#အမှိုက်မုဖူရှန်း#
Vol. 60 Ch. 847
လုချန်ရှန်းထွက်သွားပြီးနောက် လေပြေလေညင်းတစ်စင်းက ဆောင်းဦးလေက ကြွေကျနေသည့်သစ်ရွက်များအား တိုက်ခတ်ပစ်သည့်ပမာ အဆုံးမဲ့ပင်လယ်ဒေသတစ်ခုလုံးအား တိုက်ခတ်သွားသည်။
သူတို့လုချန်ရှန်းအသွင်အပြင်၊ အော်ရာနှင့် အပျက်အစီးနေရာများ၏ သူ့ခြေရာများကို ကြည့်နေစဉ် မျက်စိတစ်မှိတ်အတွင်းမှာပင် လေပြေလေညင်းကြောင့် လွင့်သွားကြ၏။
ထိုအချိန်တွင် အဆုံးမဲ့ပင်လယ်ဒေသအထက်ကောင်းကင်က ထူးဆန်းစွာပင် တိတ်ဆိတ်မှုတစ်ခုထဲ ကျရောက်နေသည်။
လှိုင်းများရှေ့သို့တက်လာစဉ် အောက်က နတ်ဆိုးနဂါးသွေးကန်မှ ပူဖောင်းများပေါက်ကွဲသည့်အသံများကိုသာ ကြားနေရသည်။
ဂိုဏ်းအသီးသီးက ကျွမ်းကျင်သူများနှင့် လျှို့ဝှက်ကျင့်ကြံသူများက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ရှုပ်ထွေးနေသည့် အမူအရာများဖြင့် ကြည့်နေကြ၏။
အံ့ဩသင့်စရာ မရှိတော့ပါဘူး...!
ဒီလိုတိုတောင်းသည့်ကာလအတွင်းမှာ သူတို့က ဘာကောင်မှမဟုတ်သည့် အခြေအနေကနေ အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံး၌ ဩဇာရှိပုံရိပ်များအဖြစ် ပြောင်းလဲသွားကြသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ကိုယ်ပိုင် လက္ခဏာများကိုလည်း ခြေရာခံ၍မရခဲ့ပေ။
သူတို့က ယခုလေးတင်ပေါ်လာပြီး ကျောက်တုံးတစ်ချို့မှ ခုန်ဆင်းလာကြကာ သူတို့တွင် ယခုလိုအစွမ်းထက်ဆရာတစ်ယောက် ရှိသည့်အဖြစ်ကို ပြောင်းသွားရသည်။
ထို့ကြောင့် သူ့အဖို့ ဒီလိုကြောက်စရာကောင်းသည့် တပည့်များစွာကို ပြုစုပျိုးထောင်နိုင်သည်က ပုံမှန်သာ။
ယခုတွင်မူ လူအတော်များများက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံး၌ ဒီပါရမီရှင်များကို ရန်မစရဲကြတော့ပါ။
တစ်ချို့ကျွမ်းကျင်သူများကမူ ခေါင်းခါယမ်းရင်း ဒီနေရာမှ ထွက်သွားကြသည်။
သို့သော် တစ်ချိန်တည်းမှာပင် အာဏာရှိသည့် လူအများအပြားက ယဲ့ချိုးပိုင်တို့ထံသို့ ရောက်လာကြသည်။
ရွှမ်ယွမ်အင်ပါယာဂိုဏ်းမှ အကြီးအကဲတစ်ဦးက ပြုံးပြီး တုံကင်တစ်ခုကို ထုတ်ယူကာ ယဲ့ချိုးပိုင်အားပေးသည်။
"ဒါက ငါတို့ရွှမ်ယွမ်အင်ပါယာဂိုဏ်းရဲ့ တုံကင်ပါ၊ ဒီတုံကင်နဲ့ဆိုရင် မင်းငါတို့ ရွှမ်ယွမ်အင်ပါယာဂိုဏ်းကို စိတ်ကြိုက်၀င်ထွက် လုပ်နိုင်ပြီး ငါတို့ရဲ့အကူအညီကိုလည်း ရယူနိုင်ပါတယ်"
အက္ခရာလေးလုံးဂိုဏ်းချုပ်ကပြောသည်။
"မိတ်ဆွေတို့၊ မင်းတို့ ငါ့ရဲ့အက္ခရာလေးလုံးဂိုဏ်းကိုလည်း လာလည်နိုင်ပါတယ်၊ တစ်ချိန်တည်းမှာပဲ ငရဲဂိုဏ်းရဲ့ဘေးအန္တရာယ်ကို ဖယ်ရှားပေးခဲ့တဲ့အတွက် ပြန်ပေးဆပ်တဲ့အနေနဲ့ ငါ့ရဲ့အက္ခရာလေးလုံးဂိုဏ်းက ဘယ်ရတနာကိုမဆို ရွေးချယ်နိုင်ပါတယ်"
တစ်ချိန်တည်းမှာပင် တခြားပထမတန်းစားဂိုဏ်းများကလည်း သူတို့၏ သံလွင်ကိုင်းများကို ယဲ့ချိုးပိုင်တို့ထဲ ဆန့်ထုတ်လာသည်။
သို့စေကာမူ ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ မုဖူရှန်းနှင့် ကျန်သောသူများက ဒီသံလွင်ကိုင်းများကို ငြင်းလိုက်ကြ၏။
သူတို့က သူတို့၏ဆရာလုချန်ရှန်းနှင့် တစ်ခုခုရှိနေချင်တာ သိသာထင်ရှားနေသည်။
သူတို့ဆရာ လုချန်ရှန်းက သူ့၏ပင်ကိုယ်စရိုက်အရဆိုပါက သေချာပေါက် လက်ခံမည်မဟုတ်။
ထို့ကြောင့် သူတို့ကလည်း ဒါတွေကို ပြတ်ပြတ်သားသားငြင်းရပေမည်။
ဒါ့အပြင် ဒီအရာတွေကို ငြင်းပင်လျှင်ပင် တစ်ဘက်လူ၏ ပစ်မှတ်ထားခြင်းခံရနည်ကို သူတို့စိတ်ပူနေစရာမလိုပေ။
ဒီတစ်ကြိမ် သူတို့ဆရာပြသခဲ့သည့်စွမ်းမားက ဒီထိပ်တန်းကျွမ်းကျင်သူများ၏ နှလုံးသားထဲထိပင် စိမ့်၀င်သွားခဲ့လေပြီ။
ပစ်မှတ်ထားခြင်းခံလိုက်ရတာနှင့် အကျိုးဆက်များက ငရဲဂိုဏ်းလိုဖြစ်မည်ဖြစ်ကာ သူတို့ဘယ်လိုသေသွားရသလဲဆိုတာကိုပင် သိကြမည်မဟုတ်။
ဂိုဏ်းအသီးသီး၏ နှလုံးသားထဲတွင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကို မိတ်ဆွေဖွဲ့၍သာရပြီး စော်ကား၍မရပေ။
သူတို့မိတ်ဆွေမဖြစ်နိုင်လျှင်ပင် ရန်သူဖြစ်၍မရပါ။
ထိုဂိုဏ်းများ၏ခေါင်းဆောင်များတွင် အလားတူအတွေးများရှိကြသည်။
ပြန်သွားပြီးနောက် သူတို့ကို ထိပ်တိုက်တွေ့ဆုံမိလျှင်ပင် ယဲ့ချိုးပိုင်တို့ကို ရှောင်ရှားရန်အတွက် သူတို့ဂိုဏ်းတစ်ခုလုံးကို ညွှန်ကြားရပေတော့မည်။ သူတို့ကို စော်ကား၍မရပေ။
ထိုအင်အားစုများထွက်သွားပြီးနောက် ဘေးက ဇီရှန်းစနောက်လိုက်သည်။
"ရှင်တို့အခုနာမည်ကြီးလာကြပြီ"
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"အဆုံးသတ်မှာ ကျွန်တော်တို့က ဆရာဆီကနေ အကျိုးခံစားခဲ့ရရုံပါပဲ"
"ကျွန်မလည်း ကျေးဇူးတင်ပါတယ်" ဇီရှန်းပြုံးသည်။
"တျန်ကျင်းကုန်သည်များအသင်းက ပြဿာနာကို ဖြေရှင်းဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးပါ"
ရှီရှန်းသူမကိုသတိပေးသည်။
"သခင်မလေးဇီရှန်း၊ ဒီလူသုံးယောက်က ဉာဏ်ကြီးရှင်မဟုတ်လောက်ဘူး၊ တျန်ကျင်းကုန်သည်များအသင်းမှာ ဒီကိစ္စမှာ ပါ၀င်ပတ်သက်နေတဲ့ အဆင့်မြင့်လူတစ်ယောက်ရှိနိုင်တယ်"
ရှီရှန်း၏စကားလုံးများကို ကြားသောအခါ ယဲ့ချိုးပိုင်ဖြစ်စေ၊ ဟုန်ရင်၊ နင်းချန်ရှင်း၊ မု၀မ်အာ၊ မုဖူရှန်း သို့မဟုတ် ရှောင်ဟိုင်ဖြစ်စေ သူတို့အားလုံးက ရှီရှန်းကို အံ့ဩသင့်တကြီး ကြည့်လိုက်ကြ၏။
ဒီကောင်ဉာဏ်အလင်းရသွားတာလား!
ဒီတွေးခေါ်မှုက အတော်လေးရိုးစင်းသော်လည်း ရှီရှန်း ဒီလိုမေးခွန်းတွေကို အရင်က တစ်ခါမှ မတွေးတောခဲ့ဖူးပေ။
ဇီရှန်း ပါးစပ်ပိတ်ကာရယ်မောသည်။
"ဇီရှန်းသိပါတယ်၊ တျန်ကျင်းကုန်သည်များအသင်းက တစ်ယောက်ယောက်က ငရဲဂိုဏ်းနဲ့ ပူးပေါင်းပြီး ကြားနေအခြေအနေကို ချိုးဖျက်ခဲ့တယ်ဆိုမှတော့ ပြန်သွားတဲ့အခါကျရင် ကျွန်မဒါကိုစုံစမ်းမှာပါ"
ထိုနေရာတွင် ဇီရှန်း၏မျက်လုံးများက အေးစက်သွား၏။
"ဒါပေမယ့်....ကျွန်မမှာ ခန့်မှန်းချက်တစ်ခုတော့ ရှိနေပြီ"
မည်သို့ပင်ဆိုစေကာမူ ဇီရှန်းက သာမန်လူတစ်ယောက်မဟုတ်ပေ။
"ပြီးသွားပြီ"
အကြောင်းအရာပြောင်းလဲသွားသည်နှင့် ဇီရှန်း၏မျက်လုံးများထဲမှ အေးစက်မှုကလည်း ချက်ချင်းပုန်းလျှိုသွား၏။
သူမခရမ်းရွှေလက်မှတ်သုံးစောင်ကို ထုတ်ယူလိုက်သည်။
ခရမ်းရွှေတံဆိပ်သုံးခု၏အလယ်၌ 'ကောင်းကင်ဘုံ'သူသော စကားလုံးရှိသည်။
သူမ ရှီရှန်းအားပေးပြီး အပြုံးဖြင့်ပြောသည်။
"ဒါက ကောင်းကင်ဘုံရွှေလက်မှတ်သုံးစောင်ပဲ၊ အနာဂတ်မှာ ရှင်တို့ တျန်ကျင်းကုန်သည်များအသင်းရဲ့ ဌာနချုပ်ကို သွားခဲ့ရင်တောင် ထင်ရှားသည့် ဂုဏ်သရေရှိ ဧည့်သည်တွေ ဖြစ်လာနိုင်ပါသေးတယ်"
"ဘယ်လိုလေလံပွဲမျိုးဖြစ်ပေါစေ ကောင်းကင်ဘုံရွှေလက်မှတ်နဲ့ ရှင်တို့ ၀င်ပြိုင်နိုင်မှာပါ"
"သေချာတာပေါ့၊ ပစ္စည်းတစ်ခုအတွက် လေလံဆွဲချင်တယ်ဆိုရင်လည်း တျန်ကျင်းကုန်သည်များအသင်းကနေ ကြိုတင်ချေးငွေယူနိုင်ပါသေးတယ်"
ဆိုလိုတာက သူ့တွင် တခြားရတနာများမရှိလျှင်ပင် ပစ္စည်းတစ်ခုအတွင် လေလံတင်ရန် ငွေအလုံအလောက်မရှိလျှင်ပင် တျန်ကျင်းကုန်သည်များအသင်း၏ ချေးငွေကို ကြိုတင်ရယူရန်အတွက် ကောင်းကင်ဘုံရွှေလက်မှတ်ကို သုံးနိုင်ပေသည်။
ဒါကကောင်းပုံရသော်လည်း တျန်ကျင်းကုန်သည်များအသင်း လူများကို ချည်နှောင်ဆွဲခေါ်သည့် နည်းလမ်းတစ်ခုလည်းဖြစ်သည်။
အကြွေးတင်တာ အရမ်းများသွားပါက တျန်ကျင်းကုန်သည်များအသင်းက တခြားနည်းလမ်းများနှင့် ပေးဆပ်ခိုင်းလိမ့်မည်။
ဥပမာအားဖြင့် ကျေးဇူးကြွေးတစ်ခု တင်ခြင်းမျိုးဖြစ်သည်။
ဖြစ်နိုင်တာက ကောင်းကင်ဘုံရွှေလက်မှတ်များကို ပိုင်ဆိုင်နိုင်သူတွေက ကြောက်စရာကောင်းသည့် ပါရမီနှင့် ယှဉ်၍မရနိုင်သည့် နက်ရှိုင်းသော ခွန်အားရှိသော ယဲ့ချိုးပိုင်တို့ကဲ့သို့ အစွမ်းထက်သူများသာ။
"သေချာတာက တျန်ကျင်းကုန်သည်များအသင်းက ပစ္စည်းတွေကို ရှာဖို့နဲ့ သတင်းအချက်အလက်တွေကို ခြွင်းချက်မရှိ တောင်းဆိုဖို့အတွက်လည်း ကူညီနိုင်ပါတယ်"
ရှီရှန်း ငြင်းရန်ပြင်နေစဉ်မှာပင် မုဖူရှန်း အသံပို့လိုက်သည်။
"ဟုတ်တယ်၊ ဒါကအစ်ကိုအတွက် အရမ်းအသုံး၀င်တယ်"
ရှီရှန်းဝေခွဲမရဖြစ်သွားရသည်။
ငါ့အတွက်အသုံး၀င်တာလား၊ ဒါက ဘယ်လိုအသုံးဝင်တာလဲ!
ဒါကသူ့အတွေးဖြစ်သော်လည်း ရှီရှန်း မုဖူရှန်းစကားကို နားထောင်နေသေးပြီး ကောင်းကင်ဘုံရွှေလက်မှတ်သုံးစောင်ကို ယူလိုက်၏။
သို့စေကာမူ ရှီရှန်း ဇီရှန်းလက်ဖဝါးကို ထိလိုက်သောအခါ သူလက်ကို အလျင်အမြန် ဆွဲယူပြီး တီးတိုးပြောလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ်"
ရှီရှန်း၏ အမူအရာက အရမ်းကြီး ပြောင်းလဲသွားခြင်းမရှိသော်လည်း သူ့နားရွက်ဖျားများက သိသိသာသာပင် နီရဲလာနေသည်။
ဇီရှန်းရယ်မောလိုက်သည်။
"ကောင်းပါပြီ၊ အဆင်ပြေပါတယ်၊ တျန်ကျင်းကုန်သည်များအသင်းမှာ ကျွန်မကိုင်တွယ်ဖြေရှင်းစရာ တစ်ချို့ရှိသေးလို့ အရင်သွားလိုက်ဦးမယ်နောိ"
ထို့နောက် သူမက တျန်ကျင်းကုန်သည်များအသင်း ရှိရာဘက်သို့ ပျံသန်းသွား၏။
နင်းချန်ရှင်း ဘေးကနေပြောသည်။
"ဒီလိုအရာမျိုးကိုတောင် ဖယ်ရှားနိုင်တာဆိုရင် ကြည့်ရတာ တျန်ကျင်းကုန်သည်များအသင်းမှာ သူ့အဆင့်အတန်းက အတော်လေးမြင့်မားပုံပဲ"
ဒါက ဇီရှန်းကလည်း အဆင့်မြင့်ကြယ်နယ်မြေကဟု ဆိုလိုနေခြင်းပင်။
တခြားတစ်ဘက်တွင် ရှီရှန်း သူ့လက်ဖဝါးထဲက ကောင်းကင်ဘုံရွှေလက်မှတ်သုံးစောင်ကို စိုက်ကြည့်လိုက်၏။
မုဖူရှန်း ရုတ်တရက် သူ့လက်မောင်းကို ရှီရှန်းကျောပေါ်တင်ပြီး ပြုံးသည်။
"အစ်ကိုရေ၊ မဆိုးဘူး၊ ကြည့်ရတာ အခွင့်အရေးတစ်ခုရှိသေးပုံပဲ"
ဟုန်ရင်ကလည်းပြုံးရင်းခေါင်းညိတ်သည်။
"နင်ကအရင်ကထက် ပိုတော်လာတာပဲ"
မု၀မ်အာ တခစ်ခစ်ရယ်မောသည်။
"အချစ်ရဲ့စွမ်းအားပေါ့"
ရှီရှန်း၏မျက်နှာက ချက်ချင်းနီရဲသွားပြီး ခေါင်းကုတ်ကာပြောသည်။
"ဘာလို့လဲဆိုတာ ကျွန်တော်မသိပေမယ့် ညီလေးမုက ကျွန်တော့်ကို ဒီလက်မှတ်သုံးစောင်ကို လက်ခံစေချင်တယ်၊ ဘာအကျိုးရှိလို့လဲ၊ သူ့ကို ကျွန်တော်တို့ အကြောင်းမဲ့ ကျေးဇူးကြွေးတစ်ခု တင်သွားတာပဲ မဟုတ်ဘူးလား"
မုဖူရှန်း အတွေးနက်ထဲတွင် ရှိနေသည့်ပမာ ဟန်ဆောင်သည်။
"စီနီယာအစ်ကို၊ အစ်ကို ဒါကိုလေ့လာသင်ယူဖို့ လိုသေးတယ်"
"ဒါကိုတွေးကြည့်၊ တကယ်လို့ အစ်ကိုကသာ ဇီရှန်းရဲ့ပစ္စည်းတွေကို လက်မခံဘူးဆိုရင် ဒါက အစ်ကိုတို့နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ရှိနေသေးပြီး အစ်ကိုတို့ရဲ့ ဆက်ဆံရေးက အရမ်းဝေးသေးတယ်လို့ ဆိုလိုနေတာမလား"
"ဒါပေမယ့် အစ်ကိုလက်ခံလိုက်ရင်ရော၊ ဒါဆိုရင် ဇီရှန်းရဲ့ကြင်နာမှုကို လက်ခံပြီး သူနဲ့ ပိုနီးလာရုံတင်မက နောက်တကြိမ် သူနဲ့ တွေ့ဖို့ အကြောင်းရင်းတစ်ခုလည်း ရှိလာလိမ့်မယ်၊ ဟုတ်တယ်မလား"
ဟုန်ရင် မုဖူရှန်းကိုစိုက်ကြည့်သည်။
"ဆရာ့စကားအရဆိုရင် နင်က အမှိုက်ပဲ"
မုဖူရှန်း "???"
အပိုင်း(848) coming။