← Chapters

အခန်း (၁၀၈၂)

Vol. 73 Ch. 1082

အခန်း (၁၀၈၂)

Vol. 73 Ch. 1082

ထိုက်ရွှမ်အအေးဂိုဏ်း၏ ဂိုဏ်းချုပ် နှုတ်ထွက်သွားခြင်းသတင်းနှင့် တတိယအကြီးအကဲသည် လက်ရှိဂိုဏ်းချုပ် နေရာကို ခဏတာ တာဝန်ယူထားသည်ဆိုသည့်သတင်းသည် ကျင့်ကြံခြင်းလောက တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

ထိပ်သီးဂိုဏ်းတစ်ခုဖြစ်သည်မို့ အတွင်းရေးကိစ္စများအားလုံး …. အထူးသဖြင့် ဂိုဏ်းချုပ်အပြောင်းအလဲနှင့် ပတ်သက်၍ အလွန်တရာ အရေးကြီးသည့်ကိစ္စရပ်ပင် ဖြစ်တော့သည်။

ဟုတ်ပေသည်။ အရင်ဂိုဏ်းချုပ် နှုတ်ထွက်ရခြင်းကိစ္စသည် ကျွင်းချောင်ရှောင်းနှင့် ပတ်သက်နေသည် ဖြစ်ကြောင်း များပြားလှသော ကျင့်ကြံသူများက သိရှိကြ၏။ ထို့ကြောင့် သူတို့အားလုံးသည် တီးတိုးဆွေးနွေးလျက် ရှိနေကြ၏။ “ထိပ်တန်းဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ရာထူးကိုတောင်မှ အတက်အဆင်းဖြစ်အောင် ပြုလုပ်ခဲ့တာပဲ”

“လုချင်းချင်းက ပြိုင်စံရှားဂိုဏ်းရဲ့ ပထမဦးဆုံး တပည့်ကြီး ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”

“ကျွင်းချောင်ရှောင်းက သူ့ရဲ့တပည့်တွေကို အရမ်း ကာကွယ်ပေးတတ်တယ်လေ။ သူ့တပည့်ရဲ့ ကျင့်ကြံခြင်းက ဖျက်ဆီးခံလိုက်ရတယ်ဆိုတဲ့ သတင်းကို ကြားတဲ့အချိန်မှာ ထိုက်ရွှမ်အအေးဂိုဏ်းတစ်ခုလုံး မဖျက်ဆီး ခံလိုက်ရ တာကိုက တော်တော် ကံကောင်းနေပြီ”

“ဒီကိစ္စက ဒီလိုနဲ့ ပြီးသွားမှာ မဟုတ်တာကို စိုးရိမ်မိတယ်”

များပြားလှသော လူများအားလုံးသည် သူတို့၏ ထင်မြင်ချက်များအတိုင်း ပြောဆိုဆွေးနွေးလျက် ရှိနေကြ၏။

ပြိုင်စံရှားဂိုဏ်းအား မည်သူသည် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ဖို့ သတ္တိရှိနေသနည်း။ လက်ရှိအခြေအနေမှာတော့ ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်သည် ကြောက်ခမန်းလိလိ တိုးတက်လာခဲ့ပြီ ဖြစ်သည်ကို အားလုံးက သိရှိ နားလည်ပြီးသား ဖြစ်တော့သည်။

သို့ပေမဲ့ ထိုက်ရွှမ်အအေးဂိုဏ်းအနေဖြင့် မကျေနပ်ဘဲ ပြန်လည် တိုက်ခိုက်မည့်သတင်းကို အားလုံးသော သူတို့ စောင့်မျှော်နေစဉ်မှာပဲ ကြီးမားလှသော သတင်းကြီးတစ်ခုသည် သူတို့နားထဲသို့ ရောက်ရှိလာခဲ့၏။

ထိုအရာမှာ ကျွင်းချောင်ရှောင်းသည် မင်္ဂလာခန်းဝင်ပစ္စည်းများကို ယူဆောင်လာပြီး ထိုက်ရွှမ်အအေးဂိုဏ်းဆီသို့ သွားကာ မိန်းမသွားတောင်းသည်ဆိုသောစကားပင် ဖြစ်တော့သည်။

များပြားလှသော ကျင့်ကြံသူများ အားလုံးသည် ထိုသတင်းကို ကြားရသည့်အချိန်မှာတော့ ဆွံ့အသွားခဲ့ကြ၏။ သူသည် တစ်ဖက်ဂိုဏ်း၏ ဂိုဏ်းချုပ်ကို ဆင်းသက် သွားအောင် ပြုလုပ်ခဲ့ပြီးသည့်အပြင် မည်ကဲ့သို့သော မျက်နှာဖြင့်သွားကာ လက်ထပ်ထိမ်းမြားရန် မြန်းလေသနည်း။

ကျွင်းချောင်ရှောင်း မည်သို့သော ကစားကွက်များကို ကစားလို့နေသနည်း ဆိုသည်ကို သူတို့ နားမလည် နိုင်တော့ချေ။

ဟုတ်ပေသည်။ ထိုက်ရွှမ်အအေးဂိုဏ်း၏ ထိပ်တန်းအကြီးအကဲများ အားလုံးသည်လည်း ဤကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးလျက် ရှိနေကြ၏။

“အားလုံးပဲ”

ဂိုဏ်းချုပ်ရာထူးကို ခဏတာ တာဝန်ယူထားခဲ့သော ယုလင်ယွမ်သည် စားပွဲ၏ထိပ် တည်နေရာတွင် ထိုင်လျက်ရှိပြီး မျက်မှောင်ကုတ်ကာ ပြောလိုက်မိ၏။ “မကြာခင်မှာ ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်က သူ့ရဲ့တပည့်ကို ခေါ်လာပြီးတော့ တရားဝင်လာပြီး မြန်းလိမ့်မယ်လေ။ ခင်ဗျားတို့ ဘယ်လိုထင်လဲ”

“..........”

အကြီးအကဲများ၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူတို့၏ ဂိုဏ်းအား ကြီးမား လှသည့် ပျက်စီးမှုများဖြစ်ပေါ်အောင် ပြုလုပ်ပြီးသည့်နောက် မည်သည့်မျက်နှာနှင့် လာရောက်ကာ လက်ထပ် ထိန်းမြားရန် မြန်းလေသနည်း။ သို့မဟုတ် ထိုက်ရွှမ်အအေးဂိုဏ်းသည် လွယ်လွယ်ကူကူနှင့် အနိုင်ကျင့်လို့ရသည်ဟု တစ်ဖက်လူများက ထင်မှတ်နေသည်လား မသိချေ။

“ဂိုဏ်းချုပ်”

အကြီးအကဲစွန်းက ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက ကျုပ်တို့နဲ့ ရန်ငြိုး ရှိတယ်ဆိုပေမဲ့ ဒီကိစ္စက အကြီးအကဲရှိုနဲ့ ဖန်းလင်းယုအပေါ်မှာပဲ မူတည်ပြီး ဖြစ်ပွားခဲ့တာလေ။ အခု သူတို့ရဲ့ ကျင့်ကြံခြင်းတွေက ဖျက်ဆီးခံလိုက်ရပြီဆိုတော့ ရန်ငြိုးကိစ္စတွေက ပြီးသွားပြီလေ။ ကျုပ်တို့ ဘာလို့ သူတို့နဲ့ မိတ်ဆွေမဖွဲ့ရမှာလဲ”

“ဒါက မှန်တယ်” တခြားသော အကြီးအကဲတစ်ယောက်သည် ဘေးတစ်ဖက်မှ ဝင်၍ သဘောတူညီလိုက်၏။

ဤလောကကြီးတွင် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်ကို မသိသူဟူ၍ မည်သူ ရှိသနည်း။ အထူးသဖြင့် ဂိုဏ်းချုပ်ကျွင်း လာရောက် တိုက်ခိုက်သည့်အချိန်တွင် များပြားလှသော စိတ်ဝိညာဉ်သားရဲများကို လည်း ခေါ်ဆောင်လာခဲ့သေးသည်။ ထိုအကောင်အရေအတွက်သည် တစ်သိန်းနီးပါးခန့်ပင် ရှိနေတော့၏။ ဤအရာမှာ လောကကြီးတစ်ခုလုံးကိုပင် ထိတ်လန့်တုန်လှုပ်စေ၏။

ထိုကဲ့သို့သော ဂိုဏ်းမျိုးနှင့် ပြဿနာတက်မည် ဆိုလျှင် ဦးနှောက်မှာ မြင်းကန် ခံထားရသောကြောင့်သာ ဖြစ်ပေလိမ့်မည်။ အဆုံးစွန်သော စွမ်းအားများ၏ရှေ့တွင် ထိပ်တန်းဂိုဏ်းများဆိုလျှင်တောင်မှ ဤအရာကို ရှုံးနိမ့်သည်ဟု ဝန်ခံရပေလိမ့်မည်။

အကြီးအကဲစွန်းက ပြောလိုက်သည်။ “ဒုတိယဂိုဏ်းချုပ်ရှ... ကျွင်းချောင်ရှောင်း ဒီနေရာကိုလာပြီးတော့ လက်ထပ် ထိမ်းမြားဖို့ မြန်းတယ်ဆိုတာက ခင်ဗျားရဲ့ မြေးမအပေါ် မူတည်တယ်နော်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ခင်ဗျားရဲ့ အထင်အမြင်ကိုလည်း ပြောသင့်တယ်”

အားလုံးသည် အခုမှ ဒုတိယဂိုဏ်းချုပ်အဖြစ် ရာထူး တိုးမြှင့်ခံလိုက်ရသော ရှထန်းယီ ဆီသို့ လှမ်း၍ ကြည့်လိုက်၏။ ၎င်းတို့အားလုံးသည် ရှထန်းယီ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်လျက်ရှိနေ၏။

“အကြီးအကဲရှ”

ယုလင်ယွမ်သည် လေးနက်စွာဖြင့် ပြောလိုက်၏။ “သေသေချာချာ စဉ်းစားသင့်တယ်လေ”

အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် ပြိုင်စံရှားဂိုဏ်းနှင့် ဆက်ဆံရေး မကောင်းသည့် အခြေအနေမျိုးကို မဖြစ်စေချင်ပေ။ လက်ရှိအခြေအနေမှာ ကျွင်းချောင်ရှောင်းသည် လက်ထပ်ထိမ်းမြားရန် လာ၍ မြန်းလျက် ရှိနေ၏။ ထို့ကြောင့် မိတ်ဆွေများအဖြစ် ဖွဲ့စည်းမည်ဟူသည့် သတင်းအချက်အလက်ပင် ဖြစ်ပေလိမ့်မည်။ သူသာ ငြင်းပယ် လိုက်မည်ဆိုပါက ပြဿနာကြီး ထပ်တက်မှာ စိုးရ၏။

အားလုံးသော သူများသည် သူ့အား ကြည့်ရှုနေသည်ကို သိရှိပြီးသည့်နောက်မှာတော့ ရှထန်းယီသည် ဖြစ်ပေါ်လာ သည့် ဖိအားများကို ခုခံကာ ပြောလိုက်တော့၏။ “ကျုပ်... တူညီတဲ့အရာကိုပဲ ပြောမယ်လေ။ ရွှေယွင်ရဲ့ လက်ထပ်မှုက သူမပဲ ဆုံးဖြတ်လို့ရမှာ”

“.........”

ယုလင်ယွမ်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီမိန်းကလေးက အခု ဂိုဏ်းထဲမှာ မရှိဘူးလေ။ ဘယ်လိုလုပ် ဆုံးဖြတ်ခိုင်းရမှာလဲ”

“သတင်းပို့ပါတယ်”

တပည့်တစ်ယောက်သည် ရောက်ရှိလာကာ ပြောလိုက်သည်။ “ညီမလေးရှ ပြန်လာပါပြီ”

“ကောင်းတယ်။ ကောင်းတယ်”

ယုလင်ယွမ်သည် အလျင်အမြန်ပဲ ပြောလိုက်၏။ “မြန်မြန်၊ မြန်မြန် သူမကို အဓိက ဟောခန်းဆီ ခေါ်လာခဲ့ကြ”

“ကောင်းပါပြီ”

................

ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ရှရွှေယွင်သည် အဓိကဟောခန်းထဲသို့ ဝင်ရောက်လာခဲ့၏။ ဂိုဏ်းချုပ်နှင့် သူမ၏ အဘိုးသည် တစ်စုံတစ်ခုကို မပြောရသေးခင်မှာပဲ သူမသည် မြေပေါ်သို့ ဒူးထောက်ထိုင်ချကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်... ဒီလက်ထပ်ပွဲကို ကျွန်မ သဘောတူပါတယ်”

ယုလင်ယွမ်သည် စိတ်သက်သာရာ ရသလို သက်ပြင်းရှည်ကြီး ချလိုက်၏။ အဓိက လက်ထပ်ရမည့်လူသည် သဘောတူလိုက်ပြီ ဆိုသော်ကြောင့် သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်းနှင့် ကောင်းမွန်သည့် ခရီးလမ်းကို လျှောက်လှမ်း ရမည်ဟု ဆိုလိုပြီးဖြစ်၏။ အချက်အလက်အားဖြင့် ရှရွှေယွင်သည်သာ သဘောမတူညီသည်ဆိုပါက ထိုက်ရွှမ် အအေးဂိုဏ်းမှ ထိပ်တန်းအကြီးအကဲများ အားလုံးသည် သူမအား အကျိုးအကြောင်းများကို ဆီလျော်တတ်အောင် ပြောဆိုဆွေးနွေး၍ နှစ်သိမ့်ပေးကြမှာ သေချာတော့သည်။ ထို့အပြင် ပြိုင်စံရှားဂိုဏ်း၏ ပြဿနာသည် ကြီးမားလွန်း လှချေ၏။

“ရွှေယွင်”

ရှထန်းယီသည် လေးနက်စွာ ပြောလိုက်၏။ “ဒီကလေးက မင်းကို လက်ထပ်ဖို့ အတင်းဖိအားပေးခဲ့တာလား” သူသည် ဂိုဏ်း၏ ကိစ္စရပ်များနှင့် နှိုင်းယှဉ်မည်ဆိုပါက သူ၏ မြေးလေး၏ ပျော်ရွှင်မှုကိုသာ ပိုမိုကာ ဦးစားပေးချင်၏။ ထို့အပြင် သူမသည် သူ၏ အချစ်မြတ်နိုးဆုံးသော မြေးလေးတစ်ယောက် ဖြစ်သည်မို့ ဘဝ တစ်ခုလုံး၏ ပျော်ရွှင်မှုသည် သူမအပေါ်တွင် မူတည်နေသည် ဖြစ်ကြောင်းကို ကောင်းကောင်းသိ၏။ သူ့အနေနှင့် မည်သည့်ဖိအားကိုမှ မပေးချင်ပေ။

“အဘိုး”

ရှရွှေယွင်က ပြောလိုက်သည်။ “အဘိုးရဲ့ မြေးက ကိုယ့်စိတ်ကူးနဲ့ကိုယ် ရှိတယ်ဆိုတာကို အဘိုး သိမှာပါ။ တကယ်လို့ စိတ်မပါဘူးဆိုရင် ဘယ်သူမှ အတင်းဖိအားပေးလို့ မရပါဘူး။

ရှထန်းယီသည် တိတ်ဆိတ် ငြိမ်သက်သွားမိ၏။ ပြီးနောက် သက်ပြင်းချလိုက်သည်။ "ဒါဆိုရင် မင်းရဲ့ရွေးချယ်မှု ဆိုမှတော့ ငါတားဆီးမှာ မဟုတ်တော့ပါဘူး"

"ဒါဆိုရင်လည်း ဆုံးဖြတ်လိုက်ပြီ"

ယုလင်ယွမ်သည် ပြောလိုက်တော့၏။ "ထိုက်ရွှမ်အအေးဂိုဏ်းက ဒီလာမြန်းတဲ့ ကိစ္စကို သဘောတူတယ်"

...........

သုံးရက်ကြာမြင့်ပြီးသည့်နောက်မှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ်အအေးဂိုဏ်းဆီသို့ ထပ်မံကာ ရောက်ရှိလာခဲ့၏။ သူနှင့်အတူ လက်ထပ်ပွဲအတွက် လာရောက်မြန်းသည့် သတို့သားလောင်း စုရှောင်မိုနှင့် ကျန့်ရာ၊ တင်းရှင်းဝမ်နှင့် ကုန်းစွန်းဟောင်းဟိုင်တို့အပြင် တခြားသော ပြိုင်စံရှား ဂိုဏ်းမှ အကြီးအကဲများလည်း ပါဝင်လာခဲ့ကြသည်။

ယုလင်ယွမ်သည် အကောင်းဆုံး ဧည့်ခံလိုက်တော့၏။ ဂိုဏ်းနှစ်ခုကြားတွင်ဖြစ်သော အငြိုးအတေးများ အားလုံး သည် အရင်ဂိုဏ်းချုပ် တာဝန်မှ ဆင်းသက်သွားပြီးသည့်နောက် ပျောက်ကွယ်သွားပြီဖြစ်သည်။ လက်ရှိ အခြေအနေမှာတော့ ယုလင်ယွမ်သည် သူတာဝန်ယူထားသည့်အချိန်အတွင်း ပြိုင်စံရှားဂိုဏ်းနှင့် အကောင်းဆုံး သော ချစ်ခင်ရင်းနှီးမှုကို ရယူမည်ဟု ဆုံးဖြတ်ထားခဲ့၏။

"ဒုတိယဂိုဏ်းချုပ်ရှ"

အဓိကဟောခန်းထဲသို့ ဝင်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကြီးမားလှသော သေတ္တာကြီးဆယ်ခုကို ယူဆောင်လာပြီးနောက် ပြောလိုက်သည်။ "ဒါက တင်တောင်းငွေတွေပါပဲ။ ဆဋ္ဌဂံကြယ် ကျောက်တုံး တစ်သိန်း တိတိကို ယူလာတယ်။ ဒါကို နည်းတယ်ဆိုပြီး မရယ်ပါနဲ့"

စုရှောင်မိုက ကြောင်အသွားခဲ့သည်။ ဂိုဏ်းချုပ်သည် အစစ်အမှန်ပဲ ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးများကို မင်္ဂလာလက်ဖွဲ့အဖြစ် အသုံးပြုလျက် ရှိနေ၏။ ထို့အပြင် ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းတိတိတောင် ပေးနေသေး၏။

"မဟုတ်... မဟုတ်" သူသည် စိတ်လှုပ်ရှားလွန်းသောကြောင့် ငိုချင်စိတ်ပင် ပေါက်မိနေသည်။

"ဆဋ္ဌဂံကြယ်ကျောက်တုံး ဟုတ်လား" ယုလင်ယွမ်နှင့် တခြားသော အကြီးအကဲများသည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့အားလုံးသည် ထိုစိတ်ဝိညာဉ်ကျောက်တုံးအကြောင်းနှင့်ပတ်သက်၍ မကြားဖူးခဲ့ချေ။

ကျွင်းချောင်ရှောင်းက ရှင်းပြလိုက်သည်။ "ဒါက ဘုံကိုးပါးကုန်းမြေတိုက်ကြီးရဲ့ သိုင်းအရင်းအမြစ်ပဲလေ။ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးကို ဝင်ရောက်သွားတဲ့ ပထမဦးဆုံး အသုတ်ရဲ့ စွမ်းအားမြင့် ကျင့်ကြံသူတွေဆိုရင် ဒီကိစ္စကို ကောင်းကောင်းသိကြတယ်။ ဒီအထဲမှာ ပါဝင်တဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက ကျုပ်ကို ကြယ်ကြွေ ကုန်းမြေတိုက်ကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေထက် ဆယ်ဆပိုပြီး အားကောင်းတယ်"

"ဘာ...." ယုလင်ယွမ်နှင့် တခြားသောသူများအားလုံးသည် မျက်လုံးပြူးသွားမိ၏။ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးသည် သူတို့တွင်ရှိသော စိတ်ဝိညာဉ်ကျောက်တုံးထက် ဆယ်ဆပို၍ အားကောင်းသည်ဆိုလျှင် စိတ်ဝိညာဉ် ကျောက်တုံးတစ်သိန်းဆိုသည်မှာ တစ်သန်းပေးသည်နှင့် တူညီနေသည် မဟုတ်ပါလား။ ဤအရာမှာ အလွန်တရာ ကြီးမားလှသော ပမာဏပင် ဖြစ်သည်။

ရှထန်းယီ၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိနေ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ထုံးတမ်းအစဉ်အလာ အရဆိုလျှင် အလွန်မြင့်မြတ်လှသော မိသားစုများ၏ မင်္ဂလာတင်တောင်းငွေ ဆိုလျှင်တောင်မှ ငွေတေးလ်တစ်သိန်း လောက်သာ တန်လှ၏။ ချမ်းသာသောသူများဆိုလျှင် ငွေအစား ရွှေကို အသုံးပြုကြ၏။ ဤကဲ့သို့ များပြားလွန်းလှ သော သိုင်းကျင့်ကြံခြင်း အရင်းအမြစ်များကို အသုံးပြု၍ မင်္ဂလာလက်ဖွဲ့အဖြစ် လာရောက်မြန်းခြင်းဆိုသည်မှာ အလွန်တရာ ကြီးကျယ်ခမ်းနားလွန်းလှသည်။ သူ၏ မြေးမလေးကို တန်ဖိုးထားခြင်း ဖြစ်ကြောင်းလည်း နားလည်မိလိုက်၏။

"ဟုတ်တယ်"

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ "ဒါက အစိတ်အပိုင်း တစ်ခုသက်သက်ပဲလေ"

ရွှီး ရွှီး …။

ပြီးသည့်နောက်မှာတော့ ရှထန်းယီ၏ စားပွဲရှေ့တွင် များပြားလှသော သေတ္တာများ ရောက်ရှိလာ၏။

"ဒါက အမျိုးအစားမတူညီတဲ့ ကျောက်ရိုင်းတွေ၊ ဆေးပင်တွေ၊ ဒါတွေ အကုန်လုံးက ငွေတေးလ် ဆယ်သန်းလောက် တန်တယ်။ ဒုတိယဂိုဏ်းချုပ်ရှ... ကျေးဇူးပြုပြီး ကျုပ်တပည့်နဲ့ ခင်ဗျားရဲ့မြေးလေးကြားမှရှိတဲ့ လက်ထပ်ပွဲကို သဘောတူညီပေးပါအုံး"

ဤနေရာတွင် ရှိနေကြသော လူများအားလုံးသည် သိုင်းကျင့်ကြံသူများ ဖြစ်ကြ၏။ သိုင်းအရင်းအမြစ်များကို အခြေခံ၍ မင်္ဂလာတင်တောင်းငွေအဖြစ် ပေးအပ်ခြင်းဆိုသည်မှာ တခြားသော ရွှေ၊ ငွေ၊ ပတ္တမြားများနှင့် တင်တောင်းခြင်းထက် ပိုမိုကာ ကြီးကျယ်ခမ်းနားလွန်း၏။

"ဂိုဏ်းချုပ်" စုရှောင်မိုသည် အစစ်အမှန်ပင် မျက်ရည်ဝိုင်းလာခဲ့သည်။ သူ၏ ဘဝတွင် ပြိုင်စံရှားဂိုဏ်းထဲသို့ မဝင်ရောက်မိခဲ့ပါက လမ်းဘေးတွင် ကျင်လည်ကျက်စားနေရသည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထို့အပြင် ဤကဲ့သို့သော မင်္ဂလာတင်တောင်းငွေကို မဆိုနှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရောင်းချရမည်ဆိုလျှင်တောင်မှ ငွေတစ်သိန်းလောက်တောင် တန်သူမဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် နားလည်မိသည်။

ယုလင်ယွမ်သည် လက်သီးကို ဆုပ်ကာဖြင့် လေးလေးစားစား ပြောလိုက်မိသည်။ "ဂိုဏ်းချုပ်ကျွင်း... တကယ့်ကို ရက်ရောလွန်းတယ်"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "တကယ်လို့ ဒုဂိုဏ်းချုပ်ရှက ငြင်းပယ်ဖို့ မရှိဘူးဆိုရင် ကျုပ်တို့ စေ့စပ်ပွဲ အတွက် ဘယ်လိုအချိန်မှာ လုပ်ကြမလဲဆိုတာ သေသေချာချာ ဆွေးနွေးကြရအောင်"

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ထုံးတမ်းအစဉ်အလာအရ လာရောက်တင်တောင်းခြင်းဆိုသည်မှာ ချက်ချင်း လက်ထပ်ရန် မဟုတ်ချေ။ အရင်ဆုံး စေ့စပ်ပွဲကို ပြုလုပ်ထားရန်လည်း လိုအပ်နေသေး၏။

"ကောင်းပြီ" ရှထန်းယီက ပြောလိုက်သည်။ သူ၏ မြေးမလေးသည် သဘောတူညီသည်ဆိုမှတော့ သူ့အနေနှင့် ငြင်းပယ်စရာအကြောင်း မရှိချေ။ ထို့ကြောင့် နှစ်ဖက်လုံးသည် နာရီဝက်အတွင်းမှာပဲ စေ့စပ်ပွဲ အခမ်းအနားအတွက် ဆွေးနွေးခြင်းများကို ပြုလုပ်ကြ၏။ အဆုံးသတ်မှာတော့ ၎င်းတို့သည် နောက်လ ခြောက်ရက်နေ့၌ စေ့စပ်ပွဲအခမ်းအနားကို ပြိုင်စံရှားဂိုဏ်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချလိုက်ကြသည်။

သို့ပေမဲ့ အရာအားလုံး ဆွေးနွေးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း ထွက်ခွာသွားရန် ပြင်လိုက်သည့် အချိန်မှာတော့ ရှရွှေယွင်သည် အနောက်ဘက်ဆီမှ လှမ်းလျှောက်လာကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း... တောင်းဆိုချင်တာ ရှိပါတယ်"

"ဘာတောင်းဆိုမှာလဲ"

"စုရှောင်မိုနဲ့ ကျွန်မက သိုင်းကျင့်ကြံခြင်း လမ်းစဉ်ပေါ်မှာ အာရုံစိုက်ထားချင်သေးတယ်။ ဒီတော့ စေ့စပ်ပွဲ ပြီးသွားရင် လက်ထပ်ပွဲကို အရမ်းအစောကြီး မလုပ်ဖို့ တောင်းဆိုချင်ပါတယ်"

ကျွင်းချောင်ရှောင်းက ရယ်လိုက်သည်။ "ဒီလက်ထပ်မယ့်ကိစ္စကို မင်းတို့ဘာသာ မင်းတို့ ဆုံးဖြတ်ကြလေ။ ငါက လက်ထပ်ပွဲကို ပြင်ဆင်ပေးဖို့ တာဝန်ကိုပဲ ယူထားမယ်"

"ကျေးဇူးတင်ပါတယ်" ရှရွှေယွင်က ပြောလိုက်သည်။

စုရှောင်မိုသည် ဆွံ့အသွားခဲ့၏။ စောစောစီးစီး ယူလိုက်ရင်ကော ပိုပြီး မကောင်းဘူးလား။ သူသည် အစစ်အမှန် လိုချင်နေပြီဖြစ်၏။

...........

တစ်နေ့တည်းမှာပဲ ပြိုင်စံရှားဂိုဏ်း၏ သတင်းအချက်အလက် ကွန်ယက်သည် ဆက်လက်ကာ ကောင်းကောင်း အလုပ်လုပ်လျက် ရှိနေတော့၏။ အဆင့်ငါးနှင့်အထက် ဂိုဏ်းများအသီးသီးနှင့် ကျင့်ကြံခြင်းလောကတွင်ရှိသော မိသားစုများအားလုံးသည် စေ့စပ်ပွဲဖိတ်စာများကို တစ်ယောက်ပြီးတစ်ယောက် ရရှိလာခဲ့ကြတော့၏။

"ဒီလိုလား"

ဂိုဏ်းချုပ်တစ်ယောက်သည် ထိုအရာကို လက်ခံရရှိပြီးသည့်နောက် တုန်လှုပ်စွာဖြင့် ပြောလိုက်မိ၏။ "ဒါက တပည့်တစ်ယောက်ရဲ့ စေ့စပ်ပွဲအခမ်းအနားလေးပဲလေ။ ဘာလို့ ကျုပ်တို့ရဲ့ အရှေ့မြောက်စီရင်စုအထိ ဖိတ်စာ လာပေးနေရတာလဲ။ ဒါက ကြီးကျယ်ခမ်းနားမနေလွန်းဘူးလား"

လက်ထပ်ပွဲဆိုသည်မှာ ဘဝတစ်ခုလုံးတွင် အရေးကြီးသော ကိစ္စရပ်ဖြစ်သည်။ သို့ပေမဲ့ စေ့စပ်ပွဲဆိုသည်မှာတော့ အဲလောက်အရေးကြီးသည့်ကိစ္စ မဟုတ်ပေ။ အမျိုးအဆွေများနှင့် သူငယ်ချင်း အနည်းငယ်ကိုခေါ်၍ ပြုလုပ်လိုက် လျှင်ပင် ရနေသည့် ကိစ္စပင်ဖြစ်သည်။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် ဖိတ်စာများကို အကျယ်တဝံ့ ရိုက်နှိပ်ကာဖြင့် ရှိရှိနေသမျှသော လူများ အားလုံးကို ဖိတ်ကြားလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းမှာတော့ အတွေးတစ်ခု တည်ရှိနေသည်။ စုရှောင်မိုသည် ပြိုင်စံရှားဂိုဏ်း၏ အတွင်းစည်း တပည့်ဖြစ်သည်။ ထို့အပြင် သူ၏ တတိယမြောက်တပည့်လည်း ဖြစ်နေ၏။ ထို့ကြောင့် အလွန်တရာ ခမ်းနားပြီး ကြီးကျယ်လွန်းလှသော စေ့စပ်ပွဲကြီးတစ်ခုကို ပြုလုပ်ပေးရန် သူစဉ်းစားထားသည်။

"ဂိုဏ်းချုပ်"

ထိုဂိုဏ်း၏ အကြီးအကဲတစ်ယောက်က ပြောလိုက်တော့သည်။ "သွားမှာလား"

"သွားရမှာပေါ့"

ထိုဂိုဏ်းချုပ်က ပြောလိုက်သည်။ "ပြိုင်စံရှားဂိုဏ်းက ဖိတ်စာပို့နေပြီ ဆိုမှတော့ ဘယ်သူက မသွားဘဲ နေရဲမှာလဲ"

ထို့ကြောင့် များပြားလှသော မိသားစုများနှင့် ဂိုဏ်းများအားလုံးသည် စေ့စပ်ပွဲကို တက်ရောက်ရန် စတင်ပြင်ဆင် ကြတော့၏။

ကျွင်းချောင်ရှောင်းသည် လီချင်းယန်ကို လှမ်းခေါ်ကာ ပြောလိုက်တော့၏။ "ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ထုံးတမ်းအစဉ်အလာအရဆိုရင် စေ့စပ်ပွဲကို လာတတ်တဲ့ လူတွေအနေနဲ့ ပိုက်ဆံဘယ်လောက်လောက် ပေးသင့်လဲ"

စနစ်က အော်ဟစ်လိုက်သည်။ "ဒါပဲ.. ဒါပဲ... ဒါလိုချင်လို့လုပ်တာ။ ငါကောင်းကောင်းသိတယ်။ ဖိတ်စာတွေ အကုန်လုံး လိုက်ပေးတယ် ဆိုတာက လက်ဖွဲ့လိုချင်တာကိုး"

All Chapters