← Chapters

အခန်း (၁၀၈၃)

Vol. 73 Ch. 1083

အခန်း (၁၀၈၃)

Vol. 73 Ch. 1083

ပြိုင်စံရှားဂိုဏ်းသည် ထိုက်ရွှမ်အအေးဂိုဏ်းတွင် ကြီးမားသည့် ပြဿနာကြီးကို ဖန်တီးပြုလုပ်ပြီး တစ်လောကလုံး တွင်ရှိနေသော စွမ်းအားမြင့် ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်စေခဲ့သူဖြစ်သည်။ ထိုကဲ့သို့သော ဂိုဏ်းမျိုးက ပေးပို့လိုက်သည့် ဖိတ်စာကို မည်သူက ငြင်းပယ်နိုင်မည်နည်း။ သူတို့အနေနှင့် သွားရောက်ရန်သာ ရှိတော့သည်။ ငွေကြေးများကို မဆိုနှင့်။ သူတို့သည် တချို့သော လက်ဆောင်များကိုပင် ထည့်သွင်းပေးရန် စီစဉ်ထားလျက် ရှိနေ၏။

ကုန်းရှန့်သည် ဂုဏ်သရေရှိ လူကြီးများအားလုံးကို ဖိတ်ကြားခဲ့လိုက်၏။ သူ့အနေနှင့် ပါးစပ်ဖြင့်သွား၍ မဖိတ်ဘူး ဆိုသော်လည်း ဖိတ်စာများနှင့် တိတိကျကျ ခမ်းခမ်းနားနား ဖိတ်ကြားခဲ့ခြင်းပင်ဖြစ်သည်။ ထို့အပြင် ဤကဲ့သို့ စေ့စပ်ပွဲကြီးကို ငွေကြေးများ အကုန်အကျခံကာ ပြုလုပ်ခြင်းအားဖြင့် တစ်ဖက်တစ်လမ်းမှ ပိုက်ဆံများ ပြန်ရအောင် သူကြံစည်မိနေသေးသည်။ သူသည် ထိုက်ရွှမ်အအေးဂိုဏ်းအား ဆယ်သန်းနီးပါးခန့် တန်ဖိုးရှိသော ကျောက်ရိုင်းနှင့် ဆေးပင်များအား ပေးအပ်ခဲ့သည့်အပြင် ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းကိုလည်း ပေးအပ်ခဲ့သေး၏။ ထို့ကြောင့် သူ့ဘက်က ကုန်ကျမှုသည် ကြီးမားမနေဘူးလား။

စားသောက်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အသာထိုင်ပြီးသည့်နောက် ပြောလိုက်သည်။ “နောက်လ ခြောက်ရက်နေ့ကျရင် မင်းရဲ့ စီနီယာအစ်ကိုရဲ့ စေ့စပ်ပွဲလုပ်မယ်လေ။ ဒီတော့ အစားအသောက်ကိစ္စနဲ့ ပတ်သက်ပြီး မင်းတာဝန်ယူလိုက်တော့”

“ကောင်းပါပြီ” လျှိုဝမ်ရှစ်သည် လေးလေးပင်ပင်နှင့် ခေါင်းကိုညိတ်လိုက်၏။ ပြီးသည့်နောက် သေသေချာချာဖြင့် စတင်ကာ ပြင်ဆင်တော့သည်။ သူမသည် ဂိုဏ်းချုပ်ဆီသို့ သွား၍ လိုအပ်သည့် ပိုက်ဆံများကို တောင်းယူလိုက် တော့သည်။ ထို့အပြင် ဤကဲ့သို့ စေ့စပ်ပွဲကို ပြုလုပ်ရမည့် ငွေကြေးကုန်ကျမှုသည် အလွန်များပြားလွန်းသည် မဟုတ်ပါလား။

ကပ်စေးနည်းလှသည်ဟု နာမည်ကြီးလှသော ယွမ်သခင်လေးသည် ချက်ချင်းပဲ ပိုက်ဆံများကို ထုတ်ပေးလိုက်ရ၏။ ဂိုဏ်းချုပ်သည် ထိုက်ရွှမ်အအေးဂိုဏ်းဆီသို့ သွား၍ များပြားလွန်းလှသော တင်တောင်းငွေများကိုပင် ပေးအပ်ခဲ့သူ တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် စုရှောင်မိုအပေါ်တွင် အလွန်တရာ တန်ဖိုးထားကြောင်း သိရှိနိုင်၏။ စေ့စပ်ပွဲ ပြုလုပ်မည့် ကုန်ကျစရိတ်များအား သူ့အနေနှင့် တွက်ကပ်နေ၍ မဖြစ်တော့ချေ။

..............

ဆယ်ရက်ခန့် ကြာပြီးသည့်နောက် …..။

လေးရက်နေ့ …။

တပည့်များသည် စတင်ကာ အလုပ်ရှုပ်လျက် ရှိသည်။ ဂိုဏ်းတစ်ခုလုံးသည် အနီရောင်စာတမ်းများနှင့် ရေးထိုးကာ အလှဆင်လျက် ရှိနေ၏။ တစ်လောကလုံးတွင် ရှိနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် သံမဏိအရိုးမြို့ ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့၏။ လူအရေအတွက်သည် များပြားလွန်းလှပြီး လူတစ်ရာမှသည် လူတစ်ထောင်ဆီသို့ တဖြည်းဖြည်း ရောက်ရှိလာ၏။ ထို့အပြင် မြင်းများဖြင့် တသောသော ရောက်ရှိလာသည့် လူများလည်း ရှိနေသေးသည်။

“ဒီလူတွေဆီက ရမယ့် ပိုက်ဆံနဲ့ လက်ဖွဲ့ငွေတွေက တကယ့်ကို များပြားလှတဲ့ ဝင်ငွေတစ်ခု ဖြစ်လာမှာပဲ” အဓိက ဟောခန်းတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် သံမဏိအရိုးမြို့ တစ်ခုလုံးကို စိတ်ဝိညာဉ်စွမ်းအင် များ ဖြန့်ကျက်ကာ ကြည့်ရှုလျက် ရှိနေသည်။ တဖွဲဖွဲရောက်ရှိလာကြသော သိုင်းကျင့်ကြံသူများကို ကြည့်ရှုရင်း သူသည် ပြုံးပြုံးကြီး ဖြစ်နေ၏။

အစောဆုံး ရောက်ရှိလာခဲ့ကြသော သိုင်းကျင့်ကြံသူများသည် ကျိန်းသေပေါက် တည်းခိုရန် လိုအပ်နေသည်။ ထို့အပြင် ၎င်းတို့အားလုံးသည် ချမ်းသာသည့်သူများဖြစ်သည်မို့ သံမဏိအရိုးမြို့သည် ကြီးမားသည့် အကျိုးအမြတ် များကို ရရှိနေသည်ဟု ဆိုရမည်။ အထူးသဖြင့် ထန်မိသားစု ဆေးဆိုင်ပင် ဖြစ်တော့၏။ ဤကျော်ကြားလှသော ဆိုင်သည် လူပေါင်းများစွာတို့နှင့် ပြည့်ကျပ်ညှပ်ကာ ရောင်းချရလျက် ရှိနေသည်။

ဝှစ်

သံမဏိအရိုးတောင်၏ အပြင်ဘက်မှာတော့ မြို့တော်ဝန်ဟန်သည် အသာလှမ်းလျှောက်လာပြီးသည့်နောက် မြို့ထဲသို့ လှမ်းဝင်လိုက်၏။ ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်အရ သိုင်းကျင့်ကြံသူများအားလုံးသည် ဤစေ့စပ်ပွဲကို မဖြစ်မနေ တက်ရောက်နေရ၏။ သူသည်လည်း ဖိတ်စာရသည့်အချိန်တွင် ပျော်ရွှင်သည်သာမက ထိုနေ့သို့ မြန်မြန်ဆန်ဆန် ရောက်လာဖို့ပင် မျှော်လင်ခဲ့မိ၏။

မူချန်းဟုန်၊ စစ်တုဟောင်ယွင်၊ ရီထျန်းချန်နှင့် တခြားသော သူများသည် ကျွင်းချောင်ရှောင်းနှင့် အလွန်တရာ ဆက်ဆံရေး ကောင်းလှသူများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ပျော်ရွှင်စွာဖြင့် ရောက်ရှိလာပြီး ဂုဏ်ပြုစကားကို ဆိုကြတော့သည်။ သူတို့အနေနှင့် များပြားလှသည့် လက်ဆောင်ပဏာများကို ပေးအပ်ရန်လည်း စီစဉ်ထားခဲ့ကြသည်။

လုံလောက်သည့် အားအင်အဆင့်နှင့် ဂုဏ်သိက္ခာတရားကို ပိုင်ဆိုင်နိုင်မှုမရှိလျှင် တခြားသောသူများသည် ကျော်ခွ သွားကြမှာ သေချာ၏။ သို့ပေမဲ့ လက်ရှိ ချင်းယန်နိုင်ငံပင် မဆိုနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုတွင် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်သည် ကြောက်ခမန်းလိလိ တိုးတက်လျက် ရှိနေ၏။ ထို့ကြောင့် ဖိတ်စာ ရသည် ဆိုသည်နှင့် ၎င်းတို့သည် အားတက်သရော ရောက်ရှိလာသည် ဆိုခြင်းမှာ သဘာဝပင် ဖြစ်တော့၏။

ချင်ဟောင်ရန်၊ ရှန်တုံနှင့် တခြားသော သူများအားလုံးသည်တောင်မှာ ဖိတ်စာများ ပေးပို့ခြင်းကို ခံရ၏။ ဟုတ်ပေသည်။ ပြိုင်စံရှားဂိုဏ်း၏ မဟာမိတ်ဖြစ်သော တောင်ပြာဂိုဏ်းသည်လည်း ဤနေရာသို့ ရောက်ရှိလာခဲ့ သည်။ ၎င်းတို့သည် စောစောစီးစီး ရောက်ရှိလာသည်သာမက ပြိုင်စံရှားဂိုဏ်း၏ အထူးဧည့်သည်များအဖြစ် ထားရှိ ဧည့်ခံခြင်းကို ခံခဲ့ရသည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က သတင်းပို့လိုက်သည်။ “ခန်းမသခင်ရှစ်လည်း ရောက်လာပြီ”

“မြန်မြန်... သူမကို ဖိတ်ခေါ်လိုက်လေ” ပြိုင်စံရှားဂိုဏ်း၏ ဒုတိယမြောက် မဟာမိတ်ဂိုဏ်းတစ်ခုဖြစ်သည့် မြောင်ဟွာခန်းမသည် အထူးဧည့်ခံခြင်းကို ခံခဲ့ရ၏။ တောင်ပြာဂိုဏ်း၏ဘေး လွတ်လပ်သော ခြံဝန်းလေး တစ်ခု ထဲတွင် ခေတ္တနားခိုရန် စီစဉ်ပေးထားကြ၏။

“ဂိုဏ်းချုပ်ကျွင်းက အကြီးဆုံးတပည့်ကြီးအတွက်နဲ့ တစ်လောကလုံးတောင် ရန်သူဖြစ်ဖို့ စိုးရွံ့နေတာ မဟုတ်ဘူး လေ။ ဆရာ တပည့် ဆက်ဆံရေးက တကယ့်ကို ချီးကျူးရလောက်ပါပေတယ်” ရှစ်ကျန်းရွမ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “မြှောက်ပေးနေပြန်ပါပြီ ခန်းမသခင်ရှစ်”

စနစ်သည် ဆွံ့အသွား၏။ “မင်း ဖတ်ထားတဲ့ စော်လိုက်နည်းတစ်ရာထဲက စာလုံးတွေ စမ်းသုံးကြည့်ပါလား”

“တော်စမ်း”

ဤစော်လိုက်နည်းတစ်ရာထဲမှာ စကားလုံးများကို ပြန်လည် စဉ်းစားရမည်ဆိုလျှင် ကုန်းရှန့်သည် အလွန်တရာ ဝမ်းနည်းလျက် ရှိနေ၏။ သူသည် အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီး ဖြစ်သော်လည်း ကိုးဆယ့်ကိုး ဒဿမကိုးရာခိုင်နှုန်း အောင်မြင်မည်ဟု ရေးထိုးထားသော စာလုံးများပင်လျှင် သူ့အတွက် သုညဒဿမသုညတစ် ရာခိုင်နှုန်း ဖြစ်လို့နေခဲ့၏။ သူ့အနေနှင့် ထိုကျမ်းစာအား မီးရှို့ပြီးသည့်နောက်မှာတော့ မည်သို့သောအချိန်တွင်မှ ထိုအထဲမှ စကားလုံးများကို မပြောဆိုဟူ၍ပင် ကျိန်ဆိုခဲ့မိသည်။

စနစ်က ပြောလိုက်သည်။ “အင်း... အချိန်မှန်၊ လူမှန်ကို အသုံးမပြုဘူးဆိုရင် စော်လိုက်နည်းတစ်ရာကလည်း အလကားပါပဲ”

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တပည့်ရဲ့ စေ့စပ်မှုက မကြာခင် တစတော့မယ်လေ။ ဒီတော့ ကျုပ်လုပ်စရာတွေ အများကြီး ရှိသေးတယ်။ ကျေးဇူးပြုပြီး အေးအေးဆေးဆေး နေပါအုံး”

ရှစ်ကျန်းရွမ်က ပြုံးလိုက်သည်။ “ကျွန်မက ပြိုင်စံရှားဂိုဏ်းထဲကို ပထမဦးဆုံးအကြိမ် ရောက်ဖူးတာမှ မဟုတ်တာ။ ဒီနေရာတွေနဲ့ အရမ်းကို ရင်းနှီးနေပြီလေ။ ဂိုဏ်းချုပ်ကျွင်း စိတ်မရှိပါနဲ့။ ကိုယ်လုပ်စရာရှိတာကို အေးအေးဆေးဆေး လုပ်ပါ”

“ဒါဆိုရင် နှုတ်ဆက်ပါတယ်”

ကျွင်းချောင်ရှောင်းသည် ခြံဝန်းထဲမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ယောင်ပေ ယောင်ပေ လုပ်လျက် ရှိနေသော လီဖေးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ဟိုအမှိုက်ကောင်လေး .... အလုပ်ကို သေချာလုပ်စမ်း”

ရှစ်ကျန်းရွှမ်သည် ဘာမှလုပ်စရာမရှိသောကြောင့် ခြံဝန်းထဲမှ အပြင်သို့ လျှောက်ထွက်လိုက်၏။ ပြီးသည့်နောက် မှာတော့ ခမ်းနားလွန်းသော အဆောက်အဦများနှင့် နတ်ဘုံနတ်နန်းတမျှ ဖြစ်တည်လျက်ရှိနေသော ရှုခင်းများကို ကြည့်ရှုရင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိ၏။

အနည်းငယ် လှမ်းလျှောက်ပြီးသည့်နောက် သူမသည် လုချင်းချင်း၏ တားဆီးခြင်းကို ခံလိုက်ရသည်။ လုချင်းချင်းသည် အေးစက်စက် ပြောလိုက်သည်။ “တောင်ရဲ့အနောက်ပိုင်းကို သွားဖို့ ကန့်သတ်ထားတယ်။ ဒီကို ဘယ်သူမှ ဖြတ်သွားဖြတ်လာ သွားခွင့်မရှိပါဘူး”

“ဪ”

ရှစ်ကျန်းရွမ်သည် တုံ့ပြန်လိုက်၏။ ပြီးသည့်နောက်မှာတော့ အေးစက်လှသော အသွင်အပြင်နှင့် ချောမော လှသော မိန်းကလေးကို ကြည့်ရှုကာ ပြုံးလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်းက မိန်းကလေးလုအတွက်နဲ့ တစ်လောကလုံး ရန်သူဖြစ်ဖို့တောင် လိုလိုချင်ချင်ဆန္ဒရှိနေတယ်လေ။ မနာလိုစရာပဲ”

“.........” လုချင်းချင်းသည် မည်သည့်စကားမှ မဆိုချေ။

ရှစ်ကျန်းရွမ်သည် အဝေးတစ်နေရာရှိ မြင်ကွင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “အဲကိုကော သွားကြည့်လို့ရလား”

“ရပါတယ်” လုချင်းချင်းသည် တည်ငြိမ်စွာ ပြောလိုက်၏။

ရှစ်ကျန်းရွမ်က ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ် …. ဒါဆိုလည်း”

ခန်းမသခင်ရှစ် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် လုချင်းချင်းသည် အသာမျက်မှောင်ကုတ်လိုက်၏။ ပြီးနောက် တွေးလိုက်မိသည်။ “သူ.. ဘာကို ဆိုလိုသွားတာလဲ”

...............

ခြောက်ရက်နေ့

ဤနေ့သည် မင်္ဂလာရှိသောနေ့ရက်ပင် ဖြစ်သည်။ ကောင်းကင်ကြီးတစ်ခုလုံးသည်လည်း တောက်ပလျက် ရှိနေပြီး များပြားလှသော သိုင်းကျင့်ကြံသူများသည် ပြိုင်စံရှားဂိုဏ်း၏ ေ“ဂိုဏ်းချုပ်ကျွင်း ... တပည့်ရဲ့ စေ့စပ်မှုအတွက် ဂုဏ်ပြုပါတယ်”

“ဂုဏ်ပြုပါတယ်”

“ဂုဏ်ပြုပါတယ်”

အဓိကဟောခန်း၏အရှေ့တွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းသည် ဝင်ရောက်လာခဲ့ကြသော ကျင့်ကြံခြင်းလောကမှ သိုင်းကျင့်ကြံသူများကို နွေးထွေးစွာ ကြိုဆိုလျက်ရှိနေသည်။ သူ၏ မျက်နှာပေါ်တွင်တော့ အပြုံးပန်းများ ဝေနေသည်။

နှစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ တစ်လောကလုံးတွင် ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးသည် ဟောခန်းထဲတွင်တည်ရှိနေပြီး စားသောက်ခုံပေါ်တွင် ထိုင်လျက်ရှိနေကြ၏။

ဤလူများ အားလုံးသည် စေ့စပ်ပွဲကို လာရောက်ကြသူများဖြစ်ပြီး ဤလူများအားလုံး နေရာအတည်တကျ ယူပြီး သည့်နောက်မှာတော့ စေ့စပ်ပွဲကို ပြုလုပ်မည့် စုရှောင်မိုနှင့် ရှရွှေယွင်တို့ ပေါ်လာခဲ့ကြတော့သည်။

စေ့စပ်ပွဲအခမ်းအနားသည် ရိုးရှင်းလွန်းလှ၏။ အနီးဆုံး ဆွေမျိုးများအားလုံးသည် အဓိကဟောခန်း၏ အရှေ့တွင် ထိုင်လျက်ရှိနေပြီး စေ့စပ်မည့်စုံတွဲသည် လက်ဖက်ရည်များဖြင့် တည်ခင်းဧည့်ခံရ၏။

စုရှောင်မို၏ မိဘများသည် အနည်းငယ် ကြောက်လန့်လျက်ရှိ၏။ ထို့အပြင် သူတို့သည့် သာမန်လူများသာဖြစ်၏။ ကျွမ်းကျင်လွန်းလှသော စွမ်းအားမြင့် သိုင်းကျင့်ကြံသူများ၏ ဝန်းရံခြင်းကို ခံနေရသည့်အချိန်မှာတော့ အနည်းငယ် ကြောက်လန့်သလိုပင် ခံစားမိနေ၏။ သို့ပေမဲ့ သူတို့၏ရှေ့တွင် ဒူးထောက်လျက်ရှိနေသော လှပလွန်းသည့် သူတို့သမီးကို ကြည့်ရှုရင်း ပြုံးမိနေကြသည်။

ရှရွှေယွင်၏ မိဘများသည်လည်း သူတို့သမီး၏ ဘက်ခြမ်းတွင် ထိုင်လျက်ရှိနေသည်။ သူတို့သည် သိုင်းကျင့်ကြံခြင်းတွင် ပါရမီပါလှသူများ မဟုတ်ချေ။ ထိုက်ရွမ်အအေးဂိုဏ်း၏ တပည့်များ ဖြစ်သည်ဆိုသော်လည်း ဂိုဏ်း၏ အပြင်ဘက် ကိစ္စရပ်များကိုသာ ပြုလုပ်ရပြီး ဂိုဏ်းဆီသို့ ပြန်လာရသည့် အချိန်မှာ နည်းပါးလွန်း၏။

“ယောက္ခထီး၊ ယောက္ခမ”

စုရှောင်မိုသည် ဒူးထောက်ကာဖြင့် လက်ဖက်ရည်ခွက်ကို ကမ်းပေးလိုက်၏။ “ကျေးဇူးပြုပြီး လက်ဖက်ရည်သောက်ပါအုံး”

“ချီးတဲ့မှ...”

အဓိက ဟောခန်း၏ ရှေ့တွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ ဒီကောင် တော်တော့်ကို မျက်နှာအရေထူတာပဲ။ မင်္ဂလာတောင် မဆောင်ရသေးဘူး။ ဘယ်လိုဖြစ်ပြီး ယောက္ခထီး၊ ယောက္ခမတွေ ခေါ်နေတာလဲ။

စနစ်က ပြောလိုက်သည်။ “ဒီလို မျက်နှာအရေထူလို့လည်း မိန်းမတစ်ယောက်ရဖို့ ခြေတစ်လှမ်းတိုးနိုင်တာပေါ့”

ဤကိစ္စနှင့်ပတ်သက်လျှင် စနစ်သည် ဇဝေဇဝါဖြစ်မိနေသည်။ လက်ခံသူသည် အထက်နယ်မြေမှ လက်ဝါးရိုက်ချက် ကြီးကိုပင် မျက်နှာနှင့် ခံယူခဲ့သူတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ အဘယ်ကြောင့် အခုအချိန်အထိ ရည်းစားမရှိ တစ်ယောက်တည်း ဖြစ်နေရသနည်း။ မျက်နှာသည် အရေထူလွန်သွားသောကြောင့် မရခြင်းလည်း ဖြစ်နေနိုင်၏။

...............

စုရှောင်မိုနှင့် ရှရွှေယွင်တို့သည့် လက်ဖက်ရည်များကို တည်ခင်းပြီးသည့်နောက်မှာတော့ စေ့စပ်ပွဲအခမ်းအနား ပြီးဆုံးသွားခဲ့ပြီဖြစ်၏။

“အစားအသောက်နဲ့ ဝိုင်တွေ ပြင်ဆင်ကြတော့” ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

အစားအသောက်ဟောခန်းမှ တာဝန်ရှိသူများ အားလုံးသည် ဟင်းပွဲများကို ပြင်ဆင်ပြီး ဖြစ်နေကြ၏။ မိုးဆွေ ဟောခန်းမှ လူများအားလုံးသည် ရောက်ရှိလာပြီး ဝိုင်နှင့် စားသောက်ဖွယ်ရာများ အားလုံးကို လိုက်လံကာ ချထားကြသည်။

ဟင်းပွဲများ အားလုံးသည် လျှိုဝမ်ရှစ် ဖန်တီးပြုလုပ်ထားခြင်းဖြစ်ပြီး ဝိုင်မှာတော့ လန်ကောင်း ပြုလုပ်ထားသည့်အရာဖြစ်၏။

ဟုတ်ပေသည်။ ဤဝိုင်သည် အရက်မူးအိမ်မက်ဝိုင်ကဲ့သို့ စိတ်ဝိညာဉ်စွမ်းအင်များ စုပ်ယူမှုကို ပိုမိုအားကောင်းစေသည့် ဝိုင်မျိုးမဟုတ်ဘဲ သာမန်ဝိုင်သာ ဖြစ်သည်။ သို့ပေမဲ့ ကျွမ်းကျင်လှသော ဝိုင်ဖော်စပ်သူတစ်ယောက် ပြုလုပ်သည့် ဝိုင်ဖြစ်သောကြောင့် လောကတွင်ရှိသော သာမန်ဝိုင်များထက်တော့ အလွန်တရာ ကောင်းလွန်းလှသည်။

ထို့ကြောင့်ပင် အားလုံးသောသူများသည် စတင်ကာ စားသောက်သည့်အချိန်မှာတော့ အရသာရှိလှသော အစား အသောက်များကြောင့် အံ့အားသင့်မှုနှင့်အတူ ကောင်းမွန်လွန်းလှသော ဝိုင်၏ အရသာကြောင့် အံ့ချီးနပမ်း ဖြစ်နေ ကြတော့သည်။ ၎င်းတို့အားလုံး၏ ဝိညာဉ်သည် ကောင်းကင်ယံထက်သို့ တက်၍ ပျံသန်းနေသကဲ့သို့ပင် ဖြစ်နေ၏။

“ဂျူနီယာညီလေးရီ”

လီဖေးသည် ဝိုင်ပုလင်းကြီးနှစ်ခုကို ထုတ်ဖော်ကာ စားပွဲပေါ်သို့ တင်ကာ ပြုံးလိုက်သည်။ “ဒီနေ့က စီနီယာအစ်ကိုစုရဲ့ စေ့စပ်ပွဲလေ။ ကျုပ်တို့ ဒီအတိုင်းနေလို့ ဘယ်ဖြစ်ပါ့မလဲ”

.............

ရီရှင်းချန်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူ့အနေနှင့် အနာဂတ်တွင် အရက်မူးအိမ်မက်ဝိုင်နှင့် ရင်ဆိုင်ရတော့ မည်ဖြစ်ကြောင်းကို တွေးမိပြီးသည့်နောက်မှာတော့ သူရဲကောင်းဆန်ဆန်နှင့် ပြောလိုက်တော့သည်။ “ကဲ... ခွက်ထဲ ကိုသာ ထည့်လိုက်တော့”

“ကောင်းပြီ”

“ဂျူနီယာညီလေးရီ... မင်းက တကယ့်ကို ယောက်ျားပီသလာပြီ”

ရီရှင်းချန်တစ်ယောက် ဝိုင်သောက်ရန် ပြင်ဆင်နေသည်ကို မြင်သည့်အချိန်မှာတော့ လီချင်းယန်သည် ချက်ချင်းပဲ လျှိုဝမ်ရှစ်ဆီသို့ အသံပို့လွှတ်လိုက်၏။ “ဂျူနီယာညီမလေး... မွေးမြူရေးခြံတွေအကုန်လုံးကို သော့ခတ်ပြီး သွားပြီလား”

“သော့ခတ်ပြီးသွားပြီ။ သော့ခတ်ရုံနဲ့တင် အားမရသေးလို့ အကြီးအကဲကျန်းကိုခေါ်ပြီး အစီအရင်တွေနဲ့ပါ တားဆီး ထားတယ်”

“ကောင်းပြီ။ ဒါဆိုရင် ပြဿနာ မရှိလောက်တော့ဘူး”

.............

စိတ်လိုလက်ရ စားသောက်ပြီးသည့်နောက် အားလုံးသောသူများသည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားခဲ့ကြသည်။ သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် လူများရှုပ်ယှက်ခတ်စွာဖြင့် ပြန်သွားကြသည်ကို ကြည့်ရှုရင်း ကျွင်းချောင်ရှောင်း သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ပြီးရင် အားလုံးပဲ မြန်မြန် သန့်ရှင်းရေး လုပ်ကြတော့”

ဘုန်း

ရုတ်တရက် အနောက်ဘက်ဆီမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။ ထိုအသံသည် မည့်သည့်နေရာမှ ထွက်ပေါ်လာသည်ဖြစ်ကြောင်း အာရုံခံလျက် ရှိနေသော လီချင်းယန်သည် ချက်ချင်းပဲ သိရှိလိုက်၏။ ထိုအသံမှာ မွေးမြူရေးခြံဘက်က ထွက်ပေါ်လာသည့်အသံဖြစ်သည်။ သူသည် နဖူးကို အုပ်ကာ ပြောလိုက်မိ၏။ “ဂျူနီယာညီလေးရီ တစ်ယောက် အစီအရင်ကို ချိုးဖြတ်ပစ်လိုက်တာတော့ မဟုတ်ပါဘူးနော်”

All Chapters