အခန်း (၁၀၇၀)
Vol. 72 Ch. 1070
ရီရှင်းချန်သည် အရက်ဒဏ်ကို မည်သို့မျှ မခံစားနိုင်ခဲ့ချေ။ ထို့ကြောင့် အရက်မူးအိပ်မက်ကို အနည်းငယ်လောက် သောက်ပြီးသည့်နောက်မှာတော့ သူသည် တွေတွေဝေဝေဖြင့် သိုးခြံထဲသို့ လမ်းလျှောက်သွားခဲ့၏။ ကံကောင်းစွာဖြင့် လီချင်းယန်သည် သူ့အား အချိန်မီဆွဲခေါ်လာခဲ့ခြင်းပင် ဖြစ်သည်။
မဟုတ်ပါက သူသည် အိပ်ရာထဲတွင် အိပ်ပျော်နေမည်မဟုတ်ပဲ သိုးခြံထဲတွင် သိုးချေးများနှင့်အတူ အိပ်ပျော်နေမှာ သေချာတော့၏။ သို့ပေမဲ့ စိတ်မသက်မသာခံစားနေရသော ဖေးအားညို သည် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲကို ဝင်ရောက်ပြီးသည့်နောက်မှာတော့ စိတ်မကျေနပ်မှုများသည် ချက်ချင်းပဲ မေ့လျောသွားခဲ့တော့၏။
လက်ရှိအချိန်မှာတော့ သူသည် ကျင့်ကြံခြင်းပေါ်တွင် အာရုံစိုက်လျက်ရှိ၏။ ၄ နာရီတိတိ အိပ်ပျော်၍ အချိန်ကုန်ခဲ့ သည်ဆိုသော်လည်း ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင်များစုပ်ယူမှုနှုန်းသည် မြန်ဆန်လျက်ရှိနေသည်ကို လက်ငင်းတွေ့ရှိ လိုက်ရတော့သည်။
အရက်မူးအိပ်မက်၏ ထောက်ပံ့ပေးမှုသည် စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူမှုနှုန်းသည် ပိုမိုကာ အားကောင်းလာခဲ့ သောကြောင့် သူသည် ပိုမို၍ အားအင်များတိုးတက်လာခဲ့ပြီဖြစ်သည်။
နတ်ဘုရားနှင့်အဆင့်အထက် ဟယ်ဝူတီပင်လျှင် သူ့အား လက်ရှိအချိန်တွင် ကျင့်ကြံခြင်း မယှဉ်နိုင်ချေ။ ရီရှင်းချန် သည် လင်းယွမ်ခန်းမထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ အဆင့်ကြီး သုံးခု တစ်ခါတည်း တိုးတက်ခဲ့၏။ ထို့ကြောင့် သူသည် အတွင်းစည်းတပည့်များထဲတွင် အဆင့်မြင့်ဆုံးသော သိုင်းပညာကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင် သည့်လူတစ်ယောက်လည်း ဖြစ်တော့၏။
အရက်မူးအိပ်မက်၏ ကူညီပေးမှုနှင့်အတူ သူသည် ပိုမို၍ အားကောင်းလာတော့မှာ သေချာ၏။ ထိုသို့ဆိုလျှင်တောင်မှ သူသည် နဝေတိမ်တောင်နှင့် ဝေခွဲ၍ ခက်လျက်ရှိသည်။ ဤဝိုင်သည် စိတ်ဝိညာဉ်စွမ်းအင်များ၏ စုပ်ယူမှုနှုန်းကို ပိုမိုကာအားကောင်း စေသည်ဟု ဂိုဏ်းချုပ်က ပြောဆိုခဲ့၏။ ထိုသို့ဆိုလျှင် အနာဂတ်တွင် သူ နေ့စဉ်နေ့တိုင်း ဝိုင်တစ်ခွက်ကို သောက်ရတော့မည်မဟုတ်လား။ ဤသို့သာ သောက် နေမည်ဆိုပါက တစ်နေ့နေ့တစ်ချိန်ချိန်တွင် သိုးခြံထဲသို့ ရောက်ရှိသွားမှာသေချာသည်။
အလွန်စိတ်သဘောထားကောင်းလှသော စီနီယာအစ်ကိုလီသည် သူ့ကို အချိန်တိုင်းလိုက်လံ၍ အိပ်ဆောင်ဆီသို့ ပြန်ပို့ပေးနေလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူ့အနေနှင့် ဝိုင်ကို သောက်ရမလား၊ မသောက်ရဘူးလားဆိုသည့် စိတ်နှင့် ဗျာများလျက်ရှိနေရသည်။
ဂုဏ်သိက္ခာအရဆိုလျှင် သူသည် အရက်သောက်ခြင်းကို မည်သို့မျှ ပြုလုပ်လိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ ကျင့်ကြံခြင်း အဆင့်ကို ပိုမိုကာ မြန်ဆန်စေသည်ကို သိရှိပြီးသည့်နောက်မှာတော့ အရက်ကိုပဲ သောက်ချင်မိ၏။ ဤအရာသည် ဆုံးရှုံးမှုနှင့်အကျိုးကျေးဇူးသည် ဒွန်တွဲ တည်ရှိလို့နေ၏။ သောက်မလား၊ မသောက်ဘူးလားဆိုသည်မှာ ရီရှင်းချန်အတွက် ခက်ခဲသည့်ဆုံးဖြတ်မှုပင် ဖြစ်နေတော့၏။
“ဟင်း”
သူသည် အသာခေါင်းကို ခါရမ်းပြီးနောက် ပြောလိုက်၏။ “အချိန်ရောက်မှ မီးစင်ကြည့်ကရတာပေါ့။”
….
အလွန်ကျွမ်းကျင်လှသော စီမံခန့်ခွဲရေးမှူး ရောက်လာပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်သက်သာလျက်ရှိနေ၏။ ရံဖန်ရံခါဆိုသလို သူသည် မည်သည့်အရာကိုမျှ မတွေးတော့ဘဲ ငါးထိုင်ကာ ဖမ်းလျက် ရှိနေ၏။ တစ်ခါတစ်ရံတွင်တော့ အရသာမဲ့လှသော စော်လိုက်နည်းတစ်ရာစာအုပ်အား ထုတ်ယူကာ ဖွင့်ဖတ်ကြည့်နေ ၏။
ပြီးသည့်နောက်မှာတော့ သူသည် ချင်းချင်းဆီသို့ သွား၍ စမ်းသပ်ကြည့်လိုက်ခဲ့၏။
ဖြောက် ဖြောက် ဖြောက် ဖြောက်
လေအေးများ တိုက်ခတ်လာခဲ့တော့သည်။
လီချင်းယန်နှင့် ရှောင်ကျီတို့သည် အလျင်အမြန်နှင့် လှမ်းလျှောက်လာပြီး သည့်နောက်မှာတော့ ဓာတ်အားပါးကောင်းကင် မီးစနစ်ဆီမှ မီးဓာတ်သဘာဝများကို ထုတ်ဖော်ကာဖြင့် ရေခဲတုံးကဲ့သို့ ခဲလျက်ရှိနေသော ဂိုဏ်းချုပ်အား အရည်ပျော်အောင် စတင်ကာ ပြုလုပ်ကြတော့သည်။
စည်းကို ဖယ်ရှားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အသာလက်ပိုက်ကာဖြင့် တုန်ယင်လျက်ရှိနေ၏။ “ချီးတဲ့မှ။ ဘာကို ၉၉.၉၉ ရာခိုင်နှုန်း အောင်မြင်မှုနှုန်းလဲ။”
“ဒါကိုလက်လျှော့လိုက်ပါတော့။” စနစ်သည် အကြံပြုလိုက်တော့သည်။
….
ပြိုင်စံရှားဂိုဏ်းသည် အရင်အတိုင်းပဲ ပုံမှန်ကာ လည်ပတ်လျက်ရှိနေတော့၏။ တပည့်များအားလုံးသည် ဇွဲကောင်း ကောင်းနှင့် ကျင့်ကြံလျက်ရှိနေသည်။ အထက်ပိုင်းအကြီးအကဲများမှာတော့ မိမိအလုပ်များနှင့်မိမိ ရှုပ်ထွေးလျက် ရှိနေတော့၏။
အပြင်လောကတစ်ခုလုံးသည်လည်း တည်ငြိမ်လျက်ရှိနေသည်။ အထူးသဖြင့် ဝိညာဉ်တောင်ကြားထဲတွင်ရှိနေသော နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် လှုပ်ရှားမှုမရှိခဲ့ချေ။ ပထမဦးဆုံးအနေနှင့် ၎င်းတို့သည် ကျွင်းချောင်ရှောင်း၏ နှစ်ကြိမ်တိုင်တိုင် ငွေညှစ်ခြင်းကို ခံခဲ့ရ၏။ ထို့အပြင် ၎င်းတို့၏ ဂိုဏ်းချုပ်ကိုယ်တိုင်လည်း ကျွင်းချောင်ရှောင်း လက်ထဲတွင် ရှုံးနိမ့်ခဲ့၏။ ထို့ကြောင့် ကြီးကြီးမားမား ထိခိုက်သွားခဲ့သည်ဟု ဆိုရမည်။
ဒုတိယအားဖြင့် ၎င်းတို့သည် အပြင်ဘက်ဆီသို့ ထွက်ပေါ်မလာကြချေ။ အဘယ်ကြောင့်ဆိုသော် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲသို့ ဝင်ရောက်လျက်ရှိနေသော စွမ်းအားမြင့်ကျင့်ကြံသူများသည် လုံလုံခြုံခြုံနှင့် ပြန်လည်ရောက်ရှိ လာကြသည် မဟုတ်ပါလား။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဒုက္ခပေးမှုမရှိသောကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် သဘာဝအားဖြင့် ငြိမ်းချမ်းနေတော့၏။ သို့ပေမဲ့ ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မှု၏အောက်မှာတော့ ရှုတ်ထွေးလျက်ရှိနေသော အရာများ တည်ရှိလို့ နေသေး၏။
ရှန့်ကွမ်းရှင်းရောင် အဆင့်မြှင့်တင်ထားခဲ့သော စည်းအစီအရင်၏ အခြားတစ်ဖက်မှာတော့ ဝိညာဉ်မျိုးနွယ်များသည် အပြင်းအထန် အလုပ်ကြိုးစားလျက်ရှိနေကြ၏။ ၎င်းတို့သည် ဦးခေါင်းထဲတွင် ရှိနေသော ဦးနှောက်ကို အပြင်းအထန် အလုပ်လုပ်ကာဖြင့် ဤစည်းကြီးကို ချိုးဖြတ်နိုင်မည့်နည်းလမ်းကို ရှာဖွေလျက်ရှိနေ၏။ တစ်နှစ်အတွင်း ဤအရာကို မချိုးဖြတ်နိုင်ပါက နှင်းဆီဧကရီသည် ၎င်းတို့၏ ဦးခေါင်းကို ခုတ်ဖြတ်တော့မှာ သေချာသည်။
ကျွင်းချောင်ရှောင်းမှာတော့ ထိုအကြောင်းအရာများကို မသိချေ။ အားလပ်သည့်အချိန်တိုင်း ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဝိညာဉ်မျိုးနွယ်များ တည်ရှိနေသေးသလားဆိုသည့်အကြောင်းနှင့်ပတ်သက်၍ စဉ်းစားလျက်ရှိနေ၏။
“ချီးတဲ့မှ …. အရင်တုန်းက ကုန်းမြေတိုက်ကြီးကို ဒုက္ခရောက်အောင်လုပ်ခဲ့တာ ကိုးယောက်တိတိပဲ။ ဒီလူတွေက မနိုးထလာတာမျိုးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အမှောင်ထဲမှာ ပုန်းအောင်းနေတာပဲဖြစ်ဖြစ် ဖြစ်ရမယ်။”
ကျွင်းချောင်ရှောင်းက လေးနက်စွာ ပြောလိုက်မိသည်။ “ငါရဲ့ သတင်းအချက်အလက်ဖြန့်ဝေမှုကွန်ယက်ကို ပိုပြီးတော့ ချဲ့ထွင်မှဖြစ်မယ်။ ဒါဆိုရင် သေသေချာချာ ရှာဖွေနိုင် စွမ်းရှိမယ်လို့ထင်တယ်။”
ဤအတောအတွင်း သူသည် မိုးဆွေဟောခန်းဆီသို့ ဝင်ကာ ထွက်ကာဖြင့် သတင်းအချက်အလက်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို မည်ကဲ့သို့ ချဲ့ထွင်ရမည်ဆိုသည့်အကြောင်း လီလိုရှုနှင့် ဆွေးနွေးနေခဲ့၏။
ရံဖန်ရံခါဆိုသလို စော်လိုက်နည်းတစ်ရာထဲမှ စာသားများကို အသုံးပြုကာ စမ်းသပ်ကြည့်သည့်အလုပ်ကိုလည်း ပြုလုပ်လျက်ရှိသေး၏။ သို့ပေမဲ့ ထိုကဲ့သို့သော စကားများကို ကြားရသည့်အချိန်တိုင်းတွင် လီလိုရှုသည် အားရပါးရ ရယ်မောတတ်သည်။
တစ်ရက် မှာတော့ …
အိပ်ခန်းဆောင်ဆီသို့ ပြန်လာပြီးခဲ့ပြီး ကျွင်းချောင်ရှောင်းသည် စော်လိုက်နည်းတစ်ရာဆိုသည့် စာအုပ်အား ထုတ်ယူကာ မီးရှို့လိုက်တော့၏။
“ဂိုဏ်းချုပ်”
လီလိုရှုက ပြောလိုက်သည်။ “စောင့်ကြည့်ရေးမျှော်စင်၏ ခေါင်းဆောင်က ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲက ဂိုဏ်းချုပ်ရဲ့ လုပ်ရည် ကိုင်ရည်ကို သဘောကျလို့ နောက်လထဲမှာ လူလုပ်စိတ်ဝိညာဉ်ကျောက်တုံး ငါးသန်းပေးမယ်လို့ပြောတယ်။”
“ငါးသန်းထဲလား။”
ကျွင်းချောင်ရှောင်းသည် မျက်လုံးတွေ ချာချာလည်သွားမိ၏။ “ဒါက ကပ်စေးနည်းလွန်းတယ်။”
လက်ရှိအခြေအနေမှာတော့ လူလုပ်စိတ်ဝိညာဉ်ကျောက်တုံး ငါးသန်းမပြောနှင့်။ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ငါးသန်းဆိုလျှင်တောင်မှ သူ့အတွက် လုံလောက်မည်မဟုတ်ချေ။ သို့ပေမဲ့ တစ်ဖက်လူက အလကားပေးမည် ဆိုမှတော့ သူ့အနေနှင့် လက်ခံမှဖြစ်ပေလိမ့်မည်။
ထို့ကြောင့် နောက်လ၏ အစပိုင်းမှာပဲ သူသည် စောင့်ကြည့်ရေးမျှော်စင်ဆီမှ အကြီးအကဲများအား ဂိုဏ်းဆီသို့ ဖိတ်ခေါ်ပြီးသည့်နောက်မှာတော့ ကောင်းမွန်သည့် အစားအစာများကို ကျွေးမွေးတော့သည်။
ပြီးသည့်နောက်မှာတော့ ဆုလာဘ်အဖြစ် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ငါးသန်းကို နှောင့်နှေးခြင်းမရှိဘဲ လက်ခံခဲ့၏။
ဤကိစ္စသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့တော့သည်။ ထို့အပြင် စောင့်ကြည့်ရေးမျှော်စင်ဆီမှ တကယ့်ထိပ်တန်းအကြီးအကဲများသည် ပြိုင်စံရှားဂိုဏ်းအား ဆုအဖြစ် ပေးအပ်နေသည် မဟုတ်ပါလား။
အချိန်အတိုင်းအတာအတိုအတွင်းမှာပဲ ကျွင်းချောင်ရှောင်းနှင့် ၎င်း၏ ဂိုဏ်းတစ်ခုလုံး၏ နာမည်သည် ကျော်ကြား လျက်ရှိနေတော့သည်။ လောကတွင်ရှိနေသော လူများအားလုံး၏ မျက်လုံးထဲတွင် ထိပ်တန်းဂိုဏ်းများနှင့် ရင်ဘောင် တန်းနိုင်သည့်အရည်အချင်းကို ပိုင်ဆိုင်သည့်ဂိုဏ်းအဖြစ် ရှုမြင်သုံးသပ်ကြတော့သည်။
ကုန်းရှန့်သည် ဤကဲ့သို့သော ဂုဏ်သိက္ခာတရားနှင့် နာမည်ကြီးမှုကို ဂရုမစိုက်လှချေ။ သူ ဂရုစိုက်သည်မှာ သူ၏ ဂိုဏ်းပိုမိုအားကောင်းစေရန်နှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပြိုင်စံရှားဂိုဏ်းတစ်ခုဖြစ်လာစေရန် ဖြစ်၏။
ဒင် ဒင် ဒင် ဒင်
ရှောင်ကျီ၏ ထိန်းချုပ်မှုအောက်မှာပဲ နဂါးသွားလက်နက်သုံးမျိုးတို့သည် နေ့စဉ်နေ့တိုင်း ဖန်တီးသွန်းလုပ်လျက်ရှိနေ တော့၏။ လက်နက်၏ အရေအတွက်သည် ထောင်ကျော်အထိ ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာတော့ အတားအဆီး ဟောခန်း၏ အဖွဲ့ဝင်များအား အပ်နှင်းလိုက်တော့၏။
ရွှဲရမ်ကွေ့နှင့်တောက်ယွမ်တို့အားလုံးသည် အတားအဆီးဟောခန်းအား အကောင်းမွန်ဆုံးအခြေအနေမျိုးအဖြစ် ထိန်းကျောင်းလျက်ရှိနေကြ၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ အားအင်တိုးတက်မှုနှုန်းသည်လည်း ပိုမိုကာ တိုးတက် လာခဲ့တော့သည်။
သားရဲစီး ဟောခန်းဆီသို့ ရောက်ရှိနေသည့် လူအရေအတွက်ပင်လျှင် တစ်သောင်းနီးပါးခန့် တည်ရှိနေပြီ ဖြစ်၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် လောကကြီးကို အနိုင်ယူသိမ်းပိုက်ရန် စိတ်မဝင်စားလှချေ။ ရွှဲရမ်ကွေ့နှင့်တောက်ယွမ်တို့အား လေ့ကျင့်ထားစေသည်မှာ တစ်ချိန်ချိန် အနာဂတ်တွင် အသုံးဝင်လာမည်ဟု သူထင်မှတ်ထားသောကြောင့်ပင်ဖြစ်သည်။
….
“ဂိုဏ်းချုပ်”
တစ်နေ့မှာတော့ လီလိုရှုသည် အလျင်အမြန်နှင့်လျှောက်ဝင်လာခဲ့တော့၏။ ခနလောက်တုံ့ဆိုင်းပြီးသည့်နောက်မှာ တော့ သူမက ပြောလိုက်၏။ “ရှောင်မိုက သတင်းပို့လိုက်တယ်။ သူနတ်ဆိုးနဂါးလှိုဏ်ဂူကို သွားပြီးလေ့ကျင့်တဲ့အချိန်မှာ အန္တရာယ်တွေ့နေတယ်တဲ့။ ဂိုဏ်းချုပ် ကျေးဇူးပြုပြီး တစ်စုံတစ်ယောက်ကို လွှတ်ပြီး သူ့ကို ကယ်ပါလို့ ပြောတယ်။”
“သူက တံခါးပိတ်ကျင့်ကြံနေတာမဟုတ်လား။ ဘယ်တုန်းက ထွက်လာတာလဲ။” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။
လီလိုရှုသည် အလျင်အမြန်ပင် တောင်းပန်လိုက်မိ၏။ “ဂိုဏ်းချုပ် အရှေ့ပင်လယ်ကို သွားတဲ့အချိန်တည်းက ရှောင်မိုက ထွက်လာတာ။ ဒါပေမဲ့ သတင်းပေးဖို့အတွက် ကျွန်မ မေ့နေခဲ့တာ။”
“အခုသူကြုံနေရတာ ဘယ်လောက်အန္တရာယ်များလဲ။”
“ရှောင်မိုပြောတာကတော့ ဂိုဏ်းချုပ် ဒါမှမဟုတ်ရင် ဟောခန်းသခင်ကျိ လာခဲ့မှ ရမယ်တဲ့။”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် လေးနက်သွားခဲ့၏။ သူနှင့် ဟောခန်းသခင်ကျိတို့ သွားကယ်ရသည့် အခြေအနေ မျိုးသို့ ရောက်နေသည်ဆိုပါက ရှောင်မိုသည် ကျိန်းသေပေါက် ကြီးမားသည့်အန္တရာယ်ကို ကြုံတွေ့နေတာ သေချာ တော့၏။
“ကျုပ် သွားလိုက်မယ်။”
ကျွင်းချောင်ရှောင်းသည် အလျင်အမြန်ပဲ ပြိုင်စံရှားဂိုဏ်းဆီမှ ပျံသန်းထွက်ခွာသွားပြီးသည့်နောက် နတ်ဆိုးနဂါးလှိုဏ်ဂူ ဆီသို့ ဦးတည်လိုက်တော့၏။ ပြီးသည့်နောက်မှာတော့ သူသည် ခေါင်းကို ခါရမ်းကာ ပြောလိုက်၏။
“ထိုက်ရွှမ်အအေးဂိုဏ်းက ရူးနေတာလားမသိဘူး။ တပည့်တွေကို သေဖို့များတဲ့တားမြစ်တည်နေရာထဲကို စေလွှတ်နေတယ်။”
တပည့်များ မြန်မြန်ဆန်ဆန်နှင့်အားကောင်းလာစေရန်အလို့ငှာ ဂိုဏ်းများအားလုံးသည် အန္တရာယ်များလှသော တည်နေရာထဲသို့ စေလွှတ်၍ လေ့ကျင့်ခိုင်းခြင်းဆိုသည်မှာ သာမန်သာ ဖြစ်တော့၏။
၎င်း၏ ပြိုင်စံရှားဂိုဏ်းသည်သာ တစ်မူထူးခြားနေခြင်းသာ ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် တစ်ခြားသော ဂိုဏ်းများအားလုံး၏ လုပ်လေ့လုပ်ထရှိသည့် သဘောသဘာဝကို နားမလည်ချေ။ ထို့ကြောင့်ပင် အပြစ်တင်နေမိ ခြင်းပင် ဖြစ်တော့သည်။
…
နတ်ဆိုးနဂါးလှိုဏ်ဂူ
ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အန္တရာယ်အများဆုံးသော တားမြစ်တည်နေရာတွေထဲမှ တစ်ခုပင် ဖြစ်တော့၏။
ဘုန်း
ဘုန်း ဘုန်း …….
ထိုအချိန်မှာတော့ လှိုဏ်ဂူ၏ အတွင်းဘက်တွင် ကြမ်းတမ်းလှသော တိုက်ပွဲကြီးတစ်ခုဖြစ်တည်နေခဲ့၏။ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် တုန်ခါလျက်ရှိနေ၏။
သေသေချာချာ ကြည့်ရှုမည်ဆိုပါက ရုပ်ဖျက်ထားသော စုရှောင်မိုသည် ၎င်း၏ သိုင်းအုပ်စိုးသူအဆင့် ကျင့်ကြံခြင်းများ ကို ထုတ်ဖော်ကာ အပြည့်အဝတိုက်ခိုက်လျက်ရှိ၏။ ၎င်းသည် သိုင်းအုပ်စိုးသူအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ်သားရဲကြီးနှင့် တိုက်ခိုက်နေခြင်းပင်ဖြစ်သည်။
တည်နေရာ၏ အကန့်အသတ်သည် ရှိနေသောကြောင့် သူ့အနေနှင့် လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်စွမ်းမရှိချေ။
ဟူး ဟူး
နဂါးလိုလို ၊ မြွေလိုလို စိတ်ဝိညာဉ်သားရဲကြီးသည် ဆက်တိုက်ဆိုသလိုပဲ အော်ဟစ်လျက်ရှိ၏။ အလွန်တောက်လောင်လွန်းရှိသော စွမ်းအင်လှိုင်းများသည် စုရှောင်မိုဆီသို့ ရောက်ရှိလာခဲ့သည်။
ဘုန်း ဘုန်း
စုရှောင်မိုသည် စိတ်ဝိညာဉ်စွမ်းအင်များကို ညာဘက်ခြေထောက်တွင် စုဝေးကာဖြင့် ပြင်းပြင်းထန်ထန်နှင့် ကန်ကြောက်လိုက်၏။
သူသည် သူ့ဆီသို့ ရောက်ရှိလာသည့် စွမ်းအင်လုံးများကို တစ်ခုပြီးတစ်ခု ကန်ထုတ်နိုင်ခဲ့သည်ဆိုသော်လည်း အနောက်ဘက်ဆီသို့ ဆုတ်ခွာနေရပြီးသည့်နောက် နံရံနှင့် သွားကာ တိုက်မိတော့သည်။
၎င်း၏ ဘေးတွင်တော့ ရှရွှေယွင်မှာ လဲလျောင်းလျက်ရှိနေ၏။ သူမသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားလေ၏။ “သူ ဘာလို့ အဲ့လောက်အားကောင်းနေတာလဲ။ ဘာလို့ သိုင်းအုပ်စိုးသူ အဆင့်နှစ် နှင့် နှိုင်းယှဉ်လို့ရနိုင်တဲ့ စိတ်ဝိညာဉ်သားရဲကြီးနဲ့ ထိပ်တိုက်တိုက်ခိုက်နေတာလဲ။”
လက်ရှိအခြေအနေမှာတော့ ဤအရာများသည် အရေးမကြီးလှချေ။ ရှရွှေယွင်သည် လက်သီးကို ဆုပ်ကာဖြင့် အော်လိုက်မိ၏။ “သွား။ သွား။ ငါ့ကို စိတ်မပူနဲ့။ သွားတော့။”
“ရှရွှေယွင်။ သေသေချာချာမှတ်ထား။”
စုရှောင်မိုသည် နံရံနားဆီသို့ အသာလျှောက်လာပြီးသည့်နောက်မှာတော့ သူမ၏ ပခုံးလေးကို အသာပုတ်ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “တကယ့်အစစ်အမှန်ယောက်ျားတွေက သူ့ရဲ့ ကောင်မလေးကို ဘယ်တော့မှ မထားခဲ့ဘူး။”
ရှရွှေယွင်က ကြောင်သွား၏။ သို့ပေမဲ့ သူမ၏ ဖြူလျော်နေသည့်မျက်နှာသည် အနည်းငယ်နီမြန်းသွားခဲ့တော့၏။
ကျွင်းချောင်ရှောင်း၏ စော်လိုက်နည်းတစ်ရာစာအုပ်တွင်ပါဝင်သော စကားလုံးများသည်လည်း ဤစကားလုံးများ ပင်ဖြစ်၏။ သို့ပေမဲ့ စုရှောင်မို၏ ပါးစပ်ထဲမှ ထွက်လာသည့် စကားလုံးများမှာတော့ ပိုမိုကာ အစွမ်းသက်ရောက်မှု လည်း ရှိနေသည်။
ကုန်းရှန့် ချင်းတူသည်ဆိုလျှင်တောင်မှ အဘယ့်ကြောင့် ဤမျှကွာခြားနေရသနည်း။