အခန်း (၁၀၆၃)
Vol. 72 Ch. 1063
ဖန်းရီကျိသည် အလျော့ပေးလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းမွန်လွန်းလှသော အရသာရှိသည့် အစား အသောက်များကြောင့်တော့ မဟုတ်ပေ။ လက်နက်များကြောင့်ဖြစ်၏။ ပန်းပဲပညာကို ကျွမ်းကျင်သူတစ်ယောက် အနေဖြင့် သူသည် အလွန်တရာ ရှားပါးပြီး ကောင်းမွန်ကာ လက်ရာသေသပ်လွန်းလှသည့် အအေးဓားများကို ကိုင်တွယ်ရသည့်အချိန်မှာတော့ အလွန်တရာ စိတ်လှုပ်ရှားလာခဲ့၏။ ထိုအရာများကိုသာ သွန်းလုပ်နိုင်rည် ဆိုပါက သူ၏ ပန်းပဲအဆင့်အတန်းသည် ပိုမိုကာ တိုးတက်သွားမှာ သေချာ၏။
ဂိုဏ်းချုပ်ကျွင်းကဲ့သို့ လျှို့ဝှက်ကျမ်း၏ နှစ်ဆယ်ရာခိုင်နှုန်းကိုသာ သိရှိနားလည်သော လူတစ်ယောက်ပင်လျှင် ဤကဲ့သို့သော အခြေအနေမျိုးရှိသည့် လက်နက်မျိုးကို ဖန်တီးပြုလုပ်နိုင်သည်ဆိုသောကြောင့် ဖန်းရီကျိသည် အလွန်တရာ ထိတ်လန့်တုန်လှုပ်နေမိ၏။ သူသည် အလုံးစုံ ရူးသွပ်သွားသည်ဟု ဆိုရမည်။
ထိုစုံတွဲဖန်တီးခဲ့သော လျှို့ဝှက်ကျမ်းကိုသာ သင်ယူနိုင်မည်ဆိုပါက သူ၏ ပန်းပဲ စွမ်းရည်များသည် တမဟုတ်ချင်း ထပ်မံကာ တိုးတက်သွားတော့မှာ သေချာတော့သည်။ ဖန်းရီကျိသည် ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် နံပါတ်တစ် ပန်းပဲဆရာဟု ချီးကျူးခံရသည့်ဆိုသော်လည်း သူ့အနေနှင့် လုံလောက်သည့် အခြေအနေသို့ ရောက်ရှိနေသည် မဟုတ်မှန်း ကောင်းကောင်းနားလည်သည်။ သူ၏ စိတ်ထဲတွင် သင်ယူဆိုစိတ်များသည် ပြည့်နှက်လျက် ရှိနေ၏။
အချက်အလက်အားဖြင့် ကုန်းရှန့်သည် ထို့ကြောင့်ပင် များပြားလှသည့် လက်နက်များကို ထုတ်ဖော်ပြသခဲ့ခြင်းပင် ဖြစ်သည်။ အလယ်အလတ်အဆင့် အအေးဓားများကို ပြသလိုက်သည်နှင့် သူသည် ဆရာဖန်းအား အညံ့ခံအောင် ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်တော့၏။ ထို့ကြောင့် မည်မျှ ခိုင်မာလှသော စိတ်ဓာတ်ကို ပိုင်ဆိုင်သည်ဆိုဆို စစ်မှန်သောဆေးကို တိုက်ကျွေး လိုက်မည်ဆိုလျှင် ပျောက်ကင်းသွားမှာ သေချာသည်။ အနာ နှင့် ဆေးတည့်ရန်သာ လိုအပ်သည်။
ကျွီ...
အခန်းတံခါး ပွင့်သွားခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ နွေးထွေးလွန်းလှသော နေရောင်ခြည်များသည် ကျဆင်းလာခဲ့၏။ တိုင်လု၊ ကျိုးဒူဒူနှင့် ယွမ်သခင်လေးတို့၏ အကြည့်အောက်မှာတော့ ဖန်းရီကျိသည် အကျဉ်း ထောင်ထဲမှ ပထမဦးဆုံး ထွက်ခွာခွင့် ရရှိခဲ့သူဖြစ်၏။ သူသည် နောက်ဆုံးမှ ရောက်ရှိလာခဲ့ပြီး ပထမဦးဆုံး ပြန်လည် ထွက်ခွာသွားသူ ဖြစ်တော့၏။
“ခင်ဗျားတို့ သုံးယောက်”
သူသည် အကျဉ်းထောင်တံခါးဝတွင် မတ်တပ်ရပ်ကာ ပြောလိုက်၏။ “ရေစက်ရှိလို့ ဆုံရတယ်ဆိုပေမယ့် အနာဂတ်မှာ ထပ်ပြီးတွေ့ကြတာပေါ့”
...........
တိုင်လု၏ မျက်လုံးထဲတွင် ဒေါသတရားများ ဖြတ်ပြေးသွားသည်။ “ကျုပ်က ခင်ဗျားလိုမျိုး ငကြောက်တစ်ယောက် မဟုတ်ဘူး။ ဘယ်တော့မှ ထပ်မတွေ့ဘူး။ နှုတ်ဆက်တယ်”
ကျိုးဒူဒူမှာတော့ မနာလိုဖြစ်လျက်ရှိသည်။ သူ့အား ဂိုဏ်းချုပ်ကျွင်းသည်သာ ဂိုဏ်းထဲသို့ဝင်ရန် ပြောဆိုသည် ဆိုပါက သူသည် တစ်ချက်ကလေးမှ မနှောင့်နှေးဘဲ တစ်ခါတည်းဝင်လိုက်မှာ သေချာသည်။
...............
တစ်ရက်တည်းမှာပဲ ဖန်းရီကျိသည် ပန်းပဲခန်းမဆောင်၏ ဟောခန်းသခင် ဖြစ်လာခဲ့တော့သည်။ ပြီးသည့်နောက် မှာတော့ ထိပ်လန့်တုန်လှုပ်စရာ ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့တော့သည်။
များပြားလှသော အပြင်စည်းတပည့်များ အားလုံးသည် အအေးဓားများကို ကိုင်ဆောင်ကာ လေ့ကျင့်လျက် ရှိနေသည်ကို မြင်လိုက်ရပြီးသည့်နောက်မှာတော့ ဖန်းရီကျိ၏ ပါးစပ်များသည် အဟောင်းသား ဖြစ်လို့နေ၏။
“ကောင်းကင်ဘုံ... ဒီလောက် ကောင်းမွန်တဲ့လက်ရာနဲ့ တူညီတဲ့ လက်နက်တွေ အကုန်လုံးက ဂိုဏ်းထဲကလူတွေ ကိုင်ထားကြတာဆိုတော့ ဒါကို မိုနဲ့များ လုပ်ထားတာလား”
ဖန်းရီကျိသည် ဂိုဏ်းထဲတွင် လှည့်လည်လျှောက်သွား၏။ သူသည် တပည့်များနှင့် တွေ့သည့်အချိန်တိုင်းတွင် လက်နက်များကို ချီးကျူးလျက်ရှိနေ၏။ သူ၏ အမူအရာများသည် ဆက်တိုက်ဆိုသလို ပြောင်းလဲနေ၏။ ဟုတ်ပေသည်။ လက်နက်ဆိုသည်မှာ တိုက်ခိုက်ရသည့် ဓား၊ လှံ လက်နက်များကို မဆိုပေ။ အကာအကွယ်နှင့် တခြားသော အသုံးအဆောင်ပစ္စည်းများကလည်း လက်နက်ဟု သတ်မှတ်နိုင်သည်။
ပြိုင်စံရှားဂိုဏ်း၏ အတွင်းစည်းတပည့်များ ဝတ်ဆင်ထားသည့် ကျန်းယန်ဝတ်စုံများသည် သူ့အား အလွန်ပဲ အံ့အားသင့်စေခဲ့၏။
ဆရာဖန်းသည် ရုတ်တရက် လေ့ကျင့်လျက် ရှိနေသော တပည့်တစ်ယောက်၏ အရှေ့ဆီသို့ ရောက်ရှိသွားပြီး လက်နှစ်ဖက်ဖြင့် ၎င်း၏ ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်သည်။ “ကောင်းလိုက်တာ၊ ကောင်းလိုက်တာ”
ရက်အနည်းငယ်အတွင်းမှာပဲ ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် စိတ်ဓာတ်ကျလျက် ရှိနေကြ၏။ အဘယ်ကြောင့်ဆိုသော် ဆရာဖန်းဆိုသည့်လူသည် ၎င်းတို့၏ ရှေ့ဆီသို့ ရုတ်တရက် ပေါ်ပေါ်လာပြီး ကိုယ်ပေါ်တွင် ဝတ်ထားသော ချပ်ဝတ်များ၊ ကိုင်ထားသော ဓားများ အားလုံးကို ၎င်း၏ ချစ်ခင်မြတ်နိုးလွန်းသော မျက်ဝန်းစိုကြီး အစုံဖြင့် ကြည့်ရှုကာ လာရောက်ပွတ်သပ်သောကြောင့်ပင် ဖြစ်သည်။ ဤအရာမှာ ကြက်သီးထစရာကိစ္စပင် ဖြစ်တော့၏။
အား..
အိမ်သာအတွင်းမှာတော့ အမျိုးသားတပည့်တစ်ယောက်သည် သေးပေါက်နေရင်းတန်းလန်းနှင့် လှည့်ကာ ထွက်ပြေးတော့သည်။ သူသည် စိတ်ဓာတ်တကျဖြင့် အော်လိုက်၏။ “ဘာလို့ ဒီကို လိုက်လာတာလဲ”
ဖန်းရီကျိ၏ ပန်းပဲပညာ လေ့လာသည့်နှုန်းသည် အလွန်ကြောက်မက်ဖွယ်ရာဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
သူ မမြင်ဘူးသည့် အရာတစ်ခုကို တွေ့ဆုံလိုက်သည်ဆိုသည်နှင့် တစ်ဖက်လူ ဘာလုပ်နေသည်ကို စိတ်မဝင်စားချေ။ တစ်ခါတည်း ထိုအရာကို ကိုင်တွယ်ရမှ ကျေနပ်သည့် အခြေအနေမျိုးဆီသို့ ရောက်ရှိနေ၏။
သို့ပေမဲ့ ရက်အနည်း ငယ်ကြာပြီးသည့်နောက် သူသည် ထိုအရာများ အားလုံးကို အနည်းငယ် အသားကျသွားပြီဟု ဆိုရမည်။ သူသည် လက်နက်နှင့် အသုံးအဆောင်ပစ္စည်းများကို သေသေချာချာ လေ့လာပြီးသည့်နောက်မှာတော့ ပြစ်ချက်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။
“ဂိုဏ်းချုပ်”
အဓိကဟောခန်းထဲမှာတော့ ဖန်းရီကျိသည် လေးနက်သည့် အသံဖြင့် ပြောလိုက်၏။ “ခင်ဗျား ဖန်တီး ခဲ့တဲ့ လက်နက်တွေက အရမ်းကို ကောင်းမွန်တယ်ဆိုပေမယ့် ကျုပ် ရက်ပေါင်းများစွာ သေသေချာချာ လေ့လာ ပြီးတဲ့နောက်မှာ တစ်စုံတစ်ခု လိုအပ်နေတယ်လို့ ခံစားမိတယ်”
“ဘာလိုအပ်နေတာလဲ”
“ဘာလိုအပ်နေတာလဲဆိုတော့”
ဖန်းရီကျိသည် ခဏလောက် ရပ်တန့်ပြီးသည့်နောက် အေးစက်စက် ပြောလိုက်၏။ “ချစ်ခြင်းမေတ္တာ၊ ဝိညာဉ် မပါဝင်တာပဲ”
ကျွင်းချောင်ရှောင်းက ကြောင်အသွား၏။
ဖန်းရီကျိက ပြောလိုက်သည်။ “လက်နက်တိုင်း၊ လက်နက်တိုင်းက ပန်းပဲဆရာရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်တည်လာခဲ့တယ်။ ဒါပေမဲ့ အဲလက်နက်မှာ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ အသက်သွင်းရခြင်းရဲ့ဝိညာဉ် ၊ ချစ်ခြင်း မေတ္တာတွေ မပါဝင်ဘူးဆိုရင် အရမ်းကောင်းတဲ့ လက်နက်မျိုးဖြစ်လာမှာ မဟုတ်ဘူး။ အခု ဂိုဏ်းချုပ် ဖန်တီး ပြုလုပ်ထားတဲ့ လက်နက်တွေမှာ အဲလိုမျိုး အရာတွေ မပါဝင်ဘူး။ အအေးဓားက အရမ်းကောင်းတဲ့ လက်နက်ဖြစ်တယ်ဆိုပေမယ့် ဒီလိုအရာမျိုး လိုအပ်နေတယ်ဆိုတော့ ပြစ်ချက်ကြီးတစ်ခုကို ဖြစ်နေသေးတာပေါ့”
“ဟုတ်ပြီ၊ သိပ်ဟုတ်တာပေါ့။ ဒါကြီးက အရမ်းအရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ တူညီတဲ့ အရည်အချင်းကို ပိုင်ဆိုင်တဲ့ လူနှစ်ယောက်ကို လက်နက်ကွာခြားနဲ့ အဆုံးအဖြတ် ဖြစ်စေတော့မယ် ဆိုရင် ဒီဝိညာဉ်ပါတဲ့ လက်နက်က အနိုင်ရလာဒ်ကို ရရှိစေနိုင်လိမ့်မယ်။”
အအေးဓားများ အားလုံးသည် ပန်းပဲခန်းမဆောင်မှ ထွက်ပေါ်လာသော အရာများသာဖြစ်၏။ ထို့ကြောင့် လက်နက် နှင့် အရည်အသွေး အားလုံးသည် တစ်ထပ်တည်း တူညီကာ ကောင်းမွန်လွန်းလှသည်ဆိုသော်လည်း စက်ဖြင့် ပြုလုပ်ထားသည်ဖြစ်သောကြောင့် လက်ဖြင့် ပြုလုပ်ထားသည်လောက် ကောင်းမွန်လိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်လည်း ဒီပြဿနာကို သတိထားမိတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ အရည် အချင်းက အကန့်အသတ်ရှိတယ်လေ။ မဖြေရှင်းနိုင်ဘူး။ တကယ့်လို ဆရာဖန်းဆီမှာသာ နည်းလမ်းရှိတယ် ဆိုရင်တော့ ကြိုးစားကြည့်ပေးပါ့လား”
“ကောင်းပါပြီ” ဖန်းရီကျိက အတည်ပြုလိုက်၏။
ကျွင်းချောင်ရှောင်းက ပျော်ရွှင်သွားသည်။ “ဘယ်လိုနည်းလမ်းမျိုးရှိလဲ”
“ဒီဖန်းက သိုင်းပညာကို နားလည်မှုက မမြင့်လှဘူးဆိုပေမဲ့ ပန်းပဲပညာကို နားလည်မှုက အရမ်းကို ကြီးမားနေပြီ။ ဘာလို့လဲဆိုတော့ ကျုပ်က နှစ်ရာဂဏန်းချီပြီးတော့ ပန်းပဲပညာကို ပြုလုပ်ခဲ့တာကြောင့် ပန်းပဲချီတွေကို တောင်မှ စုစည်းနိုင်ခဲ့ပြီ” ဖန်းရီကျိက ပြောလိုက်၏။
“ပန်းပဲချီ ဟုတ်လား”
“သိုင်းပညာကို လေ့ကျင့်တဲ့ လူတွေအတွက် သိုင်းပညာချီ၊ ဓားပညာကို လေ့ကျင့်တဲ့အတွက် ဓားချီ ဆိုသလိုပဲ ပန်းပဲပညာကို ပြုလုပ်တဲ့အတွက် ပန်းပဲချီဆိုတာ ရှိတယ်” စနစ်က ဝင်ကာ ထောက်ပြပေးလိုက်သည်။
ကျွင်းချောင်ရှောင်းက နားလည်သွား၏။ သူ ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်၏။
ဖန်းရီကျိက ပြောလိုက်သည်။ “ဂိုဏ်းချုပ် ဖန်တီးထားတဲ့ လက်နက်တွေ အကုန်လုံးကို ပန်းပဲချီတွေနဲ့ ထောက်ပံ့ပြီး အကောင်းမွန်ဆုံးသော ဝိညာဉ်တွေ ထည့်သွင်းပေးလိုက်မယ် ဆိုရင် လက်နက်ရဲ့ အားအင်အဆင့်က ပိုပြီးတော့ အားကောင်းသွားလိမ့်မယ်။ ဒါမှ ဒီဟာကို ကိုင်တဲ့လူတွေက အစစ်အမှန်ယောက်ျားနဲ့ အစစ်အမှန် လက်နက်ဆိုပြီးတော့ တသားတည်း ဖြစ်တည်သွားမှာပေါ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် ဖန်တီးထားတဲ့ လက်နက်တွေ၊ အထူးသဖြင့် အအေးဓားတွေပေါ့။ ဒါတွေအကုန်လုံးက တပည့်တွေတိုင်းမှာ တစ်ခုစီရှိတယ်။ ဒါတွေအကုန်လုံးကို ပြန်လည်မွမ်းမံဖို့ အတွက်ဆိုရင် အချိန် အတော်ကြာအုံးမှာ မဟုတ်လား”
“မကြာပါဘူး” ဖန်းရီကျိသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်၏။ “ဒီဖန်းရဲ့ ပန်းပဲချီတွေနဲ့ဆိုရင် တစ်နေ့ကို ဓားအစင်းတစ်ရာလောက် ဖန်တီးပြုလုပ်ဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူး”
“တစ်ရက်ကို ဓားအစင်းတစ်ရာ၊ ဒါဆိုရင် ရက်တစ်ရာလောက်ဆိုရင် ဓားအစင်းပေါင်း တစ်သောင်းလောက် ရပြီပေါ့”
ထို့အပြင် သူ့အနေနှင့် အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေ ရှိနေသေး၏။ ထိုအထဲသို့သာ ဝင်ရောက်ပြီး ပန်းပဲကို ပြုလုပ်လိုက်မည်ဆိုပါက ပိုမိုကာ မြန်ဆန်သည့် အရေအတွက်များကို ရရှိတော့မှာ သေချာ၏။
“ဒီလိုဆိုရင်”
ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာ ပြောလိုက်၏။ “ဘာကို စောင့်နေမှာလဲ။ ဟောခန်းသခင်ဖန်း.... ကျေးဇူးပြုပြီးတော့ ဓားတွေကို ပြန်ပြီး မွမ်းမံပေးပါတော့”
ဖန်းရီကျိက ပြောလိုက်သည်။ “ဒီဖန်းကလည်း မစောင့်နိုင်တော့ပါဘူး”
ကျွင်းချောင်ရှောင်း ပြုလုပ်ပေးထားသော လက်နက်များအားလုံးသည် အရည်အသွေးနှင့် လက်ရာပိုင်းတွင် အလွန် ကောင်းမွန် ပြည့်စုံလွန်းလှ၏။ သို့ပေမဲ့ စိတ်နှလုံး၊ ဝိညာဉ်များ ပေါင်းစပ်မှု မရှိသောကြောင့် အလုံးစုံ ပြည့်စုံသည့် လက်နက်များ အဖြစ်တော့ ဖြစ်ပေါ်မလာခဲ့ချေ။ ထို့ကြောင့် ပြန်လည်မွမ်းမံရပေတော့မည်။
...............
ပန်းပဲဟောခန်းထဲမှာတော့...
ဟူး ဟူး
သိုင်းပညာရပ်များနှင့် ခြားနားလှသော အော်ရာတစ်ခုသည် အခန်းထဲတွင် ပြည့်နှက်လျက်ရှိ၏။ ထိုချီများ အားလုံး သည် လေထဲတွင်ရှိနေသော အအေးဓားကို ရစ်သိုင်းပြီးသည့်နောက်မှာတော့ ပြည့်စုံစွာဖြင့် မွမ်းမံလျက် ရှိနေသည်။
“ဒါက ပန်းပဲချီတွေလား”
ဘေးတစ်ဖက်တစ်ချက်ဆီမှ ကြည့်ရှုလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် အံ့အား သင့်လျက်ရှိ၏။
ရွှီး
ခဏလောက်ကြာပြီးသည့်နောက် ပန်းပဲချီများဖြင့် ရစ်သိုင်းခြင်းကို ခံရသော အအေးဓားသည် ပေါ့ပေါ့ပါးပါးဖြင့် မြေပေါ်သို့ ကျဆင်းလာခဲ့၏။ ဖန်းရီကျိသည် ခြေချိတ်ကာ ထိုင်လျက် ရှိသည်။ သူသည် မျက်လုံးများကို ဖွင့်လိုက် သည်။ လက်များကို အသာလှုပ်ရှားလိုက်ပြီးသည့်နောက်မှာတော့ ပန်းပဲချီများ အားလုံးသည် တူပုံစံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အအေးဓားအား ထပ်ကာတလဲလဲ ထုနှက်၍ မွမ်းမံခြင်းကို ပြုလုပ်တော့သည်။
ဒေါင် ဒေါင် ဒေါင် ………။
ကျွင်းချောင်ရှောင်းသည် ထိုလုပ်ငန်းစဉ်အားကြည့်ရင်း အံ့အားသင့်လျက် ရှိနေသည်။ ခဏလောက် ကြာပြီးသည့်နောက် ဖန်းရီကျိသည် ပန်းပဲချီများကို ပြန်လည်ကာ ရုတ်သိမ်းလိုက်သည်။ အအေးဓား၏ ပြန်လည်ပြုပြင်မှုသည် ပြည့်စုံသွားခဲ့ပြီဖြစ်သည်။ ဓား၏ ကိုယ်ထည်တွင် အလင်းတန်းများ ဖြစ်တည်နေခဲ့ပြီး အသစ်တစ်ဖန် ဖန်တီးပြုလုပ်ထားသည့် ဓားတစ်စင်းကဲ့သို့ပင် လှပလွန်းနေ၏။
“အံအားသင့်စရာပဲ။ အံ့အားသင့်စရာပဲ” ကျွင်းချောင်ရှောင်းသည် လက်မထောင်ပြလိုက်၏။
“ဟင်း..”
ဖန်းရီကျိသည် သက်ပြင်းချကာဖြင့် ပြောလိုက်၏။ “ကျုပ်ရဲ့ ပန်းပဲနည်းစနစ်တွေကို နားလည်မှုနှုန်းက အကန့်အသတ်တစ်ခုအဖြစ် ရောက်ရှိနေတယ်။ ကျုပ်ဘဝတစ်သက်တာမှာ ဒီထက်ပိုပြီး မြင့်မားတဲ့ အဆင့်ကို ရောက်ရှိနိုင်သေးတယ်။ ဒါပေမဲ့ ကြိုးစားဖို့တော့ လိုတာပေါ့။ မဟုတ်ရင် ဒီထဲကို ချစ်ခြင်းမေတ္တာဝိညာဉ် ပေါင်းစပ် တာမျိုး မပြောနဲ့။ လက်နက်ထဲကို လက်နက်စိတ်ဝိညာဉ် ထည့်သွင်းဖို့တောင် ပြဿနာ မရှိဘူး”
ကျွင်းချောင်ရှောင်းသည် မျက်လုံးအပြူးသား ဖြစ်သွားမိ၏။ “လက်နက် စိတ်ဝိညာဉ်ကိုလည်း ထည့်သွင်းရတယ် ဟုတ်လား”
“အင်း...”
ဖန်းရီကျိက ပြောလိုက်သည်။ “ဒါက ပန်းပဲတာအိုရဲ့ ပြည့်စုံတဲ့အဆင့်ကို ရောက်မှလေ။ ရှေးစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ဟာမျိုးပါပဲ။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးထဲမှာ ဒီတာအိုကို ထိတွေ့နိုင်တဲ့ လူဆိုတာ တစ်ယောက်မှ ပေါ်မလာခဲ့ဘူး”
ကျွင်းချောင်ရှောင်းက နှစ်သိမ့်လိုက်မိသည်။ “လောကကြီးထဲမှာ ဒီလိုအဆင့်အတန်းမျိုး ရှိနေတယ်ဆိုတာ ဆရာဖန်းရဲ့ အားအင်အဆင့်အရ တစ်နေ့မှာ ကျိန်းသေပေါက် ရောက်ရှိနိုင်ရမယ်”
ဟား ဟား ဟား
ဖန်းရီကျိသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းရဲ့ မင်္ဂလာ စကားကိုပဲ အတည်မှတ်ယူလိုက်ပါ့မယ်”
သူ၏ ရယ်သံတွင် နာကျင်မှုများနှင့် ပျော်ရွှင်မှုများ ရောထွေးလျက် ရှိနေသည်။ သူသည် ပန်းပဲပညာ၏ အဆင့် အတန်းကို ပိုမိုနားလည်နိုင်စေရန်အတွက် ဘဝတစ်ခုလုံး ကြိုးစားရဦးမှာဖြစ်ကြောင်း သိရှိနားလည်မိသည်။
သို့ပေမဲ့ ဤပန်းပဲတာအို၏ အဆင့်အတန်းမျိုး ရောက်ရှိနိုင်ဖို့ဆိုသည်မှာ လေဟာနယ်ကို ထိုးခွင်းပြီး အထက်နယ်မြေ ဆီသို့ တက်လှမ်းနိုင်သည့် သိုင်းကျင့်ကြံသူတစ်ယောက်နှင့် အဆင့်တူညီနေသည် မဟုတ်ပါလား။ ထို့ကြောင့် သိုင်းအင်ပါယာတစ်ယောက်အဖြစ်သို့ တက်လှမ်းရသကဲ့သို့ပင် ခက်ခဲလွန်း လှသည်ကို သူကောင်းကောင်းသိ၏။