အခန်း (၁၁၀၁)
Vol. 74 Ch. 1101
ရီရှင်းချန်သည် ရူးသွပ်သွားတော့မည်သကဲ့သို့ ဒေါသထွက်လျက်ရှိနေတော့၏။ အဘယ့်ကြောင့်ဆိုသော် သူ၏လက်ထဲ တွင်ရှိနေသော ငှက်လေးသည် သူ၏အရင်ဘဝက သိန်းငှက်လေးပင်ဖြစ်တော့၏။
ထို့ကြောင့် တောင်ကြားထဲသို့ ရောက်ရှိသည့်အချိန်တွင် သူသည် အလွန်တရာပျော်ရွှင်မိသည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။ သူသည် အလွန်တရာ ရင်းနှီးလှသောခံစားချက်များကို အစောကြီးကတည်းက ကြိုတင်ရရှိခဲ့ပြီးပြီဖြစ်သည်။
ကျောက်စိမ်းပန်းပု သိန်းငှက်လေးသည် ရီရှင်းချန်၏ တည်ရှိမှုကို အာရုံခံပြီးပြီဖြစ်၏။ ထို့ကြောင့် သိုင်းကျင့်ကြံသူများ တိုက်ခိုက်ရန် ပြေးဝင်လာသည့်အချိန်တွင် သူသည် တောင်ကြားထဲမှ ပြန်လည်ကာ ပြေးထွက်လာခဲ့ခြင်းပင် ဖြစ်၏။
လူတစ်ယောက်နှင့်သားရဲတစ်ကောင် …။
၎င်းတို့သည် နှစ်ပေါင်းထောင်ချီဝေးကွာနေခဲ့ကြခြင်းပင်ဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ အနောက်တောင်ဘက်တွင် ပြန်လည်ကာ ဆုံစည်းခဲ့ကြပြီဖြစ်၏။ မြင်ကွင်းသည် အလွန်တရာ လှပလွန်းသည်။
သို့ပေမဲ့ များပြားလှသော မိသားစုနှင့် ဂိုဏ်းအသီးသီးမှာရှိသော သိုင်းကျင့်ကြံသူများသည် ထိုကဲ့သို့ လှပသောအရာကို ရှုပ်ထွေးအောင် ပြုလုပ်နေကြ၏။ ၎င်းတို့သည် ငှက်တစ်ကောင်ကို လိုချင်သောကြောင့် ရီရှင်းချန်ကိုပင် တိုက်ခိုက်ခဲ့၏။
ကျောက်စိမ်းပန်းပုသည် ၎င်း၏သခင်အား ဒဏ်ရာမရရှိစေချင်ပေ။ ထို့ကြောင့်၎င်း၏ ခန္ဓာကိုယ်ကို အသုံးပြုကာ တစ်ခြားသောသူများအားလုံး၏ တိုက်ခိုက်မှုကို ကာကွယ်ပေးခဲ့တော့၏။ နောက်ဆုံးမှာတော့ ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များဖြင့် အဆုံးသတ်ခဲ့ရသည်။
ညအင်ပါယာ
၎င်းသည် အရင်ဘဝတုန်းကဆိုလျှင် ကျန်သောသိုင်းအင်ပါယာ ကိုးယောက်လုံးကိုပင် ရန်ပြုတိုက်ခိုက်တတ်သည့် ကြမ်းရမ်းလှသော လူတစ်ယောက်ဖြစ်ခဲ့၏။ ထို့ကြောင့် သူ၏ ပဋိညာဉ်သားရဲကို နှိပ်စက်အနိုင်ကျင့်ခြင်းအား မည်ကဲ့သို့ သည်းခံနိုင်နေမည်နည်း။
ထို့ကြောင့်ပင်လျှင် သူ့အနေနှင့် ရူးသွပ်သွားသောသူတစ်ယောက်ကဲ့သို့ ဖြစ်ပေါ် သွားသည်မှာ အကျိုးအကြောင်း ဆီလျော်လွန်းလှတော့သည်။
“ဂျူနီယာညီလေးရီ”
ရှောင်ကျီသည် မျက်လုံးအပြူးသားနှင့်ဖြစ်သွားတော့၏။ ဤကဲ့သို့ ဒေါသတရားနှင့် သတ်ဖြတ်လိုခြင်းဆန္ဒများကို သူ တစ်ခါမှ မမြင်ဘူးခဲ့ချေ။
“သွားပြီ။ သွားပြီ။ ဂျူနီယာညီလေးရီကတော့ တကယ့်ကို ရူးသွားပြီ။ အရာအားလုံးက ငါထိန်းချုပ်နိုင်တဲ့ ဘောင်အတွင်းမှာ မရှိတော့ဘူး။”
ရှောင်ကျီသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ချက်ချင်းနားလည်လိုက်မိ၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ချက်ချင်း ဆက်သွယ်လိုက်တော့သည်။
ထိုအခိုက်မှာတော့ ရီရှင်းချန်သည် လက်ကိုယမ်းခါလိုက်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ကျောက်စိမ်းပန်းပုအား လေထုထဲသို့ လွှင့်တင်လိုက်၏။ ပြီးသည့်နောက်မှာတော့ ကျန်းယန်ဓားနှင့် ကျန်းယန်ဝတ်စုံများကို ထုတ်ယူကာ ဝတ်ဆင်လိုက်၏။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ မျက်လုံးများသည် သွေးကဲ့သို့ နီနီရဲလျက် ရှိနေသည်။
“ဒီအင်ပါယာအတွက် ခင်ဗျားတို့အားလုံး ဒီနေ့သေဆုံးရတော့မယ်။”
ကျွင်းချောင်ရှောင်းသည် အလွန်တရာ ဒေါသထွက်နေပြီဆိုလျှင်တောင်မှ ထိန်းချုပ်နိုင်စွမ်းတော့ ရှိနေသေး၏။ ဥပမာအားဖြင့် သူသည် ထိုက်ရွှမ်အအေးဂိုဏ်းနှင့် ပြဿနာတက်သည့်အချိန်၌ အဓိကဟောခန်းကိုသာ ဖြိုချချင်စိတ်ရှိ၏။ ဂိုဏ်းတစ်ခုလုံးကို သုတ်သင်ရှင်းလင်းချင်စိတ်မရှိခဲ့ချေ။
သို့ပေမဲ့ ရီရှင်းချန်မှာတော့ ဒေါသထွက်သည့်အချိန်တွင် မည်သည့်အရာကိုမှ စဉ်းစားတွေးတောတတ်သူ တစ်ယောက် မဟုတ်ပေ။ သိုင်းအင်ပါယာ ၁၀ ယောက်ထဲမှ တစ်ယောက်ဖြစ်ခဲ့ဖူးသူမို့ သူသည် သက်ရှိလူသားများအားလုံးကို မြက်ပင်ကဲ့သို့ပင် သဘောထားသူတစ်ယောက်ဖြစ်၏။
“သေစမ်း။”
ရွှီ ရွှီ
ချက်ချင်းပဲ လင်းကျန်ဓားသိုင်း၏ ပထမဦးဆုံးတိုက်ကွက်သည် လေထုထဲတွင် ဖြစ်တည်လာခဲ့သည်။ အလွန်အား ကောင်းလှသော သတ်ဖြတ်လိုခြင်းဆန္ဒများအပြည့်နှင့် တည်ရှိလျက်ရှိနေသော ဓားချီများသည် ကောင်းကင်ယံထက် ဆီမှ အောက်သို့ ကျဆင်းလာခဲ့သည်။
ရွှီ
လူတစ်ယောက်သည် ဒေါသထွက်နေသည့်အချိန်တွင် ၎င်း၏အားအင်အဆင့်သည် ပိုမိုကာ တိုးတက်လာသည်မှာ သဘာဝပင်ဖြစ်၏။ ထို့ကြောင့် ရီရှင်းချန်သည် နတ်ဘုရားအဆင့်လက်နက်များကို ထုတ်ဖော်အသုံးပြုသည့်အချိန် မှာတော့ ပိုမိုအားကောင်းသည့် တိုက်ခိုက်ရေးစွမ်းအင်များကို ထုတ်ဖော်အသုံးပြုနေနိုင်တော့၏။
ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ အားလုံးတို့သည် အလောတကြီးဖြင့် နောက်သို့ ဆုတ်ခွာလိုက်တော့၏။ သိုင်းအုပ်စိုးသူအဆင့်တွင် ရှိနေသော သိုင်းကျင့်ကြံသူတစ်ရာကျော်တို့အားလုံးသည် မည်သို့မျှ မခုခံနိုင်ခဲ့ကြချေ။ ထို့ကြောင့် အနောက်ကို အသီးသီးဆုတ်ခွာလိုက်ခဲ့ကြတော့၏။ ဤအရာသည် ပြိုင်စံရှားဂိုဏ်းတပည့်၏ တိုက်ခိုက်မှု ပင် ဖြစ်တော့သည်။
၎င်းတို့သည် လောဘတကြီးဖြင့် ကျောက်စိမ်းပန်းပုကို သိမ်းပိုက်ရန် ကြိုးစားနေသည့်အချိန်တွင် တစ်စုံတစ်ယောက် ရောက်ရှိလာသည်ဖြစ်ကြောင်းကို သတိပြုလိုက်မိ၏။ ထိုသူသည် ရီရှင်းချန်ဖြစ်နေမည်မှန်း သူတို့ မသိခဲ့ချေ။ ထို့ကြောင့် တိုက်ခိုက်မိခြင်းသာဖြစ်တော့၏။
လက်ရှိအခြေအနေမှာတော့ ရှင်းပြချင်စိတ်ရှိသည်ဆိုသော်လည်း နားလည်မှုက လွဲမှားနေပြီဖြစ်သည်။ တစ်ဖက်လူ သည် ဓားနည်းစနစ်ကိုပင် ထုတ်ဖော်ကာ တိုက်ခိုက်နေခဲ့ပြီဖြစ်၏။ မည်သည့်စကားတစ်ခွန်းကိုမျှ မဆိုတော့ချေ။ ထို့ကြောင့် သူတို့အနေနှင့် အနောက်သို့ ဆုတ်ခွာထွက်ပြေးရန် နည်းလမ်းသာ ရှိတော့သည်။
ရွှီ ရွှီ
အလွန်ထက်ရှလှသော ဓားချီများပါဝင်သည့် အလင်းတန်းများသည် တည်နေရာထဲတွင် ဖြစ်ပွားလျက်ရှိနေ၏။ သိုင်း ကျင့်ကြံသူများသည် ထွက်ပြေးရန်သာ စဉ်းစားထားကြသည်ဖြစ်သောကြောင့် လွယ်လွယ်ကူကူဖြင့် ခပ်ဝေးဝေးဆီသို့ ရှောင်ရှားလိုက်ကြ၏။
သို့ပေမဲ့ သတ်ဖြတ်လိုခြင်းဆန္ဒများပြည့်ဝလျက်ရှိနေသော ဓားချီများသည် ၎င်းတို့ကို ဖြတ်သန်းသွားချိန်မှာတော့ ကျောရိုးမကြီးတစ်ခုလုံးပင် စိမ့်သက်သွားခဲ့ကြ၏။
သူတို့တွေအနေနှင့် အချိန်ကို နောက်ပြန်ဆုတ်လို့ရမည်ဆိုလျှင် ဂရုမစိုက်မပြုမူဘဲ ရီရှင်းချန်ကို တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အနေနှင့် ပြိုင်စံရှားဂိုဏ်းကို ရန်ပြုနိုင်သည့် အခြေအနေနှင့် စွမ်းရည်မျိုး ရှိကြသူများမဟုတ်ချေ။
“ခင်ဗျားတို့ တစ်ယောက်မှ ပြေးလို့မရဘူး။”
ရီအားညို၏ သတ်ဖြတ်လိုခြင်းဆန္ဒများသည် အလွန်တရာအားကောင်းလှစွာဖြင့် ဖြစ်တည်လျက်ရှိနေတော့သည်။
ဝှစ် ဝှစ် ဝှစ်
အချိန်တိုအတွင်းမှာပဲ ကောင်းကင်ယံအထက်တွင် များပြားလှသော အလင်းတန်းများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက် လာခဲ့၏။
ရှေ့ဆုံးတွင် ပျံသန်းရောက်ရှိလာခဲ့သည့်သူမှာ အလွန်အားကောင်းလှသော မွန်းစတားအော်ရာများကို ထုတ်ဖော်လျက်ရှိနေသူဖြစ်သည်။
မှန်ပေသည်။ ထိုသူသည် ခရမ်းရောင်ဘုရင်ပင်ဖြစ်တော့၏။
ရှောင်ကျီ၏ အသံပို့လွှတ်ချက်ကို ရရှိပြီးသည့်နောက်မှာတော့ ၎င်းတို့အားလုံးသည် အကူအညီပေးနိုင်ရန်အတွက် အတတ်နိုင်ဆုံး အမြန်ဆုံးရောက်ရှိလာခဲ့ကြတော့၏။ ရီရှင်းချန်သည် သိုင်းကျင့်ကြံသူတစ်ရာကျော်တို့ကို လိုက်လံ သတ်ဖြတ်နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် အဝတ်အစားများကို ဆုတ်ဖြဲပစ်ကာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။
“ဒီ ဟောခန်းသခင် လာပြီကွ။”
သူ၏ အော်သံနှင့်အတူ မွန်းစတားအော်ရာများအားလုံးသည် လှိုင်းကဲ့သို့ တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားသည်။
ဟူး ဟူး …..
ထွက်ပြေးလျက်ရှိနေသော သိုင်းကျင့်ကြံသူတစ်ရာကျော်တို့အားလုံးသည် တည်နေရာထဲတွင် တန့်သွားပြီး သည့်နောက် သွေးများအန်ထွက်လာခဲ့ကြတော့သည်။ ၎င်းတို့သည် မြေပေါ်ကို ပြုတ်ကျပြီးသည့်နောက်မှာတော့ တဆတ်ဆတ် နှင့် တုန်ယင်လျက်ရှိ၏။
ဝှစ်
ခရမ်းရောင်ဘုရင်သည် ပျံသန်းရောက်ရှိလာပြီးသည့်နောက်မှာတော့ အောက်က လူများကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းကို ဘယ်လိုလုပ်လာပြီး ရန်ပြုရဲတာလဲ။ မင်းတို့အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့တူတယ်။”
ဝှစ် ဝှစ်
ကျန့်ရာ၊ နင်ညီအစ်ကို၊ အကြီးအကဲကုန်းနှင့် တစ်ခြားသော ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲများ အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် များများစားစား တည်ရှိကြသည် မဟုတ်သော်လည်း မတူညီသည့် တည်နေရာအနှံ့တွင် ရှိနေသော ကျင့်ကြံသူတစ်ရာကျော်တို့အား အသီးသီးဝိုင်းရံထားခဲ့ကြ၏။
ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် အဘယ့်ကြောင့် ဤသို့ မြန်မြန်ဆန်ဆန်နှင့် စစ်ကူလာရောက်ပေးနိုင်သနည်း။
အဘယ့်ကြောင့်ဆိုသော် ကျန်းတယ်ကျွင်းသည် အလွန်အလုပ်ကြိုးစားထားသောကြောင့် အထူးတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များသည် တည်နေရာအနှံ့တွင် တည်ရှိနေပြီဖြစ်၏။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ထိုတည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်များကို အသုံးပြုကာ ချက်ချင်း ရောက်ရှိလာနိုင်စွမ်းရှိနေကြ၏။
ထို့ကြောင့် ရှောင်ကျီသတင်းပို့လိုက်သည့်အချိန်တွင် အားလုံးသည် လူလုပ်စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြု ကာဖြင့် အနီးစပ်ဆုံးတည်နေရာဆီသို့ တည်နေရာရွှေ့ပြောင်းကာ ပျံသန်းလာခဲ့ကြခြင်းပင်ဖြစ်တော့သည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် ထိုလောက်နှင့် ကျေနပ်နေမည်မဟုတ်ချေ။ အထူးတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အဓိက တိုင်းအသီးသီးကို ဖြန့်နှံ့ကာ တည်ရှိထားစေရန် ဆက်လက်စီစဉ်လျက်ရှိနေ၏။
“အားလုံးပဲ။”
မိသားစုတစ်စုမှ ကျွမ်းကျင်သူတစ်ယောက်သည် ထိတ်လန့်တကြားဖြင့် ပြောလိုက်၏ “ဒါ ဒါက နားလည်မှုလွဲတာပါ။ နားလည်မှုလွဲတာ။”
ဆွီ
ထိုအချိန်မှာတော့ ရှောင်ကျီသည် ရှေ့သို့လှမ်းတက်လာပြီးသည့်နောက်မှာတော့ ထိုလူ၏ ရင်ဘတ်အား ဓားချီများနှင့် ခုတ်ပိုင်းလိုက်တော့၏။ သွေးများသည် ပန်းထွက်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ရှောင်ကျီသည် အေးစက်စက်နှင့် ပြောလိုက်တော့၏။ “ဒါက နားလည်မှုလွဲတာဆိုရင် ခင်ဗျားတို့ ယုံလား။”
သိုင်းကျင့်ကြံသူသည် နာကျင်မှုကို အောက်အီးသည်းခံကာဖြင့် ပြောလိုက်၏။
“ဟုတ်ကဲ့။ ကျုပ် ယုံပါတယ်။”
ပြိုင်စံရှားဂိုဏ်း၏ အဓိကတိုက်ခိုက်သူများသည် ရောက်ရှိလာခဲ့ကြပြီဖြစ်၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ရှုံးနိမ့် မည်ဖြစ်ကြောင်းကို သေသေချာချာဝန်ခံရပေမည်။
ရီရှင်းချန်သည် ဓားကို မြှောက်ကာဖြင့် ဝိုင်းရံခံလိုက်ရသော သိုင်းကျင့်ကြံသူများအားလုံးကို ကြည့်ရှုလျက်ရှိ၏။ ပြီးသည့်နောက် အေးစက်စက်ပြောလိုက်တော့၏။ “ခုနက တိုက်ခိုက်လိုက်တဲ့လူတွေအကုန်လုံး ထွက်ခဲ့ကြ။”
“………”
အားလုံးသောသူများသည် ခေါင်းကိုငုံ့ထားခဲ့ကြ၏။ အဘယ့်ကြောင့်ဆိုသော် တိုက်ခိုက်မှုတွင် သူတို့အားလုံးသည် ပါဝင် ပတ်သက်ခဲ့ကြသူများပင် ဖြစ်တော့သည်။
“ရှောင်ကျီ”
ကျန့်ရာသည် အသံပို့လွှတ်လိုက်၏။ “အခြေအနေက ဘယ်လိုဖြစ်တာလဲ။”
ရှောင်ကျီသည် ဘာတွေဖြစ်ခဲ့သည်ဆိုသည်ကို သေသေချာချာ ရှင်းပြလိုက်၏။ သိုင်းကျင့်ကြံသူများသည် ကျောက်စိမ်း ပန်းပု ဒဏ်ရာရထားသည်ကို သိရှိသည့်နောက်မှာတော့ လာရောက်ဖမ်းဆီးခြင်းပင်ဖြစ်သည်။
သို့ပေမဲ့ ရီရှင်းချန်သည် ကျောက်စိမ်းပန်းပု ထပ်မံဒဏ်ရာရရှိသွားသည်ကို သိရှိပြီးသည့်နောက်မှာတော့ ရူးသွပ် သွားခဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်ဖြစ်ကြောင်းကို သူသေသေချာချာ ရှင်းပြလိုက်၏။
“ရှင်းချန်”
အကြီးအကဲကုန်းက ပြောလိုက်၏။ “ဒါက ကိစ္စတစ်ခုကြီးမဟုတ်ဘူး။ ငါ့အထင် အရဆိုရင်”
နင်တုရှင်းက ဝင်ပြောလိုက်သည် “သူတို့ဆီက ပိုက်ဆံတောင်းလိုက်မယ်။”
ကျန့်ရာက သဘောတူညီလိုက်၏။ “အင်း။ ကျုပ်လည်း ဒါကအကြံကောင်းလို့ထင်တယ်။”
“ငြင်းစရာမရှိဘူး။”
နင်တုဆွေ သည်လည်း သူ၏ ဆန္ဒကို ထုတ်ဖော်ပြောဆိုလိုက်သည်။
ကုန်းရှန့်၏ ဦးဆောင်မှုအောက်တွင်တော့ ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများအားလုံးသည် ငွေကို မည်ကဲ့သို့ ညှစ်ထုတ်ရမည်ဆိုသည်ကို ကောင်းကောင်းနားလည်နေကြပြီဖြစ်တော့၏။ ၎င်းတို့အနေဖြင့် အခွင့်အရေး ရရှိသည်ဖြစ်ဖြစ် သို့မဟုတ် ပြဿနာများကို ဖြေရှင်းချင်သည်ဖြစ်ဖြစ် စိတ်ဝိညာဉ်ကျောက်တုံးနှင့် တစ်ခြားသော အရင်းအမြစ်များကို တောင်းခံတတ်သည့် အလေ့အကျင့်ပင် ဂိုဏ်းထဲ၌ ပေါ်လာပြီ ဖြစ်၏။
“ပေးပါမယ်။ ပေးပါမယ်။”
ပိတ်မိနေကြသော သိုင်းကျင့်ကြံသူများသည် အလောတကြီးဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ပေးပါမယ်။”
သူတို့အနေနှင့် ထိုက်ရွှမ်အအေးဂိုဏ်းကိုပင် ရင်ဆိုင်တိုက်ခိုက်ရဲသော ပြိုင်စံရှားဂိုဏ်းကို ပြဿနာရှာရဲသည့်သတ္တိမျိုး မရှိကြချေ။ အကယ်၍ ငြိမ်းချမ်းမှုအား ပိုက်ဆံဖြင့် ဝယ်ယူ၍ ရနိုင်မည်ဆိုလျှင် တစ်ချက်ကလေးမှ နှောင့်နှေးနေလိမ့် မည်မဟုတ်ချေ။
“မရဘူး။”
ရီရှင်းချန်၏ မျက်လုံးများသည် သတ်ဖြတ်လိုခြင်းဆန္ဒနှင့် ပြည့်နှက်လျက်ရှိသည်။“သူတို့အားလုံးက သေရမယ်။”
အားညိုသည် တစ်ခြားသောသူများ၏ ဆန္ဒကို လိုက်လျောနေမည်ဆိုလျှင် အတိတ်ဘဝက ညအင်ပါယာ ဟုတ်ခဲ့လိမ့်မည် မဟုတ်ချေ။
“……” အားလုံးသောသူများ၏ နှလုံးသားများသည် အေးခဲသွားကြတော့၏။
သို့ပေမဲ့ ရုတ်တရက် ရီရှင်းချန်က ပြောလိုက်သည်။
“ခင်ဗျားတို့အနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံး၊ ကျောက်ရိုင်းတုံး၊ ဆေးပင်တွေနဲ့ အခြားပစ္စည်းတွေအားလုံးကို ကျုပ် သဘောကျလောက်တဲ့ ပမာဏအထိ ပေးမယ်ဆိုရင်တော့ သေခြင်းတရားကို ရှောင်လွှဲနိုင်လိမ့်မယ်။”
“သဘောတူပါတယ်။ သဘောတူပါတယ်။”
သိုင်းကျင့်ကြံသူများသည် အလောတကြီးဖြင့် ပြောလိုက်ခဲ့ကြ၏။ “အရမ်း အရမ်းကို သဘောတူပါတယ်။”
ရီရှင်းချန်သည် ကျန်းယန်ဓားအား ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ကျောက်စိမ်းပန်းပုဆီသို့ ပျံသန်းသွားခဲ့တော့၏။ သူသည် ကျန်သည့်ကိစ္စများအားလုံးအား အကြီးအကဲကျန့် နှင့် တစ်ခြားသူများဆီသို့ လွှဲအပ် လိုက်ပြီဖြစ်သည်။
အားညို။ မင်းကပြောင်းလဲသွားခဲ့ပြီပဲ။ မင်းက ပိုက်ဆံကို အမှိုက်သရှိုက်လိုမျိုး သဘောထားတတ်တဲ့ ညအင်ပါယာ တစ်ယောက် မဟုတ်တော့ဘူး။
“အားလုံးပဲ။”
ကျန့်ရာက ပြောလိုက်၏။ “ရှိတာတွေ အကုန်ထုတ်ထားတော့။”
“……”
အားလုံးသော သူများသည် အလျင်အမြန်ဖြင့် စိတ်ဝိညာဉ်ကျောက်တုံး၊ ကျောက်ရိုင်းတုံး၊ ဆေးပင်၊ သလင်းအမြုတေနဲ့ ၎င်းတို့တွင်ရှိသော တစ်ခြားပစ္စည်းများအားလုံးကို ထုတ်ယူကာ ပေးလိုက်တော့၏။ ပမာဏသည် လက်သင့်ခံနိုင်လောက်သည့် ပမာဏပင် ဖြစ်သည်။
“မှတ်ထား။”
ကျန့်ရာသည် တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းတို့ရဲ့ မျက်လုံးတွေကို အနာဂတ်မှာ သေသေချာချာ ဖွင့်ပြီးကြည့်ဖို့လိုတယ်။ ပြိုင်စံရှားဂိုဏ်းကို ထပ်ပြီး ပြဿနာ မရှာနဲ့။”
“နားလည်ပါပြီ။ နားလည်ပါပြီ။”
အားလုံးသောသူများသည် ဝန်ချတောင်းပန်ပြီးသည့်နောက်မှာတော့ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်ထွက်ခွာသွား ခဲ့၏။ ၎င်းတို့သည် စိတ်ဝိညာဉ်သားရဲတစ်ကောင်ကို ဖမ်းမိရန် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ မည်သည့်အရာကိုမျှ မရသည့်အပြင် ပြိုင်စံရှားဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်ကို သွားရောက် တိုက်ခိုက်မိသောကြောင့် ၎င်းတို့တွင်ရှိသော သိုင်းအရင်းအမြစ်များအားလုံးကို ပေးအပ်ခဲ့ရသေး၏။ သောက်ကျိုးနဲလှချေသည်တကား။