← Chapters

အခန်း (၁၀၆၆)

Vol. 72 Ch. 1066

အခန်း (၁၀၆၆)

Vol. 72 Ch. 1066

ကျွင်းချောင်ရှောင်းသည် အရည်အသွေး ပြည့်ဝလှသော ဂိုဏ်းချုပ်တစ်ယောက် မဟုတ်ဘူး ဆိုသော်လည်း ကျိန်းသေပေါက် အရည်အချင်းရှိသည့် လော်ဘီတစ်ယောက်ပင် ဖြစ်တော့၏။ ဂုဏ်သိက္ခာနှင့် ရာထူးရာခံများကို စိတ်မဝင်စားလှသော ဆရာဖန်းနှင့် ရည်မှန်းချက် ကြီးမားလှပြီး နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကိုသာ စိတ်စွဲလျက် ရှိနေသော ယွမ်သခင်လေးတို့သည် ၎င်း၏ အထူးကျွမ်းကျင်လှသော လော်ဘီပြုလုပ်မှုအောက်တွင် ကျရှုံး ပြီးနောက် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ခဲ့ကြရတော့သည်။

လက်ရှိအခြေအနေမှာတော့ ထောင်ထဲတွင်ရှိနေသော ကျိုးဒူဒူသည် ၎င်း၏ နှစ်သိမ့်အားပေးစကားများ ဆက်လက် ပြောဆိုရန် အစိမ်းရောင်မာဖလာနှင့် အစ်ကိုကြီးသာ ကျန်ရှိတော့၏။

လွတ်နေသော သစ်သားအိပ်ယာနှစ်ခုကို လှမ်းကြည့်ပြီးသည့်နောက်မှာတော့ ကျိုးဒူဒူသည် သက်ပြင်းချကာ ပြောလိုက်သည်။ “ငါ့ရဲ့ အထီးကျန်မှုကို ဘယ်သူက နားလည်နိုင်မှာလဲ”

တိုင်လုသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။ သူ၏နှလုံးသားထဲတွင်တော့ ဒေါသတရားများသည် အလိပ်လိုက် တက်လာ၏။ မူလအားဖြင့် ထွက်ခွာသွားခဲ့သော လူနှစ်ယောက်သည် သူနှင့် တူညီသော စိတ်နေ စိတ်ထားကို ပိုင်ဆိုင်သည်ဟု တွေးထင်ထားခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်း ဆိုသည့်လူ၏ လှည့်ကွက်နှစ်ခုအောက်တွင် အညံ့ခံ ကျရှုံးခဲ့ရသည်။ အလွန် စိတ်ပျက်ဖွယ်ရာ ကောင်းလွန်းလှသည်။

“ကိစ္စမရှိဘူး။ ကိစ္စမရှိဘူး။ ကျွင်းချောင်ရှောင်းရဲ့လျှာ ဘယ်လောက်ပါးတယ်ဆိုဆို ငါ တိုင်လုက ဇွဲကောင်းကောင်း နဲ့ အရှုံးမပေးဘဲ တင်းခံထားရမယ်”

လက်ရှိအခြေအနေမှာတော့ သူ၏ တောက်ပြောင်နေသော ဦးခေါင်းသည် နံရံ ကြီးနှင့် တဒိုင်းဒိုင်း ရိုက်လျက်ရှိသည်။ မိမိစိတ်ကို ပျော့ခွေမသွားစေရန် ကြိုးစားလျက် ရှိနေတော့သည်။ ထို့အပြင် အစိမ်းရောင်မာဖလာနှင့် အစ်ကိုကြီးသည် စိတ်ဆင်းရဲလျက် ရှိ၏။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း သည် ယွမ်သခင်လေးကို ခေါ်ယူရန် ဆွဲဆောင်ပြီးသည့်နောက် သူ့အား တစ်ချက်ကလေးမှ စကားမပြောခဲ့ချေ။ ထိုအစား အကျဉ်းထောင်ထဲ၌ပင် ဆက်၍ ချုပ်ထားခဲ့၏။

ဤကဲ့သို့ အဘယ်ကြောင့် လုပ်ရသနည်းဆိုသော် ဤကောင်လေး၏ ကျောရိုးသည် အလွန်မာကျောလှပြီး ခိုင်မာလှသည့် စိတ်ဓာတ်ကို ပိုင်ဆိုင်သည်ဖြစ်ကြောင်း ကုန်းရှန့်က ကောင်းကောင်းနားလည်သောကြောင့်ပင် ဖြစ်သည်။ သူ့အနေနှင့် အညံ့ခံစေချင်သည်ဆိုပါက အချိန်ကိုက်၊ နေရာကိုက်ပြုမူဆောင်ရွက်ရန် လိုအပ်နေသေး၏။ အမှန်ပင် ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိလာမှာသေချာသည်။

“ကောင်လေး... မင်းက ပြိုင်စံရှားဂိုဏ်းရဲ့ ထောင်ထဲကို ရောက်ပြီးပြီဆိုမှတော့ ငါမင်းကို မနှေးနဲ့ မမြန်ဆိုသလို အခြောက်ဖြစ်အောင် လုပ်ပစ်မယ်”

........

ပြိုင်စံရှားဂိုဏ်း

အဓိကတောင်ထွတ်၏ ဟောခန်းအရှေ့မှာတော့ တပည့်ပေါင်း ခုနှစ်သောင်းကျော်တို့သည် လေ့ကျင့်ရေး ကွင်းပြင်တွင် စုစည်းလျက်ရှိနေ၏။ အကြီးအကဲဝေ၊ ကျန့်ရာနှင့် တခြားသော ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများ အားလုံးသည်လည်း တည်ရှိလို့နေကြသည်။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် လှမ်းထွက်လာပြီးနောက် ပြောလိုက်၏။ “အခု ပြိုင်စံရှားဂိုဏ်းရဲ့ ဒုတိယ ဂိုဏ်းချုပ် ယွမ်ဖန်ကို လက်ခုပ်တီးပြီးတော့ ကြိုဆိုလိုက်ကြပါအုံး”

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

တပည့်များ အားလုံးသည် တောက်ပသည့် အပြုံးများဖြင့် လက်ခုပ်တီးလိုက်ကြသည်။ ထိုအထဲတွင် အကြီးအကဲ လင်းလည်း ပါဝင်လျက် ရှိနေ၏။ ၎င်း၏ သခင်လေးသည် ပြိုင်စံရှားဂိုဏ်းသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူသည်လည်း ဂိုဏ်း၏ အကြီးအကဲတစ်ယောက်အဖြစ် ခေါ်ယူခြင်း ခံခဲ့ရတော့သည်။

အားလုံးသောသူများ၏ နွေးထွေးသည့် ဩဘာပေးမှုအောက်မှာတော့ ယွမ်ဖန်သည် အသစ် ဖန်တီးချုပ်လုပ်ထားသော ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ကာဖြင့် လှမ်းလျှောက်ထွက်လာခဲ့၏။ သူ၏ မျက်နှာပေါ်ရှိ အမူအရာများမှာတော့ အလွန်တရာ စိတ်ဝင်စာနေသည့် ပုံပန်းသွင်ပြင်မျိုး ဖြစ်လို့နေခဲ့၏။

မနေ့တုန်းက ဂိုဏ်းချုပ်ကျွင်းသည် သူ့အား ဒုတိယဂိုဏ်းချုပ်အဖြစ် တာဝန်ပေးခဲ့၏။ အားသည့်အချိန်တွင် ကူညီ ပေးရန်လည်း တောင်းဆိုခဲ့သေး၏။ သို့ပေမဲ့ တကယ့်တကယ်တန်း သူ၏ တာဝန်မှာတော့ ဒုတိယဂိုဏ်းချုပ် ဆိုသည့် အမည်နာမသာ ရှိတော့သည်။ အစစ်အမှန် အမှန်တရားမှာတော့ ဂိုဏ်း၏ အထွေထွေ ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရန်လူတစ်ယောက်အဖြစ် ဖြစ်တည်သွားခဲ့တော့သည်။

ယွမ်သခင်လေးသည် ဤအချက်ကို စဉ်းစားပြီးသည့်နောက်မှာတော့ သစ်သားကျောက်ရုပ်ကြီးကဲ့သို့ပင် တည်နေရာတွင် မြဲမြဲရပ်လျက် ဆွံ့အနေမိတော့သည်။ “ချီးတဲ့မှ.. ငါတော့ လှည့်စားခံလိုက်ရပြီပဲ”

အဓိကအားဖြင့် ကျွင်းချောင်ရှောင်းသည် ယွမ်သခင်လေးအား အနည်းငယ် စမ်းသပ် စစ်ဆေးရန်လည်း လိုအပ် နေသေး၏။ လိုအပ်ချက်များကို ကိုက်ညီသည်ဆိုသည်နှင့် သူသည် တရားဝင် ဒုတိယဂိုဏ်းချုပ်ဟူသည့် လုပ်ပိုင်ခွင့်များကို ပေးအပ်မှာ သေချာ၏။

“ဟင်း...”

ယွမ်ဖန်သည် လေးလေးနက်နက်ဖြင့် သက်ပြင်းချလိုက်မိ၏။ ဤကဲ့သို့ ထူးဆန်းလှသည့်ရာထူးကို သူသည် လက်ခံရုံသာ ရှိတော့သည်။

ဟုတ်ပေသည်။ ဂိုဏ်း၏ စီမံခန့်ခွဲမှုများအရဆိုလျှင် သူသည် အလွန်တရာ အားကောင်းလှသူဖြစ်သည်။ ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင်ဖြစ်သည့်နောက်မှာတော့ သူသည် တက်တက်ကြွကြွနှင့် စတင်ကာ လေ့လာတော့သည်။ ဥပမာအားဖြင့် ဂိုဏ်းထဲတွင် ဂိုဏ်းသား မည်မျှ ရှိသနည်း။ လိုအပ်သည့် အရင်းအမြစ် ဘယ်လောက်ရှိသနည်းနှင့် ကြမ်းပြင်ကို မည်သူက လှည်းကျင်းသနည်း။ အိမ်သာကို မည်သူက ဆေးကြောသနည်းစသည့် အချက်များကို သူသည် စတင်ကာ လေ့လာတော့၏။

ဤနေရာတွင် ယွမ်သခင်လေး ရောက်လာသည့်အတွက် အပျော်ရွှင်ရဆုံးလူမှာ လီလိုရှုပင် ဖြစ်တော့သည်။ ကျန့်ရာ၊ အကြီးအကဲဝေနှင့် တခြားသောသူများ အားလုံးသည်လည်း ၎င်းတို့၏ ကိုယ်ပိုင်တာဝန်ကို ထမ်းဆောင် ကြသည်။ သူမသည်သာလျှင် များပြားလှသော ဟောခန်းများ၏ ဟောခန်းသခင် ရာထူးကို ယူထားရသည်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း အလုပ်များလျက် ရှိနေသည်။

ယခု ဂိုဏ်းကို ဂရုစိုက်ကိုင်တွယ် စောင့်ရှောက်ရန်အတွက် ကျွမ်းကျင်သူတစ်ယောက် ရောက်ရှိလာသောကြောင့် သူမအား များစွာ အကူအညီပေးနိုင်ပေလိမ့်မည်။

............

ရက်အနည်းငယ် ကြာပြီးသည့်နောက် ဂိုဏ်း၏ အထွေထွေ ကိစ္စရပ်များကို နားလည်သွားပြီဖြစ်သော ယွမ်သခင်လေးသည် စာကြည့်ခန်းထဲသို့ ရောက်လာကာ ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်... ဂိုဏ်းရဲ့ လက်ရှိ အသုံးစရိတ်တွေကို စစ်ဆေးလိုက်တဲ့အချိန်မှာ ပိုက်ဆံတွေက အရမ်းကုန်နေတယ်”

သူ့အနေနှင့် နတ်ဆိုးအင်ပါယာ ဂိတ်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ်တာဝန်ကို စတင်ယူခဲ့တုန်းက ပေသီးခေါက်သည့် နေရာတွင် အလွန်တရာ ကျော်ကြားလွန်းခဲ့၏။ ပိုက်ဆံအသုံးကိစ္စနှင့်ပတ်သက်၍ သူသည် အလွန်တရာ တင်းကျပ်လွန်းသည်။ အဆင့်မြင့် အကြီးအကဲများအနေနှင့် ဖိနပ်လဲချင်သည်ဆိုလျှင်တောင်မှ ပြတ်သွားသော ဖိနပ်တစ်ဖက်ကို ပြန်၍ ပြသပြီးမှသာလျှင် လဲလှယ်၍ ရခဲ့သည်။ သူသည် မှတ်တမ်းမှတ်ရာများနှင့် စိစစ်သည့်နေရာတွင် အလွန်တော်လွန်းလှသူဖြစ်သည်။

လက်ရှိပြိုင်စံရှားဂိုဏ်း၏ အခြေအနေမှာတော့ အလွန်တရာ ခြားနားလွန်းလှသည်။ စာရင်းဇယားကို မှတ်သားမည့် လူလည်း တစ်ယောက်မှ မရှိပေ။ ထို့အပြင် အဓိက မြို့နယ်ကြီး အသီးသီးတွင် တိရစ္ဆာန်အစားအစာ ရောင်းချသည့် ဆိုင်များ ဖွင့်လှစ်ထားခဲ့ပြီး ကြီးမားလွန်းလှသော အကျိုးအမြတ် များကိုလည်း ရရှိနေခဲ့၏။ သို့ပေမဲ့ ၎င်းတို့ အားလုံး သည် စေ့စပ်သေချာမှု မရှိဘဲ သုံးချင်ရာကို သုံးနေတော့သည်။ အလွန်တရာ စေ့စပ်သေချာလှပါသည်ဆိုသော ဒုတိယတပည့်ကြီး လီချင်းယန်သည်ပင်လျှင် ဤကဲ့သို့သော စာရင်းဇယားများကို သေသေချာချာ ပြုလုပ်တတ်ခြင်း မရှိပေ။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းမှာ ပိုက်ဆံတွေ အများကြီး ရှိတယ်လေ။ ဒါကြောင့် ဒီလောက်ကြီး တွက်ချက်နေဖို့ မလိုဘူး”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ယွမ်သခင်လေးသည် သေးငယ်လှသော ပေသီးလေးကို ထုတ်ယူကာဖြင့် သူ၏ ဖြူဖွေး နူးညံ့ပြီး မိန်းကလေးကဲ့သို့ လှပလှသည့် လက်ကလေးများဖြင့် တွက်ချက်လျက်ရှိနေတော့သည်။ “ဂိုဏ်းရဲ့ အသုံး စရိတ်တွေက အရမ်းကို ပိုနေတယ်လေ။ တကယ်ဆို လစဉ်လတိုင်း ကျုပ်တို့က ငွေတေးလ်တစ်သိန်းလောက်ကို ဆုံးရှုံးနေတာပဲ။ ဒါက စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလှယ်လိုက်မယ်ဆိုရင် သေးငယ်တဲ့ ပမာဏ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ပြောလိုက်မိသည်။ “တော်တော်ကို ပေသီးခေါက်တဲ့ကောင်ပဲ”

စနစ် “...”

တစ်ဖက်သူသည် ဂိုဏ်း၏ ကောင်းရာကောင်းကျိုးအတွက် ပြောဆိုနေခြင်းဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ပေသီးခေါက်သည်ဟု ပြောဆိုလျက် ရှိနေတော့၏။

“ဘယ်လို လုပ်ကြမလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

ယွမ်သခင်လေးက လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်တော့သည်။ “ဟောခန်းတစ်ခုချင်းစီရဲ့ အသုံးစရိတ် တွေကို သေသေချာချာ စီစီစစ်စစ်နဲ့ အသုံးပြုပြီးတော့ မလိုအပ်တဲ့အရာတွေ အကုန်လုံးကို လျော့ချပစ်ရမယ်”

“ကောင်းပြီ”

ကျွင်ချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကိစ္စကို ခင်ဗျားတာဝန် ထားလိုက်မယ်”

ယွမ်သခင်လေးက ထပ်၍ ပြောလိုက်တော့သည်။ “ပြီးတော့ အလယ်အလတ်အဆင့် သားရဲဆေးလုံးလည်း ရှိသေးတယ်။ ဒီဆေးလုံးက ဂိုဏ်းအတွက် များပြားလှတဲ့ အကျိုးအမြတ်တွေ ရရှိအောင် ဖန်တီးပြုလုပ်ထားတယ်။ ဘာအကြောင်းအရာမှ မရှိဘဲနဲ့ စိတ်ဝိညာဉ်သားရဲဟောခန်းဆီကို မျက်နှာလွှဲခဲပစ် ပေါပေါများများ ပေးနေတာ အဓိပ္ပာယ် မရှိဘူး”

စိတ်ဝိညာဉ်သားရဲဟောခန်းထဲတွင် ရှိနေသော ခရမ်းရောင်ဘုရင်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ငါ မကောင်းတဲ့ နမိတ်တွေကို ရနေပါလား။ ဘာလို့ပါလိမ့်”

“ပြီးတော့ ဟောခန်းသခင်ကျိလည်း ရှိသေးတယ်”

ယွမ်သခင်လေးက ပြောလိုက်သည်။ “သူက လစဉ်လတိုင်း ဂိုဏ်းဝတ်စုံ တစ်ဒါဇင်ကျော်ကို သုံးဖြုန်းနေတယ်လေ။ အဲတာ ဘာတွေ လုပ်နေတာလဲ။ ကျုပ်အထင်အရဆိုရင် ဂိုဏ်းအနေနဲ့ မလိုအပ်တဲ့ အသုံးစရိတ်တွေ ထုတ်ဖော်အသုံးပြုနေတဲ့ လူတွေ အကုန်လုံးကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်”

“တကယ်တော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဟောခန်းသခင်ကျိက တကယ့်ကို ဂိုဏ်းဝတ်စုံတွေ အများကြီး ဖြုန်းတာ အမှန်ပဲ”

“ပြီးတော့ သူက ဟောခန်းသခင်တစ်ယောက်လေ။ စိတ်ဝိညာဉ်သားရဲဟောခန်းအတွက် သူ့မှာ တာဝန်ယူရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိသင့်တယ်မဟုတ်လား။ သူ ဖျက်ဆီးခဲ့တဲ့ အဝတ်တွေကိုသာ သားရဲဆေးလုံးတွေနဲ့ လဲလှယ်လိုက်မယ်ဆိုရင် အများကြီးရမှာ မဟုတ်လား” ယွမ်သခင်လေးက ပြောလိုက်သည်။

ခရမ်းရောင်ဘုရင်သည် နေမထိ ထိုင်မသာ ဖြစ်လို့နေ၏။ ထိုအချိန်မှာတော့ တစ်စုံတစ်ယောက်သည် သူ့အား နောက်ကျောကို ဓားနှင့်ထိုးလျက်ရှိသည်ဟု ခံစားနေမိတော့၏။

.........

“ဘာ... ကျုပ်ရဲ့ စိတ်ဝိညာဉ်သားရဲဟောခန်းမက ရရှိနေတဲ့ သားရဲဆေးလုံးတွေ လျော့ချပစ်မယ် ဟုတ်လား” စိတ်ဝိညာဉ်သားရဲဟောခန်းအတွင်းမှာတော့ ခရမ်းရောင်ဘုရင်သည် မတ်တပ်ထရပ်လိုက်၏။ ၎င်း၏ မျက်လုံးထဲ တွင်တော့ ဒေါသတရားများနှင့် လှိုင်းထလျက် ရှိနေသည်။

ယွမ်သခင်လေးသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် ခပ်တည်တည်နှင့် ရပ်လျက်ရှိသည်။ “ဟောခန်း သခင်ကျိ.. လစဉ်လတိုင်း ဂိုဏ်းဝတ်စုံတွေ အများကြီးကို ယူသွားတယ်လေ။ တကယ်လို့ ဒီဂိုဏ်းဝတ်စုံတွေကို သားရဲဆေးလုံးတွေနဲ့ လဲရမယ် ဆိုရင် မနည်းဘူး ရမှာပဲ”

“ဘာ... ဘာပြောတယ်”

ခရမ်းရောင်ဘုရင်သည် အလွန်တရာ ဒေါသထွက်လွန်းသောကြောင့် ဘာပြောတယ် ဆိုသော စကားကို ပြန်လည်မေးမြန်းသည့်အချိန်တွင် တံတွေးများသည် တဖတ်ဖတ်နှင့်ပင် ယွမ်သခင်လေး၏ မျက်နှာကို သွားစင်လျက်ရှိနေ၏။

ယွမ်သခင်လေးသည် လက်ကို အသာမြှောက်၍ တံတွေးများကို သုတ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင်ရှိနေသည့် အမူအရာမှာတော့ တစ်ချက်ကလေးမှ မပြောင်းလဲချေ။

“ခင်ဗျားတို့ စိတ်ဝိညာဉ်သားရဲဟောခန်းက လစဉ်လတိုင်း အများကြီး သုံးဖြုန်းနေတာ။ ဒီနေ့ကစပြီး ခင်ဗျားတို့ရဲ့ အသုံးစရိတ်ကို သေသေချာချာ ထိန်းချုပ်မှဖြစ်မယ်။ ပိုပြီး သုံးလို့မရဘူး။ မလိုအပ်တဲ့ အသုံးစရိတ်တွေ အကုန်လုံးကို သေသေချာချာ ကြည့်ရှုပြီးတော့ တားဆီးမှ ဖြစ်မယ်”

ဘုန်း

ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။ ယွမ်သခင်လေးသည် မတ်တပ်ရပ်လျက် ရှိနေသည် ဆိုသော်လည်း နဖူးစပ်မှာတော့ ချွေးသီးချွေးပေါက်များ တစ်တောက်တောက်နဲ့ ကျလျက်ရှိသည်။

ခရမ်းရောင် ဘုရင်၏ လက်သီးသည် သူ၏ ညာဘက်နား နားဆီသို့ ရောက်ရှိလာခဲ့၏။ ၎င်း၏ အဝတ်အစား များသည် စုတ်ပြတ်သတ်လျက်ရှိနေ၏။ အလွန်တရာ အားကောင်းလွန်းလှသော မွန်းစတားချီများသည် ဟောခန်းတစ်ခုလုံးတွင် ပြည့်နှက်လာခဲ့သည်။ “ကောင်လေး... မင်းသေချင်နေတာလား”

ဂလု

ယွမ်သခင်လေးသည် တံတွေးကို မျိုချလိုက်ပြီးသည့်နောက် သူ့ကိုယ်သူ မနည်းအားတင်းကာဖြင့် ပြောလိုက်မိ၏။ “ဂိုဏ်းချုပ်က ကျုပ်ကို အခွင့်အာဏာ ပေးထားတယ်လေ။ ဒီတော့ ကျုပ်ရဲ့တာဝန်နဲ့ ပတ်သက်ပြီးတော့ သစ္စာရှိမှ ဖြစ်မယ်”

ဆွစ်

ခရမ်းရောင်ဘုရင်သည် သူ၏လက်သီးကို ပြန်ရုတ်ပြီးသည့်နောက် ထိုင်ခုံပေါ်တွင် ဟန်ပါပါဖြင့် ထိုင်လိုက်သည်။ ပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “အနာဂတ်မှာ ကျုပ် အဝတ်အစားတွေကို ထပ်ပြီး မယူဘူး။ ဒီတော့ ပေးနေကြအတိုင်း သားရဲဆေးလုံးတွေကို အပြည့်အဝပေး။ တစ်ခုလေးတောင် မလျော့စေနဲ့”

ယွမ်သခင်လေးသည် အလျင်အမြန်ပဲ စိတ်ဝိညာဉ်သားရဲဟောခန်းဆီမှ လျှောက်ထွက်လာ၏။ နဖူးပေါ်တွင် ရှိနေသော ချွေးများကို အသာသုတ်ကာဖြင့် တွေးလိုက်မိသည်။ “ဘာလို့ ဒီလူက တိုက်ကွက်တစ်ခုခုကို ထုတ်ဖော် ခါနီးမှာ အဝတ်အစားတွေကို ဖျက်ဆီးပစ်ရတာလဲ”

အဓိကတောင်ထွတ်ပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် ငါးကန်ရှေ့တွင် ငါးမျှားလျက် ရှိနေ၏။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များ အာရုံဖြန့်ကျက်ထားခြင်းမှ ပြန်လည် ရုတ်သိမ်းလိုက်သည်။ “သူ တကယ်ပဲ ကျားဖင်ကို သွားနှိုက်ရဲတာပဲ။ ဒီလူက လုပ်စရာရှိတာတွေကို လုပ်တဲ့အချိန်မှာ တကယ့်ကို ရူးရူးသွပ်သွပ်နဲ့ လုပ်တတ်တဲ့ လူတစ်ယောက်ပဲ”

စနစ်က ပြောလိုက်သည်။ “ဒီကိစ္စက ခရမ်းရောင်ဘုရင်ရဲ့ ရင်ထဲမှာရှိနေတဲ့ ပုန်ကန်လိုစိတ်ကို ထကြွလာလိမ့်မယ် လို့ထင်တယ်”

ဆွစ်

ကျွင်းချောင်ရှောင်းသည် သူ၏ ငါးမျှားတံကို အသာသိမ်းဆည်းပြီးနောက် ပြောလိုက်သည်။ “ဒီလိုအချိန်မျိုးမှာ ငါ ဂိုဏ်းချုပ်က အရာအားလုံးကို ဟန်ချက်ညီအောင် ပြုလုပ်ရမယ့် တာဝန် ရှိလာပြီပဲ”

.............

“ဟောခန်းသခင်ကျိ... ဒီသားရဲဆေးလုံး တစ်သောင်းကို ယူထားလိုက်လေ” စိတ်ဝိညာဉ်သားရဲဟောခန်း ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် တိတ်တဆိတ်ဖြင့် ခရမ်းရောင်ဘုရင်၏လက်ထဲ သားရဲဆေးလုံးများ ထိုးထည့်ပေးလိုက် သည်။

စနစ်သည် စိတ်ဓာတ်တကျ ဖြစ်သွားမိ၏။ “ဒါက ဟန်ချက်ညီအောင် လုပ်တာလား။ ဒု-ဂိုဏ်းချုပ် တစ်ယောက် လုံးက သားရဲဆေးလုံးတွေ မပေးပါဘူးဆိုနေမှ ဂိုဏ်းချုပ်ဖြစ်တဲ့မင်းက လာပြီး ခိုးပေးနေတယ်ဟုတ်လား”

“ဒါဆိုရင် တခြားဘာလုပ်ရမှာလဲ” ကျွင်းချောင်ရှောင်းက ပြန်မေးလိုက်သည်။

“........” စနစ်သည် အလုံးစုံ ဆွံ့အလျက် ရှိနေတော့၏။ သူလည်း ဘာလုပ်ရမလဲ မသိတော့ချေ။

All Chapters