အခန်း (၁၀၅၈)
Vol. 71 Ch. 1058
အင်ပါယာကျန်းဝေသည် မည်သို့မှ တောင့်မခံနိုင်တော့ဘဲ ရှုံးနိမ့်ခဲ့ရပြီဖြစ်၏။ တိုက်ပွဲသည် အခြေခံအားဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့ပေမဲ့ မိမိကိုယ်ကိုယ် အထင်ကြီးလေးစားတတ်သော အင်ပါယာတစ်ယောက် ဖြစ်သည်မို့ သူသည် ရှုံးနိမ့်မှုကို လက်မခံချင်ပေ။ ထို့ကြောင့် အထူးလီမီးနည်းစနစ်ဖြင့် ဖိနှိပ်ထားခဲ့သော သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် နတ်ဆိုးအား လွှတ်ပေးလိုက်ခြင်းပင် ဖြစ်တော့သည်။
အစစ်အမှန်အားဖြင့် သူ့အနေနှင့် တခြားသော ရွေးချယ်မှုလည်း မရှိချေ။ ဤစွမ်းအင်များကို ထုတ်ဖော်ခြင်း မပြုပါက ကျွင်းချောင်ရှောင်း၏ လက်ချက်ဖြင့် သေဆုံးမှာဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ သေဆုံးတော့မည် ဖြစ်သောကြောင့် သူ၏ဆရာနှင့် ပူးပေါင်းရန်ကိုသာ ဆုံးဖြတ်လိုက်တော့၏။ ၎င်း၏ ဝိညာဉ်သည် အလုံးစုံ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ သို့ပေမဲ့ ၎င်း၏ ခန္ဓာကိုယ်မှာတော့ တည်ရှိလျက်ရှိနေသေးသည်။ သူ၏ ဆရာသည် သူ့အား သူဖြစ်စေချင်သည့်အရာများကို ကူညီကာ ဖြည့်ဆည်းပေးမည်ဆိုလျှင် သူသည် ပြုံးပြုံးကြီးနှင့် သေဆုံးပေးလိုက်မည်ဖြစ်၏။
“ဝါးမျိုလိုက်.. ခေါင်းကနေ ခြေအဆုံး ဝါးမျိုလိုက်တော့”
သူ၏ ခန္ဓာကိုယ်ကို ပေးအပ်လိုက်ခြင်းအားဖြင့် ဤလူသည် အရှေ့ဘက်တည်နေရာကြီး တစ်ခုလုံးကို ဖျက်ဆီးရုံသာမက ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံး ကိုပင် ဒုက္ခပေးမည့်လူတစ်ယောက်ဖြစ်မှန်း သူကောင်းကောင်း မသိခဲ့ချေ။ သိသည်ဆိုလျှင်တောင်မှ အင်ပါယာကျန်းဝေသည် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူ၏ ရှုံးနိမ့်မှုကို လက်မခံခြင်းအားဖြင့် လောကကြီးတစ်ခုလုံး ပျက်စီး သွားသည်ဆိုလျှင်တောင်မှ ဘာကိုမဆို ပြုလုပ်မိမှာ သေချာ၏။
ဖြောက် ဖြောက် ဖြောက် ဖြောက် ….
ဖိနှိပ်ခြင်းခံထားရသော ဟွိုင်သည် လွတ်မြောက်လာခဲ့တော့၏။ သူသည် အလွန်တရာ ခြောက်ခြားပြီး အော်ဂလီဆန်လှသော ရယ်သံမျိုးဖြင့် စတင်ကာ ရယ်လိုက်သည်။
ဤကဲ့သို့သောနေ့မျိုးသည် တစ်နေ့တွင် ရောက်ရှိလာမည်ကို သူကောင်းကောင်းသိ၏။ သို့ပေမဲ့ သူကောင်းကောင်း လေ့ကျင့်ပေးခဲ့သောလူသားသည် အရှေ့တောင်ရန်ကျူးဆီမှ အပြင်လူတစ်ယောက်အား ရှုံးနိမ့်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ ထိုကဲ့သို့ ရှုံးနိမ့် သွားခြင်းကြောင့်သာ သူ ထိန်းချုပ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
“ကျန်းဝေ... ငါ့တပည့်၊ ဆရာက မင်းခံစားခဲ့ရတာတွေအတွက် ပြန်ပြီးတော့ လက်စားချေပြမယ်”
ဝှစ် ဝှစ် ဝှစ်
အစိမ်းရောင်ဓာတ်သဘာဝများသည် ကျန်းဝေ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီးသည့်နောက် အင်ပါယာကျန်းဝေ၏ ခန္ဓာကိုယ်အား သိမ်းဆည်းလိုက်တော့သည်။ မရီဒန်၊ အသားအရေ၊ သွေး စသည်အား စတင်ကာ ဝါးမြိုတော့သည်။ ၎င်း၏အော်ရာများသည် တိုင်လုအား အပိုင်သိမ်းခဲ့သည့် ဟွိုင်၏ အော်ရာများနှင့် ဆင်တူလျက်ရှိသည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဤအရာမှာ ဝိညာဉ်မျိုးနွယ်ဖြစ်သည်ဟု ကောက်ချက်ချလိုက်ခြင်းပင် ဖြစ်သည်။ ဆယ်စုနှစ်အနည်းငယ်အတွင်း အင်ပါယာကျန်းဝေသည် အလွန်တရာ အားကောင်းလှသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်မှာ ဤဝိညာဉ်မျိုးနွယ်၏ စွမ်းအင်များကြောင့်သာ ဖြစ်ပေလိမ့်မည်။
“အရှင်မင်းကြီး”
မင်းဆရာသည် မြို့၏ နံရံအောက်ခြေတွင် လှဲလျက်ရှိပြီး ထိတ်လန့်ကြောက်ရွံ့လျက်ရှိ၏။ သူ၏ ကံကြမ္မာဖတ်ခြင်းအတတ်ဆီမှ ရရှိထားသော မကောင်းသည့်နမိတ်အာရုံများ အားလုံးသည် ယခု အင်ပါယာအား လွှမ်းခြုံလျက်ရှိသော အစိမ်းရောင်ဓာတ်သဘာဝများမှ ဖြစ်ကြောင်း သူကောင်းကောင်း နားလည်လိုက်မိတော့ သည်။
ဤအန္တရာယ်နှင့် မကောင်းသည့်အတိတ်နမိတ်များ အားလုံးသည် ကျွင်းချောင်ရှောင်းဆီမှ ဖြစ်တည်လာခြင်း မဟုတ်ပေ။ အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် ကျန်းဝေအင်ပါယာအား ဒုက္ခပေးမည့်လူ တစ်ယောက် မဟုတ်မှန်း ပြသခဲ့ပြီးပြီဖြစ်သည်။ သူသည် ကလေးနှင့် မိဘများ အားလုံးအား ကယ်တင်ခဲ့၏။ ထို့ကြောင့် သူ၏ နှလုံးသားထဲတွင်တော့ ကြင်နာမှုကို ပြသခဲ့ခြင်းပင် ဖြစ်၏။
ဟွိုင်မှာတော့ ခြားနားလွန်းလှသည်။ ၎င်းသည် ဝါးမျိုခြင်းနှင့် ဖျက်ဆီးခြင်းကိုသာ ပြုလုပ်တတ်၏။ ထို့ကြောင့် အင်ပါယာ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည့်နောက် အရာအားလုံး ပျက်စီးတော့မှာဖြစ်သည်။ မင်းဆရာ တစ်ယောက်မို့ သူသည် ထိုကဲ့သို့ အချက်အလက်များကို စဉ်းစားသုံးသပ်နိုင်စွမ်းတော့ ရှိ၏။
ဝှစ် ဝှစ် ……။
အစိမ်းရောင်ဓာတ်သဘာဝများ ပိုမိုကာ အားကောင်းလာခဲ့၏။ “ဂိုဏ်းချုပ်ကျွင်း... မင်းက ငါ့တပည့်ကို ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကိုတောင် စွန့်လွှတ်ချင်စိတ်ပေါက်အောင် တွန်းအား ပေးခဲ့တယ်။ ကျေးဇူးတင်တဲ့အနေနဲ့ ငါက မင်းကို ဖြည်းဖြည်းချင်း နှိပ်စက်ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ စွမ်းအင်တွေကို စုပ်ယူပစ်မယ်။ ပြီးတော့ သေခြင်းတရားထက် ဆိုးတဲ့အရာက ဘာတွေလဲ ဆိုတာကို သိစေရမယ်။
ဟူး
အပိုင်သိမ်းထားခဲ့သော အစိမ်းရောင်ဓာတ်သဘာဝများ၏ ခန္ဓာကိုယ်သည် ထွက်ပေါ်လာခဲ့တော့၏။ မြေပေါ်တွင် ဒူးထောက်လျက်ရှိသော အင်ပါယာကျန်းဝေသည် လှံကြီးကို ဆွဲကိုင်ကာ ထရပ်လိုက်၏။ ၎င်း၏ မျက်လုံးများသည် စိမ်းလျက်ရှိနေ၏။ မျက်နှာပေါ်တွင် ရှိနေသော ဖြူလျော်မှုနှင့် အားနည်းမှုများ အားလုံးသည် လုံးဝပျောက်ကင်း သွားခဲ့၏။
ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ မင်းဆရာ၏ နှလုံးသားများသည် တုန်ယင်သွား၏။ မကောင်းသည့် အတိတ်နမိတ်များသည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤလောကကြီးတစ်ခုလုံးသည် အဆုံးသတ်တော့မှာဖြစ်သည်။
အင်ပါယာကျန်းဝေ၏ ခန္ဓာကိုယ်ကို အလုံးစုံ ထိန်းချုပ်ပြီးသည့်နောက်မှာတော့ ဒုတိယမြောက် ဟွိုင်၏ ဒဏ်ရာများသည် အလုံးစုံ ပြန်လည်ကာ ကောင်းမွန်သွား၏။ သူသည် အကောင်းမွန်ဆုံးသော အခြေအနေကို ပြန်လည်ကာ ရောက်ရှိသွားသည်။ ထို့ကြောင့် ခေါင်းကိုမော့ကာဖြင့် ကျယ်လောင်စွာ အော်ရယ်လိုက်တော့သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ သက်ရှိတွေ အားလုံးက ငါ့ရဲ့အားအင်တွေ ဖြစ်လာရမယ်။ ထိတ်လန့် ကြောက်ရွံ့မှုနဲ့အတူ ငါ့ရဲ့အောက်မှာ ခစားရမယ်”
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ….။
ဖောက် …….။
ရယ်မောနေစဉ်မှာပဲ ဘာမှန်းမသိသည့် စက်တစ်ခု၏ အပေါက်ဝသည် သူ၏ နဖူးထက်ဆီသို့ ရောက်ရှိ လာ၏။ ကျွင်းချောင်ရှောင်းသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးအား အသာတေ့ပြီး သည့်နောက် အေးစက်စက် ပြောလိုက်တော့သည်။ “ဗီလိန်ဆိုတဲ့ေသောက်စကားများလွန်းလို့ သေဆုံးသွားရတယ်ဆိုတဲ့အကြောင်းကို ခင်ဗျားသိလား”
“မကောင်းတော့ဘူး” ဒုတိယမြောက်ဟွိုင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။
“စတုတ္ထမြောက် အသက်သွင်းမှု”
ဟူး ဟူး ဟူး
ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးမှ တွန့်ဆုတ်မှုမရှိဘဲ စက်အား အဆင့်မြင့်တည်နေရာတွင်ထားက အသက်သွင်းလိုက်တော့သည်။ ထို့ကြောင့် ချက်ချင်းပဲ ဖုန်စုပ်စက်၏ အပေါက်ဝသည် အင်ပါယာကျန်းဝေ၏ နဖူး တည့်တည့်ဆီမှစ၍ စွမ်းအင်များကို စုပ်ယူတော့၏။
ဆွစ်
အင်ပါယာကျန်းဝေ၏ ဆံပင်များသည် မည်သို့မှ မခံစားနိုင်တော့ဘဲ ဖုန်စုပ်စက်ထဲသို့ ရောက်ရှိကာ ကတုံး တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အား.... အား...
ဒုတိယမြောက်ဟွိုင်သည် ထူးဆန်းစွာဖြင့် အော်ဟစ်ငိုယိုလိုက်တော့၏။ ခန္ဓာကိုယ်ထဲတွင်ရှိနေသော စွမ်းအင်များ အားလုံးသည် စုပ်ယူခြင်းစွမ်းအင်ကို မည်သို့မှ မခုခံနိုင်တော့ဘဲ လိုက်ပါသွားခဲ့ရ၏။
ဟူး ဟူး
ထိုစုပ်ယူမှုစွမ်းအင်သည် ကြောက်ခမန်းလိလိ အားကောင်းလွန်းလှသည်။ ထိတ်လန့်ကြောက်ရွံ့နေသော မင်းဆရာ သည် အင်ပါယာကျန်းဝေ၏ ခန္ဓာကိုယ်ထဲတွင်ရှိသော အစိမ်းရောင်ဓာတ်သဘာဝများ စုပ်ယူခံနေရသည်ကို မြင်သည့်အချိန်မှာတော့ ထိတ်လန့်အံဩလျက် ရှိနေတော့၏။
ဆွစ်
ခဏလောက်ကြာပြီးသည့်နောက် လူသားတို့၏ ခန္ဓာကိုယ်ကို အပိုင်စီးတတ်သည့် နတ်ဆိုးသည် ဖုန်စုပ်စက်ကြီး ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။ ၎င်းသည် ဖုန်စုပ်စက်ကြီးထဲမှ ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးစားလျက်ရှိ၏။ သို့ပေမဲ့ အလွန်အားကောင်းလွန်းလှသော အတားအဆီးအား မည်သို့မှ ချိုးဖြတ်၍ မနိုင်တော့ချေ။ ပြောရမည် ဆိုလျှင် အင်ပါယာကျန်းဝေသည် ဘာမှ မဟုတ်သေးချေ။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော ဟွိုင်မှာမှ တကယ့် အစစ်အမှန် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။
သို့ပေမဲ့ သူသည် ပေါ်လာသည်နှင့်တပြိုင်နက် ဖုန်စုပ်စက်ကြီးထဲသို့ စုပ်ယူခြင်းကို ခံခဲ့ရ၏။ မည်မျှ ဆိုးရွားလိုက်သည့် ကံတရားနည်း။
ဘုတ် ……။
ဒုတိယဟွိုင်၏ ထောက်ပံ့မှု မရှိတော့သည့်နောက်မှာတော့ အင်ပါယာကျန်းဝေသည် မြေပေါ်သို့ လဲကျသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လုနီးပါးဖြစ်နေသော ဟွိုင်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူ၏မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။
“မင်း...”
သူ၏ဆရာအား ခန္ဓာကိုယ်အား ထိန်းချုပ်ခွင့်ပေးလိုက်သည်ဆိုသည်နှင့် တစ်ဖက်လူအား လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်လိမ့်မည်ဟု သူထင်မှတ်ခဲ့သည်။ သို့ပေမဲ့ သူ၏ဆရာသည်ပင်လျှင် တစ်မိနစ်ပင် မကြာသော အချိန်အတွင်း ပျောက်ကွယ်သွားခဲ့ရသည်။
“မဖြစ်နိုင်ဘူး။ ဒါလုံးဝ မဖြစ်နိုင်ဘူး”
“ခင်ဗျားက အပြစ်ပေါင်းများစွာကို ပြုလုပ်ခဲ့တာကြောင့် ကောင်းကင်ကြီးက ကြည့်မနေနိုင်တော့ဘူး။ ခင်ဗျား လုပ်ခဲ့တဲ့ အပြစ်တွေက ဆက်ပြီး အသက်ရှင်ရပ်တည်နိုင်ဖို့ အဓိပ္ပာယ် မရှိတော့ဘူး”
ကျွင်းချောင်ရှောင်းသည် ကောင်းကင်နဂါးဓားအား အေးစက်စက်ဖြင့် မြှောက်လိုက်သည်။ ပြီးသည့်နောက်မှာတော့ မယုံကြည်နိုင် ဖြစ်နေသော အင်ပါယာကျန်းဝေအား ဓားဖြင့် ခုတ်ပိုင်းလိုက်၏။
“မဟုတ်ဘူး”
ဇွီ ……။
ထိုအချိန်မှာပဲ အလွန်တရာ ရည်မှန်းချက်ကြီးမားပြီး အားကောင်းလွန်းလှပါသည်ဆိုသည့် အင်ပါယာကျန်းဝေသည် သေဆုံးသွားခဲ့ပြီးဖြစ်၏။ သူ၏ ဦးခေါင်းသည် မြေပေါ်တွင်လိမ့်လျက် အပြင်ဘက်ဆီသို့ ထွက်ခွာသွားခဲ့သည်။
“အရှင်... အရှင်မင်းကြီး”
မင်းဆရာ၏ အသံသည် တုန်ယင်စွာဖြင့် ထွက်ပေါ်လာသည်။ ထိုအချိန်မှာတော့ သူသည် နဝေတိမ်တောင် ဖြစ်မိနေသည်။ ၎င်းသိရှိ ခံစားခဲ့ရသော မကောင်းသည့် အတိတ်နမိတ်များ အားလုံးသည် စောနက ဖြစ်တည်ခဲ့သော အစိမ်းရောင်ဓာတ်သဘာဝများကို ရည်ညွှန်းသည်လား သို့မဟုတ် ကျွင်းချောင်ရှောင်း ကို ရည်ညွှန်းသည်လား မသိချေ။
အင်ပါယာကျန်းဝေသည် တိုက်ပွဲတွင် သေဆုံးသွားခဲ့ပြီဖြစ်၏။ လှံ၏ အလင်းတန်းများသည် ပျောက်ကွယ်သွား၏။
ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းတက်လာပြီးသည့်နောက် ညာဘက်လက်ဖြင့် လှံကြီးအား လှမ်း၍ ဆွဲကိုင် လိုက်သည်။ လှံကိုအသာဆွဲမပြီးသည့်နောက် စက်ဝိုင်းပုံစံမျိုး အသာလှည့်ကာ ဆော့ကစား ကြည့်လိုက်၏။ “ကျုပ်လိုမျိုး သူရဲကောင်းတွေကသာ ဒီလိုမျိုး နတ်ဘုရားအဆင့်လက်နက်ကို ကိုင်ဆောင်ဖို့ အရည်အချင်း ရှိတာ”
ဝေါ့
စနစ်သည် မည်သို့မှ မနေနိုင်တော့ဘဲ ထ၍ပင် ဆဲဆိုလုမတတ် ဖြစ်နေတော့သည်။
မြို့၏ ဂိတ်မျှော်စင်ပေါ်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူတို့သည် ဂိုဏ်းချုပ်တစ်ယောက် တစ်ဖက်လူအား ခေါင်းဖြတ်ကာ သတ်ဖြတ်လိုက်သည်ကို ကြည့်ရှုလျက်ရှိ၏။
ထိုအချင်းအရာကို မြင်သည့်နောက် ၎င်းတို့သည် မြေပေါ်သို့ လဲပြိုကျသွားတော့သည်။ အလွန် အားကောင်းလွန်း လှသော စွမ်းအင်များကို ခုခံကာကွယ်ခဲ့သော ၎င်းတို့သည် ရှိရှိသမျှသော အားအင်များကို ထုတ်ဖော်ခဲ့ရ၏။ ယခု ကပ်ဘေးကြီးပြီးဆုံးသွားသည့်အချိန်မှာတော့ ၎င်းတို့သည် စိတ်ကို လျော့ချလိုက်ပြီဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ မြို့ထဲတွင် ရှိနေသော ကလေးသူငယ်များ အားလုံး၏ မျက်နှာပေါ်တွင်တော့ ၎င်းတို့ကို ချီးကျူးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။
“ဒင်... လက်ခံသူသည် ဖုံးကွယ်ထားသည့်တာဝန် - ကောင်းမွန်သည့်အရာကို ပြုလုပ်ခြင်း ပြည့်စုံစေသည့်အတွက် ဆုလာဘ်အဖြစ် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို ရရှိသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၈၉၉၀၀ / ၇၀၀၀၀”
“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသည်ဖြစ်သောကြောင့်...”
“ဒင်... လက်ခံသူသည် ဖုံးကွယ်ထားသည့်တာဝန်ကို ပြည့်စုံစေခဲ့သည်။ ထို့ကြောင့် နတ်ဘုရားအဆင့် ပင်ကိုယ် စွမ်းရည်ပြောင်းလဲခြင်းဆေးရည် တစ်ပုလင်း၊ စည်းဖွင့်ခြင်းအဆောင် တစ်ခု၊ အတွေ့အကြုံအဆောင် လေးခု တို့ကို ရရှိသည်”
ဝူး ဝူး
ကွဲအက်လျက်ရှိနေသော လေဟာနယ်ကြီး တစ်ခုလုံးသည် တဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့၏။ ကျန်းဝေမြို့ကြီးအား လွှမ်းခြုံလျက်ရှိနေသော သတ်ဖြတ်လိုခြင်း ဆန္ဒများသည်လည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ မဲနက်နေသော ကောင်းကင်ကြီးတစ်ခုလုံးသည် ပြန်လည်ကာ ကြည်လင်လာတော့သည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောလူများ အားလုံးသည် စိတ်သက်သာရာ ရစွာ ပြောလိုကမိ၏ “ပြီးသွားပြီပဲ”