ဟစ်လိုက်သည်။ “ဒီမှာ ဘာလုပ်နေကြတာလဲ”
“ဘာမှ မလုပ်ပါဘူး။ စကားပြောနေကြတာပါ” လီချင်းယန်သည် ပြုံးကာ ပြောလိုက်၏။
“စကားပြောနေတာ ဟုတ်လား” စစ်သားများ၏ ခေါင်းဆောင်သည် အသာလျှောက်လှမ်းလာပြီးသည့်နောက် မှာတော့ အေးစက်စက် မျက်နှာဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ရဲ့ မှတ်ပုံတင်တွေထုတ်”
“ဒါက ….” လီချင်းယန်၏ အမူအရာသည် အနည်းငယ် ပျက်ယွင်းသွား၏။ သူ့တွင် မှတ်ပုံတင်ရှိ၏။ သို့ပေမဲ့ ထိုအရာကို ထုတ်ပြလိုက်သည်ဆိုပါက တစ်ခါတည်း ဖမ်းဆီးခံရပေလိမ့်မည်။
“ထုတ်လေ”
ချလွမ် ချလွမ် ချလွမ်
စစ်သားများသည် ၎င်းတို့အား ဝိုင်းရံထားပြီးသည့်နောက်မှာတော့ လက်နက်များကို ထုတ်ဖော်လိုက်ကြ၏။ ကြမ်းတမ်းလှသည့် ပုံပန်းသွင်ပြင်နှင့် စစ်သားများ၏ အသွင်သဏ္ဍာန်သည် ပေါ်ပေါက်လာခဲ့ကြသည်။
“ဆရာ”
လီချင်းယန်က ပြောလိုက်သည်။ “ကျုပ်တို့ မှတ်ပုံတင် ယူခဲ့ဖို့ မေ့သွားလို့ပါ”
“ခင်ဗျားတို့ ဘောင်းဘီဝတ်ဖို့တော့ မမေ့ဘူးပေါ့” စစ်သားများ၏ ခေါင်းဆောင်က အော်ဟစ်လိုက်သည်။
“ဒါက” လီချင်းယန်သည် အချိန်အတော်ကြာ ဆွံ့အသွား၏။
ဘေးတစ်ဖက်တွင် ရှိနေသော ရီရှင်းချန်သည် ရုတ်တရက် အရှေ့ကို လှမ်းတိုးလိုက်သည်။ ပြီးသည့်နောက်မှာတော့ တစ်စုံတစ်ခုကို ပြောဆိုရန် ပြင်လိုက်တော့သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ၎င်း၏ဦးခေါင်းအား လက်ဖြင့် အသာ ဘေးသို့ဖယ်ကာ ပြုံး၍ ပြောလိုက်၏။ “ဆရာ စိတ်မတိုပါနဲ့။ စိတ်မတိုပါနဲ့။ စကားကောင်းကောင်း ပြောကြရအောင်”
သူသည် လက်ကို မြှောက်ပြီးသည့် နောက်မှာတော့ ငွေစများအား ကမ်းပေးလိုက်သည်။
“ကောင်လေး”
စစ်သားတို့၏ ခေါင်းဆောင်သည် နှာခေါင်းကို ရှုံ့ကာဖြင့် ပြောလိုက်မိ၏။ “ကျုပ်ကို လာဘ်ထိုး နေတာလား”
“ဒါက အသိအမှတ်ပြုတဲ့ ကျေးဇူးတင် လက်ဆောင်လေးပါပဲ” ကျွင်းချောင်ရှောင်းသည် ပြောပြီးသည့်နောက် မှာတော့ ငွေစများမှသည် ရွှေစများအဖြစ်သို့ ပြောင်းလဲကာ ထိုးပေးလိုက်တော့သည်။
စည်းမျဉ်းစည်းကမ်းအတိုင်း တင်းတင်းကျပ်ကျပ် ပြုလုပ်ရန် စဉ်းစားထားသော စစ်သားသည် ရုတ်တရက် မျက်မှောင်ကုတ်ပြီးသည့်နောက်မှာတော့ ၎င်း၏ လက်နက်များကို ပြန်လည်ကာ သိမ်းဆည်းလိုက်သည်။ ပြီးသည့်နောက်မှာ သူသည် ရွှေများကို အသာသိမ်းဆည်းပြီးနောက် ပြောလိုက်သည်။ “မြို့ထဲမှာ စည်းမျဉ်းစည်းကမ်း ရှိတယ်။ အချိန်တိုင်း မှတ်ပုံတင်ကို ယူပြီးသွားရမယ်။ နောက်တစ်ကြိမ် မမေ့စေနဲ့”
“နားလည်ပါပြီ။ နားလည်ပါပြီ” ကုန်းရှန့်သည် မချိပြုံးပြုံးကာ ပြောလိုက်၏။
သူ၏ လက်ရှိ နိမ့်ချလှသည့် ပုံပန်းသွင်ပြင်သည် စုရှောင်မိုတစ်ယောက် ကောင်းကောင်းသင်ယူရမည့်အရာပင် ဖြစ်လို့နေတော့သည်။
ချလွမ် ချလွမ် ချလွမ်
ကျန်သောစစ်သားများ အားလုံးသည် ဓားများကို ဓားအိမ်ထဲသို့ ထည့်ကာဖြင့် လှည့်ထွက်သွားတော့၏။
“ဂိုဏ်းချုပ်”
ရီရှင်းချန်သည် အနည်းငယ် စိတ်တိုစွာဖြင့် ပြောလိုက်၏။ “သူတို့ကို သတ်လိုက်ရင် ပြီးရောလေ။ ဘာလို့ ရွှေစတွေ သွားပေးရတာလဲ”
အကယ်၍ ဂိုဏ်းချုပ်သည်သာ မတားဆီးလိုက်ပါက သူသည် ထိုသူများအားလုံးကို သတ်ဖြတ်မိမှာ သေချာ၏။
“ကောင်လေးတို့”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်ရှိ အပြုံးသည် ပျောက်ကွယ်သွားခဲ့၏။ သူသည် လေးလေး နက်နက် ပြောလိုက်၏။ “ရေလိုက်၊ ငါးလိုက်ဆိုတဲ့ သဘောသဘာဝကို နားလည်ထားဖို့ လိုတယ်လေ။ တကယ်တော့ အနည်းငယ်သော စိတ်မရှည်ခြင်းက ကြီးမားတဲ့ အကြံအစည်ကြီးကို ပျက်စီးနိုင်စွမ်း ရှိတယ်”
ရီရှင်းချန်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် ခေါင်းနောက်စွာဖြင့် မေးလိုက်သည်။ “ဒါဆိုရင် အဲဒီကြီးမားတဲ့ အကြံအစည်ကြီးက ဘာလဲ”
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ပြောလိုက်မိသည်။ “လောလောဆယ်တော့ မရှိသေးဘူး”
“.........” အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့ကြ၏။ ၎င်းတို့သည် အရှေ့ပင်လယ်ဘက်ဆီသို့ ရောက်ရှိ လာခဲ့ခြင်းမှာ ဘာမှမဟုတ်ဘဲ ဂိုဏ်းချုပ်နဲ့အတူတူ စားလိုက်၊ သောက်လိုက်၊ အပျော်ရှာလိုက် လုပ်ရန်ပင် ဖြစ်သည်ဟု ခံစားလိုက်မိကြသည်။
...............
ကျွင်းချောင်ရှောင်းအနေနှင့် ပြည့်စုံသည့် အခြေအနေကြီးတစ်ခု မရှိချေ။ သို့ပေမဲ့ လက်ရှိအချိန်တွင် ဝရမ်းထုတ်ခံ လိုက်ရပြီ ဖြစ်သောကြောင့် လောလောဆယ် လုပ်ရန်လိုသည်မှာ မှတ်ပုံတင် တစ်ခုခုရှိရန် လိုအပ်နေခြင်းပင်။ မဟုတ်ပါက အကြိမ်ပေါင်းတစ်ရာခန့် ဖမ်းဆီးခံနေရမည်ဖြစ်၏။
“မြို့အပြင်ဘက်မှာရှိတဲ့ လူအနည်းငယ်ကို ပြန်ပေးဆွဲလိုက်ရအောင်။ ပြီးတော့ သူတို့ကို သတ်ပစ်လိုက်မယ်လေ။ ပြီးရင် အဲလူတွေအစား ဟန်ဆောင်လို့ ရတယ်လေ” ရီရှင်းချန်က ပြောလိုက်သည်။
ဤကဲ့သို့သောကိစ္စမျိုးကို သူသည် အစောကြီးကတည်းက အကြံပြုခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ကြင်နာသနားစိတ်များ ထားရှိကာဖြင့် ပထမ ဖမ်းဆီးမိသော လူငါးယောက်ကို သတိလစ်မေ့မျောအောင်သာ ပြုလုပ်ခဲ့၏။ ထို့ကြောင့်သာလျှင် ၎င်းတို့၏ အစီအစဉ်များ ပေါ်သွားပြီး လက်ရှိအခြေအနေ၌ ခွေးနေရာမရသလို ဖြစ်နေခြင်းပင် ဖြစ်တော့၏။
ညသို့ရောက်ရှိလာခဲ့၏။ အားလုံးသောသူများသည် တောင်ကြားထဲတွင် ထပ်မံကာ စုဝေးလိုက်ကြ၏။ ဤတစ်ကြိမ်၌ သူတို့သည် အတွေ့အကြုံရှိခဲ့ပြီးပြီ ဖြစ်သောကြောင့် ကြိုတင်ကာ ပုန်းအောင်းလျက် ရှိနေ၏။
“လေ့လာသုံးသပ်ချက်တွေ အရဆိုရင် ဆောင်ကြာမြိုင် မိန်းကလေးတွေက မှတ်ပုံတင်ပြဖို့ မလိုအပ်ဘူး။ ငါတို့သာ သူတို့လို ဟန်ဆောင်လိုက်မယ် ဆိုရင် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်တယ်” ကျွင်းချောင်ရှောင်း က တီးတိုးပြောလိုက်သည်။
ရီရှင်းချန် “...”
ရှောင်ကျီ “...”
ဟယ်ဝူတီ “...”
လီချင်းယန်သည် စိတ်ဓာတ်ကျသွားမိ၏။ “ဒါဆိုရင် မိန်းမတစ်ယောက်လို ဝတ်စားဆင်ယင်ရမှာပေါ့”
ကျွင်းချောင်ရှောင်းသည် လီချင်းယန်၏ ပခုံးအား အသာပုတ်ကာ ပြောလိုက်၏။ “မင်းရဲ့ ခန္ဓာကိုယ်က သွယ်လျ တယ်။ နည်းနည်းလေး ဝတ်လိုက်၊ စားလိုက်ပြီဆိုရင် ပြစ်ချက်တောင် ရှိမှာ မဟုတ်တော့ဘူး။ ကျိန်းသေပေါက် ပြစ်မျိုးမှဲ့မထင် အလှမျိုး ဖြစ်သွားလိမ့်မယ်”
“ကျွန်တော် ငြင်းတယ်”
ရီရှင်းချန်က ပြောလိုက်သည်။ သူသည် သိုင်းအင်ပါယာတစ်ယောက် ဖြစ်ခဲ့ဖူး၏။ အဘယ်ကြောင့် မိန်းကလေးတစ်ယောက်လို ဝတ်စားဆင်ယင်ရမည်နည်း။ ထို့အပြင် ယောက်ျားသားများကို ဧည့်ခံကာဖြင့် တစ်နေ့လုံးလည်း ဝိုင်သောက်ရဦးမည်။ ဤအရာမှာ အဓိပ္ပာယ်မရှိလှချေ။
လီချင်းယန်သည် ပိုမိုကာ တည်ငြိမ်နေ၏။ သူက ပြောလိုက်မိသည်။ “ဂိုဏ်းချုပ်.. ဂိုဏ်းချုပ်ကကော”
“ငါက နောက်ကွယ်ကနေ အရာအားလုံးကို စီစဉ်ပေးမယ်လေ” ကျွင်းချောင်ရှောင်းသည် သူ၏ အင်္ကျီကော်လံအား အသာမြှောက်လိုက်ပြီးသည့်နောက် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“ဂိုဏ်းချုပ်”
ဟယ်ဝူတီသည် လေးလေးနက်နက်နှင့် ဝင်ကာ ပြောလိုက်သည်။ “နောက်ကွယ်ကနေ စီစဉ်ရမယ့်ကိစ္စ ကို ကျွန်တော်တာဝန်ထားလိုက်။ ဂိုဏ်းချုပ်အနေနဲ့ စီနီယာအစ်ကိုကို ခေါ်ပြီးတော့ ပြည့်တန်ဆာလို ဟန်ဆောင်ပြီး ဆောင်ကြာမြိုင်ကိုသာ သွားလိုက်ပါတော့”
“မဖြစ်ဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကို ငါလုပ်မှ ဖြစ်မယ်”
အားလုံးသောသူများ၏ မျက်လုံးများသည် ချာချာလည်သွား၏။
စနစ်ကပြောလိုက်သည် “တကယ်ပဲ တပည့်တွေကို ပြည့်တန်ဆာလို ဟန်ဆောင်ပြီးတော့ သတင်းအချက်အလက် ရယူခိုင်းစေချင်တာလား”
“မင်းနားမလည်ပါဘူး”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ဒါကလည်း ကျင့်ကြံခြင်းရဲ့ ပုံစံတစ်မျိုးပဲ။ အတွေ့အကြုံသစ်တစ်ခုကို ရှာတာမျိုးပေါ့”