အခန်း (၁၁၀၆)
Vol. 75 Ch. 1106
နံရံသို့ တွန်းကာ အကပ်ခံထားရသည့် ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက်ရှိသည်။ သူသည် သူမ၏ ဝိညာဉ်အား ဖုန်စုပ်စက်ကြီးဖြင့် စုပ်ယူလိုက်သည်မှာ သေသေချာချာ ရှင်းရှင်းလင်းလင်းပင် ဖြစ်သည်။ အဘယ်ကြောင့် တန်ပြန် လှုပ်ရှားနိုင်နေသနည်း။ ထို့အပြင် အထူးအသက်သွင်းမှုကို ပြုလုပ်ထားသည့် ဖုန်စုပ်စက်ကြီး၏ ပြောင်းဝအား လက်တစ်ချက် ယမ်းခါကာဖြင့် လွင့်စင်အောင် ပြုလုပ်ခဲ့သေး၏။
မဟုတ်သေးဘူး။ မဟုတ်သေးဘူး။
ကျွင်းချောင်ရှောင်းသည် စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးသည့်နောက် မှာတော့ ဖုန်စုပ်စက်ထဲသို့ လှမ်း၍ ကြည့်ရှုလိုက်၏။ အထဲတွင်တော့ ထူးဆန်းသည့် ဓာတ်သဘာဝများသည် ချုပ်နှောင်ခြင်းကို ခံထားရ၏။ သူသည် စိတ်ဓာတ်ကျဖြင့် ပြောလိုက်သည်။ “ချီးတဲ့မှ ဒါက ဝိညာဉ်မဟုတ်ဘူးပဲ”
တကယ်၍ ဤနေရာတွင် ဟွိုင်တစ်၊ ဟွိုင်နှစ်နှင့် ဟွိုင်သုံး တို့သာဆိုပါက အထဲတွင်ရှိသော ဝိညာဉ်အမျိုးအစား သည် အစိမ်းရောင်မျိုး ဖြစ်နေမှာ သေချာ၏။ သို့ပေမဲ့ ယခုရှိနေသည်မှာ အမဲရောင်ဓာတ်သဘာဝများ ဖြစ်လို့နေသည်။ ထို့ကြောင့် ဤအရာသည် အဆိပ်များ ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ဤအမျိုးသမီး အဘယ်ကြောင့် နာကျင်လျက် ရှိနေသည်ကို ချက်ချင်း နားလည်သွားမိ၏။ သူသည် အခွင့်အရေးကို အရယူ ပြီးသည့်နောက် သူမ၏ ဝိညာဉ်ကို စုပ်ယူရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော ဖုန်စုပ်စက်ကြီးကို အသက်သွင်းကာ သူမ၏ ခန္ဓာကိုယ်၌ ရှိနေသော အဆိပ်များကို စုပ်ယူပေးခဲ့ခြင်းပင်။ သူသည် သူမအား ဖမ်းဆီးခဲ့သည်လား။ ကူညီခဲ့သည်လားပင် မသေချာ၊ မရေရာတော့ချေ။
“အခြေအနေကို ကြည့်ရတာ အဲလိုမျိုးနဲ့တူတယ်” စနစ်က ပြောလိုက်သည်။
…………………
သူသည် နံရံကပ်နှင့်ကပ်၍ အဖိခံထားရသောကြောင့် လှုပ်ရှား၍ မရနိုင်ချေ။ မဟုတ်ပါက ကုန်းရှန့်သည် ထောင့်တစ်ခုခုဆီသို့ သွားရောက်၍ ကိုယ့်ပါးကိုယ် ရိုက်နေမိတော့မှာ သေချာ၏။
“ကျွင်းချောင်ရှောင်း၊ ကျွင်းချောင်ရှောင်း…. မင်းက ကိုယ့်ဒုက္ခကိုယ်ရှာတဲ့ကောင်ပဲ”
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဧဝရတ် တောင်ကြီး ပြိုလဲသွားမည်ဆိုလျှင်တောင်မှ သူ၏ အမူအရာသည် ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။ “ခင်ဗျားက အဆိပ်မိနေတာ မဟုတ်လား။ ခုနက ဖြစ်နေတာ အဆိပ်ကြောင့်လေ”
နှင်းဆီဧကရီသည် အေးစက်စက် ပြောလိုက်သည်။ “ရှင် ခုနတုန်းက ဘာမြင်ခဲ့လဲ”
“ပေါက်ကရတွေ”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်တို့က အခန်းတစ်ခုထဲမှာ အတူရှိနေတာလေ။ ခင်ဗျားဖြစ်နေတာကို မမြင်ရအောင် ကျုပ်က ကန်းနေတာလား”
ဤကဲ့သို့ အရှိန်အဝါ ကြီးမားလှသော အမျိုးသမီးတစ်ယောက်၏ ရှေ့အောက်တွင် သူ၏ အမူအရာသည် အစစ်အမှန်ပင် ယောကျ်ားဆန် လွန်းလှသည်။
နှင်းဆီဧကရီက ပြောလိုက်၏။ “ပြီးတော့ကော”
“ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ အဆိပ်တွေက အရမ်းအားကောင်းတယ်လေ။ ဒါ့ကြောင့် အကြီးအကျယ် နာကျင်နေတာကို ကျုပ်ဘယ်လိုမှ ကြည့်မနေနိုင်တော့ဘူး။ ဒါ့ကြောင့် အဆိပ်တွေကို ဖယ်ရှားဖို့ ကူညီခဲ့တာလေ” ကျွင်းချောင်ရှောင်းသည် တည်ငြိမ်အေးစက်စွာဖြင့် ပြောလိုက်တော့သည်။
ကပ်သပ်ပြီး ပြောရမည်ဆိုရင် သူသည် အဆိပ်များကို ကူညီဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ ကဲသို့ ဖယ်ရှားပေးရန် ရည်ရွယ်ချက်တော့ မရှိခဲ့ပေ။
နှင်းဆီဧကရီသည် သူ့အား သံသယအကြည့်ဖြင့် ကြည့်လိုက်၏။
“ကျုပ်မမှားဘူးဆိုရင် ခင်ဗျားခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အဆိပ်တွေက ခင်ဗျားကို အချိန်တော်တော်ကြာ နှိပ်စက်ခဲ့တဲ့ အရာပဲဖြစ်မယ်။ ခင်ဗျားဘာသာ ခင်ဗျား အာရုံခံကြည့်လိုက်လေ။ အခု ကျုပ်ကို မေးခွန်းထုတ်နေဖို့ လိုသေးလို့လား” ကျွင်းချောင်ရှောင်းက ခပ်တည်တည်ဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။
...................
နှင်းဆီဧကရီသည် သူမ၏လက်ကို ဖယ်ရှားပြီးသည့်နောက် အိပ်ယာပေါ်တွင် ထိုင်ချလိုက်၏။ ပြီးသည့်နောက် မှာတော့ သူ၏ အနောက်ဘက်တွင် ရှိနေသော ဖုန်စုပ်စက်ကြီးကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “အဆိပ်ကို ရှင်းဖို့အတွက် ဒီအရာကြီးကို သုံးခဲ့တာလား”
သာမန်အားဖြင့် အဆိပ်များကို ဖယ်ရှားသည့်နေရာတွင် နာရီအနည်းငယ် ကြာမြင့်တတ်ကြ၏။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ထိုအရာကြီးကို အသုံးပြု၍ ဖယ်ရှားလိုက်ပြီးသည့်နောက် သူမ၏ ခန္ဓာကိုယ်တွင် ရှိနေသော အဆိပ်များအားလုံးသည် ပျောက်ကွယ်သွားခဲ့တော့သည်။ ဤအရာမှာ ဆန်းကြယ်လွန်းနေ၏။
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက အဆိပ်တစ်သောင်း သန့်စင်တဲ့အရာပဲလေ။ အဆိပ်တွေကို ဖယ်ရှားဖို့အတွက် အထူးအသုံးပြုတာမျိုးပေါ့”
စနစ်သည် အမှန်ပင် ချီးကျူးလိုက်မိ၏။ လက်ခံသူ၏ ပါးစပ်ထဲမှ ထွက်သောအရာများအားလုံးသည် ပေါက်တက်ကရ ဆန်လွန်းလှသလို ယုံကြည်ဖွယ်ရာလည်း ကောင်းလွန်းနေ၏။
“ကျုပ်ရဲ့ ဒီရတနာက အရမ်းကို အားကောင်းတယ်။ ဒါပေမဲ့ အဆိပ်တွေကို သန့်စင်တဲ့ နေရာမှာ အဆိပ်မိတဲ့လူ ကို ချက်ချင်း ကောင်းမွန်သွားစေနိုင်တယ်။”
နှင်းဆီဧကရီသည် စကားကို ဖြတ်ကာ ပြောလိုက်၏။ “ကျွန်မ အဆိပ်ကြောင့် တစ်ခုခု ဖြစ်သွားမှာကို ရှင်က စိုးရိမ်နေတယ်ပေါ့။ အဲလိုမျိုးလား”
“အင်း”
သက်ပြင်းချပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။ “ကူညီပြီးမှ ဒီလိုမျိုး နားလည်မှု လွဲခံရမယ်မှန်းသိရင် အစောကြီးကတည်းက မမြင်ချင်ယောင် ဆောင်လိုက်ပါတယ်”
သူ၏ နှလုံးသားထဲမှာတော့ ဤအမျိုးသမီးသည် အလွန်တရာ အားကောင်းလှသည်သာမက ဉာဏ်ရည်ဉာဏ်သွေးက လည်း ထက်မြက်လွန်းကြောင့် ဝန်ခံလိုက်မိသည်။ အနာဂတ်တွင် သူမနှင့် မည်ကဲ့သို့ရင်ဆိုင်ရမည်ဆိုသည်ကိုပင် သူ အကျပ်ရိုက်လျက်ရှိ၏။
“ဘာလဲ”
နှင်းဆီဧကရီက စနောက်လိုက်၏။ “ရှင် ရင်ထဲမှာ ခံစားသွားတာလား”
............
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ကာ ပြောလိုက်တော့၏။ “ခင်ဗျား ကျုပ်ကို နံရံနဲ့ ဖိပြီး ကပ်လိုက်တာ။ အခု ဒဏ်ရာက ပိုဆိုးသွားပြီ။ နောက်သုံးရက်အကြာ တိုက်ခိုက်မယ့်တိုက်ပွဲကို ငါးရက်အထိ ရွေ့ရအောင်”
သူ့အနေနှင့် ဘာဖြစ်လာမည်ဆိုသည်ကို ကြိုတင်သိရှိပြီးသား တိုက်ပွဲတစ်ခုကို မတိုက်ခိုက်ချင်ပေ။ ထို့ကြောင့် အချိန်ကို ဆွဲထားနိုင်သည့် အခွင့်အရေးကို စဉ်းစားလျက်ရှိသည်။
နှင်းဆီဧကရီသည် အရှေ့သို့ လှမ်းလျှောက်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း ထိုင်နေသည့် ထိုင်ခုံပေါ်သို့ ခြေတစ်ဖက် တင်ကာ ပြုံး၍ ပြောလိုက်တော့သည်။ “ငါးရက် မပြောနဲ့၊ ရက်ငါးဆယ်၊ နှစ်ငါးဆယ်ဆိုရင်တောင် စောင့်အုံးမှာပဲ၊ ဘာဖြစ်လို့လဲသိလား”
“.........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သူမသည် သူ့အား ရည်းစားစကား ပြောတော့မည်လား။ “ဘာလို့လဲ”
“ဘာလို့လဲဆိုတော့”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ရှင်က ကျွန်မရဲ့ အစေခံမလို့ပဲ”
“.........”
ကျွင်းချောင်ရှောင်းသည် ငိုချင်စိတ်ပင် ပေါက်သွားမိ၏။ သို့ပေမဲ့ မျက်ရည်များမှာတော့ ကျဆင်းမလာခဲ့ချေ။ “အစ်မကြီး... ကျုပ်တို့ အတိတ်တုန်းက ရန်ငြိုးရန်စ ရှိခဲ့ဖူးတာ မဟုတ်ဘူး။ အခုလည်း ဘာရန်ငြိုးမှလည်း ရှိတာ မဟုတ်ဘူး။ ဘာလို့ ကျုပ်ကို လက်မလွှတ်ပေးနိုင်ရတာလဲ။”
“လက်လွှတ်ပေးရမယ် ဟုတ်လား”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ရှင် ကျွန်မကို အနိုင်ယူနိုင်ပြီဆိုရင် လွတ်လပ်မှုကို ချက်ချင်းပြန်ရမှာပဲလေ”
“ကောင်းပါပြီ”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “နောက်ငါးရက် နေပြီးရင် အနိုင်ရရှိသူကို ဆုံးဖြတ်ကြတာပေါ့”
စနစ်က ဟာသလုပ်လိုက်သည်။ “မင်း.. ဝိညာဉ်ကုန်းမြေတိုက်ကြီးကို မစုံစမ်းတော့ဘူးလား”
“မင်းကြီးတော်ကြီးကို စုံစမ်းပါလား”
ကျွင်းချောင်ရှောင်းသည် နှလုံးသားထဲမှာတော့ အော်ဟစ်လျက် ရှိနေသည်။ “ငါ သူ့ကို အနိုင်ယူမှကို ဖြစ်လိမ့်မယ်”
သူ့အနေနှင့် အားအကောင်းဆုံးသော ဝှက်ဖဲများ အားလုံးကို ထုတ်ဖော် အသုံးပြုရမည်ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။
နှင်းဆီဧကရီက ပြုံးကာ ပြောလိုက်သည်။ “ရှင့်ဒဏ်ရာတွေ ပြန်ကောင်းပြီးတဲ့အချိန်မှာ ကျွန်မကို စိတ်မပျက်စေဖို့ မျှော်လင့်မိတယ်လေ”
“မိန်းကလေး... ငါမင်းကို လုံးဝစိတ်ပျက်စေမှာ မဟုတ်ဘူး” စည်းဓားမော့ကြီးနှင့် ဖြေရှင်း၍မရနိုင်လျှင်ပင် သူ့တွင် ဂိုဏ်းစုဆောင်းမှတ်များ ရှိနေသေး၏။ ထို့ကြောင့် အဆင့်မြင့်စတိုးထဲဆီသို့ သွားရောက်၍ ချမ်းသာမှုအကုန်ကို ထုတ်ဖော်လိုက်ရမည်ဆိုလျှင် တစ်စုံတစ်ခုတော့ ပြန်လည် ရယူနိုင်စွမ်း ရှိပေလိမ့်မည်။
“ဒါမျိုးမှ ကြိုက်တာ” စနစ်သည် ပျော်ရွှင်စွာ ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ဒေါသထွက်လျက်ရှိနေသည်ဆိုသော်လည်း အပြင်ပိုင်းမှာ တည်ငြိမ်လျက် ရှိနေသည်။ “ကျုပ်ရှုံးသွားပြီဆိုရင် ခင်ဗျားရဲ့ အစေခံ ဖြစ်လာမှာပေါ့။ ဒါပေမဲ့ ခင်ဗျားရှုံးသွားပြီဆိုရင်ရော ဘာဖြစ်လာမှာလဲ”
“ကျွန်မက ရှုံးမှာ မဟုတ်ဘူး”
“တကယ်လို့ ရှုံးခဲ့ရင်ကော”
“တကယ်လို့ဆိုတာကို မရှိဘူး”
“..........”
ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ ယုံကြည်ချက် မြင့်မားစွာ ထားတတ်သူ တစ်ယောက်ဟု ခံယူထားသည်။ သို့ပေမဲ့ ဤအမျိုးသမီးသည် သူ့ထက်ပင် ပိုမိုကာ ယုံကြည်ချက် ရှိလို့နေသေးသည်။
တစ်တောင်ထက် တစ်တောင် ပိုမြင့်သည်ဟူသော စကားသည် အမှန်ပင်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူ့ထက်ပို၍ အားကောင်းနေခြင်း ဆိုသည်မှာ အံ့အားသင့်စရာတော့ မဟုတ်တော့ချေ။
“ဒီလိုလုပ်ရအောင်”
နှင်းဆီဧကရီက ထပ်ပြောလိုက်သည်။ “ရှင် ရှုံးသွားပြီဆို ရှင်က ကျွန်မရဲ့ အစေခံပဲ။ တကယ်လို့ ကျွန်မရှုံးသွားပြီဆိုရင် ကျွန်မက ရှင့်ရဲ့သခင် ဖြစ်လိမ့်မယ်”
“ချီးတဲ့မှ... ဒါက ဘာများ ကွာခြားလို့လဲ” ကျွင်းချောင်ရှောင်းသည် ထအော်လိုက်မိ၏။
ရွှီး
နှင်းဆီဧကရီသည် သူ၏ အင်္ကျီကော်လံအား အသာဆွဲယူက ပြောလိုက်တော့၏။ “အမှိုက်လေး... ဒီလောကကြီး ထဲမှာ ကျွန်မရဲ့အစေခံဖြစ်ဖို့အတွက် လူဘယ်လောက်များများက လိုချင်နေလဲဆိုတာ သိလား။ ကျွန်မကနေစပြီး အစေခံအဖြစ်နေဖို့ ခွင့်ပြုပေးတယ်ဆိုတာ ရှင်ဘယ်လောက် ကံကောင်းလဲ သိသင့်တယ်”
၎င်းတို့နှစ်ယောက်သည် အလွန်နီးကပ်သည့် အနေအထားတစ်ခုကို ရောက်ရှိနေသည်ဖြစ်သောကြောင့် နှင်းဆီရနံ့ များသည် ကျွင်းချောင်ရှောင်း ၏ နှာခေါင်းထဲသို့ တိုးဝင်လျက်ရှိနေသည်။
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့”
ကျွင်းချောင်ရှောင်းသည် အမွှေးနံ့ကြောင့် လုံးဝ စိတ်မလှုပ်ရှားချေ။ သူက ပြောလိုက် သည်။ “ကျုပ် ရှုံးလို့ရှိရင် ကျုပ်က ခင်ဗျားရဲ့ အစေခံပဲ။ တကယ်လို့ ခင်ဗျားရှုံးသွားတယ်ဆိုရင် ခင်ဗျားက ကျုပ်ရဲ့ အစေခံပဲ”
ဟား ဟား ဟား ဟား
နှင်းဆီဧကရီသည် လက်ကိုလွှတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ပါးစပ်ကို အုပ်ကာကာ အားရပါးရ ရယ်လိုက် တော့၏။ ဤအမှိုက်လေးသည် အစစ်အမှန်ပင် ရဲတင်းလွန်းလျက် ရှိနေ၏။ သူမကိုပင် အစေခံ ဖြစ်စေချင်သည့် ရဲရင့်သည့် စိတ်ကူးများ ရှိနေခဲ့၏။
“ဘယ်လိုလဲ … မလောင်းရဲဘူးလား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
နှင်းဆီဧကရီသည် ရှေ့သို့အသာတိုးကာဖြင့် သူ၏နားနားကပ်ကာ တီးတိုးပြောလိုက်သည်။ “ရှောင်ပိုင်.... နောက်ငါးရက်ကြာလို့ရှိရင် အစေခံကောင်းတစ်ယောက် ဘယ်လိုဖြစ်ရလဲဆိုတာ သေသေချာချာ သင်ပြပေးမယ်”
ကျွင်းချောင်ရှောင်းသည် သွေးအန်လုမတတ် ဖြစ်နေတော့၏။ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာခဲ့ပြီးကတည်းက တွက်ချက်ရမည် ဆိုလျှင် လက်ရှိအချိန်သည် အနိုင်ကျင့်ခံရဆုံး အခြေအနေပင် ဖြစ်တော့၏။ “ခင်ဗျား လောင်းရဲလား”
“လောင်းရဲတာပေါ့”
နှင်းဆီဧကရီသည် ခန္ဓာကိုယ်ကို အနောက်သို့ ပြန်ရုတ်ကာဖြင့် ပြောလိုက်တော့သည်။ “တကယ်လို့ ရှင်ရှုံးသွားပြီဆိုရင် ရှင်က ကျွန်မရဲ့ အစေခံပဲ။ တကယ်လို့ ကျွန်မ ရှုံးသွားပြီဆိုရင်တော့ ကျွန်မက ရှင့်ရဲ့ အစေခံဖြစ်အောင်လုပ်မယ်။ လူကြီလူကောင်းစကားနော်”
“ယောကျ်ားစကားပဲ”
“ကောင်းပါပြီ” ထိုအချိန်မှာတော့ ၎င်းတို့နှစ်ယောက်ကြား လောင်းကြေးသည် တရားဝင် ဖြစ်တည်သွားပြီဖြစ်၏။
“စနစ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ့အနေနဲ့ ဂိုဏ်းစုဆောင်းမှတ်တွေ ဘယ်လောက်များများ ပြန်ပြီး တောင်းဆိုလို့ရသေးလဲ”
“တစ်သိန်းလောက် ရှိသေးတယ်” စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လျက်ရှိ၏။ “ဒီအစေခံရဖို့အတွက် ငါမွဲတေကျသွားမယ် ဆိုရင်တောင် ကိစ္စမရှိဘူး။ ပြီးတော့ သူမလို အရည်အချင်းမျိုးနဲ့ အစေခံတစ်ယောက် ရပြီဆိုရင် ငါ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကို ပြန်ခေါ်ပြီးတော့ ဟောခန်းသခင်အဖြစ် ခန့်ထားရမယ်”
ကုန်းရှန့်သည် နှင်းဆီဧကရီပေါ်တွင် ကောင်းမွန်သည့် သဘောထားများ ထားရှိနေခဲ့သည်။
ဟုတ်ပေသည်။ သူမသည် အသွင်အပြင်အရ အလွန်တရာ ကြည့်ကောင်းလှသလို အားအင်အဆင့်မှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သူမကိုသာ အညံ့ခံအောင် ပြုလုပ်နိုင်မည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၌ အလွန်တရာ အားကောင်းလှသော တိုက်ခိုက်သူတစ်ယောက် ဖြစ်တည်လာမှာ သေချာ၏။
“ဒီမှာရော့ …”
နှင်းဆီဧကရီသည် သိုလှောင်လက်စွပ်တစ်ကွင်းကို လှမ်းပစ်ပေးကာ ပြောလိုက်၏။ “အဆိပ်တွေကို ကုသပေးတဲ့အတွက် ဆုလာဘ်”
ကျွင်းချောင်ရှောင်းသည် ထိုအရာကို မဖမ်းချေ။ ထို့ကြောင့် သိုလှောင်လက်စွပ်သည် သူ၏ခြေထောက်နားသို့ ကျဆင်းသွားခဲ့၏။
ချီးတဲ့မှ... ဆုလာဘ်ဆိုတာ သုံးနှုန်းရအောင် သူမကိုသူမ ဘာများ ထင်နေတာလဲ။ ငါ့ကိုလည်း အစစ်အမှန် ကျေးကျွန်တစ်ယောက်လို့များ ထင်နေလား မသိဘူး။
နှင်းဆီဧကရီက ပြောလိုက်တော့သည်။ “ဒီထဲမှာ စောနတုန်းကငွေရှင်းလိုက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးမျိုး တစ်သောင်းတိတိ ရှိတယ်”
ဝှစ်
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ ယောကျ်ားတစ်ယောက်၏ ဒေါသထွက်လျက်ရှိသော အမူအရာမျိုးနှင့် ခပ်တင်းတင်း ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်”