← Chapters

အခန်း (၁၀၇၇)

Vol. 73 Ch. 1077

အခန်း (၁၀၇၇)

Vol. 73 Ch. 1077

စောင့်ကြည့်ရေးမျှော်စင်၏ အတွင်းပိုင်းမှာတော့ …

ခေါင်းဆောင်သည် မြေဓာတ်စိတ်ဝိညာဉ်ပစ္စည်း၏ ရှေ့တွင် မတ်မတ်ရပ်လျက်ရှိပြီး သားရဲလှိုင်းများ ရောက်ရှိနေသည့် တည်နေရာကို ကြည့်ရှုလျက်ရှိ၏။

“ဘာလို့ သားရဲလှိုင်းတွေက အရှေ့တောင်ရန်ကျူးမှာ ထပ်ပြီး ပေါ်လာရတာလဲ။”

“တိတိကျကျ ပြောရမယ်ဆိုရင်”

အကြီးအကဲတစ်ယောက်သည် လေးနက်စွာဖြင့် ပြောလိုက်မိ၏။ “ချင်းယန်နိုင်ငံမှာ ပေါ်လာတာပါ။”

“ချင်းယန်နိုင်ငံ ဟုတ်လား။”

ခေါင်းဆောင်သည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်၏။ “အဲဒီမှာ ပြိုင်စံရှားဂိုဏ်းနှင့်ဂိုဏ်းချုပ်ကျွင်းတို့ ရှိတယ်။ ဒီတော့ ပြဿနာမဖြစ်လောက်ပါဘူး။”

အရင်တစ်ချိန်တုန်းကလည်း ချင်းယန်နိုင်ငံတွင် သားရဲလှိုင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ တစ်လောကလုံး ရှုပ်ယှက်ခတ်ပြီးသည့်နောက်မှာတော့ များပြားလှသည့် စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးသည် ဖြစ်နိုင်သမျှ အမြန်ဆုံး ထိုနေရာဆီသို့ သွားခဲ့ကြ၏။

သို့ပေမဲ့ ဤနေရာဆီသို့ ရောက်ရှိသည့်နောက်မှာတော့ သားရဲလှိုင်းကြီးတစ်ခုလုံးသည် ပြိုင်စံရှားဂိုဏ်း လက်ထဲ၌ ရှုံးနိမ့်ခဲ့ရသည်။

အခြားနေရာတွင်သာဖြစ်မည်ဆိုပါက ခေါင်းဆောင်သည် စိုးရိမ်ကြောင့်ကြနေပေလိမ့်မည်။ သို့ပေမဲ့ သားရဲလှိုင်းကြီး သည် ချင်းယန်နိုင်ငံတွင် ပေါ်ပေါက်လာခြင်းသာဖြစ်သောကြောင့် သူ့အနေနှင့် စိတ်သက်သာရာရမိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် သာမန်လူတစ်ယောက်မဟုတ်ပေ။ ထိုကဲ့သို့သော ကိစ္စမျိုးကို လွယ်လွယ်ကူကူနှင့် နှိမ်နင်းနိုင်မှာသေချာ၏။

“တစ်စုံတစ်ခုက မှားနေပြီ။”

တစ်စုံတစ်ယောက်က ထ၍ အော်လိုက်မိသည်။ “သားရဲလှိုင်းကြီးက ဆက်ပြီး ရွှေ့လျားနေတယ်။ သူတို့က တစ်ခြားနိုင်ငံတစ်ခုဆီကို ဦးတည်နေကြတာပဲ။”

ခေါင်းဆောင်သည် အလျင်အမြန်ဖြင့် မြေစိတ်ဝိညာဉ်ပစ္စည်းဆီသို့ လှမ်း၍ ကြည့်လိုက်သည်။ အစစ်အမှန်ပင် သားရဲ လှိုင်းကြီးများ သွားနေသည့်နေရာကို ပြသမှုနှုန်းသည် အလွန်လျင်မြန်စွာဖြင့် ရွှေ့လျားလျက်ရှိ၏။ ၎င်းတို့သည် အရှေ့တောင်ရန်ကျူးဆီမှ ထွက်ခွာလာခဲ့ပြီးဖြစ်သည်။

“ဟမ် …. သူတို့ဘယ်နေရာကို သွားနေကြတာလဲ။”

“ခေါင်းဆောင်”

ကျင့်ကြံသူတစ်ယောက်သည် အလောတကြီးဖြင့် ဝင်ရောက်လာပြီး ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ထိုက်ရွှမ်အအေးဂိုဏ်းကို ပြဿနာရှာနေတယ်လို့ သတင်းတစ်ခု ကြားခဲ့တယ်။”

ကုန်းမြေတိုက်ကြီး၏ ထိပ်ဆုံးဂိုဏ်းထဲမှ တစ်ခုအပါအဝင်ဖြစ်သည်မို့ ဤသတင်းသည် မြန်မြန်ဆန်ဆန်နှင့် ပျံ့နှံ့သွား ခဲ့ခြင်းပင်ဖြစ်၏။

ခေါင်းဆောင်၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ သူသည် အမှတ်မထင်နှင့် မြေစိတ်ဝိညာဉ် ပစ္စည်းဆီကို လှမ်း၍ ကြည့်လိုက်သည့်အချိန်မှာတော့ အချက်ပြမှုပြသနေရာ နေရာအား ရုတ်တရက် တွေ့မြင်လိုက် ရ၏။ တစ်စုံတစ်ခုကို တွေးမိကာဖြင့် ထအော်လိုက်မိသည်။ “ဒါက ….သားရဲလှိုင်းကြီးက ထိုက်ရွှမ်အအေးဂိုဏ်းကို တိုက်ခိုက်ဖို့ သွားနေတာလား။”

“ခေါင်းဆောင်”

အခြားသောကျင့်ကြံသူတစ်ယောက်သည် သတင်းပို့လိုက်၏။ “အရှေ့တောင်ရန်ကျူးဆီကရတဲ့ သတင်းအချက်အလက်အရဆိုရင် ပြိုင်စံရှားဂိုဏ်းတပည့်တွေအကုန်လုံးက ကြမ်းတမ်းလှတဲ့ သားရဲရိုင်းတွေကို စီးပြီးတော့ အရမ်းလျင်မြန်တဲ့ အမြန်နှုန်းနဲ့ ခရီးသွားနေကြတယ်တဲ့။”

ခေါင်းဆောင်သည် နားမလည်နိုင်သည့်အရာများ များပြားလွန်းလာခဲ့၏။ ထို့ကြောင့် သူသည် ဦးခေါင်းကို ဆုပ်ကိုင် ကာဖြင့် စိတ်ဓာတ်တကျ ပြောလိုက်မိ၏။ “ဘာတွေဖြစ်နေတာလဲ။”

…

ဘုန်း ဘုန်း ဘုန်း ….။

ထိုက်ရွှမ်အအေးဂိုဏ်း၏ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် လန်ကျင်းထန်တို့သည် ကောင်းကင်ယံအထက်၌ စိတ်လိုလက်ရ တိုက်ခိုက်လျက်ရှိနေကြသည်။

အလွန်အားကောင်းလှသော စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးကို တုန်ခါနေစေ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာ အဆီးအတားသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးလောက် အားမကောင်းလှချေ။ ထို့ကြောင့် ဤအဆင့်တိုက်ခိုက်ပွဲသည် လေဟာနယ်ကြီးတစ်ခုလုံးအား စုတ်ပြတ်သပ်စေသည်မှာ သဘာဝပင်ဖြစ်တော့၏။

ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အထက်ပိုင်းအကြီးအကဲများအားလုံးသည် မြင်နေရသည့်မြင်ကွင်းကို ကြည့်ရှုရင်း ဆွံ့အလျက်ရှိနေကြသည်။

“ဘိုးဘေးအကြီးအကဲကြီး”

ဘိုးဘေးအကြီးအကဲကြီးဆိုသည်မှာ သူတို့ဂိုဏ်း၏ အားအကောင်းဆုံးသော တိုက်ခိုက်နိုင်သူလည်းဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဘိုးဘေးအကြီးအကဲကြီးနှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်နေသည်ဆိုသော်လည်း တစ်ချက်ကလေးမှ အောက်စည်းမရောက်ခဲ့ချေ။

ထိုက်ရွှမ်အအေးဂိုဏ်းတွင် ထိုကဲ့သို့သော လူမျိုးရှိသည်ကို အစောကြီးထဲက ကြားဖူးခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းချုပ်သည် ထိုကဲ့သို့သောလူမျိုးနှင့် အစစ်အမှန်ပင် လက်ယှဉ်ကာ တိုက်ခိုက်နိုင်လျက်ရှိနေ၏။

ပြိုင်စံရှားဂိုဏ်းအနေနှင့် နဂါးကျားတိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့တုန်းက သူတို့သည် လေးလေးနက်နက် မထားခဲ့ကြချေ။ အများဆုံး အလားအလာရှိသော ဂိုဏ်းသစ်တစ်ခုလောက်ဟုသာ သဘောထားခဲ့၏။ သို့ပေမဲ့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို ရောက်ရှိပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် ကိုယ်ပိုင်အားအင်ကို အသုံးပြုကာဖြင့် တည်နေရာခံတပ်ကြီးအား မြို့တစ်ခုအရွယ်အစားသို့ ရောက်အောင် ပြုလုပ်နိုင်ခဲ့သည်။

ထို့အပြင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် ရှိသော များပြားလှသော ကျင့်ကြံသူများအားလုံးကိုလည်း သတ်ဖြတ် ခဲ့၏။ ဂိုဏ်းချုပ်ကျွင်းသည် ၎င်း၏ နာမည်ကြားရုံနှင့် ထိတ်လန့်ကြောက်ရွံ့အောင်ပင် ပြုလုပ်နိုင်ခဲ့သည်။ ထိုတင် မကသေးပေ။ လက်ရှိအခြေအနေ၌ ဘိုးဘေးအကြီးအကဲကြီးနှင့် လက်ရည်ညီကာ တိုက်ခိုက်လျက်ရှိနေ၏။ ဤခံစားချက်သည် အစစ်အမှန် မဟုတ်သလိုပင် ခံစားနေမိတော့၏။

“ကျွန်မ … ကျွန်မပြောတာမှားသွားလို့လား။”

စုရှောင်မို၏ လက်မောင်းထဲမှာတော့ ရှရွှေယွင်သည် အလွန်တရာကြမ်းတမ်းလှသော တိုက်ပွဲကို ကြည့်ရှုရင်း နာကျင်နေသည့်အမူအရာဖြင့် ရှိနေ၏။ သူမသည်သာ လက်ထပ်ပွဲကို သဘောတူ လိုက်မည်ဆိုလျှင် ဤကဲ့သို့သောကိစ္စမျိုးဖြစ်ပေါ်လာမှာမဟုတ်ပဲ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားမှာဖြစ်သည်။

သို့ပေမဲ့ သူမသည် ဘာမှန်းမသိဘဲ လုချင်းချင်း၏ အကြောင်းကို ပြောဆိုခဲ့မိ၏။ ဤသို့ပြောဆိုပြီးသည်နှင့်တပြိုင်နက် အခြေအနေတစ်ခုလုံးသည် ပြောင်းပြန်ဖြစ်သွားခဲ့၏။

စုရှောင်မိုသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “အကြီးဆုံးစီနီယာအစ်မကြီးက ဂိုဏ်းကို ဝင်တဲ့ ပထမဦးဆုံးတပည့်လေ။ ဒီတော့ သူမက ဂိုဏ်းချုပ် အတွက် အရမ်းကိုအရေးကြီးတယ်။ စီနီယာအစ်မကြီး ဂိုဏ်းကနေ ထုတ်ပယ်ခံရတဲ့ကိစ္စက ကိစ္စမရှိဘူး။ ဒါပေမဲ့ ကျင့်ကြံခြင်း အဆင့် ဖျက်ဆီးခံလိုက်ရတယ်ဆိုတဲ့ ကိစ္စကြီးက အရမ်းကို ကြီးမားတယ်။”

“အကြီးဆုံးစီနီယာအစ်မကြီ ……. ရှင် ပြောနေတာ လုချင်းချင်းကို ပြောတာလား။”

“ဟုတ်တယ်။”

ရှရွှေယွင်သည် သူမထက် ပို၍ အေးစက်လွန်းသော အမျိုးသမီးကို စဉ်းစားလိုက်မိ၏။ ထို့ကြောင့် အမှတ်မထင် မေးလိုက်မိသည် “ရှင်တို့ စီနီယာအစ်မကြီးက အဆင်ပြေနေတာပဲ မဟုတ်လား။”

ထိုက်ရွှမ်အအေးဂိုဏ်းသည် လုချင်းချင်းကို ပြုစုပျိုးထောင်ရန်အတွက် အလုံးစုံ အာရုံစိုက်ခဲ့၏။ ထို့ပြင် သူမသည် ထိုက်တန်လောက်အောင်လည်း အားကောင်းလှသူတစ်ယောက်ဖြစ်၏။ အတွင်းစည်းတပည့်နှင့် အပြင်စည်းတပည့်များအားလုံးသည် သူမအား စံပြပုဂ္ဂိုလ်တစ်ယောက်အဖြစ် နမူနာထားကာ ကြိုးစားခဲ့ကြသည်။ တစ်ချို့သောသူများဆိုလျှင်ပင် သတ္တိမွေးကာဖြင့် သူမဆီမှ ကျင့်ကြံခြင်းနှင့်ပတ်သက်သော မေးခွန်းများကိုပင်သွား၍ မေးမြန်းကြသေးသည်။

“သူမ အဆင်ပြေနေပါတယ်။”

စုရှောင်မိုသည် ခေါင်းကိုငုံ့ကာဖြင့် သူမ၏ လက်ကို လှမ်းကာ ဆွဲလိုက်တော့သည်။ “တကယ်လို့ မင်းသူမကို မြင်ချင်တယ်ဆိုရင် ငါပြိုင်စံရှားဂိုဏ်းကို ခေါ်သွားပေးမယ်လေ။”

အပြင်ဘက်တွင်တော့ အလွန်တရာကြမ်းတမ်းလှသော ကျွမ်းကျင်သူနှစ်ယောက်တို့သည် အပြင်းအထန်တိုက်ခိုက် လျက် ရှိနေ၏။ သို့ပေမဲ့ စုရှောင်မိုသည် ဖွန်ကြောင်လျက်ရှိနေ၏။ အကြီးအကဲဝေ သင်ပြပေးထားသောသူ ပီသလှပေ၏။

ရှရွှေယွင်သည် သူ့အား စိုက်ကြည့်ပြီးသည့်နောက်မှာတော့ လျင်လျင်မြန်မြန်ပဲ ဖက်ထားရာမှ ရုန်းထွက်လိုက်တော့၏။ ပြီးနောက် အေးစက်စက်အမူအရာဖြင့် ပြောလိုက်၏။ “ရှင်တို့ဂိုဏ်းချုပ်က ကျွန်မတို့ဂိုဏ်းကို ဖျက်ဆီးချင်နေတာလေ။ အခု ကျွန်မတို့က ရန်သူတွေပဲ။”

“……….”

စုရှောင်မိုသည် သူ၏ ရင်ဘတ်ပေါ်တွင် ရှိနေသော ဒဏ်ရာကို အသာဖိကာ နာကျင်စွာ ပြောလိုက်၏။ “ဒါ သူတို့ကြားက ကိစ္စလေ။ ကျုပ်တို့နဲ့မှ မဆိုင်တာ။”

ရှရွှေယွင်က ပြောလိုက်သည်။ “ဒီနေ့က စပြီးတော့ ရှင်နဲ့ ကျွန်မက ဘာမှမဆိုင်တော့ဘူး။ နောက်တစ်ကြိမ် ပြန်တွေ့လို့ရှိရင် ရှင်သေရင်သေ …. မသေရင် ကျွန်မသေမယ်။”

……

စုရှောင်မို၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့၏။

ဝှစ်

ရုတ်တရက်ဆိုသလိုပဲ သူသည် ရှရွှေယွင်အား အသာလှမ်း၍ ဖက်လိုက်သည်။

ရှရွှေယွင်သည် အနည်းငယ် ရှက်ရွံ့ဒေါသဖြစ်သွားသောကြောင့် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ ရုန်းကန်ကြည့်လိုက်၏။ သို့ပေမဲ့ မရခဲ့ချေ။

ဘုန်း ဘုန်း ….

ကောင်းကင်ယံထက်ဆီမှ ဂိုဏ်းချုပ်နှင့် ထိုက်ရွှမ်အအေးဂိုဏ်း ဘိုးဘေးအကြီးအကဲကြီးတို့၏ တိုက်ခိုက်မှု အရှိန်အဟုန် သည် ပြင်းထန်လွန်းသောကြောင့် ဖြစ်ပေါ်လာသော အရှိန်အဟုန်သည် ရှရွှေယွင် ရှိရာနေရာဆီသို့ တည့်တည့်ပင် ရောက်ရှိလာသည်။ ထို့ကြောင့် စုရှောင်မိုသည် သူ၏ ခန္ဓာကိုယ်ဖြင့် ရှေ့မှ ဖက်၍ ကာပေးလိုက်ခြင်းပင်ဖြစ်သည်။

စုရှောင်မိုသည် ချက်ချင်းလွင့်စင်သွားပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် ကျောက်တုံးကြီးတစ်ခုနှင့် သွား၍ ရိုက်မိတော့၏။

ချက်ချင်းပဲ သွေးတွေ အန်ထွက်လာခဲ့တော့သည်။ တစ်ဖက်လူသည် သူမအား အခွင့်အရေးယူခြင်းမဟုတ်ဘဲ ကာကွယ်ပေးခဲ့ခြင်းဖြစ်ကြောင်းကို သိရှိပြီးသည့်နောက်မှာတော့ ရှရွှေယွင်သည် ထိတ်လန့်တကြားဖြင့် မေးလိုက်မိသည်။ “ရှင် …. ရှင် အဆင်ပြေရဲ့လား။”

စုရှောင်မို၏ မျက်နှာများသည် ဖြူရော်နေခဲ့၏။ “ပုံစံက အဆင်ပြေတဲ့ပုံပေါက်နေလို့လား”

“ကျွန်မ”

ရှရွှေယွင်၏ မျက်လုံးများ၌ မျက်ရည်များ ရစ်သိုင်းလာခဲ့တော့သည်။ တစ်ဖက်လူသည် လူလိမ်တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ အဘယ့်ကြောင့် သူမ၏ နှလုံးသားများသည် နာကျင်နေရသနည်း။

စုရှောင်မိုက ပြောလိုက်သည်။ “ကျုပ်သာ ကျင့်ကြံခြင်းအဆင့်တွေ ပျက်စီးသွားပြီဆိုရင် ဘဝတစ်လျှောက်လုံး ခင်ဗျားတာဝန်ယူရတော့မယ်။”

ရှရွှေယွင်သည် သူ့အား စူးစိုက်ကြည့်လျက်ရှိသည်။ သို့ပေမဲ့ ဖက်ခံထားရခြင်းမှတော့ မရုန်းတော့ချေ။ ဤလူ၏ အသွင်အပြင်နှင့်အသံ၊ ကိုယ်ဟန်အမူအရာများအားလုံးသည် ပြောင်းလဲသွားခဲ့သည်ဆိုသော်လည်း သူမ၏ နှလုံးသားထဲ၌ ရှိနေသော စုကုန်းရှန့်သည် ဤလူပင်ဖြစ်တော့၏။

…

ဤကဲ့သို့ ချစ်ကြည်နူးနေသည့်မြင်ကွင်းနှင့် ဆန့်ကျင်ဖက်ဆိုသလိုပဲ ကောင်းကင်ယံအထက်မှာတော့ ကြမ်းတမ်း လှသော တိုက်ပွဲတစ်ခု ဖြစ်တည်နေတော့သည်။

ကျွင်းချောင်ရှောင်းနှင့်လန်ကျင်းထန်တို့သည် အခြားသူများအားလုံးကို ထိတ်လန့်တုန်လှုပ်စေလောက်သည်အထိ တိုက်ခိုက်လျက်ရှိနေ၏။

ဆွစ် ဆွစ်

ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့်အကြီးအကဲများအားလုံးသည် တိုက်ပွဲကို မည်သို့မျှ ဆက်၍ မကြည့်နိုင်တော့ ချေ။ ထို့ကြောင့် ကောင်းကင်ပေါ်သို့ ပျံတက်ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်လွှတ်တော့သည်။

ကျွင်းချောင်ရှောင်းသည် ဤနေရာသို့ ရောက်ရှိလာသည်မှာ ဖျက်ဆီးလိုခြင်းကြောင့်ပင်ဖြစ်သည်။ ဂိုဏ်းကို ကာကွယ်ရန်အလို့ငှာ ၎င်းတို့အားလုံးသည် အရေအတွက်အရ ဖိအားပေးတိုက်ခိုက်ရမည်ဆိုလျှင် ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

“ရွှေယွင်”

အကြီးအကဲရှသည် အသံပို့လွှတ်လိုက်သည်။ “မြန်မြန်ပြန်လာခဲ့။”

ရှရွှေယွင်သည် စုရှောင်မို၏ ဖက်ထားရာမှ အသာရုန်းထွက်ပြီးသည့်နောက်မှာတော့ ထိုက်ရွှမ်အအေးဂိုဏ်းဆီသို့ လှမ်းလျှောက်လာခဲ့သည်။ သို့ပေမဲ့ သူမသည် ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်နောက် ရပ်တန့်လိုက်တော့၏။ တစ်ဖက်လူအား နောက်ကျောပေးပြီးသည့်နောက်မှာတော့ သူမသည် နှုတ်ခမ်းပါးများကို ကိုက်ကာဖြင့် ပြောလိုက် တော့၏။ “ကျွန်မတို့က အတူတူရှိနေမို့ ကံမပါဘူး။”

စုရှောင်မိုက ပြောလိုက်သည်။ “ရှရွှေယွင် မှတ်ထား။ ကျုပ် စုရှောင်မိုက ထိုင်ရွှမ်အအေးဂိုဏ်းမှာရှိတဲ့ လူတွေအကုန်လုံးကို လိမ်လည်ခဲ့တယ်ဆိုရင်တောင်မှ ခင်ဗျားမပါဘူး။ ခင်ဗျားပေါ်မှာထားတဲ့ ကျုပ်ရဲ့ခံစားချက် တွေက တကယ့်ကို အစစ်အမှန်တွေ။”

ရှရွှေယွင်သည် အသာလျှောက်ထွက်သွားခဲ့တော့၏။ သူမ၏ ပါးအထက်မှာတော့ မျက်ရည်များသည် တလိမ့်လိမ့်နှင့် ကျဆင်းလျက်ရှိနေသည်။

ကျိုးပျက်လျက်ရှိနေသော အဓိကဂိတ်တံခါးကြီးကို နင်းလျှောက်လိုက်ပြီးသည့်အချိန်မှာ တော့ သူမ၏နှလုံးသားထဲတွင်ရှိနေသော ခံစားချက်များအားလုံးကို နှလုံးသားထဲတွင် ထာဝရသိမ်းဆည်းထားရမည် ဖြစ်တော့၏။

ဘုန်း ဘုန်း ဘုန်း

ကျွင်းချောင်ရှောင်းနှင့်လန်ကျင်းထန်တို့သည် ကောင်းကင်ယံထက်တွင် တိုက်ကွက်အနည်းငယ်တိုက်ခိုက်နေ၏။ တစ်ချိန်တည်းမှာပဲ ကျွင်းချောင်ရှောင်း သည် အသံပို့လွှတ်လိုက်၏။ “ရှောင်မို …. မင်းက ယောက်ျားတစ်ယောက်လေ။ တကယ်လို့ မင်းကြိုက်တဲ့မိန်းကလေးတစ်ယောက်ကို တွေ့လာပြီးမှတော့ ဘာလို့ လက်လွှတ်ပေးမှာလဲ။”

ဝှစ် ဝှစ်

ထိုအသံကိုကြားရပြီးချင်းချင်းမှာပဲ စုရှောင်မိုသည် အသာပြေးသွားပြီးသည့်နောက်မှာတော့ ဂိုဏ်းဆီသို့ ငိုယိုကာ လှမ်းလျှောက်လျက်ရှိနေသော ရှရွှေယွင်အား အသာကောက်ချီကာ အလင်းတန်းတစ်ခုအဖြစ်နှင့် ပျံသန်း ထွက်ပြေးသွားတော့၏။

“ကျွန်မကိုလွှတ်”

“မလွှတ်ဘူး။ ဘယ်တော့မှ လွှတ်မှာမဟုတ်ဘူး။ ထာဝရခေါ်သွားမှာပဲ။”

ဝှစ်

ထိုအချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် အလောတကြီးဖြင့် ရောက်ရှိလာခဲ့သည်။ ဂိုဏ်းချုပ်သည် သိုင်းနယ်မြေ ပြည့်စုံသည့်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နေပြီး များပြားလှသည့် စွမ်းအားမြင့်ကျင့်ကြံသူများ၏ ဝိုင်းပတ်ခြင်းကို ခံထားရသည်ကို မြင်ရသည့်အချိန်မှာတော့ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့၏။ “ဂိုဏ်းချုပ် ကျုပ်လာပြီ။”

ဘုန်း

သူ၏ အဝတ်အစားများသည် ပေါက်ကွဲထွက်သွားတော့သည်။ အပိုင်းပိုင်းအစစဖြစ်နေသော အဝတ်အစား၏ အပိုင်း အစများအားလုံးသည် လေထဲတွင် လွှင့်ကာဖြင့် ထွက်ပြေးလျက်ရှိနေသည့် စုရှောင်မို၏ မျက်နှာပေါ်သို့ တင်ကပ်လျက် ရှိနေတော့၏။

ကျိရှု တစ်ယောက် ဂိုဏ်းဝတ်စုံကို စုတ်ပြတ်သပ်အောင် ပြုလုပ်ပြီးပြီးချင်းမှာပဲ ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲများအားလုံးသည် ပျံသန်းရောက်ရှိလာခဲ့ကြသည်။

ထို့အပြင် ၎င်းတို့၏ အနောက်တွင် သားရဲပေါင်းတစ်သိန်းကျော်တို့သည် ကြမ်းတမ်းစွာဖြင့် ပြေးလွှားလာနေ၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း

သားရဲစီးတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ကျုံးရီသည် သူ၏နဂါးသွားဓားမော့ကြီးကို မြှောက်ကိုင်ကာဖြင့် အော်လိုက် သည်။ “တိုက်ခိုက်ဖို့အတွက် အဆင်သင့်ပြင်ထားကြတော့။”

ဝှစ် ဝှစ်

အဖွဲ့ဝင်ပေါင်းတစ်ထောင်ကျော်တို့သည် ဟာရီကိန်းဝံပုလွေများကို စီးနင်းပြီးသည့်နောက်မှာတော့ ၎င်းတို့၏ လက်ထဲတွင်ရှိသော နဂါးသွားလေးများအား လေးညှို့တင်လိုက်တော့သည်။

ကျားစီးတပ်သား၊ ကျားသစ်စီးတပ်သား၊ ခြင်္သေ့စီးတပ်သား ထိုတပ်သားများအသီးသီးတို့သည် ၎င်းတို့၏ နဂါးသွား ဓားမော့များကို ထုတ်ကိုင်ကာ အဆင်သင့်ပြင်ထားကြ၏။

ကောင်းကင်ယံအထက်ဆီမှ လှမ်း၍ကြည့်လိုက်မယ်ဆိုလျှင် ထိုက်ရွှမ်အအေးဂိုဏ်း၏ လေးဘက်လေးရံ အား ပြိုင်စံရှားဂိုဏ်းသည် ဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်သည်။ အချိန်မရွေးကြမ်းတမ်းလွန်းလှသော တိုက်ခိုက်စီးနင်းမှုကြီးကို ပြုလုပ်နိုင်သည့် အခြေအနေတွင် ရှိနေသည်။

ဝှစ် ဝှစ်

လီချင်းယန်ဦးဆောင်သော အတွင်းစည်းတပည့်များအားလုံးတို့သည် ပျံသန်းရောက်ရှိလာခဲ့ကြတော့သည်။ စုရှောင်မို တစ်ယောက် အဆင်ပြေသည်ကို သိရှိပြီးသည့်နောက်မှာတော့ ၎င်းတို့အားလုံးသည် ဂိုဏ်းချုပ်တည်ရှိရာ နေရာဆီသို့ ဦးတည်ကာ ပျံသန်းလိုက်ကြ၏။

ချက်ချင်းပဲ တစ်ဦးတည်းဖြစ်နေသောကြောင့် အားနည်းနေပုံပေါ်နေသော ကျွင်းချောင်ရှောင်းသည် သူ၏ ဂိုဏ်းမှ အကြီးအကဲနှင့် တပည့်များရောက်ရှိလာသည့်အချိန်မှာတော့ အလွန်တရာ အားကောင်းလှသည့် အခြေအနေ အဖြစ်သို့ ပြောင်းပြန်ဖြစ်တည်သွားတော့သည်။

နှစ်ပေါင်းတစ်ထောင်ကျော်ကြာ အချိန်ကြာမြင့်စွာတည်ရှိခဲ့သော ထိုက်ရွှမ်အအေးဂိုဏ်းသည် လက်ရှိအခြေအနေ မှာတော့ အလွန်အားကောင်းလှသော သတ်ဖြတ်ခြင်းအော်ရာများ၏ လွှမ်းမိုးမှုကို ခံနေရပြီဖြစ်သည်။ အဝေးမှကြည့်ရှုလိုက်သည်နှင့်တစ်ပြိုင်နက် ထိတ်လန့်တုန်လှုပ်စရာအခြေအနေမျိုး ဖြစ်နေတော့သည်တကား။

All Chapters