အခန်း (၁၁၀၃)
Vol. 74 Ch. 1103
ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ကုန်းမြေအတွင်းသို့ ဝင်လာစဉ်ကတည်းက နည်းလမ်းအမျိုးမျိုးကို စဉ်းစားလာခဲ့၏။ ဥပမာအားဖြင့် သူသည် အင်ပါယာနန်းတော်သို့သွားကာ ဧကရီလင်းပင်ကို ဖမ်းရန် တွေးတောထားခြင်းမျိုးပင်။
ဤအကြံသည် တည့်တိုးဆန်လှ၏။ ထို့ကြောင့်သူသည် ကျင့်ကြံခြင်းကို ဖုံးကွယ်ကာ အရင်စုံစမ်းရန် ဆုံးဖြတ်ထား၏။
သူ ထိုကဲ့သို့ တွေးတောနေတုန်းမှာပဲ နှင်းဆီဧကရီသည် အဝေးတစ်နေရာမှ ရောက်ရှိလာလေ၏။ ဤကုန်းမြေတိုက်ကြီးသည် အကျဉ်းထောင် တစ်ခုဆိုပါက ဧကရီသည် အခွင့်အာဏာကို အလုံးစုံ ပိုင်ဆိုင်ထားသော သူဖြစ်၏။ သူမသည် နောက်ဆုံးဆရာကြီးဖြစ်သည်။
သို့သော် ရောက်ရောက်ချင်း ဆရာကြီးနှင့် တွေ့နေပြီဖြစ်ကြောင်း ကျွင်းချောင်ရှောင်း မသိခဲ့ချေ။ သူသည် ရယ်မောကာပြောလိုက်၏။ "ဒီနေရာက ပျော်ရွှင်စရာကောင်းလိုက်တာ။ ပတ်ဝန်းကျင်ကလည်း ကောင်းတယ်နော်"
သူအနေ့ဖြင့် ဝိညာဉ်မျိုးနွယ် ကုန်းမြေသားအဖြစ်သို့ ဟန်ဆောင်မှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက သူသည် ရန်သူကို လာ၍စုံစမ်းကြောင်း သိရှိသွားပေလိမ့်မည်။
"မဟုတ်သေးဘူး။ မင်းခုနက သတ်မယ်၊ ဖြတ်မယ် ပြောနေတာပါ"
ဧကရီသည် မေးလိုက်ပြီးနောက် ပတ်ဝန်းကျင်ကိုပါ လေ့လာထားလိုက်၏။ ပြီးနောက်ပြောလိုက်၏။ "ခုနတုန်းက ဒီနေရာမှာ အတားအဆီးအစီအရင်ကို အာရုံခံမိခဲ့တာပါ။ ဘာလို့ချက်ခြင်းပျောက်သွားတာလဲ"
ကံကောင်းသည်မှာ အချိန်နှင့် တည်နေရာပိုးကောင်သည် လမ်းကြောင်းကို ဖွင့်ပြီးနောက် မေ့မျောသွားခဲ့ခြင်းပင်။ ထို့ကြောင့် ပိုးကောင်သည် သိုလှောင်လက်စွပ်ထဲသို့ ပြန်ရောက်နေသည်။
ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ “ကျုပ်အနေနဲ့ ဒီတောတွေတောင်တန်းတွေကိုတွေ့တိုင်း စိတ်ချမ်းမြေ့စေတယ်။ ဝိညာဉ် ကုန်းမြေတိုက်ကြီးရဲ့လူတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူစရာပဲ"
စနစ်သည် ချီးကျူးလိုက်မိ၏။ "ဘယ်လိုတောင် ပေါက်တက်ကရတွေ ပြောနိုင်တာလဲ"
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ "အစ်မကြီး …. ကျုပ်က ဒီအနီးနားမှာရှိတဲ့ မြို့ကပါ"
နှင်းဆီဧကရီ၏ မျက်နှာသည် တည်ကြည်သွားပြီးနောက်ပြောလိုက်၏။ "ရှင် ကျွန်မကို ဘယ်လိုခေါ်လိုက်တာ"
ဤမိန်းကလေးသည် သူမအား အစ်မကြီးလို့ခေါ်သည်ကို ကြိုက်ပုံမရချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ပြောင်းကာ ပြောလိုက်၏။ "ညီမလေး … ကျုပ်က ဒီအနီးနားမှာ ရှိတဲ့ မြို့ကပါ"
ဝှစ်… ဝှစ် ….။
သူပြော၍ မပြီးဆုံးခင်မှာပဲ ဧကရီသည် စွမ်းအားများထုတ်သုံးလိုက်၏။ ပြီးသည့်နောက် လေထဲတွင် လက်ဝါးရာကြီး ဖြစ်တည်လာပြီး ကျွင်းချောင်ရှောင်း၏ ကိုယ်ပေါ်သို့ ကျဆင်းလာ၏။
"ဟိတ် … ဟိတ် …."
ကျွင်းချောင်ရှောင်းသည် အချိန်မီ ရှောင်တိမ်းပြီးနောက် လေပေါ်တွင် မတ်တပ်ရပ်ကာ ပြောလိုက်၏။ "ငါမင်းကိုလည်း ရန်မရှာဘူးပါဘူး။ ဘာလို့တိုက်ခိုက်ရတာလဲ"
နှင်းဆီဧကရီသည် တွေးလိုက်မိ၏။ ဒီလူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မသေးပါလား။
ပြီးနောက် ပြောလိုက်၏။ "ရှင် ကျွန်မကိုမသိဘူးလား"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "ကျုပ် ပြောပြီးပီလေ။ ကျုပ်က တခြားမြို့ကပါဆို"
နှင်းဆီဧကရီသည် သက်ပြင်းချကာ ပြောလိုက်သည်။ "ငတုံး …"
နှင်းဆီဧကရီသည် ရာထူးဆက်ခံပြီးကတည်းက အခြားဂြိုလ်များသို့ သွားကာ သိမ်းပိုက်နေခဲ့၏။ ထို့ကြောင့် သူမ၏ ဂြိုဟ်ထဲရှိ ဤကဲ့သို့ ကျင့်ကြံခြင်းအဆင့် ရှိသောသူပင် သူမအား မမှတ်မိချေ။
နှင်းဆီဧကရီသည် ပြောလိုက်၏။ "အောက်ကို ဆင်းခဲ့… အနီးနားမှာရှိတဲ့ မြို့တွေကို ပြောပြမယ်"
"အဲကနေပြောရင်လဲ ရတာပဲ။ ကျုပ်က နားကန်းနေတာမှ မဟုတ်တာ" ကျွင်းချောင်ရှောင်းသည် ခပ်မာမာ ပြောလိုက်၏။ စတွေ့ကတည်းက မစဉ်းစား၊ မဆင်ခြင်ဖြင့် တိုက်ခိုက်ခဲ့သော ထိုမိန်းကလေးသည် ယုံကြည်ရသူတစ်ယောက် မဟုတ်ချေ။
နှင်းဆီဧကရီသည် ဒေါသထွက်ကာ အမိန့်ပေးသည့် လေသံဖြင့်ပြောလိုက်၏။ "အောက်ကို ဆင်းခဲ့စမ်း"
"ချီးတဲ့မှ …. ဂေါက်ကြောင်ပဲ" ကျွင်းချောင်ရှောင်းသည် အံ့ဩကာ ပြောလိုက်မိ၏။ ပြီးသည့်နောက် တစ်ခါတည်း ဘေးလွတ်ရာကို ပြေးတော့၏။
သူအနေဖြင့် ဤကုန်းမြေသို့ ချိုးဖျက်ဝင်ရောက်လာရသည်မှာ မလွယ်ကူလှချေ။ ထို့ကြောင့် စိတ်ရောဂါဖြစ်နေသော မိန်းကလေး၏ အနီးမှ အမြန်ဆုံး ထွက်ခွာသွားခြင်းသည် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ သူပျံသန်းပြီး မကြာခင်မှာပဲ အားကောင်းလှသော စွမ်းအင်များသည် သူ့၏နောက်မှလိုက်ပါလာခဲ့၏။ ပြီးသည့်နောက် အလွန်အားကောင်းလှသော အော်ရာများနှင့် လက်ကြီးသည် သူ့အား ဆုပ်ကိုင်လိုက်တော့၏။
ဘုန်း ….
တည်နေရာကြီးတစ်ခုလုံးသည် တုန်ခါသွား၏။ သို့သော် အလွန်အားကောင်းလှသော လက်ဝါးကြီးသည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားသည်။
တဟုန်းဟုန်း နှင့် တိုက်ခတ်နေသော လေလှိုင်းများကြားမှာတော့ ကျွင်းချောင်ရှောင်း၏ ဆံနွယ်များသည် လွင့်လို့နေ၏။ ပြီးသည့်နောက်မှာတော့ သူသည် ပြောလိုက်၏။ "မိန်းကလေး … မင်းအဲလောက်ကြီး လွန်မလာနဲ့"
ဘုန်း ..။
အင့် …။
ကြီးမားလှသော လက်ကြီးတစ်ဖက်သည် ဘေးမှ ပေါ်ပေါက်လာပြီး ကျွင်းချောင်ရှောင်းအား လွင့်စင်အောင် တိုက်ခိုက်လိုက်တော့၏။
ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်တစ်ခုလုံး ကျောက်တုံးပုံများကြားထဲ နစ်မြုပ်သွားရသည်။
စနစ်သည် ပြောလိုက်၏။ "ဒီမိန်းကလေးက အတော်အားကောင်းတာပဲ"
ကျွင်းချောင်ရှောင်းသည် ကျောက်ပုံထဲမှ ထလာကာ ပြောလိုက်သည်။ "ဒီမိန်းမရဲ့ အဆင့်က အနည်းဆုံး သိုင်းသူတော်စင် ထိပ်ဆုံး အဆင့်လောက်တော့ ရှိရမယ်"
ရုတ်တရက် ဧကရီမသည် ပျောက်ကွယ်သွားပြီး သူ၏ရှေ့လေထုထဲ၌ ရုတ်ချင်း ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ ပြုံးကာ ပြောလိုက်၏။ "ကောင်လေး … မင်းရဲ့ အဆင့်က မဆိုးဘူးပဲ"
"နေအုံး …" ကျွင်းချောင်ရှောင်းသည် တုန်လှုပ်သွားသည်။
ရုတ်တရက် ဧကရီမ၏ လက်သည် သူ၏ ရှေ့တွင်ပေါ်ပေါက်လာပြီး စွမ်းအင်လှိုင်းများ အဖြစ်သို့ ပေါက်ကွဲသွားတော့၏။
ကျွင်းချောင်ရှောင်သည် ပစ်လွှတ်လိုက်သော အမြှောက်ဆံ တစ်ခုကဲ့သို့ တောင်တစ်ခုဆီသို့ လွင့်စင်သွားခဲ့၏။ သူသည် အကာအကွယ် ရတနာကို အသက်သွင်းလိုက်၏။ သူ၏ မျက်နှာအမူအရာသည် အမှန်တကယ်ပင် ပျက်ယွင်းနေလေသည်။
နောက်သို့ သုံး၊လေးလောက် ဆုတ်ပြီးသည့်အချိန်မှသာ သူ၏ ဟန်ချက်ကို ထိန်းလိုက်နိုင်၏။ သူသည် အဝေးတစ်နေရာတွင် ရပ်ပြီး ပြုံးလျက်ရှိနေသော သူမအား ကြည့်ကာပြောလိုက်၏။ "သူရဲ့ အဆင့်က ထိုက်ရွှမ်အအေးဂိုဏ်းရဲ့ ဘိုးဘေး လန်ကျင်းတန်ထက် ဘယ်လိုမှ အားမနည်းနိုင်ဘူး…”
“လာစမ်း … ဒီနေရာကို ရောက်လာမှတော့ ဒီလိုလူတွေနဲ့လည်း တိုက်ခိုက်ရတော့မှာပဲ"
ရုတ်တရက် ကောင်းကင်ဆီမှာတော့ နှင်းဆီပွင့်များ ကျဆင်းလာခဲ့၏။
"ချီးတဲ့မှ"
နှင်းဆီပွင့်များသည် မြေပေါ်သို့ မရောက်ခင်မှာပဲ ပေါက်ကွဲ ကုန်တော့၏။ ကျွင်းချောင်ရှောင်းသည် အလွန်မြန်ဆန်သောနှုန်းဖြင့် ပျံသန်းကာ ရှောင်ရှားလိုက်သည်။
"ဒီကောင်လေးက မဆိုးဘူးပဲ။ မင်းဘယ်ကို ပြေးမလဲ ကြည့်အုံးမယ်"
ဘုန်း ….
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် ရှေ့တွင် အတားအဆီးအစီအရင် တစ်ခု ဖြစ်ပေါ်လာပြီး ထိုအရာနှင့် ဝင်တိုက်မိ၏။ အခြားသူများကို အနိုင်ကျင့် ၊ ဗိုလ်ကျ တိုက်ခိုက်တတ်သော ကျွင်းချောင်ရှောင်းသည် ယခုအခါမှာတော့ အလူးအလဲ ခံနေရလေသည်။
ကောင်းကင်မှာတော့ လက်ဝါးရိုက်ချက်များသည် ကျဆင်းလာကာ ပေါက်ကွဲကုန်၏။
နှင်းဆီ ဧကရီသည် လက်ကို ရုတ်ကာ ပြောလိုက်သည်။ "ဒီအချိန်မှာတော့ ပြေးနေလို့ မရတော့မလား။"
သို့ပေမဲ့ သူမ ည် အံ့အားသင့်သွားခဲ့ရ၏။ အဘယ့်ကြောင့် ဆိုသော် ဖုန်များ ကင်းစင်သွားသည့် အခါမှာတော့ ကျွင်းချောင်ရှောင်သည် တည်နေရာတွင် မားမားမတ်မတ် ရပ်လျက်ရှိနေသေးသောကြောင့်ပင်။
သူ၏ ခန္တာကိုယ်၌ တိုက်ပွဲဝင် ချပ်ဝတ်သည် အခန့်သား တည်ရှိနေပြီး အနောက်ဘက်ရှိ အနီရောင် ခြုံလွှာသည် လေထဲ လွင့်လျက်ရှိနေ၏။
"ခင်ဗျားက တကယ့်ကို မလွယ်ဘူးပဲ" ကျွင်းချောင်ရှောင်းသည် ဒေါသထွက်လျက်ရှိ၏။
သူ မည်သူဖြစ်ကြောင်း သိရှိသောကြောင့် တစ်ဖက်လူသည် တိုက်ခိုက်သည် ဆိုပါက လက်ခံနိုင်သေးသည်။ သို့ပေမဲ့ ဤမိန်းကလေးသည် သူ့အား ဘာမှမမေးဘဲ တိုက်ခိုက်နေသည်။
ဤကဲ့သို့သော အဓိပ္ပာယ်မဲ့ အနိုင်ကျင့်မှုမျိုးကို သူ သည်းခံလိမ့်မည် မဟုတ်ချေ။
ချွင် ….
သူသည် ကျန်းယန်မျက်နှာဖုံးကို တပ်ပြီး ကျန်းယန်ဓားကို ထုတ်ကာပြောလိုက်၏။ "ခင်ဗျားက မိန်းကလေးဖြစ်နေလို့ဆိုပြီး ကျုပ်က ညှာမယ်ထင်မနေနဲ့"