အခန်း (၁၀၇၄)
Vol. 73 Ch. 1074
စုရှောင်မိုသည် အဘယ်ကြောင့် ထိုက်ရွှမ်အအေးဂိုဏ်းထဲတွင် သူလျှိုအဖြစ် ရောက်ရှိနေရသနည်း။ သူသည် လုချင်းချင်းနှင့် ဖန်းလင်းယုတို့၏ အကြောင်းများကို စုံစမ်းရန်သာ ဖြစ်တော့၏။ လက်ရှိအခြေအနေမှာ တော့ ကျွင်းချောင်ရှောင်းသည် ကူညီရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယခု ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေ တွေ့ရှိခဲ့ပြီဖြစ်သောကြောင့် ထို မိန်းကလေး နှင့် သူ၏ အကြီးဆုံးတပည့်ကြီးကြားတွင်ရှိသော ရန်ငြိုးများကို ပြန်လည် စဉ်းစား မိပြီး ကျွင်းချောင်ရှောင်းသည် ဒေါသကို မည်သို့မှ မထိန်းချုပ်နိုင်ခဲ့တော့ချေ။
“ငါ... သူ့ကို ကျိန်းသေပေါက် ရိုက်နှက်ရမယ်”
လက်ရှိအခြေအနေမှာတော့ နှောင့်နှေးရန် အချိန်မရှိတော့ချေ။ ထို့ကြောင့် ကုန်းရှန့်သည် ချက်ချင်း စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာဖြင့် ဖန်းလင်းယုကို နံရံကြီးနှင့် ရိုက်နှက်လျက် ရှိနေတော့၏။
သူ့အနေနှင့် အကြီးအကဲကျွင်းတန်ဆိုသည့် ဂုဏ်ရှိန်ဂုဏ်ဝါကိုပင် မေ့လျော့သွားခဲ့ တော့သည်။ သို့ပေမဲ့ မေ့လျော့သွားခဲ့သော်လည်း ဘာဖြစ်သနည်း။ သူသည် ကျွင်းချောင်ရှောင်း ဖြစ်ကြောင်း သိရှိ သွားတော့လည်း ဘာဖြစ်သနည်း။
သူ၏ တပည့်ကြီးကို အနိုင်ကျင့်ရုံသာမက စိတ်ဝိညာဉ်သားရဲများကို အသုံးပြု၍ သူ၏ တတိယတပည့်အား သတ်ဖြတ်ရန် ကြံစည်ခဲ့သေး၏။ သူသည် ရှိရှိသမျှသော အရာအားလုံးကို ထုတ်ဖော် ပြသရမည်ဆိုလျှင်တောင်မှ ထိုက်ရွမ်အအေးဂိုဏ်းသည် လက်ရှိ အခြေအနေမှာတော့ အကြီးအကျယ် ပြဿနာ တက်ပေတော့မည်။ ကျွင်းချောင်ရှောင်းသည် စိတ်ဆိုးသည်ဆိုလျှင် ဤကဲ့သို့ ပြုလုပ်တတ်သည်။
ဘုန်း ဘုန်း ဘုန်း
ဆက်တိုက်ရိုက်နှက်မှု၏ အောက်မှာတော့ ဖန်းလင်းယုသည် တည်နေရာမှာတင် သတိလစ် မေ့မျောသွားပြီ ဖြစ်သည်။ အတိတ်တုန်းက အဆိပ်ကိုးပါး နန်းတော်သခင်နှင့် တိုက်ခိုက်ခဲ့သည့်အချိန်တွင်လည်း ကုန်းရှန့်သည် ဤကဲ့သို့သော သနားညှာတာမှုမျိုးကို မပြသဘဲ တိုက်ခိုက်ခဲ့ဖူး၏။ ထို့ကြောင့် သူသည် လှပသော အမျိုးသမီးများ နှင့် မတည့်သည့် ရောဂါပင် ရှိနေသည်လား မသိနိုင်ချေ။
..................
စုရှောင်မိုမှာသည် အလုံးစုံ ဆွံ့အလျက် ရှိနေသည်။ ဂိုဏ်းချုပ်သည် တစ်ချက်ကလေးမှ မစဉ်းစားတော့ဘဲ ဒေါသကို ဖြေလျော့လျက် ရှိနေ၏။ ၎င်း၏ သူလျှိုအဖြစ် ပြုလုပ်ခဲ့သည့် မှတ်တမ်းသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
“ထားလိုက်တော့။ ထားလိုက်တော့”
ထိုက်ရွမ်အအေးဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေကိုတောင် ရိုက်နှက်ပြီးပြီ ဆိုမှတော့ ထိုက်ရွှမ်အအေးဂိုဏ်းထဲတွင် ဆက်နေမည်ဆိုလျှင်လည်း ထူးခြားလိမ့်မည် မဟုတ်ချေ။
ဘုတ်
ဖန်းလင်းယုသည် ပျော့ခွေလျက်ရှိနေသော ရွံ့ကဲ့သို့ပင် မြေပေါ်သို့ ပြုတ်ကျလျက် ရှိနေတော့သည်။ ဤကဲ့သို့ နှိပ်စက်ရိုက်နှက်ခံရသည့် အတောအတွင်းတွင် ၎င်း၏ဆရာဖြစ်သည့် အကြီးအကဲရှိုသည် အကူအညီမဲ့စွာဖြင့် ကြည့်ရှုရန်သာ တတ်နိုင်၏။ သူသည် တစ်ချက်ကလေးမှ ဝင်ရောက်မလှုပ်ရှားရဲချေ။ သို့ပေမဲ့ စကားဖြင့်တော့ လှမ်း၍ သတိပေးလိုက်မိသည်။ “အဘိုးကြီးကျွင်းတန်... တရားမလွန်လာပါနဲ့”
ရွှီး
ကျွင်းချောင်ရှောင်းသည် ချက်ချင်း သူမ၏အရှေ့ဆီသို့ ရောက်ရှိသွားကာ အေးစက်စက် ပြောလိုက်၏။ “ခင်ဗျားက ကျုပ်တပည့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်ပစ်မယ်လို့ ကျုပ်ကြားတာ ဟုတ်လား”
“မကောင်းတော့ဘူး” အကြီးအကဲရှို၏ အမူအရာသည် ပျက်ယွင်းသွားတော့၏။
ဘုန်း
ဓားနှင့်သိုင်းသူတော်စင်တစ်ယောက်၏ အားအင်များသည် လက်သီးထဲတွင် ဖြစ်တည်ပြီးသည့်နောက်မှာတော့ သူမအား လွှင့်စင်အောင် တိုက်ခိုက်လိုက်တော့သည်။
ဒွီး
နတ်ဆိုးနဂါးလှိုဏ်ဂူတစ်ခုလုံးသည် အလွန်အားကောင်းလှသည့် အော်ရာများအောက်မှာတော့ ကြမ်းကြမ်း တမ်းတမ်း တုန်ခါနေတော့သည်။ နဂါးလိုလို မြွေလိုလို သတ္တဝါ ထွက်ပေါ်လာခဲ့သော လှိုဏ်ခေါင်းဆီမှ သားရဲ များ၏ အော်ဟစ်သံကို ကြားလိုက်ရတော့သည်။ အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော သားရဲများ ရှိနေဦးမှာ သေချာလှ၏။
စုရှောင်မို၏ ခန့်မှန်းမှုမှာ မှန်ကန်၏။ ဤအထဲတွင် အလွန်အားကောင်းလှသည့် သားရဲမှာ တစ်ကောင်မက တည်ရှိနေ၏။ ထို့ကြောင့် ဂိုဏ်းချုပ်သာ လာရောက်၍ မကူညီသည်ဆိုပါက သူ့အနေနှင့် ကောင်းကောင်းကြီး ဒုက္ခရောက်မှာ သေချာတော့သည်။
“စုန်းမကြီး”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်သီးကို ပြန်ရုတ်ကာ အေးစက်စက် ပြောလိုက်၏။ “ကျုပ်တပည့်ရဲ့ ကျင့်ကြံခြင်းကို ချိုးဖြတ်ပစ်မယ်ဆိုရင် ထိုက်ရွှမ်အအေးဂိုဏ်းကလည်း ကျင့်ကြံခြင်း လောကကနေ ပျောက်ကွယ် သွားရလိမ့်မယ်”
ဤစကားသည် အလွန်ပင် မောက်မာလွန်းလှသည်။
အကြီးအကဲရှိုသည် သူ၏ ဒဏ်ရာများကို ဖိနှိပ်ကာဖြင့် နံရံကို မှီလိုက်ပြီး ဇဝေဇဝါနှင့် ဖြစ်နေသည်။ ဤအဘိုးကြီး ကျွင်းတန်သည် လွတ်လပ်သော ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည် မဟုတ်လား။ အဘယ်ကြောင့် သူ၏ တပည့်၊ သူ၏တပည့်ဟု ထပ်တလဲလဲ ပြောဆိုနေရသနည်း။ ထို့အပြင် သူ၏ ပထမတပည့်လို့ ပြောဆိုနေသည်မှာ စုကုန်းရှန့်ကို ပြောဆိုနေသည်လား။
ရှရွှေယွင်၏ ဗာဒံစေ့ကဲ့သို့ မျက်လုံးများသည် ပြူးကျယ်လျက်ရှိနေ၏။ ကုန်းရှန့်၏ ဆရာသည် ဤမျှ အားကောင်းလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ချေ။ အကြီးအကဲရှို ကဲ့သို့သော သိုင်းနယ်မြေ ကျင့်ကြံသူကို လွယ်လွယ်ကူကူ အနိုင်ယူ လျက်ရှိနေ၏။
“ရှောင်မို”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ... အမှန်တရားကို ရှာဖွေဖို့အတွက် မင်းကို ထိုက်ရွှမ် အအေးဂိုဏ်းဆီ ခေါ်သွားမယ်”
“........”
စုရှောင်မို၏ အမူအရာများသည် နဝေတိမ်တောင်နှင့် ဖြစ်လျက်ရှိ၏။
ဂိုဏ်းချုပ်... ဒီလို နာမည်ကြီးကို ခေါ်လိုက် မှာတော့ အကုန်လုံး ပေါ်ကုန်တော့မှာပေါ့။
သို့ပေမဲ့ သူ သူလျှိုဖြစ်ကြောင်း ပေါ်သွားသည့်ကိစ္စသည် အရေးကြီး ကိစ္စတော့ မဟုတ်ချေ။ သို့ပေမဲ့ ရှရွှေယွင် ရှိနေသည် ဖြစ်သောကြောင့်သာ သူတစ်မျိုး ခံစားနေရခြင်းပင် ဖြစ်၏။ သူတို့၏ ပတ်သက် ဆက်နွယ်မှုသည် ချစ်သူများဖြစ်သည်ဟု အတည်ပြုထားသည်မှာ မကြာသေးခင်က ဖြစ်၏။ ယခု ချက်ချင်းပဲ သူ သူလျှိုတစ်ယောက် ဖြစ်သည်ကိုသာ သိရှိသွားပါက ချက်ချင်းပဲ ရည်းစားအဖြစ်မှ ပြတ်သွားမှာ ဖြစ်သည်။
စုရှောင်မိုသည် ထိုအချင်းအရာကို စဉ်းစားပြီးသည့်နောက်မှာတော့ ချက်ချင်း ချွေးသီးချွေးပေါက်များ ကျလျက် ရှိနေ၏။ ထိုသို့သော အခြေအနေမျိုးကို ရင်ဆိုင်ရန် သူသည် မည်သို့ လုပ်ရမည်မှန်း မသိချေ။ သူမအား ပြိုင်စံရှားဂိုဏ်းဆီကို ခေါ်ဆောင်သွားမှ ဖြစ်မည်။ စုရှောင်မိုသည် ဂိုဏ်းချုပ်အနေနှင့် ငြင်းပယ်လိမ့်မည် မဟုတ်သည်ကို သိရှိပြီးဖြစ်သည်။ သို့ပေမဲ့ ရှရွှေယွင်သည် သဘောတူညီပါ့မည်လား။
ဂိုဏ်းချုပ်သည် ဤတစ်ကြိမ် လာရောက်၍ ကယ်တင်ပေးပြီးသည့်နောက်မှာတော့ ရှိရှိသမျှ ကိစ္စရပ်များ အားလုံးကို မဖုံးကွယ်ဘဲ ရင်ဆိုင်တော့မည် ဖြစ်ကြောင်း သူကောင်းကောင်း သိလိုက်၏။ ထို့ကြောင့် သူ့အနေနှင့် ဘာတစ်ခုကိုသာ မတွေးတော့ပဲ ကံစီမံရာအတိုင်းသာ ထားလိုက်ရုံသာ ရှိတော့၏။
“ရှောင်မို ဟုတ်လား” ရှရွှေယွင်သည် ဇဝေဇဝါ အမူအရာမျိုးဖြင့် လှမ်း၍ ကြည့်လိုက်သည်။
စုရှောင်မိုသည် အသာ ခေါင်းငုံ့ပြီးသည့်နောက်မှာတော့ ရင်ထဲမှာ အော်ဟစ်လျက်ရှိသည်။ ဂိုဏ်းချုပ်... ဆက်ပြီး သရုပ်ဆောင်လို့ မဖြစ်တော့ဘူး။
ခရမ်းရောင်ဘုရင်နှင့် တခြားသောသူများ အားလုံးတို့သည် ပူးပေါင်းဆောင်ရွက်မှုတွင် အားနည်းလှသည်ဆိုသော် လည်း ဂိုဏ်းချုပ်ကဲ့သို့ ပွင့်ပွင့်လင်းလင်းကြီး ပေါ်သွားအောင်တော့ မပြုလုပ်ခဲ့ချေ။ ဂိုဏ်းချုပ်မှာတော့ ပိုမို၍ ဆိုးရွားနေသေးတော့၏။
“ရှောင်မို”
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်တော့သည်။ “ဖုံးကွယ်စရာ မလိုတော့ဘူး။ မင်းရဲ့ အစစ်အမှန် တည်ရှိမှုကို ပြောပြလိုက်”
“..........”
စုရှောင်မို၏ မျက်နှာတစ်ခုလုံးသည် ပျက်ရွင်းသွား၏။ ဂိုဏ်းချုပ်သည် လုပ်ချင်ရာ လုပ်တော့မည်ဖြစ်ကြောင်း သူ တွက်ချက်ထားသည်မှာ အမှန်ပင် ဖြစ်တော့သည်။
“ဂိုဏ်းချုပ်... ကျွန်တော်” စုရှောင်မိုသည် နှောင့်နှေးလျက် ရှိနေ၏။ သူ၏ အစစ်အမှန်တည်ရှိမှုသည် ပေါ်သွားပြီဆိုပါက မကြာသေးခင်ကမှ ဖြစ်တည်ခဲ့သော သူတို့၏ ချစ်သူနှစ်ယောက်ကြား ပတ်သက်ဆက်ဆံမှုသည် ပြီးဆုံးသွားမှာ သေချာ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီမိန်းကလေးက ရှရွှေယွင်ဖြစ်မယ်။ မင်းတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြိုက်နေပြီဆိုမှတော့ မင်းရဲ့ အစစ်အမှန် တည်ရှိမှုကို ထုတ်ဖော်ပြသပြီးတော့ ချစ်နေမှရမှာပေါ့။ ဘယ်တုန်းကမှ မရှိခဲ့တဲ့ အတုတစ်ယောက်နဲ့ ချစ်နေလို့မှ မရတာ”
“..........”
စုရှောင်မို၏ မျက်နှာတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့တော့သည်။ ဂိုဏ်းချုပ်သည် ထိုကဲ့သို့သော စကား များကိုပင် အတွေးအခေါ် ရှိရှိနှင့် ပြောဆိုလျက် ရှိနေ၏။ အကြီးအကဲဝေဆီမှ သင်ယူထားခဲ့သည်လား မသိချေ။
မဟုတ်ပေ။ အကြီးအကဲ သင်ပေးခြင်းမဟုတ်ပေ။ ထို့အပြင် အကြီးအကဲဝေ သင်ပေးလို့လည်း မရနိုင်ချေ။ ကုန်းရှန့်ဆိုသည်မှာ ချစ်သူရည်းစားကိစ္စနှင့်ပတ်သက်၍ သန္ဓေပါရမီတွင် အားနည်းလွန်းလှသော လူတစ်ယောက် ဖြစ်၏။
“ကျွန်တော် နားလည်ပါပြီ”
စုရှောင်မိုသည် လက်သီးကို ဆုပ်ကာဖြင့် တစ်ချိန်လုံး သူ့ကို စူးစိုက်ကြည့်နေသော မိန်းကလေးဘက်သို့ လှည့်လိုက်၏။ “ကျုပ်.... ကျုပ်တောင်းပန်ပါတယ်”
ထိုသို့သော စကားလုံးများသည် ပြောဆိုရန် လွယ်ကူလွန်းသည်ဆိုပေမယ့် တကယ်တမ်း ပြောဆိုရမည်ဆိုလျှင် လည်ချောင်းဝမှာ တစ်လျက် ရှိနေ၏။
ရှရွှေယွင်သည် မကောင်းသည့် အတိတ်နမိတ်များကို ခံစားလိုက်မိ၏။ သူမ၏ အသံသည် တုန်ယင်လျက် ရှိနေသည်။ “ဘာ ဘာပြောချင်နေတာလဲ”
စုရှောင်မိုသည် မည်သည့်စကားမှ မဆိုချေ။ သူ၏ မျက်နှာပေါ်တွင်ရှိနေသော မျက်နှာဖုံးကို အသာချွတ်ကာ ဖယ်လိုက်တော့သည်။ ရင်းနှီးနေသော မျက်နှာတစ်ခုသည် ရုတ်တရက် ထူးဆန်းစွာဖြင့် ပြောင်းလဲသွားခဲ့တော့ သည်။
ရှရွှေယွင်သည် တည်နေရာမှာတင် ကြက်သေသေလျက် ရှိ၏။ သူမသည် ပါးစပ်ကို လက်နှင့်အုပ်ကာထားပြီး မျက်လုံးထဲမှ မျက်ရည်များသည် အဆက်မပြတ် ကျဆင်းလျက် ရှိနေသည်။ “မင်း... မင်း စုကုန်းရှန့် မဟုတ်ဘူး”
“စုကုန်းရှန့် မဟုတ်ပါဘူး”
သူ၏ ရှေ့ရှိ မိန်းကလေး ငိုယိုနေသည်ကို မြင်သည့်အချိန်မှာတော့ စုရှောင်မိုသည် သူ၏ ရင်ဘတ်အား ဓားနှင့် ထိုးစိုက်ထားသကဲ့သို့သော နာကျင်မှုကို ခံစားနေရ၏။ သူသည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။ “ကျုပ်က ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ။ စုရှောင်မိုလို့ ခေါ်တယ်”
လက်ရှိအခြေအနေမှာတော့ မရင်းနှီးသော မျက်နှာသည် မည်သူဖြစ်ကြောင်းကို ရှရွှေယွင်သည် ကောင်းကောင်း နားလည်သွားခဲ့ပြီဖြစ်၏။ ဤလူသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်ပြီး နဂါးကျားပြိုင်ပွဲတွင် ဝင်ရောက် အစွမ်းပြခဲ့သည် လူတစ်ယောက်လည်း ဖြစ်နေတော့၏။
အကြီးအကဲရှိုသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ဒါဆိုရင် မင်းက သူလျှိုပေါ့”
စုရှောင်မိုသည် ဤစုန်းမကြီးကို လျစ်လျှုရှုကာဖြင့် ရှရွှေယွင်၏ အရှေ့ဆီသို့ လျှောက်သွား၏။ “ထိုက်ရွှမ်အအေး ဂိုဏ်းမှာရှိတဲ့ လူတွေအကုန်လုံးကို ကျုပ် လိမ်ခဲ့တယ်လေ။ ဒါပေမဲ့ ကျုပ် ခင်ဗျားကိုတော့ မလိမ်ခဲ့ဘူး။ ကျုပ်ရဲ့ နှလုံးသားထဲမှာ ….”
ဖြောင်း...
ကျယ်လောင်လှသော အသံတစ်ခုသည် လှိုဏ်ဂူထဲမှ ထွက်ပေါ်လာခဲ့သည်။
ရှရွှေယွင်သည် အံကို တင်းတင်း ကြိတ်ထား၏။ သူမ၏ မျက်လုံးထဲတွင်တော့ မျက်ရည်များနှင့်အတူ အမုန်းတရားများပါ ဖြစ်တည်လာခဲ့၏။ ဤရေခဲကဲ့သို့ အေးစက်လှသည့် အမျိုးသမီးသည် စုကုန်းရှန့်ကြောင့် အရေပျော်ခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ စီနီယာ အစ်မဖန်း၏ရှေ့တွင် ချစ်သူတစ်ယောက်ဖြစ်ကြောင်း အတိအလင်း ကြေညာပြီး မကြာခင်မှာပဲ ဤလူသည် သူ့အား လိမ်လည်သည့်သူတစ်ယောက် ဖြစ်ကြောင်း သိရှိခဲ့ရ၏။
သူမ၏ နှလုံးသားအား အရေပျော်ကျအောင် ပြုလုပ်ခဲ့ သည့်လူသည် စုကုန်းရှန့် မဟုတ်ပေ။ ပြိုင်စံရှားဂိုဏ်း၏ စုရှောင်မို ဖြစ်လို့နေခဲ့သည်။ တစ်ဖက်လူသည် သူ၏ အစစ်အမှန် မျက်နှာကို ထုတ်ဖော်ပြသသည့် အချိန်မှာတော့ သူမသည် မည်သို့မှ မခံစားနိုင်တော့ဘဲ ပါးပင် ပိတ်ရိုက်မိခဲ့တော့သည်။
သူမ စိတ်ကူးယဉ်ခဲ့ရသော အိမ်မက်များ အားလုံးသည် ပျက်စီးခဲ့ရပြီး ဖြစ်တော့သည်။ အရာအားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ရှရွှေယွင်၏ နှလုံးသားထဲတွင်ရှိသော နာကျင်မှုသည် အကြိမ်တစ်ရာခန့် ပိုမိုကာ ဆိုးရွားနေ၏။
“ကျုပ်... ကျုပ် တောင်းပန်ပါတယ်”
စုရှောင်မိုသည် အကောင်းဆုံး ကြိုးစားပြီးသည့်နောက်မှာတော့ တောင်းပန် လျက်ရှိသည်။ သူ၏ မျက်နှာပေါ်တွင် နီရဲသည့် လက်ဝါးရာကြီးတစ်ခုသည် ထင်းထင်းကြီး ရှိနေသည်။ လက်ရှိအခြေအနေမှာတော့ သူ၏ မျက်နှာသည် နာကျင်လျက်ရှိနေ၏။ သို့ပေမဲ့ သူ၏ နှလုံးသားထဲမှ နာကျင်မှုသည့် မျက်နှာပေါ်တွင် ရှိနေသည့် နာကျင်မှုထက် ပိုမိုကာ ပြင်းထန်လွန်းနေတော့သည်။
သူ့အနေနှင့် တစ်ချိန်ချိန်တွင် သူမည်သူဖြစ်ကြောင်း ဝန်ခံရမည်ဟု တွေးတော စဉ်းစားထားပြီးသားဖြစ်သည်။ သို့ပေမဲ့ ဤကဲ့သို့ မြန်မြန်ဆန်ဆန် ဖြစ်တည်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ လက်ရှိအခြေအနေ၌ သေဆုံးသွားချင်စိတ်ပင် ပေါက်လျက်ရှိ၏။
ရှရွှေယွင်သည် သူ့အား ဒေါသတကြီးဖြင့် စိုက်ကြည့်လျက်ရှိပြီး မျက်ရည်များသည်လည်း မိုးသီးမိုးပေါက်များကဲ့သို့ ကျဆင်းလျက်ရှိသည်။ “လူလိမ်... လူလိမ်ပဲ”
စုရှောင်မို၏ နှလုံးသားများသည် ပိုမိုကာ နာကျင်လာခဲ့၏။ သူသည် လက်ကို မြှောက်ပြီးနောက် ဤဝမ်းနည်း ပက်လက်ဖြစ်နေသော မိန်းကလေးအား ထွေးပွေ့ကာ ထားချင်မိ၏။ သို့ပေမဲ့ သူ၏ စိတ်ထဲတွင်တော့ ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်စိတ်များသည် ပိုမိုကာ ဖြစ်တည်လျက် ရှိနေ၏။ အဆုံးသတ်မှာတော့ ထိုသို့ပြုလုပ်ရန် အင်အား မရှိတော့ချေ။
“အင်း”
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်မိ၏။ “ဒီလိုတွေ ဖြစ်မယ်မှန်း သိလို့ရှိရင် ငါမင်းကို သူလျှိုတစ်ယောက်အဖြစ် ထိုက်ရွှမ်အအေးဂိုဏ်းထဲကို စေလွှတ်မိခဲ့မှာ မဟုတ်ဘူး”