အခန်း (၁၀၇၉)
Vol. 73 Ch. 1079
ထိုက်ရွှမ်အအေးဂိုဏ်း၏ အပေါ်ရှိ လေဟာနယ်ထဲတွင် ဖြစ်တည်နေသော အလွန်အားကောင်းသည့် အော်ရာများသည် အမြန်ပင် အေးခဲသွားတော့၏။
ကူညီရန် ရောက်ရှိလာသော သိုင်းကျင့်ကြံသူတို့၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ကျွင်းချောင်ရှောင်း၏ ခြိမ်းခြောက်ခြင်းကို ခံနေရသောကြောင့်ပင်။ သူတို့သာ ထိုက်ရွှမ် အအေးဂိုဏ်း ဘက်မှ ကူညီလိုက်ပါက ဂိုဏ်းချုပ်ကျွင်းသည် အဆုံးထိ လိုက်ပါ တိုက်ခိုက်မည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။
ဤနေရာတွင် စိတ်ဓာတ်အကျဆုံးသူမှာ မြို့တော်ဝန်ဟန်ပင် ဖြစ်၏။ သူ၏စိတ်ထဲတွင်တော့ ရေရွတ်နေမိ၏။ "ငါဒီနေရာကို ရောက်မလာသင့်ဘူး အိမ်မှာ ရေချိုးနေလို့ရတာကို ဘာလို့လာခဲ့မိပါလိမ့်"
အကယ်၍ ကျွင်းချောင်ရှောင်းနေရာတွင် တခြားအဆင့်တူတစ်ယောက်ယောက်သာ ဆိုပါက သိုင်းကျင့်ကြံသူတို့သည် ဒေါသထွက်ပေလိမ့်မည်။
သို့သော် ပြိုင်စံရှား ဂိုဏ်းချုပ်သည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးအား ကူညီခဲ့သူဖြစ်၏။ ၎င်းတို့အားလုံးအား သေဆုံးရမည့်အခြေအနေမှ လွတ်အောင် ကူညီပေးခဲ့သူဖြစ်၏။ ဤကဲ့သို့သော လူအား တိုက်ခိုက်ရန်မသင့်ဟု ဆုံးဖြတ်လိုက်ကြ၏။
ကျွင်းချောင်ရှောင်းသည် သူငယ်ချင်းမိတ်ဆွေအပေါ် အစွမ်းကုန် ကူညီချင်စိတ်ရှိသူ ဖြစ်၏။ သို့ပေမဲ့ သူသည် ထိုသို့ ကူညီခဲ့ခြင်းကြောင့် ကျေးဇူးကြွေး တင်ရှိနေသည်ဆိုပြီး လုပ်ချင်ရာ လုပ်နေခြင်းမျိုးမဟုတ်ပေ။ သူအနေဖြင့် ထိုကဲ့သို့ မကူညီခဲ့ပါကလည်း လုပ်ချင်ရာ လုပ်နေမည် ဖြစ်၏။ ပြောရမည်ဆိုလျှင် သူသည် ကူညီသင့်သည့်အရာကို ကူညီ၍ ဖျက်စီးချင်သည့် အရာကို ဖျက်စီးတတ်သူဖြစ်၏။
သူ၏စိတ်တွင် အကောင်းနှင့် အဆိုးသည် ဒွန့်တွဲလို့နေလေ၏။ သူ၏ တပည့်များအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်းကို မည်သို့မျှ သည်းခံနေမည်မဟုတ်ချေ။ အထူးသဖြင့် လုချင်းချင်း ပင်ဖြစ်၏။ ဤတပည့်သည်သာ သူ၏ဂိုဏ်းထဲသို့ ဝင်ရောက်မလာပါက ယနေ့ကဲ့သို့သော ပြိုင်စံရှားဂိုဏ်းကို မြင်တွေ့ရမည် မဟုတ်ချေ။
လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ ဒေါသကို ဖြေဖျောက်ရန်မှာ တစ်နည်းသာရှိတော့၏။ ဤသည်မှာ ထိုက်ရွှမ်အအေးဂိုဏ်း၏ အဓိကဟောခန်းမအား ဖျက်စီးလိုက်ခြင်းပင်ဖြစ်၏။ သူ၏ လမ်းတွင် လာရောက် ပိတ်ရပ်နေသူများသည် သူ၏ ရန်သူများပင် ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် ပြိုကြလျက်ရှိနေသော ဂိတ်တံခါးဘေးတွင် မတ်တပ်ရပ်ကာ ထိုက်ရွှမ်အအေးဂိုဏ်း နှင့် ကျင့်ကြံသူများအား ကြည့်ရှုလျက်ရှိသည်။
တောင်ခြေ၌ ရှိနေသော ယွမ်သခင်လေးသည် ကျွင်းချောင်ရှောင်းအား ချီးကျူးနေမိ၏။ သူသည် နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းအား ဤသို့ဖြစ်အောင် ကြိုးစားချင်မိ၏။ သို့သော် သူသည် သေချာအစီအမံချကာ ဆောင်ရွက်ခဲ့သည်ဆိုသော်လည်း အဆင့်သုံးဂိုဏ်းလောက်ကိုသာ တိုက်ခိုက်ရဲ၏။ ထိုကဲ့သို့ အဆင့်တစ်ဂိုဏ်းအား တစ်ယောက်တည်း စိတ်ခေါ်ရန် စဉ်းတောင်မစဉ်းစားဖူးချေ။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ထိုက်ရွှမ် အအေးဂိုဏ်းရှေ့တွင် မတ်မတ်ရပ်ပြီး စိန်ခေါ်လျက်ရှိ၏။ ဤအရာမှာ သူထင်ထားသည်ထက် ကျော်လွန်ကာ အံ့အားသင့်ဖွယ်ကောင်းလွန်းချေ၏။
ဟောခန်းသခင်ကျိ သည်လည်း အံ့အားသင့်လျက်ရှိနေသည်။ ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့ခြင်းသည်သာ သူ၏ အကောင်းဆုံးလုပ်ရပ် ဖြစ်ကြောင်း နားလည်လိုက်မိသည်။ အစက ဂိုဏ်းသို့ ဝင်ခဲ့သည်မှာ အစားအသောက် အတွက်ပင် ဖြစ်၏ ။ လက်ရှိအချိန်မှာတော့ သူသည် ဂိုဏ်းချုပ်ကျွင်းအတွက် အရာအားလုံးကို လုပ်ပေးချင်စိတ် ဖြစ်လို့နေ၏။ ဤသည်မှာ သူလိုချင်သော ဂိုဏ်းချုပ်မျိုးပင် ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ဓားနှင့် အော်ရာများအား ထုတ်ဖော်ပြီးသည့် အချိန်မှာတော့ သူ၏ မျက်လုံးသည် အေးစက်လို့နေ၏။ ပြီးနောက် သူကပြောလိုက်သည်။ "ခင်ဗျားတို့ အခု ထွက်ရင် ထွက်သွား၊ မဟုတ်ရင် ကျုပ်နဲ့သေတဲ့အထိ တိုက်ခိုက်ရလိမ့်မယ်"
"ဂိုဏ်းချုပ်ကျွင်း"
မြို့တော်ဝင်ဟန်သည် မေးလိုက်၏။ "ဒါက ထိုက်ရွှမ်အအေးဂိုဏ်းတစ်ခုတည်း ကို ပစ်မှတ်ထားတာလား"
"သိပ်သေချာတာပေါ့"
ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းကြီးကို ကြည့်ကာ ဒေါသတကြီးပြောလိုက်၏။ "ဒီဂိုဏ်းက ကျုပ်ရဲ့အကြီးဆုံးတပည့်ကို နှင်ထုတ်ပြီး ကျင့်ကြံခြင်းကို ဖျက်စီးခဲ့တယ် ။ ကျုပ်ရဲ့တပည့်အတွက် အမှန်တရားကို ရှာပေးရမယ်"
"ဒီလိုဆိုမှတော့ ခင်ဗျားတို့ ရန်ငြိုးထဲ ကျုပ်တို့မပါတော့ပါဘူး"
မြို့တော်ဝန်ဟန်သည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ "သွားကြရအောင်"
"ဝှစ်"
ပြီးသည့်နောက်မှာတော့ သူသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။ သူသည် ကျွင်းချောင်ရှောင်းနှင့် ဆက်ဆံရေးကောင်းမွန်သူဖြစ်၏။ မည်သို့ပင် ဖြစ်စေ သူသည် ကျွင်းချောင်ရှောင်းနှင့် ဆက်ဆံရေး အပျက်ခံ၍ မဖြစ်ချေ။
စောင့်ကြည့်ရေးမျှော်စင်မှ တောင်းဆိုလာသော အကူအညီကို သူအနေဖြင့် ရေချိုးနေသောကြောင့် မကြားဟုဆိုကာ ငြင်းဆိုလိုက်မည် ဖြစ်၏။
မြို့တော်ဝန် ထွက်ခွာသွားပြီးနောက် အခြား တွေဝေလျက်ရှိသော ကျင့်ကြံသူများသည်လည်း လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ကြားမှာရှိတဲ့ ရန်ငြိုးတွေက ကျုပ်တို့ပါဝင်လို့ မဖြစ်ဘူးလေ ဒီတော့ နှုတ်ဆက်ပါတယ်”
ဝှစ် …. ဝှစ်
ချက်ခြင်းပဲ လာရောက်ကူညီကြတော့ သူများသည် ပြန်လည် ထွက်ခွာသွားကြတော့၏။
ပြိုင်စံရှားဂိုဏ်း၏ အခြေအနေအရဆိုလျှင် ဂိုဏ်းချုပ်တစ်ယောက်တည်းနှင့်ပင် သူတို့အားလုံးအား အနိုင်တိုက်နိုင်စွမ်း ရှိ၏။ စာလုံးများ ရေးထိုးထားသော ဓားကြီးအား ကိုင်ဆောင်တိုက်ခိုက်လိုက်လျှင် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းကြောင်း သူတို့ သိရှိပြီးဖြစ်သည်။
ခရမ်းရောင် ဘုရင် ပေါ်လာသည်ဆိုသော်လည်း ၎င်းသည် ကျွင်းချောင်ရှောင်း၏ စကားအား နာခံသူဖြစ်၏။ ထို့ကြောင့် သူတို့အနေဖြင့် ဤကိစ္စကို မရှိသလို သဘောထားလိုက်ရုံသာ ရှိတော့၏။
သို့ပေမဲ့ သူတို့သည် ဂိုဏ်းသို့ပြန်သွားကြခြင်းမဟုတ်ချေ။ ခပ်လှမ်းလှမ်းတစ်နေရာတွင် ရပ်ကာ ပွဲကို ဆက်လက် ကြည့်ရှုနေကြသည်။
"ထိုက်ရွှမ် အအေးဂိုဏ်းက ပြိုင်စံရှားဂိုဏ်းကို အပြစ်ပြုမိတာပဲ။ အကြီးဆုံးတပည့် ဆိုတာ လုချင်းချင်းကို ပြောတာမဟုတ်လား။ ဟိုတလောတုန်းကပဲ ဒီတပည့် အတွက်နဲ့ အနောက်မြောက်မှာရှိတဲ့ ရေခဲနန်းတော်ကို ဖျက်စီးလုနီးပါးဖြစ်ခဲ့သေးတယ်မလား”
“ဂိုဏ်းချုပ်ကျွင်းက သူ့တပည့်တွေကို ကာကွယ်တဲ့နေရာမှာ အတော့်ကို ကြမ်းတာပဲ"
"လုချင်းချင်းက အရမ်းလှတယ်လေ။ ပြီးတော့ အသက်ကလည်း တူတူလောက်ပဲ။ ဆရာနဲ့တပည့် ဆိုပေမဲ့ သူတို့ကြားမှာ ပြောပြလို့မရတဲ့ ဆက်နွယ်မှုလဲ ရှိရင်ရှိနေမှာပေါ့" ကျင့်ကြံသူတို့သည် တီးတိုး ဆွေးနွေးလျက်ရှိနေကြ၏။
ထိုက်ရွှမ်အအေးဂိုဏ်း ….
ဂိုဏ်းချုပ်နှင့် အခြားသူများသည် စစ်ကူများရောက်လာချိန်မှာတော့ ကျွင်းချောင်ရှောင်းနှင့် ရင်ဆိုင်ရန် ယုံကြည်ချက်ရှိသွား၏။ သို့သော် ရောက်ရှိလာသူတို့သည် အလျင်အမြန် ပျောက်ကွယ်သွား၏။
"ဂိုဏ်းချုပ်ကျွင်း "
လန်ကျင်းထန်သည် အဓိကဟောခန်း၏ ရှေ့တွင်ရပ်လျက်ရှိပြီး ပြောလိုက်သည်။ "လုချင်းချင်း ဂိုဏ်းကနေ အထုတ်ခံရတုန်းက မင်းရဲ့ပြိုင်စံရှားဂိုဏ်းကို မဝင်ရသေးဘူးမလား ဘာလို့ငါတို့ကို လာပြီးတော့ ရှုပ်နေရတာလဲ"
၎င်းသည် ကျွင်းချောင်ရှောင်းနှင့် တိုက်ခိုက်ပြီးနောက် အနိုင်ယူ တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ကြောင်း သိလိုက်၏ ။ ထို့ပြင် တိုက်ပွဲသည် သူတို့၏ နေရာတွင် ဖြစ်နေခြင်းဖြစ်၏။ တိုက်ခိုက်မည် ဆိုပါက မည်သို့မျှ အကျိုးကျေးဇူးမရရှိပေ။
ကျွင်းချောင်ရှောင်းသည် ဤသို့ပြောလိုက်၏။ "ကျုပ်ရဲ့ အကြီးဆုံးတပည့်ကြီးက ဘာပြစ်မှုတွေကျူးလွန်ခဲ့လို့ ဂိုဏ်းကနေထုတ်ပြီး ကျင့်ကြံခြင်းပါ ဖျက်စီးလိုက်ရတာလဲ"
လန်ကျင်းထန်သည် ဆွံ့အသွားခဲ့၏။ သူသည် ဂိုဏ်းမှ အထုတ်ခံရသည်ကိုသာ သိ၏။ အကြီးအကဲများက ကျင့်ကြံခြင်းကို ဖျက်စီးလိုက်လိမ့်မည်ဟု သူမထင်ခဲ့ချေ။ ထို့ပြင် သေဆုံးသွားသောဘိုးဘေး အကြီးအကဲသည် ထိုမိန်းကလေးအား အလွန်နှစ်သက်၏။ ဤမိန်းကလေး တစ်စုံတစ်ရာမှားယွင်းခဲ့သည် ဆိုတောင်မှ ကျင့်ကြံခြင်း ဖျက်စီးလိုက်ခြင်းမှာ မဖြစ်သင့်သည့် ကိစ္စသာ ဖြစ်တော့သည်။
"ခင်ဗျား မသိသေးဘူးထင်တယ်"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာငဲ့၍ပြောလိုက်၏။ ပြီးနောက် ထိုက်ရွှမ် အအေးဂိုဏ်းချုပ်ကို ကြည့်လိုက်၏။ "ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်အနေနဲ့ ခင်ဗျားကတော့ သိလိမ့်မယ် …. ကျုပ်ကြားချင်တယ်"
ထိုက်ရွှမ် အအေးဂိုဏ်းချုပ်သည် ဆွံအသွားခဲ့၏။
ထိုအချိန်မှာတော့ အကြီးအကဲရှိုသည် ပြောလိုက်တော့သည်။ "လုချင်းချင်းရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးဖို့ဆိုတာ ကျွန်မရဲ့အကြံပါ ။ ကျွန်မက လက်စားချေ..."
"ဘန်း"
ကျွင်းချောင်ရှောင်သည် သူမ၏ ရှေ့တွင် ရုတ်တရက်ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ သူမသည် နောက်သို့လွင့်စင်သွားတော့၏။
"စုန်းမကြီး"
အကြီးအကဲရှို သည် အကန်ခံပြီးနောက် နံရံနှင့်တိုက်မိသည်အထိ လွင့်စင်ထွက်သွားသည်။ သူမ၏ အတွင်းကလီစာများသည် ပျက်စီးကုန်တော့၏။ ကံကောင်း၍ အသက်ရှင်မည် ဆိုတောင်မှ သူမသည် ဒုက္ခိတ အနေဖြင့် တစ်သက်လုံးနေသွားရတော့မည် ဖြစ်သည်။
“………” အဝေးမှကြည့်နေသော ကျင့်ကြံသူများ၏ နှုတ်ခမ်းသည် တဆတ်ဆတ် နှင့် တုန်ယင်နေ၏။ ဂိုဏ်းချုပ်ကျွင်းသည် အကြီးအကဲလျိုအား တစ်ချက်တည်းသာ ကန်ခဲ့၏။ သူမသည် သိုင်းနယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလား။
"ဝှစ်"
ကျွင်းချောင်ရှောင်းသည် လက်ကို အသာမြောက်လိုက်ပြီး သူ၏ စိတ်ဝိညာဉ် စွမ်းအားဖြင့် ဆွဲခေါ်လိုက်၏။ ပြီးသည့်နောက်မှာတော့ပြောလိုက်၏။ "ဒီမိန်းမက ကျုပ်တပည့်ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးခဲ့တာဆိုတော့ ကျုပ်အနေနဲ့ ပြန်ပြီးတော့ ဖျက်စီးပစ်ရမယ်"
"ဝှစ်ဝှစ်"
ထိုက်ရွှမ် အအေးဂိုဏ်း၏ ဂိုဏ်းချုပ်တို့မှာလည်း တည်နေရာတွင် ရပ်လျက်ရှိနေကြ၏။ အဘယ်ကြောင့်ဆိုသော် တောင်၏အဝေးတစ်နေရာရှိ အမြောက်ကြီးသည် သူတို့အား ချိန်ရွယ်ထား၏။ ထို့ပြင် သားရဲတို့မှာလည်း တောင်ခြေတွင်ရှိလို့နေ၏။ ပြိုင်စံရှားဂိုဏ်း၏ သိုင်းအုပ်စိုးသူတို့မှာလည်း ကျွင်းချောင်ရှောင်း၏ နောက်တွင် ရှိနေကြ၏။
"ဝှစ်"
ဤအချိန်မှာတော့ အချုပ်ခံထားရသော ဖန်းလင်းယု သည် လန့်နိုးလာပြီးနောက် အလန့်တကြားဖြင့် အော်ဟစ်လိုက်မိ၏။ ကျွင်းချောင်ရှောင်းသည် သူမအား သတ်ပစ်ချင်သော်လည်း ဘာမှန်းမသိသည့် အဖြစ်နှင့်တော့သေဆုံးရန်မလိုလားချေ။
ချုပ်နှောင်ခံထားရသော ဖန်းလင်းယုသည် တစ်ကိုယ်လုံး ကြောက်မက်ဖွယ်ကောင်းအောင် နာကျင်လျက်ရှိ၏။ ဂိုဏ်းချုပ်နှင့် အခြားသူများအား မြင်လိုက်ရသည့်နောက်မှာတော့ အကူအညီရရန်အော်ဟစ်လိုက်၏။ "ဂိုဏ်းချုပ် ကယ်ပါအုံး"
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ဖြင့်ဆွဲယူကာပြောလိုက်သည်။ "ဒီလောကကြီးထဲမှာ မင်းကိုကယ်နိုင်တဲ့သူတစ်ယောက်မှမရှိဘူး"
ဖန်းလင်းယု ၏ နှလုံးသားတစ်ခုလုံးသည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူမသည် အလွန်ချောက်ခြားနေမိ၏။
"သေစမ်း"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်ပြီးသည့်နောက်မှာတော့ ဖန်းလင်းယု အား လေထဲသို့ပစ်တင်လိုက်၏။
ထိုက်ရွှမ် အအေးဂိုဏ်းချုပ်သည် အလွန်တရာ ထိတ်လန့်သွား၏။ ဖန်းလင်းယု ဆိုသည်မှာ သူတို့ သေချာပျိုးထောင်ခဲ့သော တပည့်ဖြစ်လို့နေ၏။ သူမသာ အသတ်ခံရပါက ထိုက်ရွှမ် အအေးဂိုဏ်း၏ ဂုဏ်သတင်းသည် ထိုးကျသွားပေလိမ့်မည်။
"ဂိုဏ်းချုပ်"
ရုတ်တရက် အဝေးတစ်နေရာမှာတော့ အသံတစ်ခုကိုကြားလိုက်ရ၏။ ကျင့်ကြံသူများအားလုံးသည် လှမ်း၍ကြည့်လိုက်ချိန်မှာတော့ နှင်းကဲ့သို့ ဖြူဖွေးလှသော အသားအရေနှင့် မိန်းကလေးသည် ရောက်ရှိလာတော့၏။
လုချင်းချင်း ……. သူသည် ဂိုဏ်းနှစ်ဂိုဏ်း၏ အဓိက ပြဿနာအရင်းအမြစ်ပင် ဖြစ်၏။
"စီနီယာအစ်မကြီး … ဘာလို့ရောက်လာတာလဲ"
လီချင်းယန် ၊ ရှောင်ကျီနှင့် အခြားသူများသည် ဆွံ့အသွားခဲ့၏။ အကြောင်းကြားစာပို့ချိန်တွင် သူတို့သည် လုချင်းချင်းမှ လွဲ၍ အခြားသူများ အားလုံးအား ညွှန်ကြားခဲ့သည်။ သို့ပေမဲ့ အဘယ့်ကြောင့် သိရှိပြီး လိုက်လာရသနည်း။
"ချင်းချင်း"
ကျွင်းချောင်ရှောင်းသည် ဖန်းလင်းယု ကို လေထဲတွင် ကိုင်မြောက်ကာပြောလိုက်၏။ "မင်းခံစားခဲ့ရတာတွေအတွက် လက်စားပြန်ချေပေးမယ်။ ပြီးတော့ ထိုက်ရွှမ် အအေးဂိုဏ်းရဲ့ ခန်းမကိုလည်း ဖျက်စီးပစ်မယ်"
"ဘုတ်"
လုချင်းချင်းသည် ရုတ်တရက် ဒူးထောက်ချလိုက်၏။ သူမ၏ မျက်နှာသည် နှင်းစက်များဖြင့် ဖုံးလွှမ်းလို့နေ၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်၏။ "ကျွန်မ ထိုက်ရွှမ်အအေးဂိုဏ်းနဲ့ ဘာမှမသက်ဆိုင်တော့ဘူး သူတို့ကို ခက်ခဲအောင် မလုပ်ပါနဲ့တော့ "
"စီနီယာအစ်မကြီး" လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသူများ အားလုံးသည် မယုံကြည်နိုင်စွာ ဖြစ်သွားကြသည်။
ကျွင်းချောင်ရှောင်းသည်လည်း ကြောင်အသွားမိ၏။
ရေခဲကဲ့သို့ အေးစက်လှသော ထိုမိန်းကလေးသည် ထိုက်ရွှမ် အအေးဂိုဏ်းအတွက် သူမ၏ ရှေ့တွင် ဒူးထောက်လို့နေ၏။ မဟုတ်သေးချေ သူမ၏ ဦးနှောက်သည် မြည်းကန်ခံလိုက်ရသည်လား။
"ထ"
ကျွင်းချောင်ရှောင်း၏ ဒေါသမျာသည် လုချင်းချင်း မြေပေါ်သို့ ဒူးထောက်လိုက်သည့် အချိန်မှစ၍ လျော့ကျသွားခဲ့၏။ "ကြမ်းပြင်က အေးတယ်"
လုချင်းချင်းသည် မထသေးချေ။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် ထိုက်ရွှမ် အအေးဂိုဏ်းအား လက်လွှတ်ပေးမည့် ရည်ရွယ်ချက် မရှိသေးသောကြောင့် ဖြစ်သည်။
"အင်း"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။ "ငါ့တပည့်တွေ ခံစားနေရတာကို မကြည့်ရက်ဘူး"
ပြီးနောက်သူသည် အော်ရာများကို ရုတ်သိမ်းပြီး ဖန်းလင်းယုအား အောက်သို့ ချလိုက်တော့သည်။
အပြင်းအထန် တိုက်ခိုက်ရန် မောင်းတင်ကာ ပြင်ဆင်နေသော ခရမ်းရောင်ဘုရင်သည်လည်း ဆွံ့အသွားတော့၏။
……..
"အဆင့်တစ် တိုက်ခိုက်မှုပုံစံ … ရုတ်သိမ်းမယ်"
ကျုံးရီ ၏ အော်ဟစ်မှုနှင့်အတူ သားရဲစစ်တပ်သည် နောက်သို့ဆုတ်သွားခဲ့၏။
ထိုက်ရွှမ် အအေးဂိုဏ်း၏ ပတ်ဝန်းကျင်ရှိ တင်းမာနေသော အခြေအနေမှာလည်း အနည်းငယ် လျော့ကျသွားခဲ့သည်။
"တစ်ကယ်လို့ကျုပ်ရဲ့အကြီးဆုံးတပည့်သာ လာပြီးမတောင်းပန်ဘူးဆိုရင် ခင်ဗျားတို့ကို ကျုပ်က ချမ်းသာပေးမှာ မဟုတ်ဘူး" ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ် အအေးဂိုဏ်းချုပ်နှင့် အကြီးအကဲများအား ကြည့်ပြီး သူ၏ ဝတ်စုံအား အသာခါယမ်းပြီးပြောလိုက်၏။
"ပြန်ကြရအောင် "
ထိုအချိန်တွင် လုချင်းချင်းသည် ခုန်ဆင်းလာကာ အသက်ပြင်းပြင်းရှုနေသော ဖန်းလင်းယု၏ ရှေ့တွင် ရပ်ကာပြောလိုက်သည်။ "ထ …. ငါနဲ့သေတဲ့အထိ တိုက်ခိုက်ရအောင် "
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ယင်သွား၏။ ဤမိန်းကလေးသည် ကိုယ်တိုင် တိုက်ခိုက်ချင်သောကြောင့်သာ သူ့အား လာရောက် တားဆီးနေခြင်း ဖြစ်နေလေသည်။