← Chapters

အခန်း (၁၀၆၅)

Vol. 72 Ch. 1065

အခန်း (၁၀၆၅)

Vol. 72 Ch. 1065

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာခံတပ်တွင် ယွမ်သခင်လေးသည် အဓိကတောင်ထွတ်ပေါ်၌ မတ်တပ် ရပ်ပြီးသည့်နောက် အောက်ဘက်တွင်ရှိနေသည့် အလွန်တရာ ခံ့ညားပြီး ထည်ဝါလွန်းလှသော မြို့ကြီးတစ်ခုကို ငုံ့ကြည့်လျက်ရှိသည်။ သူသည် အချိန်အတော်ကြာသည်အထိ အံ့အားသင့်မှုမှ ပြန်လည်မကောင်းမွန်ခဲ့ချေ။

“ဒီနေရာကြီးက အရင်တုန်းက ဘာမှ မဟုတ်ခဲ့ဘူး။ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းရဲ့ အလုပ်ကြိုးစားမှုကြောင့် ဒီနေ့၊ ဒီအချိန်မှာ တခြားသော ဂြိုဟ်တွေ အကုန်လုံးက အတုယူရလောက်တဲ့ အားအင်နဲ့ အခြေအနေမျိုးကို ရောက်ရှိ ခဲ့တယ်” ဘေးနားတွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် အလွန်တရာ မောက်မာသည့် ဟန်ပန် အမူအရာမျိုးဖြင့် ဝံ့ကြွားစွာ ပြောလျက်ရှိသည်။

ဂြိုဟ်တိုက်ပွဲတွင် ရှိနေသော အခြေအနေ အရပ်ရပ်သည် သူ့အနေနှင့် ဘာမှ ပါဝင်ပတ်သက်စရာ မလိုတော့သည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သော်လည်း ခံတပ်ကြီးအတွက် သူသည် အလုံးစုံသော အားအင် များကို စိုက်ထူခဲ့ရသည်။ ရံဖန်ရံခါဆိုသလို ဤနေရာသို့ လာရောက်ကြည့်ရှုပြီးသည့်နောက်မှာတော့ ပီတိကိုစားကာ အားရှိသည့် အဖြစ်အပျက်မျိုးအဖြစ် ခံစားနေမိ၏။

“ဒီနေရာကြီးက”

ယွမ်သခင်လေးသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ “ဒါ.. ဒါ တကယ့်ကို ဂြိုဟ်တိုက်ပွဲ တည်နေရာလား”

ဝှစ် ဝှစ်

စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာပြီးသည့်နောက် သူ့အား လွှမ်းခြုံသွားသည်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် ယွမ်သခင်လေးအား ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာအပြင်ဘက်ဆီသို့ ခေါ်ဆောင်သွားခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ ဂြိုဟ်ကြီးတစ်ခုချင်းစီတိုင်းအား ဖြတ်၍ လိုက်လံပြသ လျက်ရှိနေတော့၏။

တချို့သောအရာများသည် စကားလုံးများနှင့် ပြောဆိုနေ၍ မဖြစ်နိုင်ချေ။ မျက်မြင်တွေ့မှ သာလျှင် ယုံကြည်ကြမည်ဖြစ်၏။ အလွန်အားကောင်းလှသော သိုင်းကျင့်ကြံသူများ၏ အော်ရာများနှင့် မျိုးစုံ ဝတ်စားဆင်ယင်မှုများကို မြင်ရပြီးသည့်နောက်မှာတော့ ယွမ်သခင်လေးသည် ဤအရာကို ယုံကြည်လက်ခံသွား ခဲ့ရပြီးဖြစ်သည်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် သူ့အား ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်ဆီသို့ ပြန်လည်ခေါ်ဆောင်လာပြီးသည့် နောက် ထိုင်ခုံပေါ်တွင် အသာထိုင်စေ၏။ “ခင်ဗျား သေချာသိမှာ မဟုတ်ဘူး။ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ပထမဦးဆုံးအသုတ် ဒီကိုဝင်လာကြတဲ့လူတွေက ပြန်သွားကြပြီလေ”

မြို့တော်ဝန်ဟန်နှင့် တခြားသောသူများသည် ကုန်းမြေတိုက်ကြီးသို့ ပြန်လည်ဝင်ရောက်သွားပြီ ဖြစ်ကြောင်းကို ယွမ်သခင်လေး မသိချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အရှေ့ပင်လယ်ကို ဖြတ်သန်းရင်း မျိုးစုံသော အန္တရာယ် အတွေ့အကြုံများကို ရင်ဆိုင်ဖြတ်သန်းနေရသောကြောင့်ပင် ဖြစ်၏။

“ယွမ်ကြီး”

ကျွင်းချောင်ရှောင်းသည် လက်ကိုယှက်ကာဖြင့် ပြောလိုက်သည်။ “ခင်ဗျားက ပါရမီရှင် တစ်ယောက်ပဲလေ။ ခင်ဗျားရဲ့ စီမံခန့်ခွဲမှုအောက်မှာ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ကျော်ကြားလှတဲ့ လမ်းမှန် ဂိုဏ်းသားတွေနဲ့တောင် ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိခဲ့တယ်။ ဒီတော့ ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် သက်သေပြပြီးသား ဖြစ်တယ်။ အသုံးမဝင်တဲ့ အသင်းဖော်တွေနဲ့ အောင်မြင်မှု သရဖူကို လှမ်းယူ နိုင်မှာ မဟုတ်ဘူးလေ။ ဒီတော့ ပြိုင်စံရှားဂိုဏ်းကို အားအကောင်းဆုံးဖြစ်အောင် ဖန်တီးပြုလုပ်တဲ့နေရာမှာ ကျုပ်ကို ကူညီပေး”

“.........”

ယွမ်သခင်လေးသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သူ့အနေနှင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် အဖြစ် ရှိခဲ့စဉ်က သူ၏ အိမ်မက်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးကို စုစည်းကာ အုပ်ချုပ်ချင်ခြင်းပင် ဖြစ်တော့၏။ ထို့အပြင် သူသည် မူလ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အောင်မြင်မှုများကို ပြန်လည်ရယူစေချင်မိ၏။

သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ဂြိုလ်တိုက်ပွဲတည်နေရာတွင်ရှိသော လူများအားလုံးကို အနိုင်ယူ တိုက်ခိုက်ခဲ့သည်ဟု ပြောဆိုလျက် ရှိနေသည်။ ၎င်း၏ အဆင့်အတန်းသည် အလွန်တရာ မြင့်မားလွန်းနေ၏။ ဖြစ်နိုင်ပါမည်လား။

တစ်ဖက်လူသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး၌ ကြီးမားလှသော မြို့ကြီးတစ်မြို့ကို ဖန်တီးတည်ဆောက် ထားသည်ကို မမြင်ပါက ယုံကြည်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အစစ်အမှန်ပင် ယုံကြည်နေရ၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော အဓိကဂိုဏ်းများနှင့် ယှဉ်ပြိုင် တိုက်ခိုက်ရခြင်းသည် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးတွင်ရှိသော အားကောင်းလွန်းလှသည့် ဂြိုဟ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရခြင်းနှင့် နှိုင်းယှဉ်မည် ဆိုလျှင် ဘာတစ်ခုမှ မဟုတ်ပေ။ သို့ပေမဲ့ စဉ်းစားကြည့်သည့်အချိန်မှာတော့ သူ၏သွေးများသည် ဆူပွက်လာခဲ့သည်။

“စိတ်ကို အေးအေးထား၊ စိတ်ကိုအေးအေးထား။ ငါ သူ့ရဲ့မြူစွယ်မှုကို လက်ခံလို့ မဖြစ်ဘူး။ ငါက ခိုင်မာတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်တယ်”

“ယွမ်ကြီး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ယောကျ်ားတစ်ယောက်အနေနဲ့ ကြီးမားတဲ့အရာတွေကို ပြုလုပ်ချင်တယ်ဆိုရင် ကိုယ်လုပ်ရမယ့် တည်နေရာက ကြယ်ကြွေကုန်းမြေတိုက် တစ်ခုတည်းနဲ့ ကန့်သတ်ထားလို့ မဖြစ်ဘူး”

ယွမ်သခင်လေးက ပြောလိုက်သည်။ “ကျုပ်ဆီမှာ ဂိုဏ်းချုပ်ကျွင်းလို့ ယုတ္တိမတန်တဲ့ ရည်မှန်းချက်တွေ မရှိဘူးလေ”

“မဟုတ်ဘူး။ ခင်ဗျားမှာ ရှိကိုရှိရမယ်”

ကျွင်းချောင်ရှောင်းသည် လေးနက်စွာ ပြောလိုက်၏။ “ခင်ဗျားမှာ လိုအပ် နေတာက ဘုရင်အဆင့် အသင်းဖော်တွေပဲ”

အမှန်ပင်ဖြစ်သည်။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရှိ သူ၏ အသင်းဖော်များအားလုံးသည် ကျင့်ကြံခြင်းအဆင့် မြင့်မားလှသည်ဆိုသော်လည်း ဦးနှောက်များမှ သုံးနှစ်သား ကလေးလောက်ပင် မကောင်းမွန်ချေ။

“ပြိုင်စံရှားဂိုဏ်းမှာတော့ အားလုံးက ဘုရင်အဆင့်တွေကြီးပဲ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျား သာ ကျုပ်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ကြီးမားတဲ့ အရာတွေကို ရယူနိုင်စွမ်း ရှိလိမ့်မယ်”

“ဂိုဏ်းချုပ်ကျွင်း”

ယွမ်သခင်လေးသည် ငိုချင်စိတ် ပေါက်မိနေ၏။ သို့ပေမဲ့ မျက်ရည်များတော့ ကျဆင်းမလာခဲ့ချေ။ “ခင်ဗျား.... ကျုပ်ရဲ့စိတ်ထဲက ခံစားချက်တွေကို မြင်တယ်ပေါ့”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးသည့်နောက် ယွမ်သခင်လေး၏ အရှေ့ဆီသို့ လျှောက်သွား၏။ ပြီးသည့်နောက် သူသည် ဆေးပြင်းလိပ်ကြီးကို ထုတ်ယူ၍ မီးညှိကာ ဖွာရှိုက်လိုက်၏။ “နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းရဲ့ဒုတိယ ဂိုဏ်းချုပ်အနေနဲ့ အသားကျပြီး ဖြစ်တာကြောင့် ခင်ဗျားက ပြိုင်စံရှားဂိုဏ်းရဲ့ ဒု-ဂိုဏ်းချုပ်အဖြစ် ဘာလို့ မဖြစ်ရမှာလဲ။ ဒီနေရာက လက်ရှိမှာ လွတ်နေတယ်နော်”

သူ့အနေနှင့် ကျော်ကြားလှသော ပြိုင်စံရှားဂိုဏ်းတစ်ခုကို တည်ဆောက်ချင်သည်ဆိုလျှင် လိုအပ်သည့်နေရာတွင် လိုအပ်သည့်အရည်အသွေး ပိုင်ဆိုင်သောလူများ ရှိနေမှ ဖြစ်ပေလိမ့်မည်။

“ပြိုင်စံရှားဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ် ဟုတ်လား”

ယွမ်သခင်လေး၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ တစ်ဖက် လူသည် သူ့အား ဤမျှ မြင့်မားလွန်းသည့် အဆင့်အတန်း ပေးအပ်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ အဆုံးသတ်မှာတော့ ရာထူးသည် ၎င်း၏နောက် ဒုတိယဂိုဏ်းချုပ်ဆိုတဲ့ ရာထူးမျိုးပင် ဖြစ်နေခဲ့၏။

“ဝိညာဉ်မျိုးနွယ်တွေ အကြောင်း ခင်ဗျားကြားဖူးလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

“မကြားဖူးပါဘူး”

ဝိညာဉ်မျိုးနွယ်ဆိုသည်မှာ ရှေးတုန်းကတည်းက ရှုပ်ထွေးအောင်ပြုလုပ်ခဲ့သည့် မျိုးနွယ်တစ်ခုဖြစ်သည်။ ထို့ကြောင့် လက်ရှိ သိုင်းကျင့်ကြံသူများအနေဖြင့် အနည်းငယ်သာ သိရှိကြသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက အင်ပါယာတွေကြားမှာ ကြီးမားတဲ့ တိုက်ပွဲကြီးဖြစ်ပြီး လောကြီးတစ်ခုလုံး ပျက်စီးသွားခဲ့ရတယ်။ ဒါတွေ အားလုံးက အဲဒီမျိုးနွယ် ပြုလုပ် တာကြောင့်ပဲ။ ရက်စက်လွန်းလှတဲ့ ကျူးကျော်သူတွေက ယနေ့ခေတ်ထိအောင် တည်ရှိနေသေးတယ်။ သူတို့ အားလုံးက ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ပုန်းအောင်းနေထိုင်နေကြတယ်”

ယွမ်သခင်လေး “...”

သူ့အား ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ရန် ဤကဲ့သို့ ပြောဆိုနေသည်လား။

“ကျုပ်အနေနဲ့ ဝိညာဉ်မျိုးနွယ်တွေရဲ့ ကုန်းမြေတိုက်ထဲကို ဝင်ရောက်ဖို့ နည်းလမ်းကို ရှာဖွေနေတယ်။ ကျုပ် ဒါကို ရှာတွေ့ပြီးဆိုတာနဲ့ အရသာရှိတဲ့ လက်သီးတွေကို မြည်းစမ်းခိုင်းမယ်” ကျွင်းချောင်ရှောင်းသည် အေးစက်စွာကြည့်ကာ ပြောလိုက်၏။

ယွမ်သခင်လေးသည် မျက်လုံးပြူးသွားမိသည်။

“ဟုတ်တယ်”

ကျွင်းချောင်ရှောင်းသည် ဆေးပြင်းလိပ်ကြီးကို အသာရှိုက်ဖွာကာဖြင့် အသာလှည့်ကာ ပြောလိုက်သည်။ “အဲဒီနေ့ ရောက်လာပြီးဆိုရင် ပြိုင်စံရှားဂိုဏ်းက ဂြိုလ်ကြီးရဲ့အပြင်ကို ထွက်ပြီးတော့ တိုက်ခိုက်ကြမှာလေ။ တခြားသောဂြိုဟ်တွေကို သွားပြီးတော့ ကျူးကျော်တိုက်ခိုက်တာမျိုးကို တရားဝင် ပြုလုပ်တော့မှာပေါ့”

ယွမ်သခင်လေး၏ နှလုံးသားများသည် လှုပ်ခါလျက် ရှိနေ၏။ ပြိုင်စံရှားဂိုဏ်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး မှ ထွက်၍ တခြားသောဂြိုဟ်များဆီသို့ သွားရောက်တိုက်ခိုက်ရခြင်းဆိုသည်မှာ သူ၏သွေးများကို ဆူပွက်စေခဲ့၏။

“အချိန်ရောက်လာပြီဆိုရင်”

ကျွင်းချောင်ရှောင်းသည် လေးနက်စွာဖြင့် ပြောလိုက်၏။ “ခင်ဗျားက ကောင်းကောင်း ကူညီပေးနိုင်မယ်လို့ ကျုပ် မျှော်လင့်မိတယ်။ ကျုပ်ပေါက်ကရတွေ လျှောက်ပြောနေတယ်လို့ ခင်ဗျား ထင်ရင် ထင်နိုင်တယ်လေ”

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာဖြင့် ၎င်းအား အသာပြန်ဆွဲခေါ်ယူလိုက်သည်။

ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ သားရဲစီးဟောခန်း၏ တောင်ထွတ်တွင် မတ်တပ်ရပ် လိုက်၏။ သူသည် အောက်တွင် လေ့ကျင့်လျက်ရှိနေသော ဝံပုလွေစီး တပ်သားများကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “ဒါပေမဲ့ ပြိုင်စံရှားဂိုဏ်းရဲ့ အားအင်အဆင့်က ဘယ်ဂြိုဟ်မဆို သွားရောက် တိုက်ခိုက်နိုင်တဲ့ အားအင်အဆင့်ရှိတယ်ဆိုတာ ခင်ဗျားကို ကျုပ်ပြမယ်”

ဝှစ် ဝှစ်

ကျုံးရီသည် နဂါးသွားဓားမော့ကို အသာကိုင်မြှောက်ပြီးသည့်နောက် ဝံပုလွေများကို စီးနင်းထားသော အဖွဲ့ဝင်များ အားလုံးသည် စစ်နည်းဗျူဟာများအတိုင်း လေ့ကျင့်မှုကို ပြုလုပ်လျက်ရှိနေကြတော့၏။ ၎င်းတို့သည် လူပေါင်း ထောင်ကျော်သာ ရှိသည်ဆိုသော်လည်း သိုင်းဘုရင်အဆင့် ကျင့်ကြံသူများသာဖြစ်၏။ ထို့ကြောင့် ၎င်းတို့ဆီမှ ထွက်ပေါ်နေသော အော်ရာများအားလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေ၏။

ယွမ်သခင်လေးသည် မျက်လုံးများ ပြုတ်ကျလုမတတ် အံ့အားသင့်နေတော့၏။ ဤကဲ့သို့ ဝတ်စုံပြည့် ဝတ်ဆင်ထား ခဲ့သည့် စိတ်ဝိညာဉ်သားရဲရိုင်းများအပြင် ၎င်းတို့ကို စီးနင်းနေသူများသည်လည်း သိုင်းဘုရင်အဆင့် ရှိလို့နေခဲ့သည်။ ထိုအရာကို သူပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းသာ ဖြစ်တော့သည်။

ဝေါင်း ဝေါင်း

ကွင်းပြင်၏ အဝင်ဝနားမှာတော့ များပြားလှသော တပည့်များအားလုံးသည် အရှေ့သို့ လှမ်းတက်လာခဲ့ကြသည်။ ၎င်းတို့စီးနင်းထားသည့် သတ္တဝါများမှာ ကျားသားရဲနှင့် ခြင်္သေ့သားရဲများ ပါဝင်နေသည်။ ထိုသားရဲများဆီမှ ထွက်ပေါ်နေသည့်အော်ရာများသည်လည်း ခန့်မှန်းလို့မရနိုင်အောင် အားကောင်းလို့နေချေသည်။ ထိုအရာသည် ပြိုင်စံရှားဂိုဏ်း၏ အလုံးစုံသော အားအင်သာ ဖြစ်၏။

ယွမ်သခင်လေး၏ မျက်လုံးထဲတွင်တော့ နာကျင်မှုများနှင့် ပြည့်နှက်သွားခဲ့တော့သည်။ အရှေ့ပင်လယ်ဆီသို့ သွားရာလမ်းတွင် သူသည် ကျွင်းချောင်ရှောင်းလောက် အားမကောင်းလှဟု မိမိကိုယ်ကို သုံးသပ်ပြီးဖြစ်သည်။

သို့ပေမဲ့ တစ်ဖက်လူသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့်အပြင် အလွန်များပြားပြီး အားကောင်းလွန်း လှသော တပည့်များ ပိုင်ဆိုင်နေသည်ကိုလည်း သူမျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပြီ ဖြစ်သည်။ ၎င်းတို့ နှစ်ယောက်ကြား ခြားနားချက်သည် အလွန်အမင်း ကြီးမားလွန်းလှ၏။

တကယ်တမ်း နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအနေနှင့် ပြိုင်စံရှားဂိုဏ်း ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုပါက ဂိုဏ်းတင်သာ မဟုတ် ဝိညာဉ်တောင်ကြားကြီး တစ်ခုလုံးပင်လျှင် စုတ်ပြတ်သတ်သွားသည့် အခြေအနေမျိုး ရောက်ရှိသွားမှာ သေချာသည်။

အစစ်အမှန်တရားမှာတော့ ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ သိုင်းကျင့်ကြံသူများ၊ တခြားဂြိုဟ်များရှိ သိုင်းကျင့်ကြံသူများဆီမှ ငွေကြေးများအားလုံး ညှစ်ထုတ်ပြီးသည့်နောက်မှာတော့ သူ၏ဂိုဏ်း အား ပိုမိုအားကောင်းအောင် ဖန်တီးပြုလုပ်နေခြင်းပင် ဖြစ်တော့သည်။ ထိုကဲ့သို့သော များပြားလှသည့် အရင်း အမြစ်များကို ရယူပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်သည် တစ်နေ့ထက်တစ်နေ့ ပိုမိုကာ တိုးတက်လာခဲ့၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော ထိပ်ဆုံးဆိုသည့် ဂိုဏ်းများပင်လျှင် ၎င်းတို့နှင့် နှိုင်းယှဉ်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤအရာမှာ သားရဲစီးဟောခန်းတစ်ခုတည်း၏ အားအင်အဆင့်သာ တည်ရှိနေသေး၏။ အပြင်စည်းတပည့်များ၏ အားအင်အဆင့်သည်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ ၎င်းတို့သည် ကျင့်ကြံခြင်းအဆင့်သာမဟုတ် ခန္ဓာကိုယ် အားအင်များမှာလည်း အလွန်တရာ တောင့်တင်းခိုင်မာကြသည်။

ဂိုဏ်အချင်းချင်း တိုက်ခိုက်ကြသည့် တိုက်ခိုက်ပွဲများတွင် ၎င်းတို့ကို လွှတ်လိုက်သည်နှင့် တစ်ဖက်ဂိုဏ်းများ အားလုံး ပြာကျသွားမှာ သေချာတော့၏။ သို့ပေမဲ့ ကုန်းရှန့်သည် ဤကဲ့သို့ တိုက်ပွဲမျိုးကို ဖန်တီးပြုလုပ်ရန် ရည်မှန်းချက် မရှိချေ။ သူ့အနေနှင့် ဝိညာဉ်မျိုးနွယ်များကိုသာ လက်ရှိအခြေအနေတွင် စိတ်ဝင်စားလျက် ရှိနေ၏။

“ယွမ်ကြီး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားက နားလည်လွယ်တဲ့လူပဲလေ။ ဒီတော့ ခင်ဗျားမှာ စဉ်းစားနိုင်တဲ့ဦးနှောက် ကောင်းကောင်း ရှိမှာပါ”

“ဒါနဲ့... ခင်ဗျား ကျုပ်ကို ယွမ်ကြီးလို့ မခေါ်လို့ မရဘူးလား။ ကျုပ်က အသက်နှစ်ဆယ်နီးပါးပဲ ရှိသေးတယ်လေ”

“ကျုပ်ကလည်း အသက်နှစ်ဆယ်နီးပါး ပါပဲ။ ဒီတော့ အတူတူ အောင်မြင်မှုတွေကို ရယူကြရအောင်။ ကျုပ်ကို လာပြီးကူညီ”

..............

ကျွီ

အကျဉ်းထောင်တံခါးသည် ထပ်မံကာ ပိတ်သွားခဲ့၏။ ယွမ်သခင်လေးသည် သစ်သားအိပ်ယာပေါ်တွင်ထိုင်၍ နံရံကို မျက်နှာမူကာ တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေ၏။ ဂြိုဟ်တိုက်ပွဲတည်နေရာထဲတွင်ရှိနေသော ကြယ်ကြွေကုန်းမြေ တိုက်ကြီး၏ တည်နေရာခံတပ်သည် အလွန် အားကောင်းလွန်းလှ၏။ ထို့အပြင် ဂိုဏ်းထဲတွင်ရှိနေသော သားရဲစီး ဟောခန်းတွင်ရှိနေသည့် တပည့်များ အားလုံးကို မြင်ရသည့်နောက် သူသည် ပါးစပ်အဟောင်းသားပင် ဖြစ်မိနေ၏။ ထို့ကြောင့် တွေဝေငေးငိုင်နေခြင်းပင် ဖြစ်တော့သည်။

ကျိုးဒူဒူက သုံးသပ်လိုက်၏။ “ခင်ဗျားသေသေချာချာ စဉ်းစားပြီးပြီပေါ့”

တိုင်လုက ပြောလိုက်သည်။ “ဒီလူက ငါ့လိုမျိုး သံမဏိစိတ်ဓာတ်ကို ပိုင်ဆိုင်တယ်လေ။ လွယ်လွယ်ကူကူနဲ့ ဘယ်တော့မှ အလျော့ပေးမှာ မဟုတ်ဘူး”

ဘုတ် ဘုတ်

ရုတ်တရက် ယွမ်သခင်လေးသည် သစ်သားအိပ်ယာပေါ်မှ ပျောက်ကွယ်သွားခဲ့၏။ ပြီးသည့်နောက် အကျဉ်းထောင် တံခါး၏ ရှေ့တည့်တည့်တွင်ထိုင်၍ သံတန်းများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အော်လိုက်တော့သည်။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်... သေသေချာချာ စဉ်းစားပြီးသွားပြီ။ ပြိုင်စံရှားဂိုဏ်းကို ဝင်ချင်ပါတယ်။ ခင်ဗျားကို ကူညီပြီးတော့ ကြီးမားတဲ့ ကိစ္စရပ်တွေလုပ်မယ်”

“............”

တိုင်လုသည် တည်နေရာမှာတင် ကြက်သေ သေသွား၏။

အား....

ဤလူ၏ ခိုင်မာလှပါသည် ဆိုသော နောက်ကျောရိုးသည်လည်း ခွေးစားခံလိုက်ရပြီဖြစ်၏။

“သခင်လေး”

ခြံဝန်း၏ ဧည့်ခန်းမဆောင်တွင် အနားယူနေသော အကြီးအကဲလင်းသည် ထိုအသံကို ကြားရသည့် အချိန်မှာတော့ ၎င်း၏ ညိုးငယ်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ မျက်ရည်များသည် တစ်တောက်တောက်နှင့် ကျဆင်းလာနေသည်။

All Chapters