အခန်း (၁၁၁၁ - ၁၁၁၂)
Vol. 75 Ch. 1111 - 1112
ဤမိန်းကလေးနှင့် နောက်မဆုံတော့ဟု တွေးထားခဲ့၏။ သို့သော် ဤမိန်းကလေးသည် နောက်မှ ထပ်ကြပ်မကွာ လိုက်လာခဲ့၏။
ဧကရီအား အညံ့ခံအောင် ပြုလုပ်နိုင်လျှင် သူမကိုသာမက ကုန်းမြေတစ်ခုလုံးကိုပါ အုပ်စိုးနိုင်ပေလိမ့်မည်။
ဝှစ် … ဝှစ် …။
သဲကန္တာရထဲမှာတော့ လေများသည် တိုက်ခတ်လျက်ရှိ၏။ ကျွင်းချောင်ရှောင်းသည် မားမားမတ်မတ် ရပ်လျင်ရှိပြီး ကျန်းယန်ဝတ်စုံကို ဝတ်ဆင်လိုက်၏။
ဤအရာသည် အစစ်အမှန်တိုက်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။
နှင်းဆီ ဧကရီသည် ပြုံးကာပြောလိုက်၏။ "ရှင့်ဝတ်စုံက တကယ်ကောင်းတာပဲ"
ကျွင်းချောင်ရှောင်းသည် ချောပြီးသား ဖြစ်၏။ ကျန်းယန်ဝတ်စုံကို ဝတ်ဆင်လိုက်သည့် အချိန်မှာတော့ တစ်လောကလုံးတွင် အချောဆုံးသော လူသားအဖြစ်ပြောင်းလဲသွားသည်။
"အဟမ်း … လိုရင်းကို ပြောရအောင်"
ကျွင်းချောင်ရှောင်းသည် ကြည့်ကာပြောလိုက်၏။ "ခင်ဗျားရဲ့လက်နက်ကိုထုတ်"
နှင်းဆီဧကရီသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "ဒီဧကရီမှာ လက်နက်မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီဧကရီက ပြိုင်ဘက်ရဲ့ အသားကို ကိုယ်တိုင် ထိတွေ့ရိုက်နှက်ရတာကြိုက်လို့ပဲ"
ကျွင်းချောင်ရှောင်းသည် ကျန်းယန်ဓားကို ထုတ်ကာပြောလိုက်သည်။ "တိုက်ခိုက်ကြရအောင်"
ဝှစ် …..။
ကျွင်းချောင်ရှောင်း သည် လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုရင်း လင်းကျန့်ဓားသိုင်း၏ ပထမအကွက်နှင့် ဒုတိယအကွက်ကိုရောနှောကာ အသုံးပြုလိုက်၏။ ကောင်းကင်၌ ဓားစွမ်းအင်များသည် ဖြစ်တည်လာပြီး စုစည်းကာ ခုတ်ပိုင်းလိုက်၏။
သူသည် သိုင်းနယ်မြေအဆင့်သို့ ရောက်ပြီးသည့်နောက် ဤတစ်ကြိမ်တွင်အလွန်ကို အလေးအနက်ထားကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။
နှင်းဆီဧကရီသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "ရှင့်အရည်အချင်းကလည်း ဒဏ်ရာရတုန်းကနဲ့ အတူတူပါပဲလား"
ဧကရီသည် လက်တစ်ထောင်ပန်းခူးဖြင်း နည်းစနစ်ကို ထုတ်ဖော်ကာ ဓားချီများကို ချိုးဖျက်လိုက်သည်။
ဘုန်း ….. ဘုန်း ….. ဘန်း ….။
ကျွင်းချောင်ရှောင်းသည် စက်အတောင်ပံကို အသက်သွင်းပြီးသည့်နောက် သူ၏ လက်သည် သတ္တုလက်ကြီး အဖြစ် ပြောင်းလဲသွားခဲ့၏။ သာမန်တိုက်ပွဲမျိုးဆိုလျှင် ဤအရာများမှာ သူ၏ ဝှက်ဖဲများပင် ဖြစ်တော့၏။ သို့သော် လက်ရှိ အချိန်မှာတော့ ဝှက်ဖဲများကို အသုံးပြုသည် ဆိုလျှင်တောင်မှ ဧကရီကို အသာစီးမရခဲ့ချေ။
ထို့ကြောင့်သူသည် လောကအဆောင်ကို သုံးရန် လက်ထဲ၌ အသင့်ဆုပ်ကိုင်ထားမိ၏။ သို့သော်ချက်ချင်း အသုံးမပြုသေးပေ။ သတိမထားမိသည့် အချိန်မှသာလျှင် ထုတ်သုံးမည်ဖြစ်၏။
သို့သော် သူသည် ဧကရီအနားသို့ ကပ်သွားလိုက်သည်နှင့် အဝေးသို့ လွင့်စင်သွားခဲ့သည်။ လေထဲသို့ လွင့်စင်သွားပြီးသည့်နောက် ဟန်ချက်ညီအောင် မနည်းထိန်းလိုက်ရသည်။
"ဒါ အား အကုန်ပဲလား"
တစ်ဖက်လူသည် ဒဏ်ရာများ ပြန်ကောင်းပြီးနောက် သူမအား အံ့အားသင့်စေသော တိုက်ခိုက်မှုများ ထုတ်ဖော်လာနိုင်မည်ဟု ထင်မှတ်ထားခဲ့၏။ "အမှိုက်ပဲ"
“ချီးတဲ့မှ …."
ကျွင်းချောင်ရှောင်းသည် ဧကရီမ၏ အထင်အမြင်သေးသည့် စကားကိုကြားရပြီးသည့်နောက် သူ၏ ဓားကို တင်းတင်း ဆုပ်ကိုင်လိုက်မိ၏။ သူ၏ ခန္တာကိုယ်၌ နတ်မီးများ တောက်ပလာပြီး သက်တန့်ရောင်များကဲ့သို့ပင် ဖြစ်တည်လာသည်။
နှင်းဆီဧကရီသည် အံ့ဩစွာဖြင့် ပြောလိုက်၏။ "ရှင်က မီးဓာတ်ကျင့်ကြံသူပေါ့"
ဤစကားသည် အမှန်တကယ်ပင် အံ့ဩစွာပြောလိုက်ခြင်းဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်ကုန်းမြေတိုက်ကြီးတွင် ဓားနှင့် မီးဓာတ်ကျင့်ကြံသူများမှာ အများကြီးမရှိပေ။
ကျွင်းချောင်ရှောင်းသည် နောက်တစ်ကြိမ် လင်းကျန့် ဓားသိုင်းကို ထုတ်ဖော်ကာ မီးများနှင့်အတူ ရော၍တိုက်ခိုက်လိုက်၏။ လေထုထဲတွင်တော့ ညှော်နံများပင် ထွက်လို့နေလေ၏။
ဤတစ်ကြိမ်တွင်တော့ ဧကရီမသည် သတိရှိစွာဖြင့်တိုက်ခိုက်ရန် စောင့်ဆိုင်းနေသည်။ သူမသည် လေထုထဲတွင် မီးနှင့် အတူရောထွေးပါဝင်လာသော ဓားကွက်များကို လှပစွာ ရှောင်တိမ်းလိုက်သည်။
ဝှစ် … ဝှစ် ……။
ကျွင်းချောင်ရှောင်းသည် ကျန်းယန်ဓားအတွင်းသို့ စွမ်းအင်လှိုင်းများ ထည့်သွင်းကာ ထပ်မံတိုက်ခိုက် ပြန်သည်။ သူသည် လင်းကျန့် ဓားသိုင်းအား ထုတ်ဖော်ကာ အရူးအမူးတိုက်ခိုက်နေခြင်းဖြစ်၏။
ဝှစ် … ဝှစ်
နှင်းဆီဧကရီသည် လေထုထဲတွင် ရှောင်တိမ်းလျက်ရှိ၏။ ပြီးနောက် သူမသည် ညာဖက်လက်ကို မြောက်ကာ စွမ်းအင်လှိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်သည်။
ကျွင်းချောင်ရှောင်းသည် စွမ်းအင်လှိုင်းအား သူ၏ဓားဖြင့် ခုခံလိုက်၏။ သို့သော် သူသည် အနောက်သို့ လွင့်စင် ထွက်သွားခဲ့၏။
"အားနည်းလိုက်တာ" နှင်းဆီဧကရီသည် စွမ်းအင်လက်ဝါးကြီးတစ်ခု့ကို ထုတ်ဖော်ကာတိုက်ခိုက်ပြန်၏။ ဤတိုက်ခိုက်မှုနှစ်ခုမှာ အလွန်ပင် မြန်ဆန်လွန်းလှသည်။
ဤနေရာတွင်သာ တခြားသော ကျင့်ကြံသူများရှိပါက ဆွံ့အနေကြမှာ သေချာ၏။
ကျွင်းချောင်ရှောင်းသည် သူမနှင့် သူကြားတွင် အဆင့်မည်မျှကွာခြားကြောင်း သေချာမသိပေ။ သေချာသည်မှာတော့ အားအင်အဆင့်အရ အလွန်ကွာဝေးနေခြင်းပင်။
ဝှစ် …….
သူသည် ကောင်းကင်ပေါ်သို့ တက်သွားကာ ကျန်းယန်ဓားကို ဆုပ်ကိုင်ပြီး ဒေါသတကြီးအော်ဟစ်လိုက်၏။ "ကောင်းကင်နီဓားခုတ်ပိုင်းချက်"
ကာင်းကင်တွင်တော့ မီးတောက်များဖြစ်တည်လာပြီး အရှိန်ဖြင့် ထိုးဆင်းလာသည်။
ဝူး … ဝူး …..။
တလက်လက် တောက်ပနေသော မီးများသည် ဓားချီများနှင့်ပေါင်းသွားကာ ပို၍အားကောင်းလာတော့၏။ ဤနေရာတွင်သာ လန်ကျင်းတန် ဆိုပါက ထိတ်လန့်နေပေလိမ့်မည်။ သို့သော် သူရင်ဆိုင်နေရသည်မှာ နှင်းဆီဧကရီ ဖြစ်လို့နေ၏။ သူမသည် ထိတ်လန့်ရမည့်အစား သဘောပင်ကျလု့ိနေ၏။
"ဘယ်ဆိုးလို့လဲ မင်းမှာ လှည့်ကွက်တစ်ချို့တော့ ရှိသေးတာပဲ"
သူမသည် လက်ကို မြှောက်လိုက်ပြီး ရေဓာတ်သဘာဝ တစ်ချို့ကို အသက်သွင်းဖန်တီးလိုက်သည်။ "မီး ဘယ်လောက်ကြီးကြီး ရေဆိုရင် ကြောက်ရတာပဲလေ"
"ချီးတဲ့မှ … သူမ က ရေဓာတ်အကြောင်းလည်း သိတာပဲလား"
ကျွင်းချောင်ရှောင်းသည် ထိတ်လန့်သွားသော်လည်း ကျန့်ယန့်ဓားကို ကိုင်ဆွဲကာ ဓားခုတ်ပိုင်းချက်တစ်ခုကို ထပ်မံထုတ်ဖော်လိုက်၏။
ဧကရီသည် လက်ကို အသာမြောက်လိုက်ပြီး သူမ၏ရှေ့၌ ရေတချို့ကို ဖန်တီးကာကွယ်လိုက်သည်။ ပြီးသည့်နောက် ဖီးနစ်ကဲ့သို့ ကျဆင်းလာသော မီးတောက်ကြီးကို ငြိမ်းသတ်တော့သည်။
ဘုန်း …။
တည်နေရာအတားအဆီးသည် မည်သို့မျှ မခံနိုင်တော့ဘဲ လေဟာနယ်များပါ ပျက်စီးကုန်သည်။ စွမ်းအင်လှိုင်းများသည် တစ်ခုနှင့်တစ်ခု ထိပ်တိုက်ရင်ဆိုင်မိသွားကြ၏။
ကျွင်းချောင်ရှောင်း၏ မျက်နှာသည် ပျက်ယွင်းလို့နေ၏။ အဘယ့်ကြောင့်ဆိုသော် ဧကရီ၏ ရေများသည် အသာစီးရနေသောကြောင့် ဖြစ်သည်။
မီးဓာတ်သဘာဝများမှာ အားကောင်းလှသည် ဆိုသော်လည်း မကြာမီတွင် ငြိမ်းသက် ပျောက်ကွယ်သွားတော့မည် ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ကျန်းယန်ဓားကို သိုလှောင်လက်စွပ်ထဲတွင် ပြန်သိမ်းလိုက်ပြီး လေပေါ်သို့တက်ကာ တိုက်ခိုက်နည်းစနစ် တစ်ခုကို ထုတ်ဖော်လိုက်သည်။ "သက်တံ့ရောင်စဉ်ကျမ်း"
လေထုထဲတွင် အနီရောင်နှင့်လိမ္မော်ရောင်စွမ်းအင်လှိုင်းများသည် လွှမ်းခြုံသွား၏။
နှင်းဆီဧကရီသည် အနည်းငယ် တည်ကြည်သွား၏။ "ငါ ဒီသိုင်းကွက်ကို ရင်းရင်းနီးနီး မြင်ဖူးနေပါတယ်"
ကျွင်းချောင်းရှောင်သည် စွမ်းအင်လှိုင်းများကို လက်နှစ်ချောင်းဖြင့် ထုတ်ဖော်ကာ တိုက်ခိုက်နေသည်။ "ချိုးဖျက်စမ်း"
တိုက်ခိုက်မှု အရှိန်သည် အလွန်ပင် မြန်ဆန်လွန်းလှပြီး နှင်းဆီဧကရီ ဆီသို့ရောက်ရှိသွား၏။ နတ်ဘုရားအထက်နည်းစနစ်တစ်ခုဖြစ်သော ကျမ်းသည် သူတွင် ပထမနှင့် ဒုတိယပိုင်းသာရှိ၏။ သို့သော် တိုက်ခိုက်နိုင်မှုသည် ကြမ်းတမ်းလွန်းလှ၏။
နှင်းဆီဧကရီသည် အနောက်သို့ ပေတစ်ထောင်ခန့် လွင့်စင်သွား၏။ သူမသည် အနည်းငယ်ကိုယ်ကို တည့်မတ်လိုက်ပြီးနောက် ဒေါသတကြီးပြောလိုက်သည်။ "ကျွန်မရဲ့ခန္ဓာကိုယ်ထဲမှာ သိမ်းထားတဲ့ အကြွင်းအကျန်ကျမ်း ကို ခိုးယူသွားတာ ရှင်ကိုး"
"ခိုးယူသွားတယ် … အကြွင်းအကျန်ကျမ်း ဟုတ်လား" ကျွင်းချောင်ရှောင်း၏ ဦးခေါင်းထဲတွင် မေးခွန်းများနှင့် ပြည့်နှက်သွား၏။
ထိုအချိန်မှာပဲ တည်နေရာတစ်ခုလုံးသည် တုန်ခါသွား၏။ နင်းဆီဧကရီသည် သူ၏ ရှေ့သို့ ရုတ်တရက် ရောက်ရှိလာခဲ့၏။ သူမ၏ ဖီးနစ်ကဲ့သို့သော မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်၏။ "ရှင့်ကို ခွေးလေးတစ်ကောင်လို ချစ်ဖို့ကောင်းမယ် ထင်ထားတာ၊ ရှင်က သူခိုးတစ်ယောက်ဖြစ်နေတာကို"
တိုက်ခိုက်ပြီးနောက်မှာတော့ တည်နေရာတွင် လက်ဝါးချက်ကြီးတစ်ခုဖြစ်ပေါ်လာတော့၏။ ဖုန်မှုန့်များ သည်လည်း မြေပြင်ဆီမှ အလိပ်လိုက် ထိုးတက်လာတော့သည်။
နှင်းဆီဧကရီသည် များပြားလှသော ဂြိုလ်များဆီ သွားရောက်တိုက်ခိုက်ပြီးနောက် ထူးခြားသော အော်ရာများ ထင်ကျန်လျက်ရှိနေသည့် သိုင်းကျမ်းတစ်ခုကို တွေ့ရှိခဲ့၏။ သူမသည် မည်မျှပင် ပါရမီ ပါလှသည်ဆိုသော်လည်း ဤကျမ်းကို လေ့ကျင့်ကြည့်သည့် အချိန်တွင် သက်တန့်ရောင် အကုန်မထွက်ဘဲ အဝါရောင် စွမ်းအင်များ ထွက်ပေါ်သည် အထိသာ ကျင့်ကြံနိုင်ခဲ့၏။
ဤကျမ်းသည် အဆင့်ဆင့် လေ့ကျင့်ရသည့် သိုင်းကျမ်းတစ်ခုလည်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဤကျမ်းသည် ပထမကျမ်းသာမရှိပါက ကျင့်ကြံ၍မရပေ။
သို့သော် နှင်းဆီဧကရီသည် သိုင်းနည်းစနစ်များကို စိတ်ဝင်စားခြင်းမရှိချေ။ အမျိုးသမီးတစ်ယောက်၏ အလိုလို သိစိတ်အရ ဤကျမ်းကို နားလည်သွားမည် ဆိုပါက သိုင်းကျင့်ကြံခြင်းနှင့် ပတ်သက်သော အသိညဏ်များ ပွင့်လင်းလာနိုင်ကြောင်း ခံစားမိသည်။
ထို့ပြင် ဤကျမ်းသည် ထူးခြားသည့် သိုင်းကျမ်းတစ်ခု ဖြစ်ကြောင်း သူမ သိရှိခံစားနိုင်သည်။ သို့သော်ငြား မည်သို့သော ထူးခြားမှုဖြစ်သနည်း ဆိုသည်ကိုတော့ အဖြေရှာမရ ဖြစ်လို့နေ၏။
ထို့ကြောင့်သူမသည် ကိုယ်နှင့်မကွာ ဆောင်ယူထားပြီး အားသည့် အချိန်မျိုး၌ ထုတ်ကာ လေ့လာတတ်၏။ ထို့သော် တစ်နေ့တွင် ထိုကျမ်းသည် သူမ၏ ခန္ဓာကိုယ်ဆီမှ ပျောက်ခြင်းမလှပျောက်သွားခဲ့သည်။
သူမသည် တစ်စုံတစ်ယောက်ခိုးယူသွားခဲ့သည်ဟု သတ်မှတ်ထား၏။ သို့ပေမဲ့ ယနေ့ ကျွင်းချောင်ရှောင် တစ်ယောက် `သက်တန့်ရောင်စဉ်´ကျမ်းဟု အော်လိုက်သည့် အချိန်မှာတော့ ခိုးယူသွားခဲ့သူမှာ မည်သူဖြစ်ကြောင်း ရှင်းလင်းစွာဖြင့် သိရှိသွားခဲ့ရ၏။
မိမိ၏ ပစ္စည်းအား တစ်စုံတစ်ယောက်က ခိုးယူသွားသည်ဆိုရင် မည်သူက ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။ ဧကရီသည် ဘာမှမတွေးတော့ဘဲ ကျွင်းချောင်ရှောင်း၏ ရှေ့တွင်ပေါ်လာကာ ကြမ်းတမ်းပြင်းထန်လွန်းလှသော လက်ဝါးရိုက်ချက်ကြီးနှင့် ရိုက်ချလိုက်တော့သည်။
သူမ၏ ရိုက်ချက်သည် မြေပေါ်တွင် လက်ဝါးရာကြီးတစ်ခုပင် ပေါ်ပေါက်စေခဲ့၏။
"ဟမ်"
နှင်းဆီဧကရီသည် အံ့ဩမိသွား၏။ ရှေ့တွင်တော့ ဖုန်မုန့်များကြားမှ အရိုးချိုးသံများ ထွက်ပေါ်လာပြီး တင်းမာခက်ထန်သော မျက်နှာနှင့် ကျွင်းချောင်ရှောင်း ပေါ်လာသည်။
မြေပြင်တစ်ခုလုံး ချိုင့်ဝင်သွားအောင်တိုက်ခိုက်ခံရသော်လည်း သူသည် ဘာမှမဖြစ်ခဲ့ချေ။
နှင်းဆီဧကရီသည် အံ့ဩစွာပြောလိုက်၏။ "ရှင်ကလည်း မူလနယ်မြေအဆင့်ပဲလား"
ဆွစ် …..။
ကျွင်းချောင်ရှောင်းသည် လေထုထဲမှ ပျောက်ကွယ်သွားခဲ့၏။ ချက်ချင်းဆိုသလိုပဲ နှင်းဆီဧကရီ၏ ရှေ့၌ ပေါ်လာခဲ့ပြီး သူ၏ သံမဏိလက်သီးနှင့် ထိုးနှက်လိုက်သည်။
ဖြောင်း .. ဖြောင်း …။
သူသည် လက်သီးချက်များနှင့် အညှာတာမဲ့စွာ ထိုးနှက်နေတော့၏။ အတားအဆီးသည် မည်သို့မှ မခံနိုင်တော့ဘဲ ပင်ကူအိမ်ကဲ့သို့ ကွဲအက်သွားတော့၏။
နှင်းဆီဧကရီသည် သူ၏ ရှေ့တွင် အတားအဆီးတစ်ခု ကာကွယ်ထားစေသည် ဆိုသော်လည်း ထိုအရာသည် ပျက်ဆီးသွားခဲ့သည်။
သူမသည်လည်း နောက်သို့ လွင့်စင်သွားခဲ့၏။ မြေပြင်တွင်တော့ လက်ဝါးရိုက်ချက်ကြီးကြောင်း ကြီးမားသည့် ချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။
"ဒီကောင် …"
အစောက တိုက်ခိုက်ချက်အရဆိုလျှင် တစ်ဖက်လူသည် သူမထက် အဆင့်မနိမ့်ချေ။ ဤသို့ဆိုလျှင် ပထမပိုင်းတွင် အားနည်းချင်ယောင် ဆောင်နေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
ဤဝိညာဉ်ကုန်းမြေတိုက်ကြီးတွင် မည်သည့်အချိန်က ဤမျှအားကောင်းလှသော မူလနယ်မြေကျင့်ကြံသူ ပေါ်နေသနည်း။
နှင်းဆီဧကရီ အတွေးနက်နေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် ပြင်းထန်လွန်းလှသော စွမ်းအင်လှိုင်းများအား ဖန်တီးကာ လေပေါ်၌ မတ်မတ်ရပ်၍ ပြောလိုက်သည် "ဒါကျုပ်ရဲ့ ခွန်အားအစစ်ပဲ"
သူသည် ရုတ်တရက် တိုက်ခိုက်ခံရပြီးနောက်မှာတော့ အသိအမြင် အဆောင်အား ချိုးဖျက်ခဲ့ခြင်းဖြစ်၏။ "ကျုပ်က ဟာသလုပ်စရာ မဟုတ်ဘူး"
ဘုန်း……..
စွမ်းအင်လှိုင်းများသည် စုစည်းလာပြီးနောက် ပေါက်ကွဲသွား၏။
နှင်းဆီဧကရီသည် မြေပေါ်သို့ ကျဆင်းလာပြီးနောက် သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ "စိတ်မပျက် စေရဘူးပဲ"
မြေပြင်သည် အနည်းငယ် တုန်ခါသွားပြီး လခြမ်းပုံသဏ္ဍာန်လက်နက်တစ်ခုသည် ပေါ်ထွက်လာတော့၏။ နှင်းဆီဧကရီက ပြောလိုက်၏။ "ခုနပြောခဲ့တာကို ပြန်ရုတ်သိမ်းတယ်"
ကျွင်းချောင်ရှောင်း၏ အဆင့်သည် သူမထက် မနိမ့်ကြတော့ပေ။ ထို့ကြောင့် မျှမျှတတ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သူမ၏ ကိုယ်ပိုင်လက်နက်ကို ထုတ်ယူခဲ့ခြင်းဖြစ်သည်။
ဤအရာသည် ကြာပန်းမိစ္စာ လဓားမော့ ပင် ဖြစ်တော့၏။တခြားသော ဂြိုလ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်သည့် အစွမ်းကို ပိုင်ဆိုင်သော ဧကရီ ပီပီ သူမတွင်လည်း နတ်ဘုရားအဆင့် လက်နက်ရှိ၏။
သို့ပေမဲ့ သူမသည် ထုတ်ဖော် အသုံးပြုလေ့ မရှိချေ။ အဘယ့်ကြောင့်ဆိုသော် သူမ ရင်ဆိုင်ခဲ့သော သူများသည် သူမထက် အဆင့်နိမ့်သောကြောင့်ပင်။
"ကျွန်မရဲ့ လက်နက်က အပြင်ကို ရောက်ပြီဆိုရင် သွေးဆာတက်တယ်"
ပြီးနောက်သူမသည် တိုးတိုးလေးထပ်ပြောလိုက်၏။ "ဒီတော့ သေဖို့ပြင်ထားတော့"
ဓားမော့သည် သခင်၏ အလိုကျ ပြုမူနေတော့၏။ ၎င်းသည် သွေးဆာကာ ဆိုးသွမ်းလွန်းသည်။
ဝှစ် … ဝှစ် ……။
ဧကရီသည် လက်များကိုမြောက်ကာ ဓားမော့ကို လေထုထဲ၌ ထိန်းချုပ်ရင်း ကျွင်းချောင်ရှောင်းဆီသို့ ပစ်လွှတ် တိုက်ခိုက်၏။
"ဟမ့်"
ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ကျန်းယန်ဓားကို ထုတ်ကာ တိုက်ရိုက်ခုတ်ပိုင်းခြင်းကို ပြုမူတော့သည်။
"ဒင် … ဒင် …ဒင်"
ဓားမော့သည် မထင်မှတ်ထားသည့် တည်နေရာဆီမှ အလစ်အငိုက် သူဆီသို့ ထပ်မံရောက်ရှိလာသည်။ ကျွင်းချောင်ရှောင်းသည် မရှောင်တိမ်းနိုင်တော့ဘဲ သူ၏ ဓားဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရတော့၏။
"ရွှီး …"
ဓားမော့သည် ကျွင်းချောင်ရှောင်း၏ လည်ပင်းနားမှ ဖြတ်သွားကာ ဧကရီမဆီသို့ ပြန်ရောက်သွားသည်။ ကျွင်းချောင်ရှောင်းသည် အလွန်ပင် အံ့အားသင့်လျက်ရှိသည်။
မြေပြင်တွင်တော့ ကျန်းယန်ဓားမှာ နှစ်ပိုင်းကျိုးလျက်ရှိ၏။ အကြီးအကဲဖန်း ဖန်တီးထားသော လက်နက်များကို ပျော်ရွှင်စွာ ဖျက်ဆီးတတ်သော သူသည် ယခုအခါတွင်တော့ သူ၏ လက်နက် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။
ထို့အပြင် စနစ်မှ ဖန်တီးပေးထားသော အဆင့်မြင့်လက်နက် ပျက်စီးသွားခြင်း ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် သူ၏ လည်ပင်းနားမှ နာကျင်မှုကိုခံစားလိုက်ရသည်။
သူသည် အသာစမ်းကြည့်သည့် အခါမှာတော့ သွေးများ ထွက်နေသည်ကိုသိလိုက်ရ၏။ ခုနက ဓားမော့ တိုက်ခိုက်မှုသည် သူ၏ လည်ပင်းနားမှ ဖြတ်သန်းသွားချိန်တွင် သူ့အား အသာလှီးဖြတ်သွားခြင်းဖြစ်၏။
နှင်းဆီဧကရီသည် ရယ်မောကာ ပြောလိုက်သည်။ "ရှင့်ရဲ့လက်နက်က အဆင့်နိမ့်တဲ့ပုံပဲ"
ကျွင်းချောင်ရှောင်းသည် ဒေါသထွက်ပြီး သူ၏ ကျန်းယန်ဓားနှင် ဝတ်စုံကိုလွှတ်ပစ်လိုက်၏။
"ရှင့်ရဲ့ပစ္စည်းတွေက တစ်စုံစာ နဲ့တူတယ်။ ကျန်တာတွေက အသုံးမဝင်တော့တာမျိုး မဟုတ်လား။ ဒီတော့ သိုင်းကျမ်းကို လက်လွဲပေးပြီး ဒီဧကရီရဲ့ ကျေးကျွန်ပဲ လိမ်လိမ်မာမာ လာလုပ်လိုက်တော့"
ငါဆီမှာ သက်တန့်ရောင်စဉ် ပထမတွဲနဲ့ ဒုတိယတွဲရှိနေတာ သူဘယ်လိုသိတာလဲ။ နေအုံး ….။
ဒုတိယတွဲကို ဝယ်ယူစဉ်က ထူးဆန်းသည့် မွှေးရနံ့ ရရှိခဲ့ကြောင်းကို ပြန်လည် သတိရလိုက်သည်။ ထို့ကြောင့် သိုလှောင်လက်စွပ်ထဲသို့ ဝင်ကာ အနံ့ကို စစ်ဆေးပြီး အပြင်ဖက်မှ အနံ့ နှင့်တိုက်စစ်ကြည့်လိုက်၏။
"ဟုတ်တယ် ဒီအနံ့ပဲ …"