အခန်း (၁၀၉၁)
Vol. 74 Ch. 1091
တောဝက်ရိုင်းလေးသည် ကျွင်းချောင်ရှောင်းနှင့်အတူ အရှေ့ပင်လယ်ဆီသို့ လိုက်ပါလာခဲ့သည်ဖြစ်သော်လည်း သူသည် ရတနာများကို သိမ်းဆည်းရသည့် တာဝန်ကိုသာ ယူဆောင်ရတဲ့သူဖြစ်၏။ သူ့အနေနှင့် မြေဓာတ်သဘာဝ များကို သန့်စင်အောင် ပြုလုပ်သည့်နေရာတွင် အလွန်ကောင်းမွန်လှသည့် စွမ်းအင်ကို ပိုင်ဆိုင်သူ ဖြစ်သော်လည်း တိုက်ခိုက်သည့်နေရာတွင်တော့ အလွန်တရာဆိုးရွားလှ၏။ ထို့ကြောင့် အရှေ့ဘက်ပင်လယ်ဆီသို့ သွားရာလမ်းတွင် လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ မရှိပါက တောဝက်ရိုင်းလေးသည် သူ၏သခင်ကို မည်သို့မှ ကာကွယ် ပေးနိုင်လိမ့်မည် မဟုတ်ချေ။
တောဝက်ရိုင်းလေးသည် မြေဝါးမြိုခြင်း သူတော်စင် သွေးမျိုးဆက်ကို နိုးထပြီးသည့်နောက် သူ၏ အားအင်အဆင့် တိုးတက်ခဲ့သည်ဆိုသော်လည်း လက်ရှိတိုးတက်နေသည့်အချိန်အတောအတွင်းတွင် ရှိနေသည့် အလုံးစုံပြည့်စုံသည့် အရာမျိုးတို့ မဟုတ်သေးချေ။ ထို့ကြောင့် သူ့အနေနှင့် ရှေ့တန်းမှနေ၍ တိုက်ခိုက်ရန် အခြေအနေမျိုးတော့ မပိုင်ဆိုင်သေးချေ။ လက်ရှိအချိန်မှာတော့ သူ၏ သခင်သည် သူ့အား မြေနည်းစနစ်တစ်ခုကို အသုံးပြုနိုင်သည့် စွမ်းအင်တစ်ခုကို ပေးစွမ်းခဲ့သည်။ ထိုအရာသည် အလယ်အလတ်အဆင့် နဂါးမီးတောက် နည်းစနစ်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည့် အရာမျိုးဖြစ်တော့၏။
တောဝက်ရိုင်းလေးသည် အလွန်တရာ ပျော်ရွှင်လို့နေသည်။ ရူးရူးမူးမူး တိုက်ခိုက်ခြင်းကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ သူသည် အလွန်တရာ မောပန်းနွမ်းနယ်နေ၏။ သို့ပေမဲ့ သူ၏ မျက်နှာပေါ်မှာတော့ အပြုံးတစ်ခု တည်ရှိလို့နေသေးသည်။
ကုန်းရှန့်ပြောဆိုလိုက်သည့် စကားလုံးတစ်ခုသည် သူ၏ နှလုံးသားထဲတွင် တည်ရှိလို့နေ၏။ အနာဂတ် သိုင်းကျင့်ကြံခြင်း ထိပ်ဆုံးအဆင့်သို့ ရောက်လျှင် သူသည် သူ့သခင်၏ ဘေးနားတွင် တည်ရှိနေပေလိမ့်မည်။
ဝှစ်
အချိန်နှင့် တည်နေရာပိုးတီသည် မြေဓာတ်သဘာဝများဖြင့် ဖန်တီးထားသော အဝိုင်းဒုချွန်များကို တစ်ခုချင်းစီ စားသုံးလျက်ရှိနေတော့သည်။ အရသာသည် တောဝက်ရိုင်းလေး ပထမစားသုံးပြီး ထွေးထုတ်ထားသည်ထက် ပိုမို၍ ကောင်းမွန်လွန်းလှသည်။
အဓိကတောင်ထွတ်၏ အပေါ်တွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းမှာတော့ ဒီကောင်လေး၏ ခန္ဓာကိုယ် သည် အနည်းငယ်ပြောင်းလဲလာသည်ကို မြင်ရပြီးသည့်နောက်မှာတော့ အံ့အားသင့်လျက်ရှိနေတော့၏။
ဤအရာ သည် ကောင်းမွန်သည့် သင်္ကေတပင် ဖြစ်တော့၏။ ဤကဲ့သို့ မြေဆီလွှာများကို ဆက်လက်ကာ စားသုံးနေမည် ဆိုလျှင် အချိန်နှင့်တည်နေရာ ပိုးတီလေးသည် ပိုမိုကာ အားကောင်းလာတော့မှာ သေချာ၏။ ထိုသို့ဆိုလျှင် သိုင်းပညာလေ့ကျင့်ရာတွင် အသုံးပြုရသည့် အရင်းအမြစ်များ ကုန်ဆုံးမှုသည် ပိုမိုကာ သက်သာပေလိမ့်မည်။
...........
နောက်တစ်ရက်မှာတော့ တောဝက်ရိုင်းလေးသည် မနေ့ကအတိုင်းပင် သူ၏ မြေဓာတ်သဘာဝနည်းစနစ်ကို ထုတ်ဖော်ခဲ့၏။ ပြီးသည့်နောက် အချိန်နှင့်တည်နေရာပိုးတီသည် ရောက်ရှိလာခဲ့ပြီးသည့်နောက်မှာတော့ မနက်မှ ညအထိ ထိုအရာများကို စားသုံးတော့သည်။
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ဤအကောင်လေးသည် လက်တစ်ချောင်းအရွယ်အစားခန့်အထိ ပြောင်းလဲရောက်ရှိခဲ့ပြီဖြစ်သည်။ ဤပြောင်းလဲမှုမှာ တော်တော်ကြီးမား လှသည်ဟု ဆိုရမည်။ နေ့နေ့ညည မြေဓာတ်သဘာဝနည်းစနစ်ကို ထုတ်ဖော်ရင်း အလုပ်လုပ်လျက်ရှိသည့် တောဝက်ရိုင်းလေးမှာတော့ မောပန်းနေသည်ဆိုသော်လည်း ၎င်း၏ အားအင်အဆင့်များသည် တဖြည်းဖြည်းချင်း တိုးတက်လာနေသည်ကို ခံစားမိနေ၏။
“ဂိုဏ်းချုပ်”
တစ်ရက်မှာတော့ အကြီးအကဲဝေသည် ဝမ်းနည်းနေသည့် မျက်နှာအမူအရာဖြင့် ပြောလိုက်တော့ သည်။ “ဒီအကောင်လေးကို ဒီအတိုင်းသာ ဆက်ပြီး စားခိုင်းနေမယ်ဆိုရင် သံမဏိအရိုးတောင်တစ်ခုလုံး ကုန်သွား လိမ့်မယ်”
တောဝက်ရိုင်းလေး၏ ဓာတ်သဘာဝများသည် စားသုံးလိုက်သည်ဆိုသော်လည်း ပြန်လည်ကာ ထွေးထုတ်လိုက် ခြင်းကြောင့် ဤအရာမှာ ကုန်ဆုံးသွားသည် မဟုတ်ပေ။ သို့ပေမဲ့ အချိန်နှင့်တည်နေရာ ပိုးတီမှာတော့ စားသုံးရုံ သက်သက်သာရှိ၏။ စားသောက်ပြီးသည့်နောက်မှာတော့ ဝမ်းဗိုက်ထဲတွင် အစာကြေသွားခဲ့၏။ ထို့ကြောင့် မြေများကို ပြန်လည်ကာ မရရှိပေ။ နေ့စဉ်နေ့တိုင်း စားသုံးပြီးသည့်နောက်မှာတော့ ဆေးဥယျာဉ်အပြင်ဘက်တွင် ရှိနေသော မြေဆီများအားလုံးသည် ကုန်ခမ်းလုနီးပါးပင် ဖြစ်နေ၏။ ရေရှည်သာ ဤကဲ့သို့ ဖြစ်နေမည်ဆိုပါက ကျိန်းသေပေါက် သံမဏိအရိုးတောင်ကြီးတစ်ခုလုံး ကုန်ခမ်းသွားနိုင်၏။
“ဒါဆို ကျုပ် သူတို့ကို အပြင်ဘက်ကို သွားစားခိုင်းလိုက်မယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“..........”
အကြီးအကဲဝေသည် ဆွံ့အသွားလျက်ရှိသည်။ “ဂိုဏ်းချုပ်... ဒီကောင်လေးရဲ့ စားချင်သောက်ချင်စိတ်က အရမ်းကို ကြီးမားတယ်လေ။ ဒီတော့ သူအရွယ်ရောက်ဖို့ဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတောင် စားပစ်မလား မသိဘူး”
“ဒါကတော့ အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် ဤကောင်လေး၏ စားနိုင်သောက်နိုင်နှုန်းကို သိရှိပြီး ဖြစ်နေတော့ သည်။ ထို့ကြောင့် သူ့အနေနှင့် နည်းဗျူဟာကို ပြောင်းလဲပြီး များပြားလှသော ကျောက်ရိုင်းများ၊ ဆေးပင်များနှင့် တခြားပစ္စည်းများအားလုံးကို ကျွေးမွေးရန် စဉ်းစားလိုက်မိ၏။ သို့ပေမဲ့ လောလောဆယ် ဤပြဿနာကို မဖြေရှင်း နိုင်သည့်အတောအတွင်း ဆေးဥယျာဉ်အထဲရှိ မြေဆီလွှာများကိုသာ ဆက်လက်ကာ စားသုံးခိုင်းထားရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် အကြီးအကဲဝေအား နှစ်သိမ့်ပေးလိုက်၏။ “ပြိုင်စံရှားဂိုဏ်းအတွက် အကြီးအကဲဝေက အလုပ်တော်တော်ကြီးကို ဝန်ပိနေပြီပဲ”
အချိန်နှင့်တည်နေရာပိုးတီသည် ဝိညာဉ်မျိုးနွယ်များ၏ ကုန်းမြေတိုက်ဆီကို ကျော်ဖြတ်သွားလာနိုင်သည့် စွမ်းရည် ကို ပိုင်ဆိုင်သည့် သတ္တဝါဖြစ်သည့်အပြင် တခြားသော ဂြိုလ်များဆီသို့လည်း ခရီးသွားနိုင်စွမ်း ရှိလို့နေ၏။ ထို့ကြောင့် ၎င်းကို အရွယ်ရောက်သည်အထိ ကျွေးမွေးရမည်မှာ ကုန်ကျမှု များပြားလှသည်ဆိုသော် လည်း တချိန်မှာတော့ များပြားလှသော ဂြိုဟ်အသီးသီးကို သူတို့၏ နောက်ဖေးခြံဝန်းကဲ့သို့အဖြစ် ဖြစ်တည်စေပေလိမ့်မည်။ ထိုသို့ဆိုလျှင် သဘောကျ သွားချင်ရာကို သွားလာနိုင်နေ၏။ အကျိုးကျေးဇူး များမှာလည်း ခန့်မှန်း၍ မရနိုင်အောင်လည်း အားကောင်းလှမှာ သေချာ၏။
ထို့ကဲ့သို့ ဂြိုဟ်အသီးသီးသို့ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်သည့် အခြေအနေကို စဉ်းစားကြည့်ပြီး သည့်နောက်မှာ ကုန်းရှန့်သည် အနည်းငယ် စိတ်လှုပ်ရှားလျက်ရှိသည်။ သူသည် လောကကြီး၏ ထိပ်ဆုံးသို့ ရောက်ရှိလုနီးပါး ဖြစ်နေသည်ဟု ခံစားမိနေသည်။
..........
ဝှစ် ဝှစ်
ဆေးဥယျာဉ်၏ အပြင်ဘက်မှာတော့ မြေဓာတ်နည်းစနစ်ကို ထုတ်ဖော်ပြီး ခဏအနားယူပြီးသည့်နောက်မှာတော့ တောဝက်ရိုင်းလေးသည် ထပ်မံကာ အသက်သွင်းလိုက်ပြီး ဖြစ်နေ၏။ ဤတစ်ကြိမ်မှာတော့ သူသည် ဟန်ပြရုံ သက်သက် ဤနည်းစနစ်ကို ထုတ်ဖော်ခဲ့ခြင်း မဟုတ်ပေ။ အချိန်နှင့် တည်နေရာပိုးတီအား ပိုမိုမြန်ဆန်စွာ ကြီးထွားလာစေရန်အတွက် အစားအစာများကို ပံ့ပိုးပေးခြင်းသာ ဖြစ်တော့သည်။
“အရသာရှိလိုက်တာ။ အရမ်း အရသာရှိတာပဲ” ဤရောင်းရင်းလေးသည် အားနာမနေတော့ချေ။ မြေတွင် ဖြစ်တည် နေသော အဝိုင်းပုံထုချွန်များအားလုံးကို အားရပါးရ စားသုံးလျက် ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာမှ လှမ်း၍ ကြည့်ရှုကာ ပြောလိုက်သည်။ “တောဝက်ရိုင်းလေး ဖွဲ့စည်း ထားတဲ့ မြေဓာတ်သဘာဝ နည်းစနစ်တွေက ဒီကောင်လေးအတွက် ပိုပြီးတော့ သက်ရောက်မှု ရှိနေတာပဲ။ ပြီးတော့ မြေဆီလွှာတွေလည်း အရမ်းကို ကုန်ခမ်းတဲ့ပုံ မပေါ်သေးဘူး။ ဒီတော့ လောလောဆယ် ဒီအတိုင်း ထားလိုက်တာ ကောင်းမယ်”
နောက်တစ်ရက်မှာတော့ သူသည် တောဝက်ရိုင်းလေးနှင့် အချိန်နှင့်တည်နေရာပိုးတီတို့ကို အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ ခေါ်ဆောင်လိုက်တော့၏။ မြေဓာတ်နည်းစနစ်ကို ထုတ်ဖော်အသုံးပြုရသည့် ကန့်သတ်ချိန်သည် သုံးရက်ကြာမြင့်၏။
သို့ပေမဲ့ အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲသို့ ရောက်ရှိပြီးသည့်နောက်မှာတော့ တောဝက်ရိုင်းလေးသည် ထိုအရာကို ထပ်ခါတလဲလဲ အသုံးပြုနိုင်စွမ်း ရှိနေတော့သည်။ ထို့အတူ ပိုးတီကောင်အား ကျွေးမွေးရသည့် လုပ်ငန်းစဉ် သည်လည်း တဖြည်းဖြည်းနှင့် မြန်ဆန်လာခဲ့သည်။
“တောဝက်ရိုင်းလေး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းတို့ ဒီနေရာမှာ ခဏနေကြအုံး။ မြေဓာတ် နည်းစနစ်ကို ထုတ်ဖော်အသုံးပြုလို့ရပြီဆိုတာနဲ့ တိုက်ရိုက်သာ အသုံးပြုလိုက်တော့”
“ကောင်းပါပြီ” သုံးရက်ကြာမြင့်ပြီးသည့်နောက်မှာတော့ တောဝက်ရိုင်းလေးသည် လျှို့ဝှက်တည်နေရာထဲမှ ထွက်ခွာလာခဲ့၏။ သူသည် ဝိညာဉ်တစ်ခုလုံး ပျောက်ဆုံးနေသကဲ့သို့ပင် ခံစားနေမိ၏။
ဘုတ်
အပြင်သို့ ရောက်ရောက်ချင်းမှာပဲ သူသည် လျှာထွက်ကာ မြေပေါ်သို့ ပြုတ်ကျသွားတော့၏။ အပြင်ဘက်တွင် သုံးရက် ကြာမြှင့်ပြီးသည့်နောက်မှာတော့ အချိန်နှင့်လျှို့ဝှက်တည်နေရာထဲတွင် ရက်ပေါင်းတစ်ရာ့ငါးဆယ် ကြာမြင့်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် သူသည် မြေဓာတ်သဘာဝနည်းစနစ်ကို အကြိမ်ငါးဆယ်တိတိ ထုတ်ဖော် အသုံးပြု ခဲ့ရသည်။ ဤကဲ့သို့ ရူးရူးမူးမူး ထုတ်ဖော် အသုံးပြုပြီးသည့်နောက်မှာတော့ တောဝက်ရိုင်းလေး၏ မြေဓာတ် သဘာဝထိန်းချုပ်မှုသည် ပိုမိုအားကောင်းလာခဲ့၏။ ထို့ကြောင့် သူအနေနှင့် နာကျင်မှုနှင့် ပျော်ရွှင်မှုကို တစ်ပြိုင်နက် ဒွန်တွဲခံစားနေရသည်ဟု ဆိုရမည်။
အချိန်နှင့်တည်နေရာပိုးတီမှာတော့ အစားအစာများ ပိုမိုကာ ရရှိလာခဲ့သည်။ သို့ပေမဲ့ သူသည် အထဲသို့ ဝင်သွားစဉ်ကအတိုင်း လက်တစ်ချောင်း အရွယ်အစားလောက်သာ ရှိသည်ဆိုသော်လည်း ပြန်လည်ထွက်ခွာလာချိန်မှာတော့ အရွယ်ရောက်သူ လူကြီးတစ်ယောက်၏ လက်ကောက်ဝတ်အရွယ်အစားသို့ ရောက်နေပြီဖြစ်သည်။
သူ၏ ခန္ဓာကိုယ် ပုံပန်းသွင်ပြင်သည် အနည်းငယ် ပြောင်းလဲလာခဲ့၏။ သို့ပေမဲ့ အပြင်ဘက်လောကတွင် သုံးရက်သာ ကြာမြင့်သေးသည်။
ဤကဲ့သို့ ကြီးမားလှသည့် ပြောင်းလဲမှုကို မြင်ရပြီးသည့်နောက်မှာတော့ စနစ်သည် စိတ်ဓာတ်ကျလျက် ရှိနေ၏။ သူသည် ဤအကောင်လေးအား အရွယ်ရောက်ရန် နှစ်ပေါင်းတစ်သောင်းလောက် ကြာမြင့်မည်ဟု တွက်ချက်ခဲ့၏။ သို့ပေမဲ့ ကြည့်ရသည်မှာ အခြေအနေသည် သူ့အား ပါးပိတ်ရိုက်သည့် အခြေအနေမျိုးအထိရောက်အောင် ဆွဲခေါ်လျက် ရှိနေ၏။
လက်ခံသူသည် အားအကောင်းဆုံးသော ဂိုဏ်းစနစ်ကို ပိုင်ဆိုင်သည်ဆိုသော် သူသည် ပါးပိတ်ရိုက်ခံရဆုံးသော စနစ်အဖြစ် တည်ရှိလို့ နေတော့သည်။ “ငါဆက်ပြီးတော့ ကြည့်မနေနိုင်တော့ဘူး”
“ဒီကောင်လေးရဲ့ ဖွံဖြိုးတိုးတက်မှုနှုန်းက နည်းနည်းနှေးတယ်လေ”
ကျွင်းချောင်ရှောင်းအနေဖြင့် ဤကောင်လေး ၏ ကြီးထွားလာမှုနှုန်းကို သဘောမတွေ့လှချေ။ ထို့ကြောင့် တွေးလိုက်မိသည်။ “ဒီထက် အဆင့်မြင့်မားလှတဲ့ အချိန်နဲ့တည်နေရာလျှို့ဝှက်နယ်မြေ ရှိနေမယ်ဆိုရင် သူ့အနေနဲ့ ပိုပြီးအကျိုးရှိနိုင်မယ်ထင်တယ်”
စနစ်သည် ဆွံ့အသွားမိ၏။ သို့ပေမဲ့ သူသည် မည်သည့်စကားကိုမှ မပြောချေ။ မဟုတ်ပါက ပါးပိတ်ရိုက်ခံနေရဦး မည်ဖြစ်သည်။
............
ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျန့်ရာသည် အပြင်ဘက်ဆီမှ ပြန်လာခဲ့၏။ ဒီတစ်ကြိမ် မှာတော့ သူသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း သူ့ညီမအခြေအနေကိုတော့ ရှာမတွေ့ခဲ့ချေ။
“အကြီးအကဲကျန့်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သွားကြရအောင်။ ခင်ဗျားကို အရှေ့ပင်လယ်ဆီ ခေါ်သွားမယ်”
နောက်တစ်ရက်မှာတော့ သူသည် လျှိုဝမ်ရှစ် ချက်ပြုတ်ပေးသော အစားအစာများကို စားသောက်ပြီးသည့်နောက် ရွက်သင်္ဘောကြီးကို ဆင့်ခေါ်ကာ ကျန့်ရာနှင့်အတူ အရှေ့ဘက်ပင်လယ်ဆီသို့ သွားတော့သည်။ ဒီတစ်ကြိမ်မှာတော့ သူသည် သူ၏တပည့်များအား ခေါ်ဆောင်မသွားခဲ့ချေ။ ဤခရီးစဉ်၏ ရည်ရွယ်ချက်သည် တစ်စုံတစ်ယောက်ကို သွားရောက်ရှာဖွေခြင်းဖြစ်၏။ ထို့ကြောင့် ကုန်းရှန့်သည် အချိန်မဖြုန်းချင်တော့ချေ။ အရှေ့ပင်လယ်ဆီသို့ ဖြစ်နိုင် သမျှ အမြန်ဆုံး သွားရောက်တော့သည်။
မရောက်တာကြာသည့်အတောအတွင်း ဤနေရာသည် အနည်းငယ် လှုပ်ရှားသက်ဝင်လျက် ရှိနေတော့၏။ အင်ပါယာကျန်းဝေ သေဆုံးပြီးသည့်နောက် ကျန်သည့် အင်ပါယာသုံးယောက်တို့သည် အကုန်စုပေါင်းကာဖြင့် ကျန်းဝေအင်ပါယာကြီးကို လာရောက် တိုက်ခိုက်နေ၏။
အင်ပါယာကျန်းဝေသည် သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း ၎င်း၏ စစ်သည်များနှင့် စစ်ဗိုလ်ချုပ်အားလုံးသည် ကြံ့ကြံ့ခံကာ ဤကဲ့သို့ ပူးပေါင်းတိုက်ခိုက်မှုမျိုးကို ခုခံလျက် ရှိနေသေး၏။ သေးငယ်လှသည့် မြို့လေးတစ်ခုပင်လျှင် ဆုံးရှုံးခြင်း မရှိပေ။ အင်ပါယာကျန်းဝေ နန်းမတက်ခင်က ဤနေရာသည် တစ်နှစ်ပတ်လုံး စစ်ဖြစ်နေသည့်နေရာဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ ထို့နည်းတူစွာပဲ စစ်မီးတောက်များ တောက်လောင်လျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို ဂရုမစိုက်ချေ။ သူသည့် ကျန့်ရာကို အရှေ့ပင်လယ်သို့ ခေါ်ဆောင်လာပြီး သည့်နောက်မှာတော့ ဤနေရာတွင် ရက်အနည်းငယ်နေထိုင်ခဲ့၏။ ဘာတစ်ခုမှ ရှာဖွေမတွေ့ရှိသည့်နောက်မှာတော့ သူသည်သည် တောင်ပင်လယ်နှင့် အနောက်ပင်လယ်ဆီသို့ ဆက်လက်ကာ သွားရောက်ရန် ဆုံးဖြတ်ချက် ချထားလိုက်၏။
တခြားသော ကျင့်ကြံသူများအနေနှင့် အရှေ့ပင်လယ်သို့ လာရောက်ရန် ဆိုသည်မှာ တစ်နှစ် သို့မဟုတ် ထိုထက် ကြာမြင့်သော အချိန်ကာလကို လိုအပ်နေပေလိမ့်မည်။ ဤကြားထဲ ခရီးသွားလာနေရင်း သေဆုံးသွားရမည့် အခြေအနေမျိုး ရှိနေသေးသည်။ သို့ပေမဲ့ ရွက်သင်္ဘောကြီးကို ပိုင်ဆိုင်သော ကျွင်းချောင်ရှောင်းမှာတော့ ရိုးရှင်းလှ သည့် ခရီးတစ်ခုကို ထွက်လိုက်ရသလိုပင် ဖြစ်နေသည်။
“ထားလိုက်ပါတော့”
ကျန့်ရာက ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ပြန်ကြရအောင်”
သူသည် ထပ်ကာထပ်ကာ ရှာဖွေ ခဲ့သည်။ သို့ပေမဲ့ ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် ဆက်လက်ရှာဖွေရန် သတ္တိလည်း မရှိတော့ချေ။ သူ့အနေနှင့် လက်ခံ၍ မရနိုင်သော ရလဒ်မျိုးကို တွေ့ကြုံရမည်ကိုပင် စိုးရွံ့လျက် ရှိနေသေးသည်။
ထို့အပြင် အနောက်ပင်လယ်နှင့် တောင်ပင်လယ်တို့ဆိုသည်မှာ အရှေ့ပင်လယ်ထက် ပိုမိုကာ အန္တရာယ်များလှသော နေရာဖြစ်၏။ ဂိုဏ်းချုပ် အနေနှင့် အရင်တုံးက တစ်ခါမှ မရောက်ဘူးသော တည်နေရာများ ဖြစ်သည်မို့ လမ်းပျောက်သွားမည်ကို စိုးရိမ်ရ၏။
“ခင်ဗျား မသွားတော့ဘူးလား”
“မသွားတော့ဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကောင်းပြီ... ဒါဆိုလည်း”
သူသည် ရွက်သင်္ဘောအား အသာလှည့်ကာဖြင့် အရှေ့တောင်ရန်ကျူးဆီသို့ ပြန်လာခဲ့တော့သည်။ ထိုအချိန်မှာပဲ တိမ်များကြားထဲတွင် စူးရှသည့်အလင်းတန်းများ ဖြစ်တည်လာသည်ကို မြင်လိုက်ရ၏။
“ဒါက ….”
ကျွင်းချောင်ရှောင်းက အံ့အားတသင့်ဖြင့်ပြောလိုက်သည်။ “ဒါက စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည် ကောင်းမွန်လာတဲ့ လက္ခဏာပဲ”