အခန်း (၁၁၁၆ - က)
Vol. 75 Ch. 1116
ဘုန်း ဘုန်း
အစစ်အမှန်လိုလို၊ ပုံရိပ်ယောင်လိုလို လျှို့ဝှက်နယ်မြေထဲမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ စည်းဓားမော့ကြီး ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ နှင်းဆီဧကရီအား ကြမ်းကြမ်းတမ်းတမ်းနှင့် တိုက်ခိုက်လျက်ရှိနေ၏။
“နတ်ဘုရားလား။ နတ်ဘုရားကိုလည်း သတ်မှာပဲ”
ဘုန်း ဘုန်း ဘုန်း
ဓားအလင်းတန်းများသည် တည်နေရာတစ်ခုလုံးကို ပြည့်နှက်လျက်ရှိပြီး ဓားစွမ်းရည်များသည်လည်း တဝေါဝေါနှင့် ဖြစ်တည်နေတော့၏။ သို့ပေမဲ့ ဤနယ်မြေသည် အလွန်တရာ အားကောင်းလှ၏။ ကျွင်းချောင်ရှောင်းအနေနှင့် မည်မျှ တိုက်ခိုက်သည့်ဆိုဆို ကွဲအက်၊ ကွဲကြေသွားမည့် လက္ခဏာမျိုး မရှိချေ။
နှင်းဆီဧကရီမှာတော့ ပိုမိုကာ လန်းဆန်းတက်ကြွလျက်ရှိနေသည်။ သူမသည် မည်သည့်လက်နက်ကိုမှ အသုံး မပြုချေ။ ချပ်ဝတ်ကိုသာ ဝတ်ဆင်၍ ကျွင်းချောင်ရှောင်းအား တိုက်ခိုက်လျက် ရှိနေ၏။ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဓားချက်များ ကျဆင်းလာသည့်အချိန်တွင် တစ်ချက်ကလေးမှ ခြစ်ရာပင် မထင်ခဲ့ချေ။
သူမ၏ လက်နက်ပစ္စည်းများသည် အလွန်တရာ အဆင့်အတန်း မြင့်မားလိမ့်မည်ဟု ကျွင်းချောင်ရှောင်းက မထင်မှတ်ခဲ့ချေ။ ထိုအရာများသည် သူ၏ စည်းဓားမော့ တိုက်ခိုက်ချက်ကိုပင် ခုခံနိုင်စွမ်း ရှိနေ၏။ ဤသီးသန့်နယ်မြေနှင့် စပ်ဆက်နေပေလိမ့်မည်။
စနစ်က ပြောလိုက်၏။ “ဒါက ပုံရိပ်ယောင်အစီအရင်နဲ့ ဆင်တူတဲ့ နေရာမျိုးပဲလေ။ အထဲကို ရောက်ရှိသွားပြီဆိုရင် သူမက များပြားလှတဲ့ စွမ်းအင်လှိုင်းတွေကို ရရှိတယ်။ ပြီးတော့ သူမရဲ့ တိုက်ခိုက်ရေး စွမ်းအင်တွေကို ပိုပြီးတော့ တိုးလာစေတယ်”
“ဒါဆိုရင် ငါ ဒါကို ဘယ်လို ချိုးဖြတ်ရမလဲ”
“မင်းက ငါ့ကို မေးနေတော့ ငါက ဘယ်သူ့ကို သွားမေးရမလဲ”
“...........”
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် စနစ်ကို အလွန်တရာ မုန်းတီးခြင်းဖြစ်၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ဝင်ရောက်သည့်အချိန်တွင် ပေါ်ပေါက်လာခဲ့သည့် သီးသန့် အမျိုးသမီးစနစ်ကို သူပို၍ နှစ်သက်၏။ အစဉ်အမြဲ အကူအညီများကို ပေးအပ်လျက်ရှိ၏။ လက်ရှိစနစ်မှာတော့ အသုံးမဝင်လှချေ။ သူ့ကို ရင်နာအောင်သာ ပြုလုပ်လျက် ရှိနေသည်။
ဘုန်း ဘုန်း ဘုန်း …။
နှစ်ယောက်သား တိုက်ကွက်အနည်းငယ် ထပ်မံကာ တိုက်ခိုက်လျက်ရှိ၏။ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်း ပျောက်ကွယ်သွားပြီးသည့်နောက် ချုပ်နှောင်ထားသော အားအင်များသည်လည်း ပျောက်ကွယ်သွားခဲ့၏။ ထို့ကြောင့် ဝိညာဉ်မျိုးနွယ်မှ ကျွမ်းကျင်သူများအားလုံးသည် လွတ်မြောက်သွားခဲ့ကြ၏။
စည်းဓားမော့ကြီးကို စည်းဖြည်ပြီးသည့်နောက် ကျိန်းသေပေါက် လူပေါင်းများစွာကို သတ်ဖြတ်ရမည့် အခြေအနေသို့ ရောက်ရှိသွားခဲ့၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် ကံကောင်းစွာဖြင့် အသက်ရှင် ရပ်တည်ခဲ့နိုင်သည်။
“အရှင်မ ဘယ်ရောက်သွားလဲ”
“ဟိုမှာကြည့်”
ကျွမ်းကျင်သူတစ်ယောက်သည် ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့ ပျောက်ကွယ်သွားသည့်နေရာကို ညွှန်ပြ လိုက်၏။ ထိုနေရာတွင်တော့ လက်သီးဆုပ် အရွယ်အစားရှိသော စွမ်းအင်လုံးလေးတစ်လုံးသည် တလက်လက်နှင့် တောက်ပလျက် ရှိနေ၏။
“ဒါက သီးသန့်နယ်မြေလေ။ အရှင်မရဲ့ အားအကောင်းဆုံး သတ်ဖြတ်ခြင်းအကွက်ပဲ။ ဒါကို နောက်ဆုံးအကြိမ် အသုံးပြုခဲ့တာ ဧကရီလင်းပင်နဲ့ တိုက်ခိုက်ခဲ့တုန်းကလေ။ အဲတုန်းက နန်းပုလ္လင်ကို ဆက်ခံနိုင်ခဲ့တာပဲ”
ဤဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူများသည် လွန်ခဲ့သည့်နှစ်ပေါင်းတစ်သောင်းထဲက နှင်းဆီဧကရီ၏ အနောက်သို့ လိုက်ပါလာခဲ့သူများဖြစ်၏။ သူတို့ထဲမှ ကံအကောင်းဆုံး လူတချို့သည် ဧကရီ သီးသန့်နယ်မြေ ထုတ်ဖော်အသုံးပြုသည်ကို ကံကောင်းစွာဖြင့် မြင်ခဲ့ရ၏။ နှင်းဆီဧကရီသည် ဧကရီနေရာအတွက် ထိုကဲ့သို့သောအကွက်ကို ထုတ်ဖော်၍ တိုက်ခိုက်ခဲ့ရဖူးသည်။
“ချီးတဲ့မှ... တစ်ဖက်လူက ကြယ်ကြွေကုန်းမြေတိုက်ကြီးကလူတဲ့။ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ”
အားလုံးသည် ကျွင်းချောင်ရှောင်းအကြောင်း စတင်ကာ ဆွေးနွေးလျက် ရှိနေ၏။ ထို့အပြင် ဤလူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ရောက်ရှိလာပြီး အကြွေးလာတောင်းသည်ဟု ပြောဆိုခဲ့သည် မဟုတ်ပါလား။
“ဒါက သီးသန့်နယ်မြေတစ်ခုလေ။ တစ်ဖက်လူကတော့ ကျိန်းသေပေါက် သေမှာပဲ။ ဒါပေမဲ့ ဧကရီကသာ ဒီကိစ္စကို ဆက်ပြီး စုံစမ်းစစ်ဆေးမယ်ဆိုရင် ငါတို့အားလုံး ပြဿနာတက်နိုင်တယ်” ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ ဝင်ရောက် ရမည့်အစား ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ တဖက်လူသည် သူတို့၏ ကုန်းမြေထဲသို့ ဝင်ရောက်လာ၏။ ဤကိစ္စမှာ ပြဿနာသေးလေး မဟုတ်ခဲ့ချေ။
................
ဘုန်း ဘုန်း ဘုန်း
သီးသန့်နယ်မြေအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီနှင့် တိုက်ကွက်ဆယ်ကွက်လောက် တိုက်ခိုက်ခဲ့သည်။ ပြီးသည့်နောက်မှာတော့ သူ၏နဖူးတွင် ချွေးများ တစ်တောက်တောက်နှင့် ကျဆင်းလျက်ရှိ၏။ သူက တွေးလိုက်မိသည်။ ငါ့ရဲ့စိတ်ဝိညာဉ်အမြူတေထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ အကုန်လုံးက ပုံမှန်ထက် ပိုပြီးတော့ ကုန်ဆုံးနေတာပဲ။
ထို့အပြင် သူသည် မတ်မတ်ရပ်နေသည်ဆိုလျှင်တောင်မှ စိတ်ဝိညာဉ်စွမ်းအင်များ သည် ကုန်ဆုံးလျက် ရှိနေသေး၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ဒီမှာတိုက်ခိုက်မယ်ဆိုရင် လောကအဆောင်ရဲ့ အကျိုးသက်ရောက်မှု မကုန်ခမ်းခင်မှာပဲ လက်ခံသူရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ အကုန်လုံးက ပျောက်ကွယ်သွားလိမ့်မယ်”
“..........”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ လေထုထဲမှာ လွင့်မျောလျက်ရှိသော နှင်းဆီဧကရီသည် သူ့အား သေချာကြည့်ရှုကာ ပြောလိုက်၏။ “ရှင့်ရဲ့စွမ်းအင်တွေအကုန် မြန်မြန်ဆန်ဆန်နဲ့ ကုန်ဆုံးနေတယ်ဆိုတာ သတိပြုမိသွားပြီပေါ့”
“ဟုတ်တယ်”
“ဒါတွေအကုန်လုံးက လေထုထဲမှာ ပျောက်ကွယ်သွားတာ မဟုတ်ဘူး။ ကျွန်မရဲ့ ခန္ဓာကိုယ်ဆီကို ရောက်လာခဲ့တာပဲ”
“..........”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ သူတိုက်ခိုက်လေ သူသည်သာ မောပန်းလေ ဖြစ်လာခဲ့၏။ သို့ပေမဲ့ သူမမှာတော့ ပိုမိုကာ အားကောင်းလို့ လာခဲ့၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ခိုးယူ သုံးစွဲကာ တိုက်ခိုက်နေခြင်းပင်ဖြစ်၏။ ဤသီးသန့်နယ်မြေသည် ထူးဆန်းလွန်းနေ၏။
“ရှောင်ပိုင်”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ရှင့်ရဲ့အားအင်အဆင့်က ဒီဧကရီမ ထင်ထားတာထက် ပိုပြီး အားကောင်းတာပဲ”
“ကျုပ်နာမည်က ကျွင်းချောင်ရှောင်း”
ကျွင်းချောင်ရှောင်းသည် ဓားမော့ကြီးကို အသာမြှောက်ကာဖြင့် ဒေါသတကြီး ပြောလိုက်၏။ “ကျုပ်ကို ရှောင်ပိုင်လို့ မခေါ်နဲ့”
ဘုန်း ဘုန်း
၎င်းတို့နှစ်ယောက်သည် လေထုထဲမှာတော့ ပြင်းထန်သည့်တိုက်ခိုက်မှုများကို ထပ်မံကာ ပြုလုပ်ကြတော့သည်။ ကြည့်ရှု့လိုက်သည်နှင့်တပြိုင်နက် နှင်းဆီဧကရီ၏ အခုအခံ အကာအကွယ်သည် အားကောင်းလှသည် ဆိုသော်လည်း တိုက်ခိုက်မှုကို မဖန်တီးနိုင်သောကြောင့် ကျွင်းချောင်ရှောင်း ကို ဘာတစ်ခုမှ မလုပ်နိုင်ချေ။ အနောက်ကိုသာ တဆုတ်တည်း ဆုတ်နေရ၏။
သို့ပေမဲ့ သူမသည် အလျင်မလိုလှချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ အဓိကဝှက်ဖဲသည် တစ်ဖက်လူ၏ စွမ်းအင် များ ကုန်ဆုံးသွားစေခြင်းသာဖြစ်၏။ ထို့ကြောင့် ဆက်လက်ကာ ခုခံနေမည်ဆိုပါက မနှေးနှင့် မမြန်ဆိုသလို တစ်ဖက်လူသည် မောပန်း၍ စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားမှာ သေချာသည်။
မူလအားဖြင့် လောကအဆောင်သည်လည်း အချိန်ကာလ တည်ရှိလို့နေ၏။ ထို့အပြင် သီးသန့်နယ်မြေထဲသို့ ရောက်ရှိပြီး စိတ်ဝိညာဉ်စွမ်းအင်များ၏ ကုန်ဆုံးမှုကလည်း မြန်ဆန်လွန်းနေသည် ဖြစ်တာမို့ ကျွင်းချောင်ရှောင်း သည် တစ်ဖက်လူကို အချိန်ပေး၍ မဖြစ်တော့ချေ။ မဟုတ်ပါက ကျေးကျွန်အဖြစ် ဝန်ခံလိုက်ရုံသာ ရှိတော့၏။
ဘုန်း ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်းသည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လျက် ရှိနေ၏။ စည်းဓားမော့၏ ဒုတိယမြောက် တိုက်ပွဲဝင်ပုံစံသည် အင်ပြည့်အားပြည့်နှင့် ထုတ်ဖော်နေ၏။ ကြမ်းတမ်းလွန်းလှသော ဓားစွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့လျက်ရှိနေပြီး စည်းအတားအဆီးများကို တိုက်ခိုက်နေ၏။ သို့ပေမဲ့ ထိုအရာတွင် ဓားခုတ်ရာများသာ ပေါ်ပေါက်လာခဲ့ပြီး မကျိုးပြတ်ခဲ့ချေ။ ဤကဲ့သို့ သူပိုမို တိုက်ခိုက်လေ။ နှင်းဆီဧကရီသည် ပိုမိုကာ ရှောင်ရှားလာလေဖြစ်၏။
ပြောရမည်ဆိုလျှင် ဤနေရာထဲသို့ ရောက်ရှိလာပြီးသည့်နောက်မှာတော့ သူမ၏ ဒဏ်ရာများသည် ပြန်လည် ကောင်းမွန်လာခဲ့သည်ဆိုသော်လည်း သူမ၏ တိုက်ခိုက်ရေးစွမ်းအင်မှာတော့ အနည်းငယ် အားနည်းသွားခဲ့၏။ ထို့ကြောင့် ပြင်းပြင်းထန်ထန်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းကို ဉာဏ်ကောင်းစွာ မပြုလုပ်ခြင်းပင် ဖြစ်သည်။
ဟူး ဟူး
မိနစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်မှာတော့ မြေပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေသော ကျွင်းချောင်ရှောင်း သည် မောပန်းလျက် ရှိနေတော့၏။ သူ၏ နဖူးစက်တွင် ကြီးမားလှသည့် ချွေးစက်များသည် တတောက်တောက်နှင့် ကျနေ၏။
နှင်းဆီဧကရီသည် အံ့အားသင့်မိနေ၏။ “ရှင်က တော်တော် အားကောင်းတာပဲ”
သူမသည်သာ ဤကဲ့သို့သော နေရာမျိုးကို ရောက်ရှိနေမည်ဆိုပါက ကျိန်းသေပေါက် မြေပေါ်သို့ လဲကျသည်အထိ မောပန်းနေမှာ သေချာတော့ သည်။
ကျွင်းချောင်ရှောင်းသည် အလွန်တရာ အားကောင်းလှ၏။ အဘယ်ကြောင့်ဆိုသော် ထူးဆန်းလွန်းလှသော ရတနာ များကို စားသုံးထားခဲ့သောကြောင့် မဟုတ်ပေ။ သူ၏ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ်အမြူတေနှစ်ခု တည်ရှိနေသော ကြောင့်ပင် ဖြစ်တော့၏။ အချိန်အတော်ကြာ တိုက်ခိုက်ပြီးသည့်နောက်မှာတော့ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ သည် တစ်ဝက်ကျော်လောက်သာ ကုန်ခမ်းသေး၏။
“ချီးတဲ့မှ....”
သူသည် ဒေါသတကြီးဖြင့် ခေါင်းကိုမော့ကာ ပြောလိုက်မိသည်။ “ကျုပ် ခင်ဗျားကို ခုနကတည်းက သတ်ပစ်ခဲ့သင့်တယ်”
“မဟုတ်ဘူး”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ရှင့်မှာ အဲလို အခွင့်အရေးမျိုး မရှိဘူး”
ဤကဲ့သို့ အရေးကြီးနေသည့် အခြေအနေမျိုးတွင် စနစ်သည် အားရပါးရ ထ၍ရယ်ချင်စိတ်ပင် ပေါက်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် လက်ခံသူ စောနတုန်းက ပြောခဲ့သည့်စကားနှင့် တစ်ပုံစံတည်းပင် ဤအမျိုးသမီးက လိုက်လံပြောဆိုလျက် ရှိနေသောကြောင့်ပင်။ လေသံနှင့် လေယူလေသိမ်းကအစ တစ်ပုံစံတည်းပင် ဖြစ်၏။ လူနှစ်ယောက်သည် သာ ကွာခြားသွားခဲ့သည်။ ရယ်ရွှင်ဖွယ်ရာကောင်းလွန်းလှ၏။
“အရှုံးပေးလိုက်တော့”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ကျွန်မရဲ့ ကျေးကျွန်လုပ်တော့။ ကျွန်မက ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်”
တစ်ဖက်လူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ရောက်ရှိလာသည်ကို သိသော်လည်း သူမအနေဖြင့် ကျေးကျွန် အဖြစ် ဆက်လက်ကာ ထားရှိချင်မိ၏။ ထို့အပြင် သေသေချာချာ လေ့ကျင့်ပေးလိုက်မည်ဆိုပါက သူမအနေဖြင့် နေရာအနှံ့သို့ ခေါ်ဆောင်သွားနိုင်သည့် စွမ်းအားမြင့်တိုက်ခိုက်ရေးကျင့်ကြံသူတစ်ယောက် ဖြစ်လာမည် မဟုတ်ပါလား။
“ဟား ဟား ဟား…”
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ဖြင့် သူ၏မျက်နှာအား ဖုံးကာကာဖြင့် အားရပါးရ ထ၍ ရယ်လိုက်၏။
“ရှင် ဘာတွေ ရယ်နေတာလဲ” နှင်းဆီဧကရီသည် မျက်မှောင်ကုတ်ကာ မေးလိုက်မိသည်။
ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကြီးအား မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။ ပြီးသည်နောက်မှာတော့ အားရပါးရ ထ၍ ရယ်လိုက်တော့သည်။ “ခင်ဗျားရဲ့ မောက်မာမှုကို ရယ်ချင်လို့ပါ”
နှင်းဆီဧကရီကမူ ခပ်တည်တည်ဖြင့် ပြောလိုက်တော့၏။ “ကျွန်မရဲ့ သီးသန့်နယ်မြေကို ချိုးဖြတ်နိုင်ဖို့ ရှင့်ဆီမှာ ဝှက်ဖဲ ရှိနေသေးတယ်လို့ ဆိုလိုတာလား”
“သိပ်မှန်တာပေါ့”
ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို မြှောက်လိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ်အတွင်းမှ ကျောက်ရုပ်တုလေးတစ်ခုသည် လေထုထဲတွင် ပေါ်လာတော့သည်။ ထိုကျောက်ရုပ်တုလေးသည် သူ၏ ရှေ့တည့်တည့်တွင် လွင့်မျောလျက်ရှိနေ၏။
ဆွစ် ဆွစ်
သူသည် လက်များကို ရှေ့သို့ ဆန့်တန်းကာဖြင့် ကျောက်ရုပ်တုလေးအား ဆွဲကိုင်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးစက်များသည် ထိုကျောက်ရုပ်တုနှင့် ပေါင်းစပ်သွားခဲ့တော့၏။ “ရုပ်ဆိုးမကြီး.. ငရဲပြည်က နတ်ဆိုးနဲ့ တွေ့ဖို့ ပြင်ထားလိုက်တော့”
“ပေါက်ကရတွေ မလုပ်နဲ့”
စနစ်က အော်လိုက်သည်။ “ဒီအရာက လက်ခံသူကို….”
“အသွင်ပြောင်း”
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ဟူး ဟူး
ကျောက်ရုပ်တုကြီးသည် အနီရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီးသည့်နောက်မှာတော့ အလင်းတန်း ပေါင်းတစ်သောင်းကျော်ဖြင့် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်အရေပြားပေါ်တွင် ရှေးအစီအရင်ကဲ့သို့သော မျဉ်းကြောင်းများ ပေါ်ပေါက်လာခဲ့၏။
ဒွီး ဒွီး
ကြမ်းတမ်းလွန်းလှပြီး ကြောက်မက်ဖွယ်ရာကောင်းလှသော အော်ရာများသည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ ပြီးသည့်နောက်မှာတော့ သူသည် ပိုမိုကာ အားကောင်းလာခဲ့တော့၏။ ဤသီးသန့်တည်နေရာကြီးသည် လှုပ်ခါလျက် ရှိနေသည်။
နှင်းဆီဧကရီ၏ အကြည့်များသည် ပိုမိုကာ လေးနက်သွားခဲ့၏။
“မဟုတ်တော့ဘူး” ရုတ်တရက်ဆိုသလိုပဲ သူမ၏ မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွားသည်။