အခန်း (၁၀၅၄)
Vol. 71 Ch. 1054
“ဆရာဖန်းဟုတ်လား”
မင်းဆရာသည် နန်းတော်ထဲတွင် မတ်မတ်ရပ်လျက်ရှိသည်။ သူသည် ကျွင်းချောင်ရှောင်း၏ စကားကို ကြားရသည့် အချိန်မှာတော့ မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားခဲ့၏။ တစ်ချို့သောလူများအားလုံးသည် ကောင်းကင်တွင်ရှိနေသော လျှို့ဝှက်ချက်များအား ကြိုတင်သိရှိနိုင်ရန်အတွက် အထူးသော စွမ်းအင်တွေကို ပိုင်ဆိုင်ကြ၏။ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ကြပြီး ကံဆိုးမှုများအားလုံးကိုပင် ကံကောင်းအောင် ပြုလုပ်နိုင်စွမ်းရှိကြသည့်သူများ လည်း တည်ရှိနေ၏။
မင်းဆရာသည် ထိုကဲ့သို့သော အစွမ်းမျိုးကို မပိုင်ဆိုင်ဟုဆိုသော်လည်း နှစ်ပေါင်း ရာချီအတွင်း ဖြစ်ပေါ်လာနိုင်သည့်အရာများကို ကြိုတင်တွက်ချက်သည့်စွမ်းရည်ကိုတော့ ပိုင်ဆိုင်သည်။
ဤအတောအတွင်း သူသည် ကြိုးကြိုးစားစားဖြင့် တွက်ချက်ပြီး ရရှိထားသည့် မကောင်းသော နိမိတ်များ အားလုံးသည် ဆရာဖန်းဆိုသူနှင့် ပတ်သက်နေလိမ့်မည်ဟု အကြမ်းဖျင်း နားလည်ထားမိ၏။ ယနေ့မှာတော့ ကျွင်းချောင်ရှောင်းဆိုသည့်လူသည် ဆရာဖန်းဆိုသည့်အကြောင်းအား လာရောက်၍ မေးမြန်းလျက် ရှိနေ၏။ ထိုသို့ဆိုလျှင် မကောင်းသည့်အတိတ်နိမိတ်များကို ယူဆောင်လာသည့်လူမှာ ထိုလူပင်ဖြစ်နေသည်လား။
ကျန်းဝေအင်ပါယာတွင် များပြားလှသော ဘေးအန္တရာယ်များ တည်ရှိနေသည်ကို မင်းဆရာက သုံးသပ်တွက်ချက်ပြီး သားဖြစ်၏။ သို့ပေမဲ့ သူတို့သည် အင်ပါယာကို ကယ်တင်ရပေလိမ့်မည်။
သို့သော်ငြား လက်ရှိအခြေအနေမှာတော့ ကြုံတွေ့နေရသည့် ဘေးအန္တရာယ်ကြီးသည် ခန့်မှန်း၍မရနိုင်အောင် အားကောင်းလျက်ရှိနေ၏။ သူမည်မျှပင် ကံကြမ္မာဖတ်ခြင်းကို ပြုလုပ်သည်ဖြစ်စေ၊ အဖြေရလဒ်မှာ သေဆုံးခြင်းနှင့်သာ အဆုံးသတ်လျက်ရှိ၏။ လက်ရှိအခြေအနေမှာတော့ ဘေးအန္တရာယ်ကြီးသည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
“အရှင်မင်းကြီး”
မင်းဆရာသည် အလောတကြီး အော်ဟစ်လိုက်၏။ “မကောင်းတဲ့အတိတ်နိမိတ်တွေကို ယူဆောင်လာတဲ့ ကပ်ဘေးကြီးဆိုတဲ့လူက ဒီလူပဲ။”
“ဟမ့်”
ကျန်းဝေအင်ပါယာ၏ မျက်နှာသည် ရုတ်တရက် အေးစက်သွား၏။ သူသည် အေးစက်စက် ပြောလိုက်သည်။ “မင်းက ငါ့ရဲ့ ရန်သူပေါ့။”
တစ်ဖက်လူသည် တိုက်ခိုက်ချင်လာသည်ကို သိရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာ ဆီသို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်၏။ “အဲမှာ သွားတိုက်ခိုက်ရအောင်”
ဝှစ်
တည်နေရာကြီး လှုပ်ခါသွားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လေထုထဲမှာတင် ပျောက်ကွယ်သွား သည်။
စနစ်သည် ဆွံ့အသွား၏။ “ဒါက တစ်ဖက်လူရဲ့ တည်နေရာလေ။ ဒီတည်နေရာကြီးပျက်စီးမှာကြောက်လို့ လက်ခံသူက တခြားကိုတောင် ရွှေ့ပေး လိုက်တယ်။ တစ်ခုခုလွဲမှားနေသလိုပဲ။”
ဝှစ် ….။
ကျန်းဝေအင်ပါယာသည်လည်း လေထုထဲတွင် ပျောက်ကွယ်သွား၏။
သိုင်းနယ်မြေ …….။
ဟယ်ဝူတီ မျက်မှောင်ကုတ်မိလိုက်သည်။ တည်နေရာရွှေ့လျားမှုကို ပြုလုပ်နိုင်သည်ဆိုသည်နှင့် တစ်ဖက်လူသည် သာမန်လူတစ်ယောက်မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိနိုင်သည်။
စနစ်သည် လေးလေးနက်နက် ပြောလိုက်၏။ “လက်ခံသူကတော့ အရမ်းကို အားကောင်းတဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရတော့မှာပဲ။”
ရီရှင်းချန်မှာတော့ ဘာတစ်ခုမှ မပြောချေ။ မြို့၏အပြင်ဘက်ဆီသို့ ပျံသန်းသွားခဲ့တော့သည်။ သူ့အနေနှင့် ကျန်းဝေ အင်ပါယာကို မနှစ်သက်ပေ။ သို့ပေမဲ့ ကိုယ်တိုင်ကိုယ်ကျလည်း သင်ခန်းစာပေး၍ မဖြစ်နိုင်သည်ကို ကောင်းကောင်း နားလည်မိသည်။
မင်းဆရာသည်လည်း အလောတကြီးဖြင့် ထွက်ခွာလာခဲ့တော့သည်။ အင်ပါယာသည် ဤကပ်ဘေးကြီးကို ဖြေရှင်း နိုင်မလား၊ မဖြေရှင်းနိုင်ဘူးလားဆိုသည်ကို သူသေချာမသိချေ။ သို့ပေမဲ့ လုံခြုံစေရန်အတွက် သူအနေနှင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ဆရာဖန်းကိုသွား၍ ခေါ်ဆောင်ရပေလိမ့်မည်။ ထိုမှသာလျှင် အသက်ရှင်နိုင်မည့် အခွင့်အလမ်း တိုးပွား လာမှာဖြစ်၏။
…
ကျန်းဝေမြို့နှင့် မိုင်တစ်ထောင်အဝေးရှိ တောင်ကြီးတစ်ခုအပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မတ်တပ်ရပ်လျက်ရှိနေ၏။ သူ၏ လက်ထဲတွင်ရှိနေသော ကောင်းကင်နဂါးဓားသည် ထက်ရှလှသည့် အလင်းတန်း များနှင့် ပြည့်နှက်နေ၏။
အင်ပါယာကျန်းဝေသည် သူ၏လက်ကို မြှောက်ကိုင်လိုက်၏။ လေထုထဲမှာတော့ အလွန်တရာ အားကောင်းပြီး လေးလံလွန်းသည့် ဓားကြီးတစ်စင်းသည် ပေါ်ပေါက်လာခဲ့၏။ ဓား၏ ဓားနောင့်မှသည် ခန္ဓာကိုယ်ထိပ်ထိ ရွှေဖြင့် ပြုလုပ်ထားသလိုမျိုး လင်းလက်လျက်ရှိနေပြီး ထိုဓား၏ပေါ်တွင် သက်ဝင်လှုပ်ရှားနေခဲ့သည့် နဂါးတစ်ကောင်၏ ပုံပန်း သွင်ပြင်ကို ရေးထုထားသေးသည်။
နဂါးခွန်အားဓား …..။
အင်ပါယာကျန်းဝေသည် နန်းပလ္လင်ကို တက်ရောက်ပြီးသည့်နောက်မှာတော့ ကျောက်ရိုင်းတုံးမျိုးစုံကို အသုံးပြုကာဖြင့် လက်နက်များကို ဖန်တီးပြုလုပ်ခဲ့သည်။ ဤဓားသည် တိုက်ခိုက်ပွဲများတွင် ရရှိခဲ့သည့်ပစ္စည်းပစ္စယများကို အသုံးပြုကာ ဖန်တီးပြုလုပ်ထားသည့်အရာဖြစ်ပြီး ကျန်းဝေအင်ပါယာ၏ ဂုဏ်ဒြပ်နှင့် ပြည့်စုံလှသော အသိအမှတ်ပြုလက်နက်တစ်ခုလည်း ဖြစ်နေတော့သည်။
“ဖန်း ဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် ဓား၏ ကိုယ်ထည်တွင် ရေးထိုးထားသော ဖန်းဟူသည့်စာသားကို မြင်ရသည့်အချိန်မှာတော့ ပြောလိုက်သည်။ “ဒီဓါးကို ဆရာဖန်းကိုယ်တိုင်လုပ်ထားတာလား။ မဆိုးဘူးပဲ။”
အင်ပါယာကျန်းဝေသည် ဝင့်ကြွားစွာဖြင့် ပြောလိုက်မိ၏။ “ဒီနဂါးခွန်အားဓားက များပြားလှတဲ့ ပန်းပဲဆရာတွေရဲ့အကူအညီနဲ့ ဆရာဖန်းကိုယ်တိုင်သွန်းလုပ်ထားတဲ့ အရာပဲ။ ဒါကို ကမ္ဘာမြေမီးနဲ့ သုံးနှစ်တိတိ သန့်စင်ထားခဲ့တာ။ ဒါကြောင့် ဓားဘုရင်လို့တောင်ခေါ်တယ်။”
“အံ့အားသင့်စရာပါလား”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ကျုပ်ရဲ့ တစ်ခြားနာမည်ပြောင်ကို သိရင်တော့ ခင်ဗျား အံဩသွားလိမ့်မယ်။”
အင်ပါယာကျန်းဝေက ပြောလိုက်သည်။
“ဘာကိုနာမည်ပြောင်လဲ။”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် အမူအရာနှင့် ေ“ကျုပ်က ဆရာဖန်းဆိုတဲ့သူ ဖန်တီးထားတဲ့ လက်နက်တွေကို ဖျက်ဆီးတဲ့နေရာမှာ နာမည်ကြီးတစ်ယောက်ပဲ။ ကျုပ် နာမည်ပြောင်က ဖန်းဖျက်ဆီးသူပဲ”
“ဒီတော့”
အကြီးအကဲကျန်းဝေသည် တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ “မင်းရဲ့လက်နက်က ဖန်းဆိုတဲ့ အဘိုးကြီး သန့်စင်ထားတဲ့ လက်နက်ထက် ပိုပြီးအားကောင်းနေတယ်လို့ ဆိုလိုတာလား။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဆရာဖန်းရဲ့ လက်နက်တွေက ကျုပ်ရဲ့ လက်နက်နဲ့ထိတွေ့မိရင် အကုန်လုံး ပျက်ဆီးသွားခဲ့တာကြီးပဲလေ။”
ကုန်းရှန့်သည် ထိုအရာနှင့်ပတ်သက်၍ အလွန်တရာပဲ မောက်မာလျက်ရှိနေ၏။ မောက်မာလွန်းသော လူနှစ်ယောက် ရင်ဆိုင်တွေ့သည့်နေရာတွင် မီးတောက်မီးပန်းများပင် ဖြစ်တည်လာနိုင်စွမ်းရှိနေသည်။
အင်ပါယာကျန်းဝေသည် နဂါးခွန်အားဓားကို အသာမြှောက်ကိုင်ကာဖြင့် အေးစက်စက်ကြည့်လိုက်၏။ “ဒီနေ့မှာ မင်းဘယ်လောက်အားကောင်းလဲဆိုတာကို ကြည့်ရမှာပဲ။”
ဝှစ် ဝှစ်
ဓားအော်ရာများ ပေါ်လာပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံး လှုပ်ခါသွားသည်။
“ဒီလူ”
အရှေ့ဆီသို့ လှမ်းတက်လာခဲ့သော ဟယ်ဝူတီသည် ထိုအရာကိုမြင်သည့်အချိန်မှာတော့ တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “သူကလည်း ဓားသူတော်စင်လား။”
ကျွင်းချောင်ရှောင်းသည်လည်း အလွန်အံ့အားသင့်သွား၏။ “ခင်ဗျားကလည်း ဓားနဲ့သိုင်းသူတော်စင်ပဲလား။”
“ဂိုဏ်းချုပ်ကျွင်း”
အင်ပါယာကျန်းဝေသည် နှာခေါင်းကို ရှုံ့ကာပြောလိုက်၏။ “ဒီလောကကြီးထဲမှာ မင်းတစ်ယောက်ပဲ ဓားနဲ့သိုင်းပညာကို ကျင့်ကြံတဲ့လူ မဟုတ်ဘူးလေ။”
ကျွင်းချောင်ရှောင်းသည် ပထမတုန်းက လေးလေးနက်နက် မစဉ်းစားတတ်ပေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူ၏မျက်နှာပေါ်တွင် လေးနက်မှုများနှင့် ပြည့်နှက်လာခဲ့၏။ ထို့ပြင် ဓားနှင့် သိုင်းပညာကို ပူးတွဲလေ့ကျင့်သည့် အလွန်အားကောင်းလှသော ရန်သူမျိုးနှင့် ရင်ဆိုင်တွေ့ရသည့်မှာ သူ့အတွက် ပထမဦးဆုံးအကြိမ် ဖြစ်နေသည်မဟုတ်ပါလား။
ဤကဲ့သို့သောအဆင့်နှင့် စွမ်းအားမြင့်ကျင့်ကြံသူသည် နောက်ဆုံးအချိန်မှာ ပေါ်ပေါက်လာရမည့် ရန်သူမျိုးဖြစ်၏။ သို့ပေမဲ့ အဘယ်ကြောင့် စောစောစီးစီးနှင့် အပြင်ဘက်သို့ ထွက်ခွာလာရသနည်း။
“ဂိုဏ်းချုပ်ကျွင်း”
အင်ပါယာကျန်းဝေသည် ကြီးမားလှသည့်ဓားကြီးကို လက်တစ်ဖက်နှင့် ကိုင်ဆောင်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းလိုက်သည်။ သူသည် အေးစက်စက်ပြုံးကာ ပြောလိုက်၏။ “ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီဆိုတော့ ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ပထမတန်းစား ပါရမီရှင်လို့ သုံးသပ်ရတာပေါ့။ ဒီတော့ ငါ့ကို လာကူညီပြီးတော့ လောကကြီးတစ်ခုလုံး တစ်စုတစ်စည်း တည်းဖြစ်အောင် လုပ်ကြရအောင်။”
ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်သည်။ “ဒီလိုမျိုးပူးပေါင်းဖို့ လာပြီးပြောတာ ခင်ဗျားက ဒုတိယမြောက်လူပဲ။”
ပထမဦးဆုံးလူမှာတော့ ကသုတ်ကရိုက်ဖြင့် ကျန်းဝေမြို့ဆီသို့ ကြိုးစားပမ်းစား ချီတက်လျက်ရှိနေသည့် ယွမ်ဖန် ပင် ဖြစ်တော့သည်
“ရလဒ်အရရော”
“ရလဒ်အရပြောရရင်တော့ အဲဒီလူက ကျုပ်ရဲ့နှိပ်စက်သမျှကို ခံရပြီးတော့ အခု စိတ်ရောဂါတောင်ရနေပြီ။”
ယွမ်သခင်လေးသည်သာ လက်ရှိနေရာတွင် ရှိနေသည်ဆိုပါက ကျိန်းသေပေါက် ထ၍အော်မိပေလိမ့်မည်။ “ကျုပ်က စိတ်ရောဂါရှိနေတာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အရိပ်ဆိုးကြီးထဲကနေ ရုန်းထွက်ရမယ်။”
အင်ပါယာကျန်းဝေသည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။ “ပါရမီရှင်တွေက ငါ့အတွက် အလုပ်မလုပ်ဘူးဆိုရင်တော့ ဖြစ်လာနိုင်တဲ့ အကျိုးရလဒ်က တစ်ခုပဲရှိတယ်။”
ဝှစ်
နဂါးခွန်အားဓားကြီးသည် ရုတ်တရက် ကျွင်းချောင်ရှောင်း၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် အလွန် အားကောင်းလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်၍ ခုတ်ပိုင်းခြင်းကို ပြုမူတော့သည်။
သူသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “သေစမ်း။”
ထိုသေစမ်းဟူသောစကားလုံးသည် ဓား၏စွမ်းရည်များနှင့် ပေါင်းစပ်ပြီးသည့်နောက်မှာတော့ ဓား၏အော်ရာသည် ထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိသွားခဲ့၏။ မြေပေါ်တွင်ရှိနေသော စစ်သည်နှင့်မြို့သူမြို့သားများအားလုံးသည် ပိုမို၍ ဦးညွတ်လျက်ရှိနေကြသည်။
ဒင် …….။
လက်နက်ချင်းထိတွေ့သံ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ လေထုထဲတွင် မီးများပင် ထွက်ပေါ်လာ၏။
ဘုန်း …..။
ကျွင်းချောင်ရှောင်းသည် အမြှောက်ဆံတစ်ခုကဲ့သို့ ကောင်းကင်ပေါ်မှ အောက်သို့ ကျဆင်းသွားခဲ့၏။ သူသည် မြေပြင်နှင့် ခြေထောက်နှင့် ထိတွေ့သည့်အချိန်မှာတော့ ပေတစ်ရာနီးပါးခန့်ရှိသော တွင်းကြီးတစ်ခု ထိုနေရာ၌ ဖြစ်တည်သွားခဲ့သည်။
ဝှစ် ဝှစ်
ကောင်းကင်ယံမှာတော့ အင်ပါယာကျန်းဝေသည် သူ၏ဓားကို ဝှေ့ယမ်းလျက်ရှိ၏။ အဖြူရောင်ဓားစွမ်းအင်များသည် လေဟာနယ်ကိုပင် ထိုးခွင်းပြီးသည့်နောက်မှာတော့ မလွတ်မြောက်နိုင်သည့် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖမ်းချုပ် သတ်ဖြတ်ခြင်းကို ပြုလုပ်တော့မှာဖြစ်သည်။ ဓား၏စွမ်းအင်သည် အလွန်တရာကျယ်ပြန့်ပြီး အားကောင်းလွန်းလှ၏။
…
တိုက်ပွဲကို အဝေးမှကြည့်ရှုနေသော ဟယ်ဝူတီနှင့်ရီရှင်းချန်တို့အားလုံးသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီအင်ပါယာလို့ ကိုယ့်ကိုယ်ကိုယ်သုံးနှုန်းနေတဲ့လူက ရင်ဆိုင်ရသိပ်မလွယ်ဘူးပဲ။”
ဝှစ် ဝှစ် ဝှစ် ……။
အောက်တွင် မတ်တပ်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် လင်းကျက်ဓားသိုင်းကို ထုတ်ဖော်အသုံးပြုတော့ ၏။ ရေတွက်လို့မရအောင် များပြားလှသော ဓားစွမ်းအင်များသည် ကောင်းကင်ယံဆီမှ မိုးသီးမိုးပေါက်များကဲ့သို့ပင် ကျဆင်းလာခဲ့တော့၏။
ဘုန်း ဘုန်း ဘုန်း …..။
အလွန်အားကောင်းလွန်းလှသော ဓားစွမ်းအင်နှစ်ခုသည် လေထုထဲတွင် ထိပ်တိုက်တွေ့ဆုံတော့သည်။ ဓားဆန္ဒများ သည် အပြင်ဘက်ဆီသို့ ပျံ့နှံ့သွားပြီးသည့်နောက် လေဟာနယ်ကိုပင် ထိုးခွင်းလျက်ရှိနေသည်။ ထိုတည်နေရာကြီး သည် အချိန်အတိုင်းအတာအတိုအတွင်း အကောင်းပကတိပြန်လည်ဖြစ်ပေါ်လာနိုင်မည့်ပုံမရှိချေ။
အဘယ့်ကြောင့်ဆိုသော် လေဟာနယ်တစ်ခုလုံးပင်လျှင် အဝတ်၏ အစိတ်အပိုင်းများကဲ့သို့ ပျက်စီးလျက်ရှိနေသော ကြောင့်ပင်။
“အင်ပါယာနဂါးဓားအသက် …….” အင်ပါယာကျန်းဝေသည် ဒေါသတကြီး အော်ဟစ်လိုက်၏။
နဂါးခွန်အားဓားဆီမှ ရွှေရောင်အလင်းတန်းများသည် ပိုမိုကာ တောက်ပလာပြီးသည့်နောက်မှာတော့ ထွင်းထုထားခဲ့ သော နဂါးရုပ်ကြီးသည် အသက်ဝင်လာသကဲ့သို့ပင် ဖြစ်လာတော့သည်။
ဖောင်း …….။
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ခြေဆောင့်ပြီး လေပေါ်ခုန်တက်လိုက်၏။ သူသည် ဓားအား လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားသည်။ ခန္ဓာကိုယ်တစ်ခုလုံးအား ဓားအလင်းများသည် ဖုံးလွှမ်းလျက်ရှိနေပြီးသည့် နောက်မှာတော့ အရှေ့ဆီသို့ လှမ်းတက်ကာ တိုက်ခိုက်ခြင်းကို ပြုမူတော့၏။
သူတော်စင်နှစ်ဦးကြား တိုက်ပွဲသည် ကြမ်းတမ်းလွန်းလှ၏။ ထို့ပြင် ၎င်းတို့သည် အားကောင်းလွန်း လှပါသည်ဆိုသော သူတော်စင်အဆင့် ကျင့်ကြံသူများလည်း ဖြစ်လို့နေသည်။
ဘုန်း ……။
ကောင်းကင်၏ အထက်တွင်တော့ ဓားကိုကိုင်ဆောင်ထားသော ကျွင်းချောင်ရှောင်းသည် ရွှေနဂါးတစ်ကောင်ကဲ့သို့ ဖြစ်တည်လာသော ဓား၏ စွမ်းရည်များကို ခုတ်ပိုင်းလိုက်တော့၏။ ပြင်းထန်လွန်းလှသော ပေါက်ကွဲမှုကြီး ရုတ်တရက် ဖြစ်တည်လာပြီးသည့်နောက် ဓားစွမ်းအင်လှိုင်းများအားလုံးသည် ရူးရူးမူးမူးပဲ တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားနေတော့သည်။
“ဒါက ထိတ်လန့်စရာပဲ။”
လီချင်းယန်နှင့်ရှောင်ကျီတို့သည် ဆွံ့အလျက်ရှိနေကြသည်။ ရီရှင်းချန်နှင့်ဟယ်ဝူတီတို့မှာတော့ တည်ငြိမ်စွာ ရှိနေသေးသည် ဆိုသော်လည်း ၎င်းတို့၏ ကျွမ်းကျင်သည့်အမြင်ဖြင့် ကြည့်ရှုမည်ဆိုပါက တိုက်ပွဲသည် တိုတောင်းလှသည် ဆိုသော်လည်း သိုင်းအင်ပါယာများ၏ တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ်၍ ရနေပြီဖြစ်သည်။
ကျန်းဝေမြို့ထဲတွင်ရှိနေသော စစ်သည်နှင့် မြို့သူမြို့သားများအားလုံးသည်လည်း ဆွံ့အလျက်ရှိနေသည်။ အင်ပါယာ ကျန်းဝေသည် ၎င်းတို့၏ နှလုံးသားထဲတွင် အားအကောင်းဆုံးသော နတ်ဘုရားတစ်ပါးပင်ဖြစ်၏။ သို့ပေမဲ့ ကုန်းမြေတိုက်ကြီးဆီမှ ရောက်ရှိလာခဲ့သော သိုင်းကျင့်ကြံသူသည် အင်ပါယာကျန်းဝေနှင့်ပင် လက်ရည်ညီ တိုက်ခိုက်လျက်ရှိနေသည်။ ဤအရာမှာ သူတို့မထင်မှတ်ထားသည့်ကိစ္စပင်ဖြစ်၏။
သို့ပေမဲ့ အင်ပါယာသည် ၎င်း၏ အားအင်အဆင့်ကို ထုတ်ဖော်မပြသသေးချေ။ တကယ်သာ ထုတ်ဖော်တိုက်ခိုက်မည်ဆိုပါက ကျွင်းချောင်ရှောင်း နာမည်နှင့်လူသည် ကျိန်းသေပေါက် ရှုံးနိမ့်မှာသေချာသည်။
…
ဝှီး
မိုင်တစ်ရာပတ်လည်အတွင်းမှာတော့ ယွမ်သခင်လေးသည် ၎င်း၏မြင်းနှင့်အတူ စီးနင်းလာရာမှ ရုတ်တရက် ရပ်တန့် လိုက်၏။ ကောင်းကင်ယံအထက်တွင် ဓားအဟုန်များဖြစ်တည်နေသည်ကိုမြင်တော့ သူသည် အံ့အားသင့်စွာ ပြောလိုက်၏။
“ဘာတွေဖြစ်နေတာလဲ။”
“သခင်လေး။”
အကြီးအကဲလင်းသည် အဝေးတစ်နေရာဆီသို့ စူးစိုက်ကြည့်ကာဖြင့် ပြောလိုက်၏။
“ဒါက ကျွင်းချောင်ရှောင်းပဲ။”
ဘုန်း
ယွမ်သခင်လေးသည် မိုးကြိုးပစ်ခံလိုက်ရသလို တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် လက်နှစ်ဖက်ဖြင့် ခေါင်းကို အုပ်ကိုင်ကာဖြင့် ဝမ်းနည်းတကြီးဖြင့် အော်လိုက်၏။ “သူဘာလို့ ငါသွားနေတဲ့နေရာတိုင်းကို ရှေ့ကနေ ရောက်နေရတာလဲ။”
ဆွစ်
ထိုအချိန်မှာတော့ အကြီးအကဲလင်းသည် ရုတ်တရက်ပျံသန်းလာပြီးသည့်နောက်မှာတော့ ယွမ်သခင်လေး၏ အင်္ကျီ ကော်လံကို ကိုင်ကာဖြင့် အနောက်ဘက်ဆီသို့ ဆုတ်ခွာလိုက်တော့၏။
သူတို့ ရှောင်ရှားပြီးချင်းမှာပဲ သူတို့စီးနင်းလာလျက်ရှိနေသော မြင်းနှစ်ကောင်သည် အစိတ်အပိုင်း ၈ ပိုင်းအဖြစ် ပိုင်းဖြတ်ခြင်း ကို ခံလိုက်ရတော့သည်။ ဓား၏စွမ်းရည်များသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။ တကယ်တမ်း တိုက်ခိုက်နေသည့် တည်နေရာနှင့် မိုင်ရာချီဝေးကွာနေသည်ဆိုလျှင်တောင်မှ အထဲတွင်ရှိသော လူများအားလုံးကို သတ်ဖြတ်နိုင်စွမ်း ရှိနေတော့သည်။
အဝေးတစ်နေရာမှာတော့……..
ကျွင်းချောင်ရှောင်းနှင့် အင်ပါယာကျန်းဝေတို့ တိုက်ခိုက်နေရာနေရာသည် မြေတည်နေရာတစ်ခုလုံး ချိုင့်ဝင်နေသည်သာမက ပတ်ဝန်းကျင်တွင်ရှိနေသည့် သစ်ပင်များ၊ ကျောက်တုံးကျောက်ခဲများအားလုံးသည် အပိုင်းပိုင်း ဖြစ်လျက်ရှိနေ၏။ ဤတိုက်ပွဲသည် အလွန်တရာ ကြမ်းရမ်းလှကြောင်း တည်နေရာ ပတ်ဝန်းကျင်ကို ကြည့်ရှုမည်ဆိုသည်နှင့် သိရှိနိုင်မှာဖြစ်၏။