ဟွားမန်ရုံအလည်လာခြင်း
Vol. 14 Ch. 261
ဒင်…
[ဂုဏ်ယူပါသည် စနစ်ပိုင်ရှင်၊ မူလဓမ္မရတနာ နက်ရှိုင်းမြေဓာတ်ပုဆိန်လှံကို သွန်းလုပ်နိုင်ခဲ့ပါပြီ။ ဆုလာဘ်အဖြစ် မူလဓမ္မရတနာတစ်ခုဖြစ်သည့် ယင်ယန်နတ်ဘုရားရေဓာတ်ကျောက်စိမ်း နှင့်အ တူ ရွှေဗလာနယ်သလင်းကျောက်ကို ရရှိပါမည်]
သည်တစ်ခါတွင်လည်း ကျန်းချန်ရွှမ်တစ်ယောက် အံ့အားသင့်သွားရပြန်သည်။ အထူးသဖြင့် ယင် ယန်နတ်ဘုရားရေဓာတ်ကျောက်စိမ်း ဆိုသည့်အမည်ကို ကြားလိုက်ရ၍ဖြစ်သည်။ ထိုအမည်အရ အဆိုပါ မူလဓမ္မရတနာသည် ရေဓာတ်အခြေခံ ရတနာတစ်ပါးဖြစ်ကြောင်း ထင်ရှားသည်။ ပြဿနာက ကျန်းချန်ရွှမ်တွင် ရေဓာတ်အခြေခံ မူလဓမ္မရတနာဖြစ်သည့် အတ္တမူကျောက်စိမ်းကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ဆိုလိုသည်မှာ စနစ်သည် နောက်ထပ် ရေဓာတ် မူလဓမ္မရတနာတစ်ပါးကို ဖန်တီးစေလိုခြင်း ဖြစ်ဟန်တူသည်။ သို့သော် စနစ်မှ ပေးအပ်သည့် ယင်ယန်နတ်ဘုရားကျောက် စိမ်းသည် ကျန်းချန်ရွှမ်ကိုယ်တိုင် သွန်းလုပ်ဖန်တီးခဲ့သည့် အတ္တမူကျောက်စိမ်းထက် များစွာသာ လွန်နေပြန်သည်။
အတ္တမူကျောက်စိမ်း၏ အဓိကစွမ်းဆောင်ရည်မှာ ပိုင်ရှင်ဖြစ်သူ၏ ဓမ္မစွမ်းအင်ကို သုံးကြိမ်တိတိ ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်းသာဖြစ်သည်။ ယခု ယင်ယန်နတ်ဘုရားကျောက်စိမ်းမှာလည်း အ တ္တမူကျောက်စိမ်းနည်းတူ ဓမ္မစွမ်းအင်ကို သုံးကြိမ် ဖြည့်တင်းပေးနိုင်ရုံမျှမက ကိုယ်တွင်း၌ ဓမ္မ စွမ်းအင်ဖြင့် လည်ပတ်သော စက်ဝန်းတစ်ခုကို ဖြစ်တည်စေပြီး ထိုစက်ဝန်းသည် ခန္ဓာကိုယ်တွင်း ရှိ ဓမ္မစွမ်းအင်ထုတွင် ငြိတွယ်နေနိုင်သည့် အညစ်အကြေးများကို စစ်ထုတ်ပေးနိုင်စွမ်းလည်းရှိ သည်။ ဆိုလိုသည်မှာ ယင်ယန်နတ်ဘုရားကျောက်စိမ်းသည် ကျန်းချန်ရွှမ်၏ ဓမ္မစွမ်းအင်ကို ပို၍ စင်ကြယ်သိပ်သည်းသွားအောင် ပြုပြင်ပေးနိုင်ခြင်းဖြစ်သည်။
ထို့ပြင် ယင်ယန်နတ်ဘုရားကျောက်စိမ်းကို သွန်းလုပ်ပြီး စတင်အသုံးပြုချိန်မှစ၍ နှစ်တစ်ရာလျှင် တစ်ကြိမ် ယင်ယန်နတ်ဘုရားရေစင်တစ်စက်ကို မွေးထုတ်ပေးနိုင်သည်။ ထိုရေစင်သည် ယင်နှင့် ယန်ဓာတ်ကို သမမျှတစေရုံသာမက ကျင့်ကြံသူများအပေါ်တွင် ကပ်စွဲနေသည့် မကောင်းသည့် ဓာတ်များကို ဖယ်ရှားပေးပြီး ထိုကျင့်ကြံသူများကို ငယ်ရွယ်နုပျိုစေနိုင်သည်။ ထိုရေစက်ကို ဆေး ပြားများ၊ လက်နက်ပစ္စည်းများ၊ အဆောင်များ ဖန်တီးရေးဆွဲရာတွင် အသုံးပြုပါက ထိုရတနာများကို အောင်မြင်စွာ ဖန်တီးနိုင်ချေကို မြှင့်တင်ပေးနိုင်သည့်အပြင် အဆိုပါရတနာများ၏ အရည်အသွေးကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါသေးသည်။
ဤသည်မှာ အဆင့် ၃ ယင်ယန်နတ်ဘုရားကျောက်စိမ်း၏ အစွမ်းသာ ရှိသေးသည်။ အဆင့် ၄၊ ၅ ၊ ၆ အထိရောက်ရှိသွားပါက ဤရတနာ၏ အစွမ်းအာနိသင်မှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။ စနစ်မှ ပြသသည့် သွန်းလုပ်နည်းအရ ယင်ယန်နတ်ဘုရားကျောက်စိမ်းကို ရရှိရန် အတ္တမူကျောက်စိမ်းကို ပြုပြင်သွန်းလုပ်ပြီး အဆင့်မြှင့်တင်ရမည်ဖြစ်သည်။ ကံကောင်းသည်မှာ ထိုကဲ့သို့ သွန်းလုပ်ရန်အ တွက် နောက်ထပ် ပါဝင်ပစ္စည်းနှစ်ခုသာလိုပါသည်။ ယင်ယန်ကောင်းကင်ကြာပွင့်နှင့် စကြဝဠာ စစ်မှန်ကျောက်စိမ်းတို့ဖြစ်သည်။ စနစ်မှ လမ်းညွှန်သည့်အတိုင်း မွမ်းမံသွန်းလုပ်နိုင်ခဲ့ပါက ယင် ယန်နတ်ဘုရားကျောက်စိမ်းကို ပိုင်ဆိုင်ရန်မှာ ခဲယဉ်းသည့်အလုပ် မဟုတ်တော့ပါ။
ကျန်းချန်ရွှမ်သည် ထိုကျောက်စိမ်းကိစ္စကို ခေတ္တဘေးဖယ်ထားလိုက်ပြီး စနစ်၏ ဒုတိယဆုလာဘ် ဖြစ်သည့် ရွှေဗလာနယ်သလင်းကျောက်ကို လေ့လာကြည့်မိသည်။ ထိုကျောက်တွင် အခြေခံ ဓာတ်သဘာဝ နှစ်မျိုးပါဝင်သည်။ ဗလာနယ်ဓာတ်နှင့် သတ္တုဓာတ်တို့ဖြစ်သည်။ ထိုကျောက်ကို ကျန်းချန်ရွှမ်၏ ရွှေဗလာနယ်ဓားကို အဆင့်မြှင့်တင်ရာတွင် အဓိကအသုံးပြုနိုင်သည်။ ထို့နောက် တွင် ကျန်းချန်ရွှမ်သည် ဖန်မှန်မီးလျှံဖြူကို ထုတ်ယူလိုက်တော့သည်။ လအနည်းငယ်အကြာတွင် ဓားအော်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက်တွင် ရွှေဗလာနယ်ဓားသည် အဆင့် ၃ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားသည်။
ယခုအခါ ရွှေဗလာနယ်ဓားသည် ရှေးကထက် ပိုမိုလျင်မြန်၊ တိတ်ဆိတ်လာပြီး အစွမ်းအာနိသင် ပိုမိုထက်မြက်လာပြီဖြစ်သည်။ ထို့ပြင် မန္တန်များကို ဖောက်ထွက်နိုင်စွမ်းနှင့် ချပ်ဝတ်သံချပ်များကို ထွင်းဖောက်နိုင်စွမ်းသည်လည်း အဆများစွာ တိုးတက်လာခဲ့သည်။ စွမ်းအားအပြည့် အသုံးပြု လိုက်ပါက အဆင့် ၃ အမြင့်ဆုံးအဆင့် ကာကွယ်ရေးဓမ္မရတနာ တစ်ခုသည်ပင် ခံနိုင်စွမ်းရှိမည် မဟုတ်ဟု ကျန်းချန်ရွှမ် ယုံကြည်မိသည်။ လက်ရှိအခြေအနေတွင် ကျန်းချန်ရွှမ်တွင် အဆင့် ၃ အမြင့်ဆုံးအဆင့် ဓမ္မရတနာနှစ်ခုအထိ ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်သည်။ ပို၍အရေးကြီးသည့်အချက်မှာ ထို ဓမ္မရတနာနှစ်ခုသည် မူလဓမ္မရတနာများ ဖြစ်နေခြင်းဖြစ်သည်။
မူလဓမ္မရတနာများ၏ သဘောသဘာဝအရ သာမန်ဓမ္မရတနာများထက် စွမ်းအားပိုမိုထက်မြက် သည့်အပြင် ဓမ္မစွမ်းအင်ကုန်ကျမှုမှာလည်း များစွာသက်သာပါသည်။ ကျန်းချန်ရွှမ်သည် နောက်တစ်ဆင့်အနေနှင့် အဆင့် ၃ အမြင့်ဆုံးအဆင့် ကာကွယ်ရေးဓမ္မရတနာတစ်ခုကို သွန်းလုပ်ရန် ကြံ စည်လိုက်သည်။ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ တိုက်ခိုက်ရေးဓမ္မရတနာများသာမက ကာ ကွယ်ရေးရတနာများနှင့် အခြား အထောက်အကူပြု ဓမ္မရတနာများကိုလည်း လိုအပ်နေပါဦးမည်။ ကံကောင်းသည့်တစ်ချက်က ထိုရတနာများ ဖန်တီးရန် သူ့တွင် လိုအပ်သည့် လက်နက်သွန်းလုပ် ခြင်းစွမ်းရည်များနှင့် ကုန်ကြမ်းများ အလုံအလောက်ရှိနေခြင်းဖြစ်သည်။
အကယ်၍ ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်သွားပါကလည်း သူ့အတွက် မလိုအပ်တော့သည့် ဓမ္မရ တနာများကို အရည်ကျိုပစ်ပြီး ကုန်ကြမ်းပစ္စည်းများအဖြစ် ထုတ်ယူအသုံးချနိုင်ပါသေးသည်။ ဤ သို့လျှင် ကျန်ရှိနေသော ဂူပိတ်ကျင့်ကြံခြင်းကာလတွင် ကျန်းချန်ရွှမ်အနေနှင့် ကျင့်ကြံခြင်းတာဝန်အပြင် ပိုလျှံနေသည့် ဓမ္မရတနာများကို အရည်ကျိုရသည့် အလုပ်တစ်ခုပါ တိုးလာတော့သည်။ အရည်ကျိုပြီး ကုန်ကြမ်းပစ္စည်းများကို အဆင့် ၃ အမြင့်ဆုံးအဆင့် ကာကွယ်ရေးဓမ္မရတနာ ဖန်တီးသည့်နေရာတွင် အသုံးချမည်ဖြစ်သည်။ နောက်ထပ်တစ်နှစ်ကျော် ကုန်လွန်သွားခဲ့ပြန်သည်။
ကျန်းချန်ရွှမ်သည် ကျီဖုနယ်ပယ် သတ္တမအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိခဲ့သလို သူဖန်တီး နေခဲ့သည့် ကာကွယ်ရေးဓမ္မရတနာကိုလည်း အပြီးသတ်နိုင်ခဲ့သည်။ ထိုရတနာသည် အမဲရောင်ရှိ သည့် တံဆိပ်တစ်ခုဖြစ်ပြီး တစ်သောင်းမှော်ဝင်တံဆိပ်တော် ဟုခေါ်တွင်သည်။ ကျန်းချန်ရွှမ်သည် ထိုတံဆိပ်ကို အရပ်ခြောက်မျက်နှာစေတီ၊ ရွှေနက်တုတ်နှင့် အခြားသော အဆင့် ၃ ဓမ္မရတနာများ ကို အရည်ကျိုပြီး သွန်းလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုတံဆိပ်သည် ထူးကဲစွာလေးလံပြီး အမာခံနိုင်စွမ်း မှာလည်း မြင့်မားသည်။ ပုံမှန်မန္တန်များနှင့် ဓမ္မရတနာများသည် ဤတံဆိပ်တော်ကို ခြစ်ရာမျှထင်ရန်ပင် စွမ်းနိုင်မည်မဟုတ်ပါ။
အထူးသဖြင့် ဓမ္မရတနာများနှင့် ဤတံဆိပ်တော်ကို တိုက်ခိုက်ခဲ့လျှင် တန်ပြန်သက်ရောက်မှု တစ် ခုထုတ်လွှတ်ပြီး ထိုရတနာများကို ဖျက်ဆီးနိုင်စွမ်းလည်းရှိသည်။ လိုအပ်ပါက မြို့တံတိုင်းကြီးအ ဖြစ် အသွင်ပြောင်းပြီး ကာရံပိတ်ဆို့သည့်နေရာတွင်လည်းကောင်း၊ ရန်သူကို အထက်မှ ဖိချသည့် နေရာတွင်လည်းကောင်း အသုံးပြုနိုင်သေးသည်။ အချုပ်ဆိုရလျှင် ခံစစ်ရော၊ တိုက်စစ်ပါ အသုံးချ နိုင်မည့် လက်နက်ရတနာတစ်ပါးပင်ဖြစ်သည်။ ကျန်းချန်ရွှမ်သည် တံဆိပ်တော်ကို အနည်းငယ် စစ်ဆေးပြီးနောက် သိမ်းဆည်းလိုက်သည်။ ထိုအချိန်တွင် လှိုဏ်ဂူအတွင်းရှိ တားမြစ်အစီအရင် များ လှုပ်ခတ်သွားပြီး ဂူအပြင်ဘက်တွင် ကျန်းမိသားစုအကြီးအကဲ ကျန်းရန်ယီ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၍ မျက်မှောင်ကြုတ်သွားမိသည်။
ကျန်းချန်ရွှမ် လှိုဏ်ဂူအပြင်တွင် ရုတ်တရက် ပေါ်လာသည်ကိုမြင်လျှင် ကျန်းရန်ယီလည်း ကိုယ် ကို ကိုင်းလျက် ဂါရဝပြုလိုက်သည်။
“နှုတ်ဆက်ပါတယ် စီနီယာဦးလေး”
ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး
“အကြောင်းထူးရှိလို့လား၊ ရန်ယီ”
***