← Chapters

အခန်း (၁၀၇၃)

Vol. 72 Ch. 1073

အခန်း (၁၀၇၃)

Vol. 72 Ch. 1073

ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို သောက်သုံးပြီးသည့်နောက် စုရှောင်မို၏ ဒဏ်ရာများနှင့် စိတ်ဝိညာဉ် အမြူတေထဲတွင်ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များအားလုံးသည် ပြန်လည်ကောင်းမွန်သွားခဲ့ကြပြီးဖြစ်၏။

ထို့ကြောင့် ဖန်းလင်းယုအပြင် အတွင်းစည်းတပည့်လေးယောက်တို့ အတူပူးပေါင်းပြီး တိုက်ခိုက်မည် ဆိုလျှင် တောင်မှ သူ့အတွက် ဘာတစ်ခုမှ မဟုတ်နိုင်ချေ။ ထိုသူများအားလုံးသည် သူ့အတွက် အမှိုက်သာသာ သာဖြစ်၏။ လက်တစ်ဖက်တည်းနှင့်ပင် လွယ်လွယ်ကူကူ နင်းချေ၍ ရနိုင်သောသူများ ဖြစ်နေကြသည်။

ရှရွှေယွင်သည် အနောက်ဘက်မှာရပ်ရင်း ဆွံ့အလျက်ရှိသည်။ စုကုန်းရှန့်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ သည် မဟုတ်လား။ အဘယ်ကြောင့် ဒဏ်ရာ ရရှိသည့်ပုံ မပေါ်သနည်း။ ဖြစ်နိုင်သည်မှာ ၎င်းသောက်သုံးခဲ့သည့် ဆေးလုံး ကြောင့်ပင် ဖြစ်ပေလိမ့်မည်။

မြေပေါ်တွင် နာကျင်စွာဖြင့် လဲလျောင်းလျက်ရှိနေကြသော အတွင်းစည်းတပည့် လေးယောက်တို့သည်လည် ဆွံ့အလျက်ရှိနေကြသည်။ ထို့အပြင် တစ်ဖက်လူသည် အပြင်းအထန် ဒဏ်ရာ ရရှိနေသည်မဟုတ်ပါလား။ လက်ရှိ အခြေအနေမှာတော့ အသစ်ပြန်လည် မွေးဖွားလိုက်သကဲ့သို့ အားအင်အပြည့်နှင့် တိုက်ခိုက်နိုင်စွမ်း ရှိလို့နေခဲ့သည်။

ဖန်းလင်းယုမှာတော့ ဤပြဿနာကို စဉ်းစားရန် အချိန်မရှိချေ။ သူမအနေနှင့် လက်ရှိ ရှိနေသည့်အခြေအနေမှ မည်ကဲ့သို့ ရုန်းထွက်ရမည်ကို တွေးတောလျက် ရှိနေ၏။

“စုကုန်းရှန့်”

သူမသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်သည်။ “မင်းက ဂိုဏ်းတူရောင်းရင်းတွေကို နာကျင်အောင် ပြုလုပ်ခဲ့တယ်။ ဒီကိစ္စ အကြီးအကဲတွေသာ သိမယ်ဆိုရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပဲ”

စုရှောင်မိုသည် ဓားကိုမြှောက်ကာဖြင့် အမျိုးသမီး၏ မေးစေ့အောက်ကို အသာပင့်တင်လိုက်သည်။ ပြီးနောက် အေးစက်စက်ပြုံးကာပြောလိုက်သည်။ “ခင်ဗျားက ကျုပ်ကို သတ်ဖို့ ကြိုးစားခဲ့တယ်လေ။ အဲတုန်းက ပြင်းပြင်း ထန်ထန် အပြစ်ပေးခံရမှာကို မစိုးရိမ်ဘူးလား။ အခု ရှုံးပြီဆိုမှ အကြီးအကဲ နာမည်တွေကို အသုံးပြုပြီးတော့ ကျုပ်ကို ဖိအားပေးချင်နေတာလား။ ရယ်စရာပဲ”

ဖန်းလင်းယု “...”

ဘန်း ဘန်း

စုရှောင်မိုသည် သူ၏ လက်ကောက်ဝတ်များကို လှုပ်ရှားကာဖြင့် သူမ၏ ကျင့်ကြံခြင်းများကို စည်းခတ်လိုက်တော့ သည်။ ပြီးသည့်နောက်မှာတော့ ဓားကို ပြန်သိမ်းကာ တခြားသော အတွင်းစည်းတပည့်များဆီသွား၍ စည်းခတ် လိုက်ပြန်သည်။

ဘုတ် ဘုတ်

ဖန်းလင်းယုနှင့် တခြားသောသူများ အားလုံးသည် အားပြတ်စွာဖြင့် မြေပေါ်တွင် လဲလျောင်းနေကြ၏။ စုရှောင်မို သည် ရှရွှေယွင်နားသို့ လျှောက်သွားပြီး ပြောလိုက်၏။ “ကျုပ်တို့ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး။ မြန်မြန် ပြန်ကြရအောင်”

နတ်ဆိုးနဂါးလှိုဏ်ဂူ၏ အထဲတွင် မြွေလိုလို၊ နဂါးလိုလို သတ္တဝါတစ်ကောင်တည်း ရှိနေသည် မဟုတ်ပေ။ တခြားသော သတ္တဝါများလည်း တည်ရှိနေသေး၏။ ထိုအကောင်များသာ ပေါ်လာသည်ဆိုပါက ကျိန်းသေပေါက် သူတို့ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

“သူတို့ကကော”

“သူတို့ကံနှင့် သူတို့ပေါ့” စုရှောင်မိုသည် အေးစက်စက်နှင့် ပြောလိုက်၏။

တစ်ဖက်လူများသည် စိတ်ဝိညာဉ်သားရဲ များ အပြင်သို့ ထွက်လာစေရန် မျှားခေါ်လာသည့်သူများဖြစ်ကြောင်း သိရှိနေ၏။ ထို့ကြောင့် စိတ်ဝိညာဉ်သားရဲများ ထွက်လာပြီး တစ်ဖက်လူများအား သတ်ဖြတ်သွားမည်ကို ကျေကျေနပ်နပ်နှင့်ပင် ကြည့်ရှုချင်စိတ် ရှိနေပေသေးသည်။ သူ့အနေနှင့် ထိုက်ရွှမ်အအေးဂိုဏ်းမှ တပည့်များကို သူ၏လက်ဖြင့် မသတ်ဖြတ်ခဲ့ချေ။ သားရဲများ သတ်သွား သည်ဟုသာ ထင်မှတ်မှားစေရန် ပြုလုပ်ချင်သည်။

“မဖြစ်ဘူး”

ရှရွှေယွင်က ပြောလိုက်သည်။ “သူတို့အကုန် ဒီမှာ သေကုန်မှာပေါ့”

သူမသည် သူမ၏ နှလုံးသားအား စုရှောင်မိုသို့ ပေးအပ်ခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ ဖန်းလင်းယုနှင့် တခြားသောသူများ အားလုံးသည် တူညီသည့် ဂိုဏ်းအတွင်းမှသူ များသာဖြစ်၏။ သူမအနေနှင့် အန္တရာယ်တွင်းထဲတွင် ထားခဲ့ဖို့ဆိုသည်မှာ အလွန်တရာ ခက်ခဲသည့် အခြေအနေပင် ဖြစ်တော့သည်။

စုရှောင်မိုသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “သူတို့ ဒီလိုမျိုး ပေါ်လာတယ်ဆိုတာက တိုက်ဆိုင်တယ်လို့ ထင်နေတာလား။ စိတ်ဝိညာဉ်သားရဲတွေက ဟိုးအတွင်းဘက်မှာ နေတာလေ။ အခု အပြင်ကို ထွက်လာတယ် ဆိုတာက တိုက်ဆိုင်တယ်လို့ ထင်နေတုန်းပဲလား”

ရှရွှေယွင်သည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “ဒီစိတ်ဝိညာဉ်သားရဲတွေက စီနီယာအစ်မဖန်းနဲ့ တခြားသူတွေ က မျှားခေါ်လာတဲ့ အရာတွေလား”

စုရှောင်မိုသည် မြေပေါ်တွင် လှဲလျက်ရှိနေသော ဖန်းလင်းယုကို လှမ်းကြည့်ကာ ထူးမခြားနားသလို ပြောလိုက်၏။ “ဒီမိန်းမက တကယ့်ကို အဆိပ်ပြင်းတဲ့လူပဲ။ ခုနက သူတိုက်ခိုက်တဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ သတ်ဖြတ်လိုခြင်း ဆန္ဒတွေက အစစ်အမှန်တွေလေ။ ဒီလိုကိစ္စမျိုးကို လုပ်ဖို့ဆိုတာ အံ့အားသင့်စရာ ကိစ္စမျိုး မဟုတ်ဘူး။

“........”

ရှရွှေယွင်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ စီနီယာအစ်မဖန်း၏ မျက်လုံးထဲတွင် ရှိနေသော သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အစစ်အမှန်ပင် အားကောင်းခဲ့၏။ အကယ်၍ စုကုန်းရှန့်သည်သာ ဒဏ်ရာမှ ပြန်လည် သက်သာလာခဲ့သည်သာ မဟုတ်ပါက သူမ၏ လက်ချက်ဖြင့် သေဆုံးနှင့်နေသည်မှာ ကြာပြီဖြစ်၏။

“ဒီတော့ ကျုပ်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့လူတွေ အကုန်လုံးကလည်း ကျိန်းသေပေါက် ပြန်ပြီး သတ်ဖြတ်ခြင်းကို ခံရမှာပဲ”

စုရှောင်မိုသည် ထူးမခြားနားသလို ပြောလိုက်၏။ “သူတို့ကို ဒီနေ့ နတ်ဆိုးနဂါးလှိုဏ်ဂူထဲမှာ ထားခဲ့လိုက်မယ်။ သူတို့အသက်ရှင်လား ၊ သေလားဆိုတာ သူတို့ရဲ့ကံပေါ် မူတည်လိမ့်မယ်”

ရှရွှေယွင်က ပြောလိုက်သည်။ “တကယ်လို့ ဒီကိစ္စကို ဂိုဏ်းရဲ့ အကြီးအကဲတွေ ရှာဖွေတွေ့ရှိသွားမယ်ဆိုလို့ရှိရင် ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်လေ”

“အဆင်ပြေတယ်”

စုရှောင်မိုသည် အသာလှည့်ကာဖြင့် သူမ၏လက်ကို လှမ်းဆွဲလိုက်၏။ ပြီးနောက် ကြင်နာစွာ ပြောလိုက်သည်။ “ကျုပ်ဆီမှာ ခင်ဗျားရှိနေတယ်ဆိုရင် တစ်လောကလုံး ရှိနေတာနဲ့ တူတူပဲ”

ရှရွှေယွင်သည် ခေါင်းကိုငုံ့ကာဖြင့် ရှက်ရွှံ့စွာ ပြောလိုက်သည်။ “အပိုတွေ ပြောပြန်ပြီ”

ဆွစ်

ထိုအချိန်မှာပဲ အလင်းတန်းတစ်ခုသည် ပျံသန်းရောက်ရှိလာခဲ့၏။ လှိုဏ်ဂူ၏ အဝင်ဝတွင်တော့ အဘွားအို တစ်ယောက် ရပ်တန့်လျက်ရှိနေ၏။ သူမ၏ အဝတ်အစားကို ကြည့်ရှုလိုက်မည်ဆိုသည်နှင့် ထိုက်ရွှမ်အအေးဂိုဏ်းမှ အဆင့်မြင့် အကြီးအကဲတစ်ယောက် ဖြစ်ပုံပေါ်၏။

ရှရွှေယွင်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိသည်။ “အကြီးအကဲရှို”

စုရှောင်မိုသည်လည်း မျက်မှောင်ကုတ်မိသွား၏။ ဤအမျိုးသမီးကို သူတစ်ခါမှ မမြင်ဘူးချေ။ သို့ပေမဲ့ ဖန်းလင်းယု၏ ဆရာနာမည်သည် ရှို ဖြစ်သည် ဖြစ်ကြောင်းကိုတော့ သူကြားခဲ့ဖူး၏။ သူမ၏ ကျင့်ကြံခြင်းအဆင့် သည် စဦးသိုင်းနယ်မြေအဆင့်ဆီသို့ ဝင်ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အားအင်အဆင့်မှာလည်း ထိုက်ရွှမ်အအေးဂိုဏ်း၏ အားအကောင်းဆုံးသောလူများထဲမှ တစ်ယောက်လည်း ဖြစ်နေ၏။

“ဆ.. ဆရာ”

အားနည်းလျက်ရှိနေသော ဖန်းလင်းယုသည် ခက်ခက်ခဲခဲဖြင့် ခေါ်လိုက်တော့၏။ သူမသည် စုရှောင်မို ကို အခဲမကျေစွာ ကြည့်ရှုလျက်ရှိသည်။ “အမှိုက်လေး... မင်း ဘယ်လောက် မောက်မာနိုင်မလဲဆိုတာ ငါကြည့်အုံးမယ်”

သူမသည် ဓားဖြင့် လည်ပင်းပေါ်သို့တင်ခံရသည့်အချိန်တွင် အထူးနည်းလမ်းတစ်ခုကို အသုံးပြု၍ သူမ၏ ဆရာအား သတင်းပေးပို့ခဲ့ခြင်းပင် ဖြစ်တော့၏။ ထိုက်ရွှမ်အအေးဂိုဏ်း၏ ပါရမီရှင်တပည့်တစ်ယောက် အနေဖြင့် ဤကဲ့သို့ အသက်ကယ်သည့်အရာမျိုး မရှိဘူးဆိုပါက ယုတ္တိမတန်ရာ ကျပေလိမ့်မည်။

အကြီးအကဲရှိုသည် ဖန်းလင်းယုနှင့် သူမ၏ မျက်နှာပေါ်တွင် ရှိနေသော ဓားဒဏ်ရာကြီး နှစ်ခုကို ကြည့်ရှုပြီးသည့် နောက် တီးတိုးပြောလိုက်မိသည်။ “ငါ့တပည့်ကို နာကျင်အောင် လုပ်တာ ဘယ်သူလဲ”

ဝှစ် ဝှစ်

သိုင်းနယ်မြေအော်ရာများသည် လှိုဏ်ခေါင်းကြီးတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့သည်။

“ဆ... ဆရာ”

ဖန်းလင်းယုသည် ခက်ခက်ခဲခဲဖြင့် လက်ကိုမြှောက်ကာ စုရှောင်မိုဆီသို့ ညွှန်ပြလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ “သူ.. သူပါပဲ”

ဝှစ် ဝှစ်

အကြီးအကဲရှိုသည် လှမ်း၍ကြည့်ရှုလိုက်သည်နှင့်တပြိုင်နက် ၎င်း၏ သိုင်းနယ်မြေအဆင့် အော်ရာများ သည်လည်း ထွက်ပေါ်လာလျက် ရှိနေ၏။

စုရှောင်မိုသည် လျင်လျင်မြန်မြန်ပဲ ရှရွှေယွင်အား အနောက်ဘက်သို့ တွန်းလွှတ်လိုက်ပြီးသည့်နောက်မှာတော့ ဖြစ်ပေါ်လာသောအော်ရာများကို တစ်ယောက်တည်း ရင်ဆိုင်တော့သည်။ သူသည် ကြီးမားလွန်းလှသော တောင်တန်းကြီးတစ်ခုကို ထမ်းထားရသလို ခံစားနေမိတော့၏။ သူ၏ မျက်နှာ သွင်ပြင်များသည်လည်း ပျက်ယွင်း၍လာခဲ့တော့သည်။

သူသည် ယခုမှ သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ရောက်ရှိ ခဲ့သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် စဦးသိုင်းနယ်မြေတစ်ယောက်၏ အားအင်များကို ရင်ဆိုင်ရန် ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

“ဆရာ”

ဖန်းလင်းယုက ပြောလိုက်သည်။ “ဒီကောင်က ကျွန်မရဲ့ မရီဒန်တွေကို စည်းခတ်ခဲ့တယ်လေ။ ပြီးတော့ သားရဲတွေ စားသောက်ဖို့ဆိုပြီးတော့ ဒီဂူထဲမှာ ထားခဲ့ဖို့ ကြံစည်ခဲ့တယ်။ ကျွန်မသာ သတင်းမပေးခဲ့ဘူးဆိုရင် ဒီနေရာမှာ သေခဲ့တာကြာပြီ”

ဤစကားသည် မီးလောင်ရာလေပင့်သည် စကားပင် ဖြစ်တော့၏။ ထင်မှတ်ထားသည့် အတိုင်းပင် အကြီးအကဲရှို သည် အလွန်တရာ ဒေါသထွက်သွားခဲ့၏။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သိုင်းနယ်မြေ၏ အော်ရာများ သည်လည်း ပိုမိုကာ အားကောင်းလာခဲ့၏။

အား...

စုရှောင်မိုသည် နာကျင်စွာဖြင့် အော်လိုက်၏။ လက်ရှိ အခြေအနေမှာတော့ သူသည် အလွန်တရာ နောင်တ ရလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ရှရွှေယွင်သာ တည်ရှိနေသည် မဟုတ်ပါက သူသည် ဓားတစ်ချက်တည်းဖြင့် ဖန်းလင်းယုကို သတ်ဖြတ်ခဲ့မှာ သေချာသည်။ ယခုအချိန်မှာတော့ သူ၏ ညှာတာပေးမှုသည် သူ့အား ပြန်လည်၍ ဒုက္ခပေးသည့် အခြေအနေမျိုးသို့ပင် ရောက်ရှိလာခဲ့သည်။

“အကြီးအကဲရှို”

ရှရွှေယွင်သည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အလောတကြီး ပြောလိုက်မိ၏။ “ဒါက နားလည်မှု လွဲတာပါ။ ကျွန်မ ရှင်းပြတာကို ကျေးဇူးပြုပြီး နားထောင်ပေးပါ”

အကြီးအကဲရှိုသည် အေးစက်စက် ပြောလိုက်၏။ “ဒီကိစ္စက ရှင်းလင်းတယ်လေ။ ထပ်ပြီး ရှင်းပြစရာ မလိုတော့ဘူး။ ထိုက်ရွှမ်အအေးဂိုဏ်းရဲ့ တပည့်တစ်ယောက်အနေနဲ့ ဒီကောင်က ကိုယ့်ရဲ့ ဂိုဏ်းတူရောင်းရင်းတွေကို နာကျင် အောင် ပြုလုပ်ခဲ့ပြီး သတ်ဖြတ်ဖို့တောင် ကြံစည်ခဲ့သေးတယ်။ ဒီနေ့မှာ ငါက အကြီးအကဲတစ်ယောက်အနေနဲ့ သူ့ရဲ့ ကျင့်ကြံခြင်း တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။ ပြီးတော့ ဂိုဏ်းကို ခေါ်သွားပြီး အပြစ်ပေးရမယ်”

ဖန်းလင်းယုသည် သူမအလွန်ချစ်မြတ်နိုးလှသည့် တပည့်လည်းဖြစ်၏။ ထိုက်ရွှမ်အအေးဂိုဏ်း တစ်ခုလုံးက အလေးထားပျိုးထောင်ပေးရသည့် တပည့်တစ်ယောက်လည်း ဖြစ်လို့နေသည်။ လက်ရှိအခြေအနေမှာတော့ ဂိုဏ်းတူ ရောင်းရင်းတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့သည်။ ထိုအရာသည် ခွင့်လွှတ်ပေးနိုင်လောက်သည့် အရာတစ်ခု မဟုတ်သည်သာမက ပြင်းပြင်းထန်ထန် အပြစ်ပေးရမည့် ကိစ္စပင် ဖြစ်တော့၏။

“အဘွားကြီး”

စုရှောင်မိုသည် နာကျင်မှုကို သည်းခံကာဖြင့် ပြောလိုက်၏။ “ခင်ဗျား.. ကျုပ်ကို နာကျင်အောင် ပြုလုပ်ရဲတယ်ဆိုရင် ကျုပ်ဆရာက လွယ်လွယ်ကူကူနဲ့ ခွင်လွှတ်ပေးမှာ မဟုတ်ဘူး။ ထိုက်ရွှမ်အအေးဂိုဏ်း တစ်ခုလုံးကိုလည်း ဒုက္ခရောက်သွားလိမ့်မယ်”

လက်ရှိအခြေအနေမှာ သူသည် သေဆုံးနိုင်သည့်အခြေအနေဆီသို့ ရောက်ရှိနေ၏။ ထိုသို့ဆိုလျှင်တောင်မှ သူ၏ စိတ်ဓာတ်များသည်နိမ့်ကျကာ တောင်းပန်ရမည့်အခြေအနေမျိုး မရှိချေ။ ဤအရာသည် ပြိုင်စံရှားဂိုဏ်းသားများ၏ မရှိမဖြစ် ရှိနေရမည့် သံမဏိကဲ့သို့သော စိတ်ဓာတ်ပင်ဖြစ်၏။

“အဘိုးကြီး ကျွင်းတန်လား”

အကြီးအကဲရှိုသည် စုရှောင်မို၏ ဆရာအကြောင်းကို ကြားဖူးခဲ့၏။ ထို့ကြောင့် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။ “သူက ဓားနဲ့သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဆင့်လေးလေ။ ဘယ်လိုလုပ်ပြီး ထိုက်ရွှမ်အအေးဂိုဏ်းကို လာပြီးတော့ ဒုက္ခပေးရဲမှာလဲ။ သူ့ဆီမှာ အဲလောက်သတ္တိ မရှိပါဘူး”

“မဟုတ်ဘူး။ မဟုတ်ဘူး။ အမှန်ပြောပြမယ်။ ဓားနဲ့သိုင်းသူတော်စင်ပါ” ရုတ်တရက် အနောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။

အကြီးအကဲရှို၏ မျက်နှာ အမူအရာသည် ပြောင်းလဲ သွားသည်။ လျင်လျင်မြန်မြန်ဖြင့် အနောက်ကို ကြည့်လိုက်သည့်အချိန်မှာတော့ အဘိုးအိုတစ်ယောက်သည် လှိုဏ်ဂူ၏ အဝင်ဝတွင် ရပ်လျက် ရှိနေသည်ကို မြင်လိုက်ရသည်။

ဝှစ် ဝှစ်

ဓားနှင့်သိုင်းသူတော်စင်အော်ရာများသည် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အလွန်ကြီးမားလှသော သားရဲကြီး နှစ်ကောင်ကဲ့သို့ ဖြစ်တည်လာပြီး သူမ ထုတ်လွှတ်ထားသော အော်ရာများကို ကြမ်းကြမ်းတမ်းတမ်းပဲ ဖျက်ဆီးသွားခဲ့တော့၏။

ဘုတ် ဘုတ် ဘုတ်

အကြီးအကဲရှိုသည် ထုတ်လွှတ်ထားသော အော်ရာများ ကြမ်းကြမ်းတမ်းတမ်း ချိုးဖြတ်ခံရပြီးသည့် နောက်မှာတော့ နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်ခွာသွားခဲ့ရ၏။ သူမ၏ အမူအရာများသည် ချက်ချင်းပဲ ပြောင်းလဲသွားတော့သည်။ “သိုင်းနယ်မြေ၊ ဓားနယ်မြေ”

ဝှစ်

စုရှောင်မိုသည် ဖိနှိပ်ခံထားရသော အော်ရာများမှ လွတ်ကင်းသွားပြီးသည့်နောက်မှာတော့ ပျော်ရွှင်စွာဖြင့် ပြောလိုက်မိသည်။

“ဆရာ”

သူသည် စိတ်ထဲမှာ ကြိတ်ကာ ပျော်ရွှင်သွားမိ၏။ ကံကောင်းစွာဖြင့် စိတ်ဝိညာဉ် သားရဲကြီးနှင့် တိုက်ခိုက်နေသည့်အချိန်တွင် သူသည် မိုးဆွေဟောခန်းမှ လူများဆီသို့ သတင်းပေးပို့၍ ဂိုဏ်းအား အကူအညီ တောင်းခဲ့မိသည်။

“အရူး”

စုရှောင်မိုသည် တွေဝေလျက်ရှိနေသော ဖန်းလင်းယုဆီသို့ နှာခေါင်းရှုံ့ကာ ကြည့်လိုက်တော့၏။ “မင်းဆီမှာပဲ ဆရာကို ဆက်သွယ်နိုင်တဲ့ နည်းလမ်းရှိတယ်လို့ ထင်နေတာလား။ ငါက မင်းသတ်မှာကို ထိုင်ပြီးတော့ ငြိမ်ငြိမ်လေးနေပေးရမယ် ထင်နေလို့လား”

“အဘွားကြီး”

အဘိုးကြီး ကျွင်းထျန်အဖြစ် အသွင်ပြောင်းထားသော ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်တပည့်ကို စော်ကားရဲတယ်ဆိုမှတော့ ထိုက်ရွှမ်အအေးဂိုဏ်းက ကျေနပ်လောက်တဲ့ ရှင်းပြမှုကို ပြုလုပ်သင့်တယ်။ မဟုတ်ရင်တော့ ကြမ်းတမ်းလွန်းတယ်ဆိုပြီး ကျုပ်ကို အပြစ်မတင်နဲ့”

“...........”

အကြီးအကဲရှို၏ နဖူးပေါ်တွင်တော့ ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့၏။ ဓားနှင့်သိုင်းသူတော်စင်၏ အော်ရာ များသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှပြီး သူမအား ကောင်းကောင်းဖိအားပေးထားနိုင်၏။

“ဒါက နားလည်မှု လွဲတာပါ”

သူမသည် အလျင်အမြန် ပြောလိုက်သည်။ “ကျိန်းသေပေါက် နားလည်မှုလွဲတာပါ”

အကြီးအကဲရှိုသည် သိုင်းနယ်မြေကျင့်ကြံသူအဆင့်သို့ ယခုမှ ဝင်ရောက်ကာစဖြစ်သည်။ ကျွင်းချောင်ရှောင်းကဲ့သို့ ဓားနှင့်သိုင်းသူတော်စင် ဒုတိယအဆင့်၏ ရှေ့တွင်မှာတော့ သူမသည် ကလေးသေးသေးလေးတစ်ယောက်လိုပင် ဖြစ်၏။

“ဆရာ”

စုရှောင်မိုသည် ဖန်းလင်းယုကို ထိုးပြကာ ဒေါသတကြီး ပြောလိုက်၏။ “ဒီအမျိုးသမီးက ရည်ရွယ်ချက် ရှိရှိနဲ့ လှိုဏ်ဂူထဲမှာရှိတဲ့ သားရဲတွေကို အပြင်ဘက်ထွက်အောင် ပြုလုပ်ခဲ့တယ်လေ။ ဒါက ဓားငှားပြီးသတ်ဖို့ ကြံစည်တာပဲ။ ကျေးဇူးပြုပြီး တပည့်အတွက် တရားမျှတမှုကို ရှာဖွေပေးပါ”

“အင်း... ကောင်းပြီ”

“သူမကို ဖန်းလင်းယုလို့ ခေါ်တယ်”

ဤစကားသည် သူ၏ ဂိုဏ်းချုပ်အား တိတိကျကျ သိရှိစေရန် သတင်းပေးလိုက်ခြင်းပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ချက်ချင်းပဲ လေးနက်သွား၏။ ပြီးသည့်နောက်မှာတော့ သူသည် လက်ကိုမြှောက်လိုက်၏။

ဝှစ်

များပြားလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် လေထဲတွင် ဖြစ်တည်လာပြီးသည့်နောက် မမြင်ရသည့် လက်ကြီးတစ်ခုကဲ့သို့ ပြောင်းလဲကာ ဖန်းလင်းယုအား ရုတ်တရက် ဆွဲမြှောက်လိုက်တော့သည်။ ပြီးသည့်နောက် မှာတော့ နံရံပေါ်သို့ တဘုန်းဘုန်းနှင့် ရိုက်နှက်တော့သည်။

ဘုန်း...

“ဒီတော့ မင်းက ဖန်းလင်းယုပေါ့”

ဘုန်း ဘုန်း

“ဒီတော့ မင်းက ငါ့ရဲ့အကြီးဆုံးတပည့်ကြီးကို ပြဿနာရှာခဲ့တဲ့ ဖန်းလင်းယု ဆိုတာပေါ့”

ဘုန်း ဘုန်း ဘုန်း

“........” စုရှောင်မိုသည် ဆွံ့အသွား၏။

လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်သည် သူ့ကိုယ်သူ အဘိုးကြီးကျွင်းတန် ဖြစ်ေမေ့လျော့ သွားခဲ့ပုံပေါ်သည်။ သောက်ကျိုးနည်းလှချေသည်တကား။

All Chapters