← Chapters

အခန်း (၁၁၁၄)

Vol. 75 Ch. 1114

အခန်း (၁၁၁၄)

Vol. 75 Ch. 1114

နှင်းဆီဧကရီသည် ဧကရီလင်းပင် ဖြစ်လိမ့်မည်ဟု ကျွင်းချောင်ရှောင်းက အမြဲပင် စဉ်းစားခဲ့မိ၏။ သို့ပေမဲ့ ဧကရီ လင်းပင်သည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်းတည်းက နန်းပုလ္လင်မှ စွန့်ခွာသွားခဲ့ရပြီဖြစ်၏။ ဤသတင်းသည် သူ့အား အကြီးအကျယ်ထိတ်လန့်တုန်လှုပ်စေ၏။ သို့မဟုတ် နံပါတ်တစ်ဟွိုင်နှင့် နံပါတ်နှစ်ဟွိုင်တို့ ပြောခဲ့သော စကားသည် အမှန်ပင်ဖြစ်ရမည်ဖြစ်၏။ သူလူမှား၍ သုံးသပ်နေခြင်းသာ ဖြစ်ပေတော့သည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ခင်ဗျားက…”

နှင်းဆီဧကရီသည် ခေါင်းကိုအသာမော့ကာဖြင့် ပြောလိုက်တော့၏။ “ဝိညာဉ်ကုန်းမြေတိုက်ကြီးရဲ့ စတုတ္ထမြောက် ဧကရီ နှင်းဆီဧကရီပဲ”

“.........”

ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ရှုံ့ကာဖြင့် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။ “ခင်ဗျားက လင်းပင်ပဲဖြစ်ဖြစ်၊ နှင်းဆီပဲဖြစ်ဖြစ်၊ လိုင်လီပဲဖြစ်ဖြစ်၊ စံပယ်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး”

ပြောပြီးသည့်နောက်မှာတော့ သူသည် လှံကြီးကို အသာပြန်ဆွဲယူလိုက်၏။ ပြီးသည့်နောက် စည်းဓားမော့လေး ကို ထုတ်ယူလိုက်တော့သည်။ စည်းဓားမော့လေးအား ဘယ်လက်မှ ညာလက်၊ ညာလက်မှ ဘယ်လက်သို့ ဆော့ကစားရင်း ပြောလိုက်၏။

“ဒီကျွင်းကို ရန်ပြုတဲ့လူတွေ အကုန်လုံးက ထိုက်တန်တဲ့ ပေးဆပ်မှုကို .... နေအုံး၊ ငါ့ဓားကြီး ဘယ်ရောက်သွားလဲ”

ဆွစ်…။

ဧကရီသည် သူမ၏ အင်္ကျီလက်ကို ယမ်းခါလိုက်ပြီးသည့်နောက် လက်ချောင်းကြားတွင်ရှိသော စည်းဓားမော့လေး အား ဆော့ကစားလျက်ရှိ၏။ “ဒီအရာက လက်ရာသေသပ်သားပဲ။ ဘာလုပ်ဖို့လဲ။ ပန်းသီးအခွံခွာဖို့လား”

“..........”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားတော့သည်။ သူသည် သူ၏ ကိုယ်ပိုင်လက်နက်ကိုပင် ဂရုမစိုက်နိုင်ခဲ့ချေ။

မစိုးရိမ်နဲ့၊ မစိုးရိမ်နဲ့။ ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို ပိုက်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။ “ကျုပ်ရဲ့လက်နက်က အရမ်းကို အန္တရာယ်များတယ်လေ။ ခင်ဗျားအနေနဲ့ ချက်ချင်းပြန်ပြီး လွှဲပေးလိုက်ရင် ပိုကောင်းမယ်”

ဤအရာသည် ဝိညာဉ်ကူးပြောင်းရောက်ရှိလာပြီးနောက် စိတ်ညှစ်ညူးကာ သေချင်နေသည့် သူ့အား စနစ်မှ support ပေးခဲ့သည့် ဓားမော့ကြီး ဖြစ်သည်။ ထို့အပြင် စည်းမဖွင့်ဘဲ အသုံးပြု၍ မရနိုင်ချေ။ အတင်း ဆွဲထုတ်မည်ဆိုပါက တန်ပြန်သက်ရောက်မှုကို ရရှိမှာသေချာ၏။

သူကဲ့သို့သော လူပင် အသုံးပြု၍ မရနိုင်ဘူးဆိုလျှင် တခြားသော အပြင်လူများဆိုပါက ပိုမိုကာ ဆိုးရွားပေလိမ့်မည်။ ဓားကို ဆွဲထုတ်ဖို့လား။ စည်းအဆောင်တစ်ခုရှိမှ ရပေလိမ့်မည်။

နှင်းဆီဧကရီသည် ဓားမော့လေးအား ဆော့ကစားရင်း ပြုံးလိုက်မိ၏။ “ဒါက ဘယ်လောက်အန္တရာယ်များလဲ”

“ဒါက”

ကျွင်းချောင်းရှောင်းသည် ခဏလောက် လေးလေးနက်နက်တွေးကာဖြင့် ပြောလိုက်သည်။ “အရိုးသားဆုံး ပြောရရင် ဒါက ကျုပ်ရဲ့အသက်သွေးလက်နက်ပဲ။ ခရမ်းရောင်နဂါးစိမ်းလို့ခေါ်တယ်။ ဒီလောကကြီး အဲ ဒီစကြဝဠာကြီးထဲမှာ ကျုပ်တစ်ယောက်တည်း ဆွဲထုတ်လို့ရတဲ့အရာပဲ။ ပြီးတော့ ဒီဓားမော့ကို ဆွဲထုတ်နိုင်တဲ့ ဘယ်သူမဆို ကျုပ်ရဲ့သခင် ဖြစ်တယ်ဆိုပြီးတော့ သံန္နိဋ္ဌာန်ချ ကျိန်ဆိုခဲ့ဖူးတယ်”

စနစ်ကပြောလိုက်သည်။ “ပေါက်ကရတွေ လျှောက်ပြောပြန်ပြီ”

နှင်းဆီဧကရီသည် စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။ “ဒီတော့ ကျွန်မကသာ ဒီဓားကို ဆွဲထုတ်နိုင်မယ်ဆိုရင် ရှင်က ကျွန်မရဲ့ ကျေးကျွန်ဖြစ်လာမယ်။ ကျွန်မပြောစကားကို နားထောင်မယ်။ အဲလိုလား”

“အင်း”

ကျွင်းချောင်ရှောင်း၏ အမူအရာသည် စိတ်ရှုပ်ထွေးလျက်ရှိနေတော့၏။ မြန်မြန် ဆွဲထုတ်လိုက်စမ်း။ တန်ပြန်မှုကြောင့် ဒဏ်ရာရရှိသွားမှာကို ငါမစောင့်နိုင်တော့ဘူး။

နှင်းဆီဧကရီသည် ဓားမော့အား လက်ချောင်းများကြား ဆော့ကစားရင်း ပြောလိုက်သည်။ “သေသေချာချာကြည့် ဒီဧကရီမက ဓားကို ဘယ်လိုဆွဲထုတ်မလဲဆိုတာကို”

“နေအုံး”

ကျွင်းချောင်ရှောင်းက နာကျင်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။ “ခင်ဗျား တကယ်တမ်း ဒါကြီးကို လုပ်မလို့လား”

“ရှင်က ကျမ်းသစ္စာတောင် ကျိန်ဆိုထားတယ်ဆိုတော့ ကျွန်မက ဒါကြီးကို ဆွဲထုတ်ပြရမှာပေါ့”

“ဟင်း”

ကျွင်းချောင်ရှောင်းသည် စိတ်ကို ဆုံးဖြတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ခေါင်းကို မော့ကာဖြင့် သက်ပြင်းချလိုက်မိသည်။ “ခင်ဗျား တကယ်တမ်း ဆွဲထုတ်နိုင်မယ်ဆိုရင် ခင်ဗျားက ကျုပ်ရဲ့သခင် ဖြစ်လိမ့်မယ်လေ။ ပြီးတော့ ခင်ဗျားရဲ့အမိန့်ကို ကျိန်းသေပေါက် နားထောင်ရလိမ့်မယ်”

ဆွဲထုတ်လိုက်၊ မြန်မြန်ဆွဲထုတ်လိုက်စမ်း။

ချလွမ် …။

ကျွင်းချောင်ရှောင်း စိတ်ထဲမှ ရေရွတ်နေတုန်းမှာပဲ ဓားဆွဲထုတ်သည့်အသံကို ကြားလိုက်ရတော့သည်။ အလောတကြီးဖြင့် အသာလှမ်း၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ သူ၏ မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းပြီး ငိုချင်စိတ်များပင် ပေါက်သွားမိ၏။

လက်ရှိအချိန်မှာတော့ နှင်းဆီဧကရီသည် အိတ်ကပ်အရွယ်အစားခန့်ရှိသော ဓားလေးအား ဓားအိမ်ထဲမှာ ဆွဲထုတ်ပြီး ဖြစ်နေတော့၏။ သူမသည် ဓားအား လက်ညှိုးနှင့်လက်မညှပ်ကာ ဆော့ကစားလျက်ရှိ၏။ ဤအရာသည် သူရှင်းရှင်းလင်းလင်း မြင်နိုင်သောအရာပင်ဖြစ်သည်။

“မဖြစ်နိုင်ဘူး၊ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါ့ရဲ့စည်းဓားမော့ကြီးကို ဘာလို့ သူမက ဆွဲထုတ်နိုင်တာလဲ။ ဘာလို့ တန်ပြန်မှုကို မခံရတာလဲ။ အိမ်မက်လား။ ဒါအိမ်မက်ပဲဖြစ်မယ်”

ဖြောင်း

ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ ပါးပိတ်ရိုက်လိုက်၏။ နာကျင်မှုကို ခံစားပြီးသည့်နောက် ဤအရာသည် အိမ်မက်မဟုတ်သလို၊ ထင်ယောင်ထင်မှားတွေ မြင်ယောင်နေခြင်းလည်း မဟုတ်ကြောင်း သိရှိလိုက်ရသည်။

စနစ်သည် ဇဝေဇဝါဖြစ်သွား၏။ “စည်းဓားမော့ကြီးက လက်ခံသူကို စနစ်က ပေးတဲ့ ပထမဦးဆုံး တောင်းဆု လက်နက်လေ။ ဒါက ပဋိညာဉ်ရေးထိုးထားတာနဲ့ တူတူပဲ။ အပြင်လူတွေက လုံးဝဆွဲထုတ်လို့ မရနိုင်ဘူး။ ဒါဆိုရင်”

သူသည် ခဏရပ်လိုက်ပြီးနောက် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “ဒီဓားမော့က ကျမ်းသစ္စာမှာ ပါလာတာ ဖြစ်လိမ့်မယ်။ ဒီဓားမော့ကို ဆွဲထုတ်နိုင်တဲ့လူက လက်ခံသူရဲ့ ရည်းစား ဖြစ်ရလိမ့်မယ်”

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “ချီးတဲ့မှ... ရည်းစားမဖြစ်ဘဲနဲ့ အခု သေတော့မယ်ကွ”

ဤကုန်းမြေတိုက်ကြီးကို အုပ်စိုးလျက်ရှိနေသော ဧကရီအရှင်မသည် အလွန်တရာ ခန့်ညားပြီး အားကောင်းလွန်း လှသော ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်၏။ ကြည့်ရှုလိုက်သည်ဆိုသည်နှင့်ပင် ချီးကျူးရလောက်သည့် အလှတရားကို ပိုင်ဆိုင်သူတစ်ယောက်လည်း ဖြစ်၏။ သူမ၏ချစ်သူ ဖြစ်လာမည်ဆိုလျှင် အလွန်တရာ ကောင်းမွန်ပေလိမ့်မည်။

သို့ပေမဲ့ အပြင်ဘက်မှာတော့ မည်သို့မှ မဖြစ်နိုင်ချေ။ အသတ်မခံရလျှင်တောင် တော်တော် ကံကောင်းနေပြီ ဖြစ်၏။

နှင်းဆီဧကရီသည် စည်းဓားမော့လေးကို ဆော့ကစားရင်း ပြုံးကာပြောလိုက်သည်။ “အခု ဓားကို ဆွဲထုတ်ပြီး သွားပြီ။ ရှင်ဘာပြောချင်လဲ”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားက နည်းလမ်းတချို့ချို့ကို အသုံးပြုခဲ့တာ ဖြစ်ရမယ်။ မဟုတ်ရင် ဒါကို ဆွဲထုတ်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ”

နှင်းဆီဧကရီက အေးစက်စက် မျက်နှာဖြင့် ပြောလိုက်မိသည်။ “ရှင်က ကိုယ့်စကားကိုယ် မတည်ဘူးလား”

ဤအရာသည် အမှန်ပင်ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် သူ့စကားကို သူ မတည်ချင်ပေ။ အဘယ်ကြောင့် ဆိုသော် သူ၏သံမဏိကဲ့သို့ ခိုင်မာသော စိတ်ဓာတ်နှင့် ဂုဏ်သိက္ခာအရ သူသည် တခြားသူတစ်ယောက်၏ အစေခံ အဖြစ် လုံးဝမဖြစ်ချင်ပေ။

ဝှစ်

နှင်းဆီဧကရီသည် အရှေ့သို့ လှမ်းတက်လာပြီးသည့်နောက်မှာတော့ စည်းဓားမော့လေးကို အသာမြှောက်ကိုင် လိုက်၏။ “စကားမတည်တဲ့လူတွေကို ကျွန်မ အရမ်းမုန်းတယ်။ ရှင် ဒီအချိန်မှာ ဒူးထောက်မလား။ ဒါမှမဟုတ် တစ်ခါတည်း သေမလား”

ဒွီး

ရုတ်တရက် အားဖျော့လှသည့် အလင်းတန်းများ တောက်လောင်သွား၏။

“ဟမ်”

နှင်းဆီဧကရီသည် ခေါင်းကို မော့ကြည့်လိုက်သည့်အချိန်မှာတော့ သူမလက်ထဲတွင်ရှိသော စည်းဓားမော့ဆီမှ အလွန်တရာ အားကောင်းလှသည့် အော်ရာများ ထွက်ပေါ်လာသည်ကို ခံစားလိုက်မိ၏။ ဤအော်ရာများသည် ဆိုးရွားလွန်းလှ၏။ “မကောင်းတော့ဘူး”

ဘုန်း

လေထုထဲတွင်တော့ ရုတ်တရက် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ ထိုစွမ်းအင်များအားလုံးသည် ဆယ်မိုင် အတောအတွင်းတွင်ရှိသော တည်နေရာများအားလုံးကို ကွဲကြေပျက်စီးသွားခဲ့စေ၏။

ကျွင်းချောင်ရှောင်းသည် ဤအကွာအဝေးအတွင်းတွင် တည်ရှိနေသည် ဖြစ်သောကြောင့် သက်ရောက်မှုကို ရှောင်လွှဲ၍ မရနိုင်ချေ။ ချက်ချင်းအနောက်ဘက်သို့ ဆုတ်ခွာသွားရ၏။ သူ၏ ခန္ဓာကိုယ်သည် အနောက်ဘက် ငါးမိုင် အကွာရောက်မှသာ ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်စွမ်းရှိတော့၏။ သူ၏ မျက်နှာတစ်ခုလုံး ဇဝေဇဝါ အမူအရာနှင့် ပြည့်နှက်သွားသည်။

“ဘာတွေ ဖြစ်နေတာလဲ”

“ဓားမော့ကြီးက ပေါက်ကွဲထွက်သွားတာလေ” စနစ်က ပြောလိုက်သည်။

“ပေါက်ကွဲသွားတာ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် သွေးအန်ချင်စိတ်များ ပေါက်သွား၏။ “ဒါဆိုရင် သွားပြီပေါ့”

စနစ်ဆီမှ ပေးအပ်ထားခဲ့သော ပထမဦးဆုံး တောင်းဆုနှင့်လက်နက်သည် ထူးဆန်းလွန်းလှသည်ဆိုသော်လည်း ဤနှစ်ပိုင်းအတွင်း သူနှင့်အတူ အမြဲရှိနေသည့် အရာပင် ဖြစ်သည်။ အန္တရာယ်ကြုံတွေ့သည့်အချိန်တိုင်း သူ့အား အစဉ်အမြဲ ကယ်တင်ခဲ့သည့်လက်နက်လည်း ဖြစ်တော့၏။ ယခု ပျောက်ကွယ် ပျက်စီးသွားပြီဖြစ်ကြောင်း သိရှိရချိန်မှာတော့ သူ့အနေနှင့် လက်သင့်မခံနိုင်သလို ဖြစ်မိနေသည်။

“စည်းဓားမော့ … ငါ့ရဲ့ စည်းဓားမော့လေး”

ဝှစ်

ကျွင်းချောင်ရှောင်း ငိုချင်စိတ်များဖြစ်တည်နေတုန်းမှာပဲ ပေါက်ကွဲမှု ဖြစ်ပေါ်လာရာ တည်နေရာဆီမှ အလင်းတန်း တစ်ခု ပေါ်လာသည်။ ပြီးသည့်နောက်မှာတော့ ထိုအလင်းတန်းသည် သူ၏လက်ဆီသို့ ကျဆင်းလာ၏။ အလင်းတန်းများ ပျောက်ကွယ်သွားချိန်မှာတော့ ဓားအိမ်ထဲသို့ ရောက်ရှိနေသော စည်းဓားမော့သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့တော့သည်။

“တော်သေးတယ်။ ဟား ဟား ဟား အဆင်ပြေတယ်။ အဆင်ပြေနေတာပဲ”

စည်းဓားမော့ကြီးသည် အဆင်ပြေလျက် ရှိနေ၏။ သို့ပေမဲ့ နှင်းဆီဧကရီမှာတော့ အဆင်မပြေချေ။ ရုတ်တရက် ဖြစ်ပွားလာသော ပေါက်ကွဲမှုကြီး ကို မရှောင်ရှားနိုင်ခဲသလို ထိုဓားကို လွှင့်ပစ်ရန်လည်း အချိန်မရှိခဲ့ချေ။ လေထုထဲတွင်ရှိနေသော အခိုးအငွေ့များ ပျောက်ကွယ်သွားပြီးသည့်နောက် သူမသည် ရှုပ်ပွလျက်ရှိသော ဆံပင်များနှင့်အတူ တည်နေရာထဲတွင် ငူငူကြီး ရပ်လျက်ရှိသည်။

ဝေါ့

နှင်းဆီဧကရီသည် သွေးတစ်လုတ် အန်ထုတ်လိုက်၏။ သူမကို ကြည့်ရသည်မှာ အလွန်အမင်း အားနည်းသွားခဲ့ပုံ ပေါ်သည်။ စည်းဓားမော့ကြီး ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသည့် စွမ်းအင်များသည် ကျွင်းချောင်ရှောင်း လက်သီးနှင့် အချက်တစ်သောင်းလောက် ထိုးသည်ထက်ပင် ပိုမို၍ အားကောင်း၏။

ထို့ကြောင့် သူမအနေနှင့် ဒဏ်ရာ ရရှိသွားခြင်းပင် ဖြစ်တော့၏။ တစ်စုံတစ်ယောက်သည် ကျွင်းချောင်ရှောင်း၏ တောင်းဆုလက်နက်အား ဆွဲထုတ်လိုက်မည်ဆိုလျှင် ဗုံးကွဲသလို ပေါက်ကွဲသွားမှာ ဖြစ်သည်။

“အင်း”

စနစ်သည် သက်ပြင်းချကာ ပြောလိုက်၏။ “လက်ခံသူနဲ့ နေတာကြာတော့ စည်းဓားမော့တောင်မှ လုပ်ချင်ရာတွေ လျှောက်လုပ်နေပြီပဲ။ အရှက်မဲ့လာပြီ။ တစ်ခါတည်း မပေါက်ကွဲဘဲ အချိန်တောင် ဆွဲတတ်လာပြီပဲ”

ပုံပျက်ပန်းပျက် ဖြစ်လျက်ရှိနေသာ အမျိုးသမီးကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် ပခုံးကိုတွန့်ကာ ပြောလိုက်၏။ “ဒါက အရမ်းကို အန္တရာယ်များပါတယ်လို့ ကျုပ်ပြောသားပဲ။ ခင်ဗျားမှ မယုံတာ”

“........”

နှင်းဆီဧကရီသည် သူမ၏ နှုတ်ခမ်းထောင့်တွင်ရှိနေသော သွေးများကို သုတ်ကာ ပြောလိုက်၏။ “လူယုတ်မာ”

လက်ရှိအခြေအနေမှာတော့ ဓားထဲတွင် လျှို့ဝှက်ချက်တစ်ခု သိမ်းဆည်းထားကြောင်းကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာသည် သူမ ဆွဲထုတ်လိုက်ပြီးသည့်နောက် ပေါက်ကွဲမှုကို ဖြစ်ပွားစေခဲ့သည်။

“အရှင်မ”

ဆွစ် ဆွစ် ဆွစ်

နှင်းဆီဧကရီတစ်ယောက် ဒဏ်ရာ ရရှိပြီး သွေးများအန်ထွက်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများအားလုံးသည် တိုက်ပွဲတည်နေရာဆီသို့ လှမ်းလာခဲ့၏။ ၎င်းတို့ မျက်လုံးများ သည် ကျွင်းချောင်ရှောင်းအား အချိန်မရွေး မီးရှို့ပစ်ချင်သည့် ဒေါသတရားများနှင့် ပြည့်နှက်နေ၏။

“မလုပ်နဲ့”

ချလွမ်

နှင်းဆီဧကရီသည် သူမ၏နောက်လိုက်များအား အမိန့်ပေးရန်ပြင်လိုက်သည့်အချိန်မှာပဲ ဓားဆွဲထုတ်သံတစ်ခုကို ကြားလိုက်ရ၏။ သူမသည် အလောတကြီးဖြင့် မော့၍ ကြည့်လိုက်သည့်အချိန်မှာတော့ ထူးဆန်းလွန်းသည့် စာသား များရေးသားထားသည့် ကြီးမားလွန်းသည့် ဓားမော့ကြီးတစ်လက်ကို ကိုင်ဆောင်ထားသည့် ကျွင်းချောင်ရှောင်း အား မြင်လိုက်ရသည်။

လောကအဆောင်ကို ချိုးဖြတ်ထားခဲ့သော ကုန်းရှန့်သည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ အားအင်ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။ လက်ရှိအချိန်မှာတော့ စည်းဓားမော့ကြီးကိုပင် ထုတ်ဖော်ကာ အသုံးပြုနေပြီ ဖြစ်၏။

“ရုပ်ဆိုးမ”

ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကြီးကို အသာမြှောက်ကာဖြင့် ဒေါသတကြီး ပြောလိုက်မိ၏။ “လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းတုန်းက ခင်ဗျားတို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဝင်ရောက်ပြီး ‌လောကကြီး တစ်ခုလုံး ပျက်စီးသွားအောင် လုပ်ခဲ့တယ်။ လောကကြီးထဲမှာရှိတဲ့ စိတ်ဝိညာဉ်ချီတွေ အကုန်လုံးလည်း ခမ်းခြောက်သွားခဲ့တယ်။ ဒီနေ့မှာ ကျုပ် ကျွင်းချောင်ရှောင်းက တင်ကျန်နေတဲ့ အကြွေးတွေအတွက် လာပြီး ဖြေရှင်းတာပဲ”

“ဟမ့်”

ကြောက်မက်ဖွယ်ရာကောင်းလှသော ချုပ်နှောင်ခြင်းစွမ်းအင်များသည် တည်နေရာအနှံကို ပျံ့နှံသွားခဲ့၏။ အရှေ့ဆီသို့ လှမ်းတက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်နေသော သိုင်းနယ်မြေအဆင့် ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူများ အားလုံးသည် လေထုထဲတွင် အေးခဲသွားကြ၏။ ၎င်းတို့အားလုံး၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပြည့်နှက် သွားခဲ့သည်။

ဤထူးဆန်းလွန်းလှသော စွမ်းအင်များ ထွက်ပေါ်လာပြီး ချုပ်နှောင်မှုကို ခံရသည့်အချိန်မှာတော့ နှင်းဆီဧကရီသည်လည်း တုန်လှုပ်သွားမိ၏။ သူမသည် ခုခံနိုင်သည်ဆိုသော်လည်း ထဲထဲဝင်ဝင်သာ တည်ရှိ နေသည်ဆိုပါက ချုပ်နှောင်ခြင်းကို ခံရပြီး လှုပ်ရှား၍ပင် ရနိုင်လိမ့်မည် မဟုတ်ချေ။

“ဒီ... ဒီဓားမော့က အထက်နယ်မြေဆီက ပစ္စည်းတစ်ခုလား”

All Chapters