အခန်း (၁၀၆၇)
Vol. 72 Ch. 1067
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆီမှ ခုန်ထွက်ပြီးပြီးခြင်းမှာပဲ ယွမ်သခင်လေးသည် ကျွင်းချောင်ရှောင်း၏ တည်နေရာ ဆီသို့ ရောက်ရှိလာပြီး ဖြစ်တော့၏။ ကံကောင်းစွာဖြင့် သူသည် သူ၏တာဝန်ကို အလွန်သစ္စာရှိသည့် လူတစ်ယောက် ဖြစ်နေတော့၏။
ဟုတ်ပေသည်။ ယွမ်သခင်လေး၏ အခန်းကဏ္ဍသည် တွက်ချက်တက်ရုံသာမက ကပ်စေးနည်းတတ်သည့် အကျင့်စရိုက်များလည်း ပါဝင်လာခဲ့တော့၏။ သို့ပေမဲ့ သူသည် ပြိုင်စံရှားဂိုဏ်း နေထိုင်ရသည့်ဘဝနှင့် တဖြည်းဖြည်း အသားကျလာခဲ့ပြီ ဖြစ်၏။ သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်းတွင်ရှိသော မလိုအပ် သည့်အရာများကို ပြန်လည်ပြင်ဆင်ရင်း ကောင်းမွန်သည့်အရာများကို တဖြည်းဖြည်း ပြန်လည်ပြုလုပ်လျက် ရှိနေတော့သည်။
အထူးသဖြင့် ဂိုဏ်း၏ စီးပွားရေး ကိစ္စများတွင် နေ့မအိပ်၊ ညမအိပ်ဖြင့် စတင်ကာ စီစဉ်လျက် ရှိနေတော့သည်။ ဂိုဏ်း၏စီးပွားရေးကိစ္စများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် သူသည် ကြီးမားလှသော အစီအစဉ်များကိုပင် ရေးဆွဲလျက်ရှိနေတော့၏။ ကျွင်းချောင်ရှောင်းသည်ပင်လျှင် ထိုအရာကို ဖတ်ရှုပြီးသည့်နောက်မှာတော့ တရေး တမော အိပ်မောကျသွားရ၏။
“ဂိုဏ်းချုပ်... ဘယ်လိုတင်တုန်း” ယွမ်သခင်လေးက မေးလိုက်သည်။
ကျွင်းချောင်ရှောင်းသည် အိပ်ချင်စိတ်ကို မနည်းပြူးပြဲ ထိန်းသိမ်းပြီးနောက် ပြောလိုက်သည်။ “အရမ်း ကောင်းတယ်။ ခင်ဗျား အစီအရင်အတိုင်း လုပ်ကြတာပေါ့”
သူ့အနေနှင့် ဤသို့သော ကိစ္စများတွင် မကျွမ်းကျင် လှချေ။ ထို့ကြောင့် ယွမ်သခင်လေးအား လွတ်လွတ်လပ်လပ်နှင့် ပြုလုပ်ခွင့်တော့ ပေးထား၏။ လိုအပ်နေသည်မှာ လစဉ် ဖြစ်ပေါ်လာသော ရလဒ်များကို ကြည့်ရှုရန်သာ ရှိတော့သည်။
ဂိုဏ်းချုပ်၏ ထောက်ပံ့မှုနှင့်အတူ ယွမ်သခင်လေးသည် စတင်၍ အစီအစဉ်များကို ရေးဆွဲပြီးသည့်နောက်မှာတော့ တစ်ခုချင်းစီ စတင်ကာ အကောင်အထည်ဖော်တော့သည်။ ဂိုဏ်း၏ ကုန်သွယ်ရေး လျှို့ဝှက်ချက်များ ပါဝင်နေသည် ဖြစ်သောကြောင့် စာရေးသူအနေနှင့် ထည့်သွင်း၍ မရေးသားတော့ချေ။
ဟောခန်းသခင်ဖန်း …။
ဤအတောအတွင်းမှာတော့ သူသည် လီချင်းယန်နှင့် တခြားသောသူများ၏ နတ်ဘုရား လက်နက်များကို ဝိညာဉ်များ ထည့်သွင်းနေခဲ့၏။ ဤအရာမှာ ခက်ခဲလှသည်ဆိုသော်လည်း အတွေ့အကြုံများကို ရရှိပြီးသည့်နောက်မှာတော့ ပိုမိုကာ အဆင်ပြေလာတော့၏။
ကျွင်းချောင်ရှောင်း ပြောခဲ့သလိုပင်။ ဖန်းရီကျိသည် နတ်ဘုရားအဆင့် လက်နက် များနှင့် လေ့ကျင့်ရန် လိုအပ်နေခြင်းသာ ဖြစ်တော့၏။ ထိုအရာများကို ရရှိပြီးသည့်နောက်မှာတော့ သူသည် ဖြည်းဖြည်းချင်း လေ့ကျင့်နိုင်စွမ်း ရှိနေပြဖြစ်သည်။
ဟူး ဟူး
စာကြည့်ခန်း၏ ထိုင်ခုံပေါ်တွင် အသာလှဲလျောင်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာ ပြောလိုက်မိ၏။ “ပန်းပဲခန်းမဆောင်မှာလည်း သခင်တစ်ယောက်ရှိသလို ဒုတိယဂိုဏ်းချုပ်အတွက် သင့်တော်တဲ့ လူတစ်ယောက်လည်း ရှာတွေ့ထားပြီ။ ငါလိုနေတာက ဂိုဏ်းအတွက် တိုက်ခိုက်ပေးနိုင်တဲ့ ကာကွယ်စောင့်ရှောက်သူတွေပဲ”
ကာကွယ်စောင့်ရှောက်သူ လေးယောက်ဖြစ်သည့် လူရိုင်း၊ သရဲနှင့် တခြားသောသူတို့သည် နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းဆီမှ လက်နက်ချ အညံ့ခံခဲ့သည့်သူများ ဖြစ်သည်ဆိုသော်လည်း သိုင်းအုပ်စိုးသူအဆင့်သာ ရှိလို့နေ၏။ ထို့ကြောင့် ၎င်းတို့အနေနှင့် အဓိက တိုက်ခိုက်ရေး အားအင်အဆင့်ကို ပံ့ပိုးပေးနိုင်ခြင်း မရှိချေ။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းသည် သူ၏ နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်မိ၏။ “ငါ အရှေ့ပင်လယ်ကို သွားတုန်းက တောဝက်ရိုင်းလေးကို မြေဓာတ်စိတ်ဝိညာဉ်အမြူတေ ရှာဖွေပေးမယ်လို့ ကတိပေးခဲ့တာပဲ။ ငါ တကယ်မေ့နေတာ”
စနစ်က ပြောလိုက်သည်။ “သနားစရာ ကောင်လေးပဲ။ လက်ခံသူရဲ့ ရင်ထဲမှာ ဒီသားရဲလေးက လုံးဝကို မရှိဘူး”
“မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ငါ ဒါကို ရှာပေးရမယ်”
သူရှာပေးရမည် ဟုဆိုလိုခြင်းသည် တောနက်ထဲသို့ သွား၍ ရှာပေးရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ စိတ်ဝိညာဉ်သားရဲဟောခန်း ဆီသို့ သွားရောက်ခြင်းသာ ဖြစ်တော့သည်။ သူသည် ပိုင်လျှိုနှင့် ကျားဘုရင်၊ သမင်ဘုရင်တို့ကို ခေါ်ကာ မြေဓာတ် အမျိုးအစား သလင်းအမြူတေများကို အမြန်ဆုံး ရှာဖွေပေးရန် အမိန့်ပေးလိုက်တော့သည်။
............
ညွှန်ကြားချက်များ ပြုလုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လိုက်တော့ သည်။ သူထိုင်ပြီး မကြာခင်မှာပဲ ရီရှင်းချန်သည် လှမ်းလျှောက်လာကာ ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်... ကျွန်တော် ဘယ်အချိန် နတ်ဘုရားလက်နက်ကို ရမှာလဲ”
“အလျင်မလိုနဲ့။ အလျင်မလိုနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းအနေနဲ့ ဂိုဏ်းနဲ့ ဂိုဏ်းတူညီလေးတွေ အတွက် ကောင်းကောင်းမွန်မွန် အလုပ်ကြိုးစားပေးမယ်ဆိုရင် မင်းအတွက် သီးသန့် နတ်ဘုရားလက်နက်က မကြာခင် ရောက်လာလိမ့်မယ်”
ဤအတောအတွင်း ညအင်ပါယာ၏ အလုပ်လုပ်ဆောင်မှုနှုန်းသည် အလွန်တရာ ကောင်းမွန်လွန်းလှ၏။ လင်းယွမ် ခန်းမဆောင်ထဲတွင် ရှိနေသော ကုသိုလ်မှတ်သည် ကိုးဆယ့်ခြောက်မှတ်ဆီသို့ ရောက်ရှိလာခဲ့၏။ ထို့ကြောင့် အမှတ်တစ်ရာပြည့်ရန် သိပ်၍ မလိုတော့ချေ။
“ဂိုဏ်းချုပ်... အင်ပါယာကျန်းဝေဆီက ရထားတဲ့ နတ်ဘုရားလက်နက်ကို ဘာလို့ ကျွန်တော့်ကို မပေးတာလဲ”
အားညို - ၎င်းသည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကုန်းရှန့်ဆီမှ လက်နက်များကိုပင် တောင်းဆိုလျက်ရှိနေ၏။
“မင်းတွေးတာ မှန်တယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ အဲနတ်ဘုရားလက်နက်ကို ငါသုံးဖို့အတွက် သိမ်းထားချင်သေးတယ်လေ”
လောကလက်ချောင်း လက်နက်သည် အလွန်တရာ အားကောင်းလွန်းလှသည့် လက်နက်ဖြစ်၏။ သို့ပေမဲ့ လူရှေ့ သူရှေ့တွင် များများစားစား ထုတ်ဖော်အသုံးပြု၍ ရနိုင်သည့် လက်နက် မဟုတ်ချေ။ သို့ပေမဲ့ အင်ပါယာကျန်းဝေ၏ လှံကြီးမှာတော့ အလွန်တရာ ကောင်းမွန်လွန်းလှပြီး သင့်တော်သည့်လက်နက်တစ်ခု ဖြစ်လို့နေခဲ့သည်။
ရီရှင်းချန် သည် မည်သည့်စကားမှ မဆိုတော့ဘဲ လှည့်ကာ ထွက်သွားတော့၏။
“နေအုံး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းအနေနဲ့ သီးသန့်နတ်ဘုရားလက်နက်ကို ပိုပြီး မြန်မြန်ဆန်ဆန် ရချင်တယ်ဆိုရင် သူရဲကောင်းစာရင်းကို သွားပြီး ဝင်ပြိုင်”
“နားလည်ပါပြီ” နောက်ဆုံးအကြိမ် သူရဲကောင်းစာရင်းတွင် ဝင်ရောက်ယှဉ်ပြိုင်စဉ်က ရီရှင်းချန်သည် မြေအဆင့် ထိပ်ဆုံးလေးဆယ်စာရင်းသို့ ဝင်ရောက်ခဲ့၏။ ထို့ကြောင့် ဆက်လက်ကာ တိုက်ခိုက်ရန်ဆိုသည်မှာ ခက်ခဲလှသည် တော့ မဟုတ်ချေ။
ဂိုဏ်းချုပ်သည် ရှင်းလင်းသည့် ညွှန်ကြားချက်ကို ပြောဆိုပြသခဲ့ပြီးပြီ ဖြစ်သောကြောင့် သူသည် မနက်စောစောလေးမှာပဲ ပြိုင်စံရှားဂိုဏ်းဆီမှထွက်၍ တိုက်ခိုက်ရန် ထွက်ခွာသွားခဲ့တော့သည်။
“ဂျူနီယာညီလေးရီ”
သူ တောင်အောက်သို့ ဆင်းသည့်အချိန်တွင် ရှောင်ကျီသည် အနောက်မှ လိုက်ကာဖြင့် ပြောလိုက်သည်။ “ငါလည်း မင်းနဲ့ လိုက်ခဲ့မယ်”
..........
၎င်းတို့နှစ်ယောက် ထွက်ခွာသွားပြီး မကြာခင်မှာပဲ နင်တုရှင်းသည် အဓိကဟောခန်းဆီသို့ လျှောက်ဝင်လာခဲ့၏။ ပြီးနောက် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်... သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က အပြင်မှာ စောင့်နေတယ်လေ။ သူက ပြိုင်စံရှားဂိုဏ်းကို ဝင်ချင်လို့တဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ဂိုဏ်းဝင်ခွင့်ရမယ့်နေ့ကို စောင့်လိုက်အုံးလေ” ပြိုင်စံရှားဂိုဏ်း အနေဖြင့် ဂိုဏ်းသားများ ခေါ်ဆောင်ရာတွင် လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများကို ချမှတ်ထားပြီးသားဖြစ်၏။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်းများကို လွယ်လွယ်ကူကူနှင့် ချိုးဖောက်နေ၍ မဖြစ်ချေ။
“ဂိုဏ်းချုပ်”
နင်တုရှင်းက ပြောလိုက်၏။ “ဒါက အထူးပါရမီကို ပိုင်ဆိုင်တဲ့လူတစ်ယောက် ဖြစ်နိုင်တယ်”
“အထူးပါရမီ ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ခဏလောက် တွေးကာဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် သူ့ကို အထဲကို ခေါ်လိုက်။ ဘယ်လောက် ပါရမီရှိလဲဆိုတာ ကျုပ် ကြည့်ကြည့်မယ်”
နင်တုရှင်းသည် အလောတကြီးနှင့်လှည့်၍ ထွက်ခွာသွားခဲ့တော့သည်။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ အလွန်တရာသပ်ရပ်စွာ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် အထဲသို့ လှမ်းလျှောက် လာ၏။ ပြီးသည့်နောက်မှာတော့ လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “ကျုပ်နာမည်က လန်ကောင်း ပါ။ ဂိုဏ်းချုပ်ကျွင်းကို နှုတ်ဆက်ပါတယ်”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွား၏။ ဤလူဝင်လာသည်နှင့် ဟောခန်းကြီးတစ်ခုလုံးသည် ဝိုင်အနံ့ များ သင်းကြိုင်သွားခဲ့တော့၏။ အလုပ်လာလျှောက်သည့်အချိန်တွင် အရက်သောက်လာခဲ့သည်လား။ သေချာပြီး စကတည်းက ယဉ်သကိုပင် ဖြစ်လို့နေတော့၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျား အရက်သောက်လာတာလား”
“မဟုတ်ပါဘူး”
လန်ကောင်းသည် ပြုံးကာ ပြောလိုက်၏။ “ကျုပ်က ဝိုင်တွေကို ဖန်တီးပြုလုပ်တဲ့လူလေ။ ဒီတော့ ကျုပ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဝိုင်နံ့ရတာ မဆန်းဘူးမို့လား”
“ဝိုင်ကို ဖန်တီးပြုလုပ်တဲ့လူ ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “ဒီအလုပ်က နည်းနည်း စိတ်ဝင်စားစရာပဲ”
လန်ကောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်တော့၏။ "ခင်ဗျားတို့ဂိုဏ်းက ဝိုင်ဖန်တီးတဲ့သူ လိုအပ်နေလားတော့ ကျုပ်မသိဘူး။ ဒါပေမဲ့ လိုအပ်နေတယ်ဆိုရင်တော့ ကျုပ်ကိုကျုပ်ပဲ အာမခံပေးပါ့မယ်။ ဂိုဏ်းချုပ်ကျွင်း... ကျေးဇူးပြုပြီးတော့ ကျုပ်ကို လက်ခံပေးပါ"
ပြိုင်စံရှားဂိုဏ်းတွင် ဝိုင်ဖန်တီးပြုလုပ်သူမရှိပေ။ ဂိုဏ်း၏ အထိမ်းအမှတ်ပွဲများတွင် သောက်သုံးကြသော ဝိုင် တော်တော်များများမှာ ချင်းယန်မြို့ထဲမှ ဝယ်ထားသော ဝိုင်များသာ ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် ပြောလိုက်မိ၏။ "ဝိုင်မှာ အဆင့်အတန်းတွေ အများကြီး ရှိတယ်လေ။ ဒီတော့ ခင်ဗျားရဲ့ ကျွမ်းကျင်မှုက ဘယ်အဆင့်အတန်းလောက်မှာ ရှိသလဲ"
ဝိုင်ဖန်တီးပြုလုပ်သည် ဆိုသည့်စကားကို ကျွင်းချောင်ရှောင်းသည် ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းထဲသို့ ဝင်ချင်လျှင် ချက်ချင်းဝင်လိုက်ဟု ပြော၍ မဖြစ်ချေ။ ထို့ကြောင့် စိတ်ကူးပေါက်ရာ အကြောင်း အရင်းများကို ဆက်လက်မေးမြန်းနေခြင်း ဖြစ်တော့၏။
လန်ကောင်းသည် လက်ကိုဝှေ့ယမ်းကာဖြင့် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဝိုင်တစ်ဂျားကို ထုတ်ယူလိုက်တော့၏။ "ဒါက ကျုပ် ဖန်တီးပြုလုပ်ထားတဲ့ ဝိုင်ပဲလေ။ ဂိုဏ်းချုပ်ကျွင်း... ကျေးဇူးပြုပြီး မြည်းကြည့်ပါအုံး"
သူသည် ဝိုင်ပုလင်း၏ အပေါ်ရှိ စည်းအား အသာဖယ်ပြီးသည့်နောက်မှာတော့ ဟောခန်းတစ်ခုလုံးသည် ဝိုင်နံ့များ နှင့်ပိုမိုကာ သင်းကြိုင်လာခဲ့တော့သည်။ သူသည် လေ့ကျင့်ရေး ကွင်းပြင်ဆီသို့ အသာလျှောက်ထွက်သွား၏။
"ဒီအနံ့က အရမ်းကောင်းတာပဲ။ ဒါဘယ်လို ဝိုင်မျိုးလဲ"
အပြင်ဘက်တွင် ကျင့်ကြံလျက်ရှိသည့် တပည့်များ၏ မျက်လုံးများသည် တောက်ပသွားခဲ့ကြ၏။ ၎င်းတို့အားလုံး သည် လတ်ဆတ်လှသော မွှေးရနံများနှင့် ဝိုင်၏ အနံ့အသက်ကို ရရှိလို့ နေခဲ့တော့သည်။ အနံ့ရရှိပြီးသည့်နောက် သောက်လေ့သောက်ထ မရှိသော တပည့်များသည်ပင်လျှင် သောက်ချင်စိတ်တွေ ပေါက်နေကြသည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် အပြင်ဘက်ခြံဝန်းရှိ ထိုင်ခုံပေါ်သို့ ရောက်ရှိလာပြီးသည့်နောက် သူ၏ ညာဘက်လက်ကို ကမ်းကာဖြင့် ဝိုင်ပုလင်းကို လှမ်းယူလိုက်၏။ ပြီးသည့်နောက်မှာတော့ တစ်ခါတည်း မော့သောက်လိုက်တော့သည်။
အဓိက ဟောခန်းရှေ့မှ ဖြတ်လျှောက်သွားသော မြောင်စိုင်းဖန်သည် ထိုအချင်းအရာကိုမြင်တော့ တွေးလိုက်မိသည်။ "ဂိုဏ်းချုပ်က ဒီဝိုင်ထဲမှာ အဆိပ်တွေ ရှိနေမှာကို မစိုးရိမ်ဘူးလား မသိဘူး"
ဝိုင်များ ပါးစပ်ထဲဝင်ရောက်ပြီးသည့်နောက်မှာတော့ သူ၏ ပါးစပ်ထဲတွင် မွှေးရနံ့များ ထွက်ပေါ်လာခဲ့သည်။ ကျွင်းချောင်ရှောင်းသည် ဝိုင်ဂျားကြီးကို အသာချပြီးသည့်နောက် သေသေချာချာ အရသာခံလိုက်၏။ ပြီးသည့်နောက် ချီးကျူးလိုက်၏။ "တကယ်ကောင်းတဲ့ဝိုင်ပဲ"
လန်ကောင်းသည် အလောတကြီးဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း... ကျုပ်ဖန်တီးပြုလုပ်ထားတဲ့ဝိုင်က အရက်မူးအိမ်မက်လို့ ခေါ်တယ်။ အရမ်းကို အရက်သောက်တတ်တဲ့လူတစ်ယောက်ဆိုရင်တောင်မှ သေသေချာချာ အရသာခံပြီး သောက်မှဖြစ်မယ်။ ခင်ဗျားရဲ့ ဒီလို အများကြီးသောက်ပစ်လိုက်တယ်ဆိုတော့ ခင်ဗျားရဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို အသုံးပြုပြီးတော့...."
ဘုတ်
သူပြော၍ မပြီးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်မှာ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။ ၎င်းသည် အရက်မူး၍ သတိလစ် မေ့မျောသွားခြင်းပင် ဖြစ်တော့သည်။
ဆွစ် ဆွစ်
ကျွင်းချောင်ရှောင်း မြေပေါ်သို့ လဲကျကျခြင်းမှာပဲ လုချင်းချင်း၊ လီချင်းယန်နှင့် တခြားသောသူများ အားလုံးသည် အဓိကဟောခန်းရှေ့တွင် ပေါ်လာကြ၏။ ၎င်းတို့၏ လက်ထဲရှိ လက်နက်များအားလုံးသည် လန်ကောင်း၏ လည်ပင်းပေါ်သို့ ရောက်ရှိလာ၏။ ၎င်းတို့ အားလုံး ပြောဆိုနေသည်မှာ "ကျုပ်တို့ဂိုဏ်းချုပ်ကို အသက် ပြန်သွင်းပေး"
"အားလုံးပဲ"
လန်ကောင်းသည် လက်ကိုမြှောက်ကာဖြင့် ပြိုလဲလုမတတ် ဖြစ်နေတော့သည်။ "ဂိုဏ်းချုပ်ကျွင်းက အမူးလွန်သွားတာပါ။ ခဏနေကျရင် နိုးလာပါလိမ့်မယ်"
သေချာပေသည်။ နာရီအနည်းငယ်လောက် ကြာပြီးသည့်နောက် ဂိုဏ်းချုပ်ကျွင်းသည် သူ၏ခေါင်းကို ဖိကိုင်ထားပြီး မျက်လုံးများ ပွင့်လာခဲ့တော့သည်။ သူသည် ကြောင်အအ မျက်နှာဖြင့် ပြောလိုက်သည်။ "ဘယ်လို ဖြစ်သွားတာလဲ"
သူသည် ဝိုင်တစ်ခွက်ကို သောက်ပြီးသည့်နောက် မှတ်ဉာဏ်များ ရပ်တန့်သွားခဲ့၏။ ကြည့်ရသည်မှာ အရက်မူး လွန်ကာ သတိလစ်မေ့မျောသွားခြင်းပင် ဖြစ်ပေလိမ့်မည်။
"ဂိုဏ်းချုပ်ကျွင်း"
လန်ကောင်းသည် သူ၏ လက်ကိုမြှောက်ကာဖြင့် အကူအညီမဲ့စွာ ပြောလိုက်သည်။ "ခင်ဗျားရဲ့ တပည့်တွေက ကျုပ်ကို ဓားတွေနဲ့ တားဆီးထားတာ နာရီတော်တော် ကြာနေပြီလေ။ ကျုပ် ခြေတွေ၊ လက်တွေ တောင် မလှုပ်ရှားရလို့ ထုံကျင်နေပြီ"
............
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်များအား အနောက်သို့ ဆုတ်ခွာရန် အလောတကြီးဖြင့် အမိန့်ပေးလိုက်၏။ "ခင်ဗျား ဖန်တီးထားတဲ့ဝိုင်က တော်တော့်ကို အားကောင်းတာပဲ။ ကျုပ်က တော်တော် သောက်တတ်တဲ့လူ တစ်ယောက်လေ။ ဒါပေမဲ့ တစ်ငုံပဲ သောက်ရသေးတယ် တစ်ခါတည်း သတိလစ်သွားတာပဲ"
လန်ကောင်းသည် ပြုံးကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း... နိုးလာပြီးတဲ့နောက်မှာ ခင်ဗျား ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတွေ သတိမပြုမိဘူးလား"
"ပြောင်းလဲမှု ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် ကြောင်အသွားမိ၏။ သူသည် ခန္ဓာကိုယ်ကို အသာအာရုံခံပြီး သည့်နောက်မှာတော့ အမူအရာများ အားလုံးသည် ပြောင်းလဲသွားတော့သည်။ "ကျုပ်ရဲ့အရေပြားပေါ်မှာရှိတဲ့ မွှေးညှင်းတစ်ခုစီတိုင်းက ကျယ်ပြန့်လာခဲ့တာပဲ"
"သိပ်မှန်တာပေါ့"
လန်ကောင်းသည် အဓိကဟောခန်း၏ ဘေးတစ်ဖက်ရှိ ထိုင်ခုံပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ရှိနေသည်။ သူ၏ ညာဘက်လက်သည် မေးထောက်ကာဖြင့် ဟန်ပါပါ ပြောလိုက်တော့သည်။ "အရက်မူး အိမ်မက်ဝိုင်က ကျုပ်ကိုယ်တိုင် ဖန်တီးပြုလုပ်ထားတာလေ။ ဒီဝိုင်ကို သောက်လိုက်မယ်ဆိုရင် ကောင်းကင်နဲ့ မြေကြီးအတွင်းမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်မှုက ပိုပြီး တိုးသွားလိမ့်မယ်။ အချိန်ကာလတစ်ခု အတောအတွင်းပေါ့"