အခန်း (၁၀၉၆)
Vol. 74 Ch. 1096
"ကောင်းကင်ဘုံ … ဒါက မယုံနိုင်စရာပဲ"
မြောက်ပိုင်းသဲကန္တာရအတွင်းရှိသော ဂိုဏ်းချုပ်များသည် တည်ဆောက်ထားသော မြို့သစ်ကြီးကို ကြည့်ကာ အံ့ဩနေကြ၏။ ဤနေရာတွင် သဲမုန်တိုင်းများသည် မကြာမကြာ တိုက်ခတ်သည့် အလေ့အထ ရှိသည်။ သို့သော် ဂိုဏ်းချုပ်ကျွင်းသည် မြို့သစ်ကြီးကို တကယ်ပင် တည်ဆောက်ခဲ့သည်။
မဟုတ်သေးပေ။ ဤနေရာတွင် ကျောက်ရိုင်းတုံးများလဲလှယ်သည့် နေရာဟု ပြောခဲ့သည် မဟုတ်ပါလား။ အဘယ့်ကြောင့် စစ်စခန်းကြီးတစ်ခုနှင့် တူညီနေရသနည်း။ အားလုံးသောသူများသည် စဉ်းစား၍မရအောင် ဖြစ်နေကြ၏။ သို့သော်သူတို့သည် မမေးရဲကြချေ။
"အနာဂတ်မှာ ကျောက်ရိုင်းတုံးတွေ လဲလှယ်မယ်ဆိုရင် ဒီမြို့ကို လာခဲ့လို့ရပါတယ်"
ကျွင်းချောင်ရှောင်းသည် ဝိညာဉ်မျိုးနွယ်အား ခုခံရန် တည်ဆောက်ထားသည် ဆိုသော်လည်း သူ့အနေဖြင့် ထုတ်ဖော်ပြောကြား၍ မဖြစ်ချေ။
မြို့တည်ဆောက်ပြီးပြီဖြစ်သောကြောင့် အနာဂတ်တွင် ကုန်ပစ္စည်းများကို ဤနေရာသို့ ပြောင်းရွေ့ရောင်းချလို့ ရပေလိမ့်မည်။ ထိုသို့ တည်နေရာပြောင်းရွေ့မှုတွင် လူလုပ်စိတ်ဝိညာဉ် ကျောက်တုံးများ ကုန်ဆုံးနိုင်သည် ။ သို့သော် ကျွင်းချောင်ရှောင်းသည် စိတ်မပူပေ။ များပြားလှသော ဂြိုလ်များနှင့် ဆေးလုံးရောင်းဝယ်မှုများ ရှိသေးသည်။ သူ၏ စိတ်ထဲတွင် လူလုပ်စိတ်ဝိညာဉ်ကျောက်တုံးများကို စိတ်ထဲသို့ပင် မထည့်တော့သည်မှာ ကြာပြီဖြစ်၏။
စိတ်ဝိညာဉ်ကျောက်တုံး တစ်ဒါဇင်ခန့် ရှိလျှင်ပင် ပျော်ရွှင်နေတတ်သော ကျင့်ကြံသူတို့မှာ ဂြိုလ်များကို ပတ်၍ စီးပွားလုပ်နေသော ကျွင်းချောင်ရှောင်းနှင့် ကွာခြားလွန်းလှသည်။
"အားလုံးပဲ"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ကျုပ်တို့က အတူတူ ပေါင်းစည်းနေထိုင်ကြတာလေ။ တကယ်လို့ အနာဂတ်မှာ အန္တရာယ်ကြုံတွေ့လာခဲ့ရင် ဒီမြို့ကို လာပြီး တည်းခိုနိုင်ပါတယ်"
အခြားသူများသည် လက်သီးကို ဆုပ်ကာပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"
သူတို့သည် စိတ်ထဲမှာတော့ တွေးနေမိ၏။ ဂိုဏ်းချုပ်ကျွင်းက ဘာလုပ်ချင်နေတာလဲ။
ဝိညာဉ်မျိုးနွယ်များ ဤကုန်းမြေသို့လာရောက်ခြင်းအား ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားသည်ကိုသာ သိသွားပါက သူတို့သည် ကျေးဇူးတင်နေကြလိမ့်မည်။ ဤကဲ့သို့ မြို့ကြီးဆောက်လုပ်မှုသည် မြောက်ပိုင်းသဲကန္တာရ သာမက ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ပါ ပျံ့နံ့သွားခဲ့၏။ များပြားလှသော လူများသည် ဤသည်မှာ မြို့သက်သက်တစ်ခု မဖြစ်နိုင်ဟု တွေးမိလာကြ၏။
"ရှေးရှေးတုန်းက ကျုပ်တို့တစ်ကွဲတစ်ပြားစီ ဖြစ်နေတာလေ ဒီလူက ကျုပ်တို့ကို စုစည်းပြီး အုပ်ချုပ် ချင်နေတာလား”
“သူက ထိုက်ရွှမ်အအေးဂိုဏ်းကိုတောင် တိုက်ခိုက်ရဲတယ်ဆိုတော့ လောကကြီးတစ်ခုလုံးကို အနိုင်ယူချင်တယ် ဆိုလည်း ထူးဆန်းလှတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခုခု ဖြစ်တော့မယ်လို့ ငါခံစားမိနေတယ်"
သိုင်းကျင့်ကြံသူများသည် တီးတိုးပြောဆိုလျက်ရှိနေ၏။ လူတစ်ယောက်သည် ဦးနှောက်ရှိမည်ဆိုလျှင် ထိုသို့တွေးနေမည်ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာများကို လိုက်လံမဖြေရှင်းပေ။ မြို့ထဲတွင် ရှိသော မြို့တော်ဝန်ဟန်သည် အကယ်၍ ကျွင်းချောင်ရှောင်းသာ တစ်လောကလုံးကို အုပ်ချုပ်ချင်လျှင် ဂြိုဟ်တိုက်ပွဲ တည်နေရာထဲသို့ စွမ်းအားမြင့် ကျင့်ကြံသူများ ဝင်ရောက်သွားချိန်တွင် ကူညီပေးလိမ့်မည် မဟုတ်ချေ။ ထိုသို့သော အချိန်မျိုးတွင် ကြယ်ကြွေကုန်းမြေတိုက်ကြီးအား တိုက်ခိုက်ကာ သိမ်းယူနေပေလိမ့်မည်။
သူသည် ဂိုဏ်းချုပ်ကျွင်းအား သေသေချာချာ နားလည်သူဖြစ်၏။
အင်္သချေမြို့ ဟု အမည်တပ်ထားသော မြို့ကြီးတည်ဆောက်ပြီးသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သားရဲခန်းမကို ခေါ်ဆောင်ကာ ဤနေရာတွင် အခြေချထားလိုက်တော့၏။ ထို့အပြင် သားရဲပေါင်း နှစ်သိန်းကို ခေါ်ဆောင်ကာ အကူအညီပေးနိုင်ရန် စီစဉ်ထားသည်။
ကျန်းတယ်ကျွင်း ဖန်တီးခဲ့သော မိုးကြိုးများနှင့် အစီအရင်များသည် မြို့ရိုး၏ ရှေ့တွင် တည်ရှိနေသောကြောင့် အကာကွယ်အနေဖြင့် အားကောင်းလွန်းလှသည်ဟု ဆိုရပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ကျွင်းချောင်ရှောင်းသည် အနည်းငယ်စိုးရိမ်မိ၏။
ဝိညာဉ် မျိုးနွယ်များသည် မည်ကဲ့သို့ ကျူးကျော်လာမည်ကို သူမသိရှိပေ။
"ငါ အချိန်နဲ့ တည်နေရာ ပိုးကောင်ကို အမြန်အသက်သွင်းနိုင်မှ ဖြစ်မယ်။ ဒါမှ တစ်ဖက်လူတွေ ဘယ်လို အခြေအနေရှိလဲ သိနိုင်မှာ"
ဆေးဥယျာဉ်ထဲ၌ ဆေးပင် စိုက်ပျိုးမှုသည် လဝက်ခန့်ရှိခဲ့ပြီ ဖြစ်၏။ ဆေးလုံးအတွက် လိုအပ်သော ဆေးပင်များ တစ်ခုပြီးတစ်ခု ရရှိလာခဲ့ပြီဖြစ်၏။
"သန့်စင်မယ်၊ သန့်စင်မယ်"
ဆေးဝါးခန်းမတွင် ဆေးပင်များ အလုံအလောက်ရှိနေသောကြောင့် ကျွင်းချောင်ရှောင်းသည် ဆေးဝါးထုတ်လုပ်မှုကို မြင့်တင်လိုက်တော့၏။ ဤသို့ဖြင့်နောက်ထပ် လဝက်ကြာသွားခဲ့၏။
ပြန်လည် ကောင်းမွန်ခြင်းဆေးလုံးတစ်သောင်းကျော်အား ရရှိလိုက်သည်။ ရောင်းချဖို့ လိုအပ်သည့် အရေအတွက် အပြင် နှစ်ထောင်ကျော်တောင် ထပ်၍ ပိုလျှံနေသေးသည်။
ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကြယ်တိုက်ပွဲတည်နေရာသို့ အလျင်အမြန် ထွက်ခွာသွား၏။
သူသည် မိုရှန်ရှမ်း ကို ရှာဖွေကာ အရိုးသားဆုံးသော အလဲအလှယ်ကို ပြုလုပ်တော့သည်။
အခြားကုန်းမြေမှ ခေါ်ဆောင်ထားသော ဆေးလုံးပညာရှင်သည် လေးနာရီခန့်ကြာအောင် စစ်ဆေးပြီးနောက် အသံပို့လွှတ်ကာ ပြောလိုက်၏။ "ဒီဆးလုံးတွေက အရသာကော၊အာနိသင်ပါအတူတူပဲ အကျိုးသက်ရောက်မှုရှိတယ်"
မိုရှန်ရှမ်း သည် သူ့အား အတော်ပင်ယုံကြည်သွားခဲ့ပြီး ပြုံးကာပြောလိုက်၏။ "ဒီ တစ်စက္ကန့် ငေါက်ခနဲ ဆေးလုံးတွေကို အကုန်ယူမယ်။ ဒါပေမဲ့ …"
ခနလောက် တိတ်ဆိတ်သွားပြီးနောက် ဆက်၍ပြောလိုက်၏။ "နည်းနည်းလောက် လျော့ပေးလို့မရဘူးလား"
ဆေးလုံးတစ်သောင်းအတွက် ဆဌဂံ ကြယ်ကျောက်တုံးသန်းငါးဆယ် ပေးရမည် ဖြစ်၏။ သူသည် ချမ်းသာသည်ဆိုသော်လည် ဤအရာမှာ သူ၏ ချမ်းသာသမျှအကုန်သုံးကာ ဝယ်ထားရခြင်းဖြစ်သည်။
"ခင်ဗျားက ပြောနေမှတော့ ကျုပ်က လေးဆယ့်ငါးသန်းနဲ့ပေးလိုက်မယ်" ကျွင်းချောင်ရှောင်းသည်ပြောလိုက်၏။ သူတို့သည် ကောင်းမွန်သော စီးပွားဖက်များဖြစ်၏။ ငါးသန်းလောက် လျော့ပေးလိုက်ရုံနှင့် ဘာမှမဖြစ်သွားချေ။
“ကောင်းပြီ"
မိုရှန်ရှမ်း သည် အမြန်ပင်သဘောတူလိုက်၏။ သူသည် ကြယ်ကျောက်တုံးများသုံးစွဲလိုက်ရသဖြင့် ရင်ထဲ၌ အနည်းငယ်နာကျင်သော်လည်း အမြတ်များရရန်အတွက် ပြန်၍ရောင်းချမည်ဖြစ်၏။
"မြို့တော်ဝန်မို … ပြည့်စုံတဲ့ ပူးပေါင်းမှုပါပဲ"
"ဂိုဏ်းချုပ်ကျွင်း ပျော်ရွှင်စရာ ပူးပေါင်းမှုပါပဲ" သူတို့သည် အပြန်အလှန် နှုတ်ဆက်လိုက်ကြ၏။
ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဂိုဏ်းသို့ အမြန်ပြန်လာပြီး အချိန်နှင့် တည်နေရာပိုးကောင် ဆီသို့သွားကာ ကြယ်ကျောက်တုံး သန်းနှစ်ဆယ်ကို ထုတ်ယူလိုက်သည်။
"ဝူး"
ကြယ်ကျောက်တုံးများသည် တောင်ကြီးကဲ့သို့ပင် ရှိနေ၏
ဘုတ် …..။
အချိန်နှင့် တည်နေရာပိုးကောင်သည် ကြယ်ကျောက်တုံးများအား မြင်ပြီးနောက် ပျော်ရွှင်ကာ မေ့လဲသွားခဲ့ခြင်းဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ထိုအကာင်လေးအား လက်ဖြင့် အသာ ကောက်ယူပြီးနောက်မှာတော့ စိတ်ဝိညာဉ်ကျောက်တုံး များအပေါ်သို့ ပစ်တင်လိုက်၏။ “မင်းဆယ်ရက်အတွင်း ကြီးထွားအောင်စားတော့၊ မဟုတ်ရင် ငါမင်းကို စားပစ်မယ်”
အချိန်နှင့် တည်နေရာပိုးကောင်သည် ပြောလိုက်၏။ "သခင် စိတ်ချပါ"
ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်လိုက်၏။ ပြီးနောက် အစီအရင်ထဲမှထွက်ခွာကာ သူ၏ ရင်ဘတ်အား လက်ဖြင့် အသာဖိကာ ပြောလိုက်သည်။
"ရင်တွေနာလိုက်တာ"
ဤအရာသည် ကြယ်ကျောက်တုံး သန်းနှစ်ဆယ်ဖြစ်၏။ ဂိုဏ်းအတွက်သာ အသုံးပြုလိုက်ပါက အလွန်အကျိုးထူးပေလိမ့်မည်။ သို့ပေမဲ့ သူသည် အချိန်နှင့် တည်နေရာပိုးကောင်အား ကျွေးမွေးနေရ၏။
စနစ်သည် သူ့အား နှစ်သိမ့်လိုက်၏။ "ဒီကောင်လေးက အချိန်နဲ့တည်နေရာကို ဖွင့်လှစ်ဖို့ စွမ်းအင်လိုတယ်လေ ။ ပြီးရင် လက်ခံသူလိုချင်တဲ့အတိုင်းဖြစ်လာမှာပါ"
"ဒီလိုပဲ မျှော်လင့်ရပါတယ်"
အချိန်နှင့်တည်နေရာ ပိုးကောင်သည် အချိန်နှင့် တည်နေရာကို လိုသလိုသွားနိုင်၏။ ထို့ကြောင့်သာ ကျွင်းချောင်ရှောင်းသည် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေရခြင်း ဖြစ်သည်။
ဆယ်ရက်ခန့် ကြာပြီး နောက်မှာတော့ ကောင်းကင်ကြီးသည် ကြည်လင်တောက်ပနေတော့၏။ ကျွင်းချောင်ရှောင်းသည် မျက်နှာပင် မသစ်တော့ဘဲ တောင်၏အနောက်ဖက်ဆီသို့ သွားလိုက်၏။
ကြီးမားသည့်အစီအရင်နောက်မှာတော့ တောင်လိုပုံနေသောကျောက်တုံးများသည် အရောင်မှေးမှိန်နေသည်ကို တွေ့လိုက်ရ၏။ သူသည် ရင်ဘတ်ကို အသာဖိကာပြောလိုက်သည်။ "အမလေး .. အမလေး … ငါ့ရင်တွေနာလိုက်တာ"
ဘုန်း … ဘုန်း ….။
ထိုအချိန်မှာတော့ စိတ်ဝိညာဉ်ကျောက်တုံးပုံကြီးသည် တုန်ခါလာခဲ့ပြီး ခေါင်းတစ်ခု ပေါ်ထွက်လာခဲ့၏။ ထိုသတ္တဝါကြီးတွင် များပြားလှသော မျက်လုံးများနှင့် ချွန်ထွက်နေသော သွားများ ရှိနေ၏။
ထိုအကောင်ကြီးသည် မတ်တပ်ရပ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလာသည် "သခင် ဒါမှ အချိန်နှင့် တည်နေရာ ပိုးကောင်လို့ခေါ်တာ"
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် ရေရွတ်လိုက်၏။ "ဒါက LoL ဂိမ်းထဲက Baron Nashor မဟုတ်လား"