အခန်း (၁၀၈၉)
Vol. 74 Ch. 1089
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို အသုံးပြုပြီးသည့်နောက် တည်နေရာနှင့်အချိန် ပိုးတီ အား ဝယ်ယူခဲ့လိုက်တော့၏။ ဤကောင်ကလေးသည် မြေပိုးကောင်ကလေးနှင့် ဆင်တူလွန်းလှပြီး ကြည်လင် လွန်းလှသော အိတ်ကလေးထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက် ရှိနေ၏။
“ဒါကို မြေထဲကနေ တူးရင်တောင် ရမယ်နဲ့တူတယ်။ တည်နေရာအတားအဆီးကို ချိုးဖြတ်နိုင်တဲ့အကောင် ဖြစ်တယ်ဆိုတာ ဘယ်လိုမှတောင် မထင်ရဘူး” ကျွင်းချောင်ရှောင်းသည် အနည်းငယ် သံသယဖြစ်နေ၏။ သို့ပေမဲ့ စတိုးဆီမှ ရရှိသော ပစ္စည်းများသည် အလွန်ကောင်းမွန်လှသည့်ပစ္စည်းများဖြစ်ကြောင်း သူသိရှိပြီး ဖြစ်သည်။ ဖော်ပြချက်များသည် မကိုက်ညီသည့်အရာတော့ မဖြစ်နိုင်ချေ။
ပြီးသည့်နောက် တစ်စုံတစ်ခုသည် ပြဿနာရှိနေသည်ကို တွေးတောမိသွား၏။ သူသည် ဘာကို အသုံးပြုပြီး ၎င်းကို ကျွေးမွေးရမည်နည်း။ ဤကောင်ကလေးသည် ဝယ်ယူရာတွင် ဈေးပေါလှသည်ဆိုသော်လည်း အချိန်နှင့် တည်နေရာကို ဖြတ်သန်းသွားလာနိုင်စွမ်း ရှိနေ၏။ သို့သော်ငြား အရွယ်ရောက်ရန်တော့ လိုအပ်သေးသည်။
စနစ်က ပြောလိုက်သည်။ “ဒီလိုသတ္တဝါတွေက တည်နေရာ လေဟာနယ်ရဲ့ အတွင်းပိုင်းထဲမှာ နှစ်ပေါင်းတစ်သောင်းကျော်လောက် အိပ်ပြီးတော့မှ အရွယ်ရောက်လာကြတာလေ”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်၏။ “မင်း ဒီထက်ကောင်းတဲ့စကားတွေကို မပြောတတ်ဘူးလား”
“ငါက အမှန်ကို ပြောပြတာလေ”
စနစ်သည် အကူအညီမဲ့စွာ ပြောလိုက်တော့၏။ “လက်ခံသူအနေနဲ့ မကြားချင် ဘူးဆိုရင် စကားပြောင်းပြောတာပေါ့။ ဒါဆိုရင်တစ်လ”
“တစ်လ ဟုတ်လား။ ဒီကောင်လေးက ဘယ်လိုအရွယ်ရောက်လာနိုင်မှာလဲ”
“အရွယ်ရောက်လာနိုင်တာပေါ့”
ရုတ်တရက် အိတ်လေးထဲတွင် အိပ်လျက်ရှိနေသော ပိုးတီသည် ခေါင်းကို အသာမြှောက်ကာဖြင့် ၎င်း၏ ဝမ်းဗိုက်ထဲမှ အသံဖြင့် ပြောလိုက်သည်။ “လုံလောက်တဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို စားသုံးရမယ်ဆိုရင် တစ်လမပြောနဲ့ ၊ တစ်ရက်တည်းနဲ့တင် အရွယ်ရောက်လာနိုင်တယ်”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ထိတ်လန့်တုန်လှုပ်သွားမိ၏။ သူက ပြောလိုက်တော့သည်။ “လူသားစကားကို လည်း ပြောဆိုနိုင်တယ် ဟုတ်လား”
“သိပ်မှန်တာပေါ့။ အချိန်နဲ့ တည်နေရာပိုးတီလေ”
ခေါင်းကိုမော့ကာဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။ “ကျုပ်က တော်ဝင်သွေးမျိုးဆက်နဲ့ အင်းစက် တစ်ကောင်ပဲလေ။ ဒီတော့ မွေးကတည်းက စကားပြောဆိုနိုင်တယ်”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ဤကောင်ကလေးသည် ငါးမျှားချိတ်တွင် ချိတ်ဆွဲရသော မြေပိုးတီကောင် နှင့် ဘာမှ မကွဲပြားလှချေ။ သို့ပေမဲ့ တော်ဝင်သွေးမျိုးဆက်ဟု ပြောဆိုလျက်ရှိနေသည်။ ထိုသို့ဆိုလျှင် တော်ဝင်နဂါးများ၏ မျက်နှာကို မည်သည့်နေရာတွင် သွား၍ ထားရမည်နည်း။
“စွမ်းအင်တွေ ဟုတ်လား”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “မင်းအနေနဲ့ တိတိကျကျ ပြောပြပါအုံး”
“ဥပမာအားဖြင့် လူသားတွေ ကျင့်ကြံတဲ့နေရာမှာ အသုံးပြုတဲ့ စွမ်းအင်မျိုးကို စားသုံးရမယ်ဆိုရင်ပေါ့” တည်နေရာ နှင့် အချိန်ပိုးတီက ပြောလိုက်တော့သည်။
“ဒီလိုလား”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် လူလုပ်စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူကာ ပြောလိုက်သည်။ “ဒီမှာတစ်ခုရှိတယ်။ မင်းစမ်းကြည့်”
ရွှီး
တည်နေရာနှင့်အချိန်ပိုးတီလေးသည် သူ၏ အိတ်ထဲမှ တွားသွားကာ ထွက်လာခဲ့၏။ သူသည် စိတ်ဝိညာဉ် ကျောက်တုံးကို တစ်တုံးကို အနံ့ခံပြီးသည့်နောက်မှာ အထင်အမြင်သေးစွာ ပြောလိုက်မိသည်။ “ဒီစိတ်ဝိညာဉ် ကျောက်တုံးက အရမ်းကို အဆင့်နိမ့်တယ်”
..........
ကျွင်းချောင်ရှောင်းသည် နောက်ထပ် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်၏။ တည်နေရာနှင့် အချိန်ပိုးတီသည် ထိုအရာကို ထိကြည့်ပြီးနောက် ပြောလိုက်သည်။ “ဒါကလည်း အဆင့်နိမ့်သေးတာပဲ”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ဒီကောင်လေးသည် အရွယ်အစား သေးလှသည်ဆိုသော်လည်း ၎င်း၏ လိုအပ်ချက်ဖြစ်သော စိတ်ဝိညာဉ်ကျောက်တုံးများ၏ အရည်အသွေးမှာတော့ အလွန်တရာ မြင့်မားလျက်ရှိသည်။
“ရော့ ဒီမှာကြည့်”
ကျွင်းချောင်ရှောင်းသည် သူ၏ ဝှက်ဖဲကို ထုတ်ယူလိုက်၏။ ထိုအရာမှာ ဆဋ္ဌဂံကြယ်ကျောက်တုံး ပင် ဖြစ်တော့၏။ တစ်ခုကို သဘာဝစိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးတန်တဲ့အရာကို အရည်အသွေးမရှိဘူးလို့ ပြောမှာမဟုတ်ပါဘူး။
“ကောင်းပြီ။ ကောင်းပြီ”
တည်နေရာနှင့် အချိန်ပိုးတီလေးသည် နှာခေါင်းတရှုံ့ရှုံ့ လုပ်ကာဖြင့် သဘောတကျ ပြောလိုက်မိသည်။ “ဒီစွမ်းအင်ကျောက်တုံးကတော့ လက်ခံနိုင်လောက်တယ်”
“လက်ခံနိုင်ရုံလောက်ပဲ ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မူးနောက်နောက်ပင် ခံစားသွားရ၏။
ရွှီး
တည်နေရာနှင့် အချိန်ပိုးတီလေးသည် ဆဋ္ဌဂံကြယ်ကျောက်တုံးပေါ်သို့ တွားသွားကာ တက်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်သည် ခပ်ဖျော့ဖျော့ အလင်းတန်းများ ထွက်လာပြီးသည့်နောက် စွမ်းအင်များကို စုပ်ယူလျက် ရှိနေတော့၏။
သူသည် စွမ်းအင်များကို ပျော်ပျော်ကြီး စုပ်ယူရန်ပြင်နေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် ထိုအရာအား လက်ညှိုးနှစ်ချောင်းဖြင့် အသာညှပ်ယူကာ ပြောလိုက်၏။ “အင်းစက်တွေကလည်း သားရဲအဖြစ် သတ်မှတ်လို့ ရတယ်လေ။ ဒီတော့ မင်းအနေနဲ့ စွမ်းအင်တွေကို မစုပ်ယူခင်မှာ ငါနဲ့ ပဋိညာဉ်ရေးထိုးဖို့ လိုအပ်လိမ့်မယ်”
သူ့အနေနှင့် ဘာမှမဆိုင်သည့် သတ္တဝါတစ်ကောင်ကို စိတ်ဝိညာဉ်စွမ်းအင်များ ကျွေးရလောက်သည့်အထိ မအသေးချေ။
“ကျုပ်ကိုလွှတ်၊ ကျုပ်ကိုလွှတ်”
တည်နေရာနှင့် အချိန်ပိုးတီကောင်လေးသည် စတင်ကာ ရုန်းကန်တော့၏။ သို့ပေမဲ့ သူ၏ ခန္ဓာကိုယ်လေးသည် အလွန်ကို သေးကွေးလွန်းသောကြောင့် ကျွင်းချောင်ရှောင်း၏ လက်ချောင်းများ ကြားထဲမှ မလွတ်မြောက်နိုင်ချေ။
“ငါနဲ့ ပဋိညာဉ်ရေးထိုးမှုကို အရင်လုပ်။ ဒါဆိုလို့ရှိရင် လက်လွှတ်ပေးရုံတင်မကဘူး။ စွမ်းအင်ကျောက်ရိုင်းတုံး တစ်ခုလုံးကို စုပ်ယူခွင့်ပေးမယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ၏ အထင်အရဆိုလျှင် ဤပိုးကောင် လေး၏ သခင်ဖြစ်သွားပြီဆိုလျှင် ကျွေးမွေးရသည်မှာ ထိုက်တန်လှသည်ဟု ဆိုရမည်။ မဟုတ်ပါက စားသုံးပြီး ထွက်ခွာသွားလျှင် ဘယ်လိုလုပ်ရမည်နည်း။
“မဖြစ်ဘူး”
တည်နေရာနှင့် အချိန်ပိုးတီကောင်လေးက ပြောလိုက်တော့သည်။ “ကျုပ်သခင်ဆိုတာက လောကကြီးရဲ့ သူရဲကောင်းဖြစ်ရမယ်”
ကျွင်းချောင်ရှောင်းက နောက်ပြောင်လိုက်သည်။ “တစ်နေ့မှာ ငါက သက်တန့်ရောင်တိမ်တွေပေါ်ကို လှမ်းလျှောက်နိုင်တဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်လေ”
“အမ်... ဒါက မဖြစ်နိုင်ဘူးလေ”
ဗျစ်
ဤကောင်လေးသည် စကားတောင် ပြီးအောင်မပြောရသေးခင်မှာပဲ လက်ဖြင့်ဖျစ်ညှစ်ခြင်းကို ခံလိုက်ရတော့သည်။
ဟူး ဟူး
ကျွင်းချောင်ရှောင်းသည် လက်ထဲတွင် မီးတောက်များကို ထုတ်ယူကာဖြင့် ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်မိ၏။ “သက်တန့်ရောင်တိမ်တွေပေါ်ကို ငါနဲ့အတူတူ မတက်ခင် လောလောဆယ် သက်တန့်ရောင်မီးတောက်တွေနဲ့ မီးကျွမ်းသွားလိမ့်မယ်။ ဒီတော့ မင်းငါ့ကို အညံ့ခံမလား။ ဒါမှမဟုတ်ရင် ချက်ချင်း ငါမင်းကို ကင်ပစ်လိုက်ရမလား”
တည်နေရာနှင့်အချိန် ပိုးတီကောင်သည် တော်ဝင်သွေးမျိုးဆက် ဖြစ်သောကြောင့် လူသားတစ်ယောက်၏ ခြိမ်းခြောက်မှုကိုတော့ မခံနိုင်ချေ။ ထို့ကြောင့် သူသည် ကျယ်လောင်စွာဖြင့် ပြောလိုက်တော့သည်။ “ကျုပ် အညံ့ခံတယ်”
စနစ် “...”
လောကတွင် ဤကဲ့သို့ အနိုင်မခံ အရှုံးမပေးသည့် လေသံမျိုးဖြင့် ကြောက်ရွံ့လှသည့် စကားများကို ပြောဆိုနိုင်သူမှာ ဤကောင်လေးသာ ရှိပေလိမ့်မည်။
ဟူး ဟူး ဟူး
ကျွင်းချောင်ရှောင်းသည် မီးတောက်များကို ပြန်လည် သိမ်းဆည်းပြီးသည့်နောက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်တော့သည်။ သူသည် တည်နေရာနှင့် အချိန်ပိုးတီကောင်အား စိတ်ဝိညာဉ်စွမ်းအင်များနှင့် လွှမ်းခြုံကာ ပြောလိုက်တော့သည်။ “စိတ်ကို သက်တောင့်သက်သာထား။ မငြင်းဆန်နဲ့”
ဤရောင်းရင်းလေးသည် မျက်ရည်တောက်တောက်ကျကာဖြင့် ပဋိညာဉ်ရေးထိုးမှုကို လက်ခံလိုက်ရတော့သည်။ သူမပြုလုပ်လျှင်လည်း မရချေ။ တစ်ဖက်လူသည် သူ့အား ဖျစ်ညှစ်ကာ သတ်ပေလိမ့်မည်။ ထို့အတူ မီးတောက်များ၏ အားအင်ကလည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ဆွစ်
ကျွင်းချောင်ရှောင်းသည် သူ၏လက်ချောင်းများကို ပြန်လည်ရုတ်သိမ်းကာ ပြောလိုက်၏။ “ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ပဋိညာဉ်သားရဲပဲ။ သခင်က မင်းကို တကယ့်ကို ဖြူဖွေးပြီး ဝလာတဲ့အထိ ကျွေးမွေးမယ်”
“.........”
တည်နေရာနှင့် အချိန် ပိုးတီကောင်လေးသည် မြေပေါ်တွင် လဲကျလုမတတ် ဖြစ်သွားတော့သည်။ ဖြူဖွေးပြီး ဝအောင်ကျွေးရအောင် ငါက ဝက်မှ မဟုတ်တာ။
ဆွစ် ဆွစ် …။
ထိုအချိန်မှာတော့ ဆဋ္ဌဂံကြယ်ကျောက်တုံးသည် သူ၏အနားသို့ ရောက်ရှိလာ၏။ ကျွင်းချောင်ရှောင်းသည် လက်ကို အသာချကာ ပြောလိုက်သည်။ “ရော့ …. စုပ်ယူတော့”
တည်နေရာနှင့်အချိန်ပိုးတီကောင်လေးသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံခံပြီးသည့်နောက်မှာတော့ မျက်နှာ တစ်ခုလုံး ပြုံးရွှင်သွား၏။
ဟူး ဟူး
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ဆဋ္ဌဂံကြယ်ကျောက်တုံးသည် ချက်ချင်းပဲ စုပ်ယူခြင်းကို ခံလိုက်ရပြီး အသုံးမဝင်သည့် ကျောက်တုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့၏။
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိသည်။ “မြန်လိုက်တာ”
သူနှင့်လက်ရှိကျင့်ကြံခြင်းနှင့် စုပ်ယူနိုင်ခြင်းအစွမ်းအရဆိုလျှင် ထိုကဲ့သို့ ဆဋ္ဌဂံကြယ်ကျောက်တုံးကို စုပ်ယူရန် အတွက် အချိန်ဆယ်မိနစ်လောက် ကြာမြင့်၏။ သို့ပေမဲ့ ဤရောင်းရင်းလေးမှာတော့ တစ်မိနစ်သာ ကြာမြင့်ခဲ့သည်။
ဟူး ဟူး
မိနစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်မှာတော့ အခြားသော ဆဋ္ဌဂံကြယ်ကျောက်တုံး ငါးတုံးတို့သည် စုပ်ယူခြင်းကို ခံခဲ့ရ၏။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုရခြင်း၏ နားလည်မှုသည် သူ၌ ပိုမို အားကောင်းလာခဲ့၏။ ပိုးတီကောင် လေးသည် ဆဋ္ဌဂံကြယ်ကျောက်တုံး ခြောက်တုံးကို စုပ်ယူခဲ့သည်ဆိုသော်လည်း အရွယ်အစားမှာ တစ်ချက် ကလေးမှ မပြောင်းလဲချေ။
ဟား ဟား ဟား ဟား
“ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို အသုံးပြုပြီးတော့ အချိန်နဲ့တည်နေရာ ပိုးတီကောင်ကို ဝယ်ယူလိုက်တယ် ဆိုတာက လူမွဲဖြစ်အောင်ကို။ အခု ကြည့်ရတာ ဒီကောင်လေးက သားရဲဥထက်တောင် ပိုပြီးဆိုးနေပြီ”
“သခင်”
တည်နေရာနှင့် အချိန်ပိုးတီကောင်လေးက ပြောလိုက်သည်။ “ထပ်ရှိသေးလား။ ကျုပ်စားချင်သေးတယ်”
“............”
ကျွင်းချောင်ရှောင်းသည် သူ၏ နဖူးတွင်ရှိနေသော ချွေးစေးများကို အသာသုတ်ကာဖြင့် ပြောလိုက်၏။ “မင်းအနေနဲ့ အရွယ်ရောက်တဲ့အထိဆိုရင် ဘယ်လောက်တောင် စားဖို့လိုလဲ”
“ဒါက ….”
တည်နေရာနှင့်အချိန် ပိုးတီကောင်လေးသည် ခန့်မှန်းတွက်ချက်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ဆယ်သန်းလောက်ပါပဲ”
ကျွင်းချောင်ရှောင်းသည် ထိုအချင်းကို ကြားလိုက်ရသည့်နောက်မှာတော့ မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွားသည်။ ဆဋ္ဌဂံကြယ်ကျောက်တုံး ဆယ်သန်းလောက်ကို အသုံးပြုမှသာလျှင် အရွယ်ရောက်သည့် အခြေအနေသို့ ရောက်ရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလောက် ကုန်ဆုံးရမည့် အဓိပ္ပာယ်ပင် မဟုတ်ပါလား။
ဗာမေလီယန်ငှက်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်သော ကြက်ဖလေးကို သားဖောက်စဉ်ကပင် ဤမျှလောက် မကုန်ခမ်းခဲ့ချေ။
ချလွမ်
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို ထုတ်ယူကာဖြင့် ထိုကောင်လေး၏ ကိုယ်ပေါ်သို့ တင်လိုက်ကာ ပြောလိုက်သည်။ “ဒီလောက်အကုန်အကျများတဲ့ကောင် တစ်ခါတည်း သတ်ပစ်လိုက်တာပဲ ကောင်းမယ်”
စနစ်က အကြံပြုလိုက်သည်။ “ဒါက တော်ဝင်သွေးမျိုးဆက်လေ။ ကင်စားလိုက်ရင် ပိုပြီး အရသာရှိမယ်နဲ့တူတယ်”
“သခင်”
တည်နေရာနှင့် အချိန်ပိုးတီသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။ “သခင် ဘာလိုချင်တာလဲ”
ကျွင်းချောင်ရှောင်းသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ “မင်း ဒီလောက်ကြီး စားသောက်နေတာ။ ငါမင်းကို မွေးဖို့ မတတ်နိုင်တော့ဘူး။ ဒီတော့ မင်းကိုကြည့်ပြီး ရင်နာတာ သက်သာအောင်လို့ သတ်ပစ်မှ ဖြစ်မယ်”
“မဟုတ်ဘူး။ မဟုတ်ဘူး”
တည်နေရာနှင့် အချိန်ပိုးတီကောင်သည် ကြောက်လန့်တကြားဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်က မွေးရလွယ်ကူပါတယ်။ စိတ်ဝိညာဉ်ကျောက်တုံးတွေ မပါဘဲနဲ့ဆိုရင်လည်း တခြား သလင်းအမြူတေတွေ၊ ဆေးပင်တွေ၊ မြေဆီလွှာတွေကိုတောင် စားနိုင်သေးတယ်”
“မြေဆီလွှာတွေ စားနိုင်တယ် ဟုတ်လား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်း ဘာကိုဆိုလိုတာလဲ”
တည်နေရာနှင့် အချိန်ပိုးတီသည် အလျင်အမြန်ပဲ ပြန်ကာ ပြောလိုက်၏။ “စိတ်ဝိညာဉ်စွမ်းအင်တွေ ပါဝင်တဲ့ မြေဆီလွှာမျိုးဆို ကျုပ်က စားပြီးတော့ ကြီးထွားလာနိုင်တယ်လေ။ တည်နေရာအတားအဆီးတွေကို စားသုံးလာ နိုင်လိမ့်မယ်။ ဒါဆိုရင် သခင့်ကို ဂြိုလ်တွေဆီ ခရီးသွားလာဖို့ ခေါ်သွားနိုင်တယ်”
“ဘယ်လိုမြေဆီလွှာမျိုးလဲ”
“စိတ်ဝိညာဉ်စွမ်းအင်တွေပါဝင်တဲ့ ဘယ်လိုမြေဆီလွှာမျိုးဖြစ်ဖြစ် ရတယ်”
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို သိမ်းဆည်းကာဖြင့် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်တော့သည်။ “တောဝက်ရိုင်းလေးက အသွင်ပြောင်းပြီးတဲ့နောက်မှာ သူစားလိုက်တဲ့ မြေဆီလွှာတွေက စိတ်ဝိညာဉ်စွမ်းအင်တွေပါဝင်တဲ့ မြေဆီလွှာတွေ ဖြစ်သွားတာလေ။ ဒီတော့ ဒီကောင့်ကို ယှဉ်တွဲပြီး မွေးလိုက်ရင် ဘယ်လိုနေမလဲ”
“ဟတ်ချိုး”
ဆေးဥယျာဉ်ထဲမှာတော့ အနားယူလျက်ရှိနေသော တောဝက်ရိုင်းလေးသည် ဘာမှန်းမသိဘဲ နှာတွေ ထ၍ ချေလျက်ရှိနေသည်။