အခန်း (၁၁၀၉)
Vol. 75 Ch. 1109
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခေါင်းပေါ်တွင် ကြီးမားသည့်ဘုကြီးနှင့်အတူ မြို့ထဲမှထွက်ခွာ သွားခဲ့၏။ နှင်းဆီဧကရီသည် သူ၏နောက်မှ နီးကပ်စွာ လိုက်ပါလာခဲ့၏။
“ကျုပ် ထပ်ပြီး ဒဏ်ရာရသွားပြီ။ နောက်ထပ်ဆယ်ရက်နေမှ တိုက်ခိုက်ကြစို့။”
သူသည် အချိန်နှင့်တည်နေရာပိုးကောင်အား ပိုမို၍ အနားယူနိုင်စေနိုင်ရန်အတွက် အချိန်ကို ဖြစ်နိုင်သမျှ အကောင်းဆုံး ဆွဲထားရန် ကြိုးစားခဲ့၏။ အချိန်နှင့်တည်နေရာပိုးကောင် ပြန်လည်ကောင်းမွန်လာမှသာလျှင် သူ့အတွက် လွတ်မြောက်နိုင်ဖို့ အခွင်အရေးရှိမှာဖြစ်သည်။ မဟုတ်လျှင် အခွင့်အရေးမရှိချေ။
“ကောင်းပြီ။”
နှင်းဆီဧကရီသည် မငြင်းပယ်ခဲ့ချေ။ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေတွင် သူမသည် အားနေပြီဖြစ်သောကြောင့် ဤကောင်လေးနှင့် အချိန်ဖြုန်းပြီးကစားရန် စဉ်းစားထားသည်။
ထို့အပြင် ဤကောင်လေးသည် ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်ပြီးသည့်နောက်မှာတော့ အကောင်းမွန်ဆုံးသော စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသကာဖြင့် သူမကို အံ့အားသင့်စရာပြုလုပ်မည်လားဆိုသည်ကို အလွန်လည်း သိချင်နေမိသေး၏။
ဤကဲ့သို့ သေးငယ်လှသော မြို့လေးတစ်ခုမှ ထွက်ခွာလာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အနီးအနားတွင်ရှိသော မြို့များဆီသို့ ဆက်လက်ကာ သွားလိုက်၏။ သေသေချာချာကြည့်ရှုပြီးသည့်နောက်မှာတော့ ဝိညာဉ်မျိုးနွယ်များ၏ အလုံးစုံသော အားအင်အဆင့်သည် ပထဝီမြေအနေအထားကြောင့် ဆိုးရွားလျက်ရှိနေကြောင်း သူ သတိပြုမိလိုက်သည်။
“အင်း … ငါကံဆိုးလွန်းတာပဲ။”
ဤမျှ အလုံးစုံ အားနည်းလျက်ရှိနေသော ဝိညာဉ်ကုန်းမြေတိုက်ကြီးသို့ ရောက်ရောက်ချင်းမှာပဲ သိုင်းနယ်မြေကျင့်ကြံသူထက်ပင် ပိုမို၍အားကောင်းသော စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်နှင့် ထိပ်တိုက် တွေ့ဆုံခဲ့ရသည် ဆိုခြင်းမှာ အလွန် ကံဆိုးလွန်းသောကြောင့်သာ ဖြစ်သည်။ ထို့အပြင် သူမကို အနိုင်ယူနိုင်ရန်အလို့ငှာ သူသည် တစ်ည အတွင်းမှာပဲ ဂိုဏ်းစုဆောင်းမှတ်အများအပြားကို ထုတ်ဖော်အသုံးပြုခဲ့ ရသေး၏။
“မိန်းကလေးနှင်းဆီကို ပြောစရာရှိသေးတယ်။”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒီအနီးအနားမှာ မြို့ကြီးတစ်ခုခုရှိသေးလား။”
သူ့အနေနှင့် ဤကဲ့သို့ သေးငယ်လှသောမြို့လေးများကို ကြည့်ရှုပြီးသည့်နောက် ဂြိုဟ်တစ်ခုလုံး၏ အလုံးစုံသော အားအင်ကို တွက်ချက်ရန်ဆိုသည်မှာ မသေချာလှချေ။ ထို့ကြောင့် ကြီးမားသည့် မြို့တစ်ခုခုကို သွားရောက်ကာ အတည်ပြုရန်အတွက် လိုအပ်နေသေး၏။
နှင်းဆီဧကရီသည် ပြောလိုက်သည်။ “ကျွန်မ ရှင့်ကို နာမည်မပြောထားပါဘူး။ ဘယ်လိုဖြစ်ပြီး နာမည်ကို သိရတာလဲ။”
“အင်း”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ ခန္ဓာကိုယ်ကနေ နှင်းဆီရနံ့တွေ ရတယ်လေ။ ဒီတော့ ခင်ဗျားကို နှင်းဆီလို့ ခေါ်ရမှာပေါ့။”
ဤကဲ့သို့သော နေရာမျိုးတွင် သူ၏ ဦးနှောက်သည် အလွန်တရာ ကောင်းမွန်လှသည်ဟု ဆိုရမည်။
“ကျွန်မသိပြီ။”
နှင်းဆီဧကရီသည် စိတ်ထဲမှာ မထားချေ။ သူမသည် ရှေ့ဆီသို့ ညွှန်ပြကာဖြင့် ပြောလိုက်၏။ “ဒီတည်နေရာရဲ့ အရှေ့ မိုင် ၁၀၀၀ အကွာအဝေးမှာ လူငါးသန်းလောက်နေလို့ရတဲ့ မြို့ကြီးတစ်မြို့ရှိတယ်။”
“အဲလိုလား။”
ကျွင်းချောင်ရှောင်း၏ စိတ်ဝင်စားမှုများသည် ပိုမိုကာ တိုးတက်သွား၏။ ထို့ကြောင့် သူသည် ဤနေရာဆီသို့ ချက်ချင်းပဲ လှမ်းသွားခဲ့လိုက်တော့သည်။
အမျိုးသမီးပြောဆိုသည်မှာ မှန်လှချေ၏။
ကြီးမားသော မြို့ကြီးဆီသို့ ရောက်ရှိချိန်မှာတော့ သူသည် ရှည်လျားလွန်းလှသော မြို့၏ နံရံကြီးကို ကြည့်ရှုပြီးသည့် နောက်မှာတော့ အံ့ချီးနဘမ်းဖြစ်မိနေ၏။ လူများသည် တရဟို ဝင်ထွက်သွားလာလျက်ရှိနေပြီး အလွန်စည်ကား လှသည့် မြို့ကြီးတစ်ခုပင် ဖြစ်တော့သည်။
“ဒီမှာ စွမ်းအားမြင့်ကျင့်ကြံသူတွေ ရှိနေနိုင်တယ်။”
သို့ပေမဲ့ ဘာလို့မှန်းမသိဘဲ နှင်းဆီဧကရီသည် သူမ၏ လှပသော မျက်နှာကို ဖုံးကာရန်အတွက် မျက်နှာအုပ်သည့် ဇာပဝါတစ်ခုကို ခေါင်းပေါ်မှ လွှမ်း၍ ခြုံလိုက်၏။
ကျွင်းချောင်ရှောင်းသည် ရှည်ရှည်ဝေးဝေး ဆက်လက်၍ မေး မြန်းမနေတော့ချေ။ မြို့အတွင်းသို့ လှမ်းဝင်လိုက်ပြီးသည့်နောက်မှာတော့ လူများတရဟို သွားလာလျက်ရှိနေသော အဓိကလမ်းမပေါ်တွင် မတ်တပ်ရပ်လိုက်၏။ သိုင်းဆရာ သို့မဟုတ် သိုင်းစစ်သူကြီးများနှင့် နှိုင်းယှဉ်၍ရနိုင်သော ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူများအားလုံးကို သူသည် ကြည့်ရှုလိုက်သည်။ “ဒီမှာတော့ ကျွမ်းကျင်သူတွေ နည်းနည်းများတာပဲ။”
မြို့၏ အတိုင်းအထွာနှင့် အခြေအနေအရ ကျန်းယန်နိုင်ငံ၏ ကျန်းယန်မြို့လောက် မစည်ကား၊ မကောင်းမွန်လှဘူး ဆိုသော်လည်း ဤနေရာတွင် သိုင်းဆရာနှင့် သိုင်းစစ်သူကြီးများအဆင့်နှင့် ညီမျှသည့် သိုင်းကျင့်ကြံသူများ တည်ရှိလို့နေ၏။ ထို့ကြောင့် အနည်းငယ်တော့ စိတ်ဝင်စားစရာ ကောင်းလို့နေခဲ့၏။
မျက်နှာကို အဖြူရောင်ဇာပုဝါဖြင့် လွှမ်းခြုံလျက် ရှိနေသော နှင်းဆီဧကရီမှာတော့ ပြုံးလျက်ရှိနေတော့သည်။
ဤမြို့သည် မဟာဗျူဟာအရ အဓိကစစ်တပ်ကြီးတစ်ခု၏ စစ်တပ်ခံတပ်တစ်ခုအဖြစ် သတ်မှတ်၍ရသော နေရာများ ထဲမှ တစ်ခုပင် ဖြစ်တော့၏။ ဤနေရာ၏ လူဦးရေအရေအတွက်သည် အလွန်တရာများပြားလှသည် ဆိုသော်လည်း အလုံးစုံသော အားအင်အဆင့်မှာတော့ နိမ့်ကျလွန်းလှ၏။
သို့ပေမဲ့ သူမ၏ စီမံဆောင်ရွက်မှုဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက်မှာတော့ အနည်းငယ်ပိုမိုတိုးတက်လာ ခဲ့ပြီ ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် မြို့ထဲသို့ လှည့်လည်သွားလာကြည့်လိုက်၏။ တောင်စဉ်ရေမရ လျှောက်၍ သွားနေသည့်ပုံ ပေါ်သော်လည်း အစစ်အမှန်မှာတော့ သူသည် ရန်သူ၏ သတင်းအချက်အလက်များကို ကြိတ်ကာ စုဆောင်း နေခြင်းပင်။
ထို့ပြင် ဝိညာဉ်မျိုးနွယ်များ၏ အကျင့်စရိုက်ကိုလည်း သေသေချာချာ မှတ်သားထားခဲ့သည်။ မိမိကိုယ် မိမိနှင့် မိမိ၏ရန်သူကို သိရှိခြင်းကသာလျှင် တိုက်ပွဲ၏ အောင်မြင်မှုဆီ ပို့ဆောင်ပေးနိုင်မှာ ဖြစ်သည်။
“လုံလုံလောက်လောက် ကြည့်ပြီးသွားပြီလား။”
“ကြည့်ပြီးသွားပါပြီ။”
“ဒါဆိုရင် မြန်မြန်လေး။ ရှင့်ရဲ့ဒဏ်ရာကို ကုသရမယ် မဟုတ်လား။”
……
၎င်းတို့နှစ်ယောက်သည် စားသောက်ခန်းတစ်ခုစီသို့ ဝင်သွားပြီးသည့်နောက်မှာတော့ အခန်းတစ်ခန်းကို ငှားရမ်းလိုက် ကြ၏။
နောက်တစ်ရက် ကောင်းကင်ကြီးလင်းထိန်နေသည့်အချိန်မှာတော့ အပြင်ဘက်တွင် ရန်ဖြစ်နေသည့် အသံများ ထွက်ပေါ်လျက်ရှိနေသည်ကို ကြားလိုက်ရ၏။ တန်ခိုးကျင့်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် သတိဝင်လာပြီး သည့်နောက်မှာတော့ တွေးလိုက်သည်။ မနက်စောစောစီးစီး လမ်းပေါ်မှာ ရှုပ်ရှက်ခတ်အောင် လုပ်နေကြတာပဲ။ ဒီကလူတွေက ယဉ်ကျေးမှုကို မရှိဘူး။
နှင်းဆီဧကရီသည် အစောကြီးကတည်းက နိုးထနေနှင့်ပြီဖြစ်၏။ သူမသည် ဆံပင်များမသပ်မရပ်နှင့် ပြတင်းပေါက် ရှေ့တွင် မတ်မတ်ရပ်လျက်ရှိ၏။
သူမ၏ မျက်နှာက ကျောက်စိမ်းကဲ့သို့ သွယ်လျလှသည့် သူမ၏လက်နှင့် ဖုံးကွယ်ကာဖြင့် အပြင်ဘက်သို့ ကြည့်ရှု လျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် အသာလျှောက်သွားကြည့်လိုက်၏။ လမ်းပေါ်တွင်တော့ များပြားလှသော လက်နက်ကိုင်စစ်သားများသည် အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့်ရှိသော မိန်းကလေးနှစ်ယောက်ကို ဝိုင်းရံထားကြ၏။
နှင်းဆီဧကရီသည် ဘေးတစ်ဘက်ဆီသို့ လှည့်ကြည့်ကာ စိတ်ဝင်တစားနှင့် မေးလိုက်သည်။ “ရှင့်ပါးစပ်ထဲက ဘာကြီးလဲ။”
“ဒါသွားတိုက်တံလေ။”
ကျွင်းချောင်ရှောင်းသည် သွားတိုက်ရင်းမှ အပြင်ဘက်သို့ လှမ်းကြည့်ကာ ဖြေလိုက်၏။
“ဒီစစ်သားတွေက မြို့ကို စောင့်ရှောက်တဲ့လူတွေနေလိမ့်မယ်။ မနက်စောစောစီးစီး အားနည်းတဲ့ မိန်းကလေး တွေကို ဘာလို့ ဝိုင်းဖမ်းနေကြတာလဲ။”
နှင်းဆီဧကရီက ပြောလိုက်သည် “သူတို့က သူခိုးတွေလေ။”
ဗလူး .. ဗလူး ..ဗလူး …။
ကျွင်းချောင်ရှောင်းသည် ခေါင်းမော့ပြီးသည့်နောက်မှာတော့ အာလုတ်ကျင်းလိုက်၏။ ပြီးသည့်နောက်မှာတော့ ရေခွက် ထဲမှ ရေများကိုသောက်ကာ ပြောလိုက်တော့၏။
“ကျင့်ကြံခြင်းအဆင့်တောင်မရှိတဲ့သူက ဒီလိုနေရာမှာ ဘယ်လိုလုပ် တခြားသူတွေဆီက ခိုးယူနိုင်မှာလဲ။ ပေါက်ကရ …”
နှင်းဆီဧကရီသည် ပြတင်းပေါက်ဘောင်ပေါ်သို့ လက်တင်ကာ ပြောလိုက်၏။ “ခုနက ဒီပွဲကို ကြည့်နေကြတဲ့ ဘေးကလူတွေက တီးတိုးပြောနေတာ ကြားခဲ့တယ်။ ဒီမိန်းကလေးနှစ်ယောက်က မြို့တော်ဝန်သားရဲ့ ပစ်မှတ်ထားခြင်းကို ခံရတာတဲ့။ ဒါကြောင့်မလို့ ဘာမှမဟုတ်တဲ့ အပြစ်တွေနဲ့ ဖမ်းယူခြင်းကို ခံရတော့မယ်။”
“ကျုပ်နားလည်ပြီ။”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်မိ၏။ “နေရာအနှံ့မှာ ဒီလိုနှာဘူးတွေကလည်း ရှိနေတာကိုး။”
ပြောနေတုန်းမှာပဲ အလွန်တရာကြည့်ကောင်းလှသည့် မျက်နှာသွင်ပြင်နှင့် လူငယ်လေးတစ်ယောက်သည် လမ်းပေါ်သို့ လျှောက်လှမ်းလာခဲ့၏။ ထိုသူသည် အစေခံများ ဝိုင်းရံကာဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ “ဒီသခင်လေးရဲ့ ပစ်မှတ်ထားခြင်းခံရတဲ့လူတွေက သေတဲ့အထိ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။”
အမျိုးသမီးနှစ်ယောက်သည် ကြောက်လန့်စွာဖြင့် ကွေးကွေးလေးဖြစ်လျက်ရှိနေ၏။ ၎င်းတို့သည် တကိုယ်လုံး တုန်ယင်လျက်ရှိ၏။
“ကိုယ့်လူတို့ …”
စစ်သည်တော်ဗိုလ်တစ်ယောက်က အမိန့်ပေးလိုက်တော့၏။ “ဒီ သူခိုးမနှစ်ယောက်ကို ဖမ်းကြ။ မြို့တော်ဝန်ရဲ့ အိမ်ရာကို စစ်ဆေးဖို့ခေါ်သွားကြမယ်။ သူတို့ဘာအပြစ်တွေ လုပ်လဲ စစ်ဆေးရမယ်။”
“ကောင်းပါပြီ။”
များပြားလှသော စစ်သည်များအားလုံးသည် ရှေ့သို့လှမ်းတက်လာခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် ကြောက်ရွံံ့လွန်းသောကြောင့် တုန်ယင်နေသည့် မိန်းကလေးများကို ဖမ်းခေါ်ရန် ပြင်လိုက်သည့်အချိန်မှာပဲ ရုတ်တရက် မွှေးပျံ့လှသည့် နှင်းဆီရနံ့များ ထွက်ပေါ် လာခဲ့တော့၏။
ကောင်းကင်ယံအထက်ဆီမှ အလွန်တရာကြည့်ကောင်းလွန်းလှသော ခန္ဓာကိုယ်အသွင်အပြင်နှင့် အမျိုးသမီး တစ်ယောက်သည် ဆင်းသက်လာခဲ့သည်။
ကျွင်းချောင်ရှောင်းမှာ ဆွံ့အသွားမိ၏။ “တစ်ခြားလူတွေရဲ့ ကိစ္စကို ဒီမိန်းမ ဘာလို့သွားရှုပ်ရပြန်တာလဲ။”
“ဟမ်”
မြို့တော်ဝန်၏သား နှာဘူး၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့တော့၏။ ရုတ်တရက် ကောင်းကင်ယံမှ လှပသော မိန်းကလေးတစ်ယောက် ဆင်းသက်လာသည်ကို မြင်ရသည့်နောက်မှာတော့ သူ၏ မျက်လုံးများသည် ဝင်းထိန်သွားခဲ့သည်။
“ကောင်းကင်ဘုံ … ဘုံကိုးပါးဆီက နတ်မိမယ်လေး တစ်ပါးပါလား။”
“စစ်သူကြီးဟယ်”
ထိုကောင်လေးသည် နှင်းဆီဧကရီကို လက်ညှိုးညွှန်ပြကာ မြန်မြန်ဆန်ဆန် ပြောလိုက်သည်။ “သူက ဒီသူခိုးမနှစ်ယောက်နဲ့အတူတူ ဖြစ်လိမ့်မယ်လေ။ ဒီတော့ သူ့ကိုပါ ဖမ်းပြီးတော့ ကျုပ်အခန်းထဲကို ခေါ်ခဲ့လိုက်။”
ဘုတ်
ထိုအချိန်မှာတော့ စစ်သူကြီးဟယ်သည် ရုတ်တရက် ဒူးထောက်ကာ ထိုင်ချလိုက်၏။
နှာဘူးကောင်လေးသည် ဆွံ့အသွားခဲ့သည်။ သူခိုးမနှစ်ယောက်အား ဖမ်းယူရန် ပြင်လျက်ရှိနေသော စစ်သည်တော်များအားလုံးသည် ဇဝေဇဝါဖြင့် ဖြစ်မိနေကြသည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒီလိုကောင်လေးတွေအတွက် ဘယ်လိုဖြစ်ပြီးတော့ ကိုယ့်ရဲ့ အော်ရာတွေကို ထုတ်ဖော်ပြီး သွားရှုပ်ရတာလဲ။”
“နေအုံး …လမ်းပေါ်မှာ ဘယ်ဖိအားအော်ရာမှ မရှိပါလား။ ထူးဆန်းလိုက်တာ။”
ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်မိသွား၏။ မည်သည့်ဖိအားမှမရှိဘူးဆိုမှတော့ အဘယ့်ကြောင့် ဤစစ်သူကြီး ဆိုသူသည် ဒူးထောက်ရသနည်း။ ဖြစ်နိုင်သည်မှာ ဤအမျိုးသမီး၏ အလှတရားကြောင့် အညံ့ခံလိုက်လေသည်လား။
မဟုတ်သေးပေ။ နှင်းဆီဧကရီ၏ အသွင်အပြင်သည် သာမန်ထက်ပို၍ ထူးခြားကာ လှပလွန်းသည်ဆိုသော်လည်း စစ်သူကြီးတစ်ယောက်တည်းသည်သာ ဒူးထောက်နေခြင်း မဟုတ်ပေ။ ပတ်ဝန်းကျင်တွင် ရှိနေသော ဝိညာဉ်မျိုးနွယ် ကျင့်ကြံသူများမှာတော့ ထိတ်လန့်တုန်လှုပ်စွာဖြင့် တကိုယ်လုံးတုန်ယင်လျက်ရှိနေ၏။
စစ်သူကြီးဟယ်သည် သူ၏ နဖူးနှင့်မြေကို တဒိုင်းဒိုင်းနှင့်တိုက်ကာ တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “စစ်သူကြီးဟယ် … အရှင်မကို နှုတ်ဆက်ပါတယ်။”
သူသည် ထိုစကားအား ခက်ခက်ခဲခဲနှင့် ပြောဆိုနေရခြင်းပင်ဖြစ်၏။ ထိုကဲ့သို့သော စကား ထွက်ပေါ်လာသည့်အချိန်မှာတော့ ရှိရှိနေသမျှသော ဝိညာဉ်မျိုးနွယ်များအားလုံးသည် ငြိမ်သက်တိတ်ဆိတ်သွားခဲ့ကြ၏။
“အရှင် …. အရှင်မ ဟုတ်လား။”
ခနလောက်ကြာပြီးသည့်နောက်မှာတော့ စစ်သည်များအားလုံးတို့သည် နှင်းဆီဧကရီ၏ ရှေ့တွင် ဒူးထောက်ကာ ထိုင်ချ လိုက်ကြသည်။
“အရှင်မ ကို နှုတ်ဆက်ပါတယ်။”
အနီးအနားတွင်ရှိသော စစ်သည်များ ရုတ်တရက် ဒူးထောက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ မြို့တော်ဝန်၏ သားသည် ခန္ဓာကိုယ်တစ်ခုလုံး မထိန်းချုပ်နိုင်ဘဲ မြေပေါ်သို့ပင် ပြုတ်ကျသွားခဲ့၏။
ဘုတ် ဘုတ်
ချက်ချင်းပဲ အနီးတစ်ဝိုက်တွင် ရှိနေသော ကျင့်ကြံသူ နှင့် သာမန်လူများအားလုံးတို့သည် ကြောက်လန့်တကြားဖြင့် ဒူးထောက်ထိုင်ချလိုက်သည်။
နှင်းဆီဧကရီသည် လက်ကိုအသာမြှောက်ကာဖြင့် စွမ်းအင်လှိုင်းများကို စုစည်းလိုက်တော့၏။ ပြီးနောက် စစ်သူကြီးဟယ်အား ချုပ်နှောင်လိုက်၏။ သူမက မေးလိုက်၏။ “ဒီမိန်းကလေးနှစ်ယောက်က ဘာအပြစ်တွေ ပြုလုပ်ထားလို့လဲ။”
သူမသည် အလွန်တရာ အားကောင်းပြီး ထည်ဝါလွန်းလှသော အင်ပါယာတစ်ယောက်၏ အရှိန်အဝါများကို ထုတ်ဖော်လျက်ရှိနေ၏။ အင်ပါယာကျန်းဝေသည်လည်း အင်ပါယာတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ သူမထုတ်လွှတ် လိုက်သော အော်ရာများအားလုံးသည် အင်ပါယာကျန်းဝေထက် အဆမတန် ပိုမို၍ အားကောင်းလွန်းလျက် ရှိနေ၏။
စားသောက်ခန်း၏ ပြတင်းပေါက်နေရာမှာတော့ ကျွင်းချောင်ရှောင်းသည် အလုံးစုံဆွံ့အလျက်ရှိနေသည်။ သူသည် သတိဝင်ပြီးသည့်နောက်မှာတော့ ဆေးပြင်းလိပ်ကြီးကို ထုတ်၍ ဖွာရှိုက်နေလိုက်မိ၏။ ပြီးသည့်နောက်မှာတော့ နာနာကျင်ကျင်နှင့် ပြောလိုက်သည်။
“သြော် … သူမက ဒီဂြိုဟ်ကြီးရဲ့ ဧကရီလင်းပင်ဖြစ်နေတာကိုး။ ဟွိုင်နံပါတ်တစ် နဲ့ ဟွိုင် နံပါတ်နှစ် …. ဒီသူတောင်းစားတွေ ငါ့ကို လိမ်ခဲ့တာပဲကွ”