ဟွားမန်ရုံလည်ပတ်ခြင်း (၂)
Vol. 14 Ch. 262
ကျန်းရန်ယီက ခေါင်းညိတ်လိုက်ပြီး
“ကျောက်စိမ်းရေဓားစင်မြင့်က အကြီးအကဲဟွား ရောက်နေပါတယ်၊ အခု ဧည့်ခန်းဆောင်ထဲမှာ တတိယညီလေးက ဧည့်ခံထားပါတယ်”
ကျန်းချန်ရွှမ်က အနည်းငယ် အံ့အားသင့်သွားပြီး
“သူရောက်နေတာလား။ ဘာကိစ္စတဲ့လဲ”
ကျန်းရန်ယီက ခေါင်းခါလိုက်ပြီး
“အဲဒါတော့မပြောဘူး၊ စီနီယာဦးလေး ဒါမှမဟုတ် စီနီယာအဒေါ် နှစ်ယောက်ထဲက တစ်ယောက်နဲ့ တွေ့ချင်တယ်လို့ပဲပြောတယ်”
“ဟုတ်လား”
ကျန်းချန်ရွှမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး
“ရူယန်က ဂူပိတ်ကျင့်ကြံနေတာ မပြီးသေးဘူး။ အရေးမကြီးရင် သူ့ကိုသွားမပြောပါနဲ့။ ကျုပ်ပဲ သွားလိုက်မယ်”
ကျန်းချန်ရွှမ်နှင့် ကျန်းရန်ယီတို့သည် ဧည့်ခန်းဆောင်သို့ ဦးတည်လိုက်ကြသည်။ ခန်းမအတွင်း၌ ဟွားမန်ရုံတစ်ယောက် အနီရောင်ဝတ်ရုံကို ဝတ်ဆင်လျက် ထိုင်နေသည်ကို တွေ့ရသည်။ ဟွားမန်ရုံသည်လည်း တံခါးဝမှတဆင့် အပြင်သို့ ငေးမျှော်ကြည့်နေလျက်ရှိရာ ခန်းမအတွင်းဝင်လာသည့် ကျန်းချန်ရွှမ်နှင့် အကြည့်ချင်းဆုံသွားသည်။ ထိုအခါ ဟွားမန်ရုံသည် ပြုံးလိုက်ပြီး ထိုင်ရာမှထပြီး ကျန်းချန်ရွှမ်ကို ဦးညွတ်လိုက်သည်။
“တာအိုမိတ်ဆွေကျန်း မဖိတ်ခေါ်ဘဲ ရောက်လာလို့ တောင်းပန်ပါတယ်”
“ရပါတယ်”
ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြီး လက်ကာပြသည်။
“ကျုပ်တို့က ဂုဏ်ယူစွာနဲ့ ကြိုဆိုရမှာပေါ့”
ထိုအချိန်တွင် ကျန်းရန်တောက်သည် အလိုက်တသိဖြင့် ကျန်းရန်ယီကို ခေါ်ဆောင်လျက် အသာ ရှောင်ပေးလိုက်သည်။ ထိုနှစ်ဦးထွက်ခွာသွားသည့်အခါ ကျန်းချန်ရွှမ်က ဟွားမန်ရုံအား
“ဒါနဲ့ တာအိုမိတ်ဆွေဟွား ဒီကိုရောက်လာရတာ အကြောင်းတစ်ခုခုရှိလို့လား”
ထိုအခါ ဟွားမန်ရုံသည် ချက်ချင်းမျက်နှာတည်သွားပြီး ကျန်းချန်ရွှမ်ကို စိုက်ကြည့်လျက်
“အတည်ပြုစရာတစ်ခုရှိလို့ပါ”
“အတည်ပြုစရာဟုတ်လား”
ဟွားမန်ရုံ၏ စကားကြောင့် ကျန်းချန်ရွှမ် အထူးစိတ်ဝင်စားသွားပြီး ဖြစ်နိုင်ချေများကို စဉ်းစားနေ မိသည်။ ဟွားမန်ရုံက
“ရှင်နဲ့ တာအိုမိတ်ဆွေရှန်းတို့ ကျင်းနိုင်ငံကို သွားတုန်းက လူတစ်စုနဲ့ ပြဿနာတက်လာခဲ့သေးလား”
သူမ၏အမေးကို ကျန်းချန်ရွှမ် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီ ဟွားမန်ရုံကပင် ဖြည့်စွက်ပြောကြားလိုက်ပြန်သည်။
“ကျွန်မကို နားလည်မှုမလွဲပါနဲ့။ ဒီမေးခွန်းမေးရခြင်းက ဟုတ်၊ မဟုတ် အတည်ပြုရုံပါပဲ။ တခြား သဘောမပါပါဘူး”
“နားလည်ပါပြီ”
ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြလိုက်သည်။ ဟွားမန်ရုံတစ်ယောက် သည်မေးခွန်းကို မေးပြီဆိုကတည်းက သူတို့ဇနီးမောင်နှံနှစ်ဦး ကျင်းနိုင်ငံတွင် ပြုမူခဲ့သည့်လုပ်ရပ်များကို ကျောက်စိမ်းရေဓားစင်မြင့်က အနည်းနှင့်အများ ရိပ်မိပြီးဖြစ်ကြောင်း ကျန်းချန်ရွှမ်နားလည်လိုက်သည်။ ဟွားမန်ရုံသည် သူတို့ဇနီးမောင်နှံ၏ မိတ်ဆွေတစ်ဦးအဖြစ် ယူဆနိုင်ပြီဖြစ်၍ ဖုံးကွယ်ရန်လည်း မလိုတော့ဟု သူမြင်သည်။ ထို့ကြောင့် ကျန်းချန်ရွှမ်သည် ကျင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်စဆုံးကို ဇာတ်စုံခင်းရှင်းပြလိုက်သည်။
ဟွားမန်ရုံသည် ကျန်းချန်ရွှမ်၏ စကားကို အကုန်အစင် နားထောင်ပြီးနောက်တွင် တစ်စုံတစ်ရာ အံ့အားသင့်ဟန်မပြပါ။ သူမသည် ခေတ္တမျှ စဉ်းစားနေပြီးမှ ကျန်းချန်ရွှမ်ကို ပြောသည်။
“ရှင်တို့သတ်လိုက်တဲ့လူတွေက နောက်ခံအင်အားတောင့်နေပေမဲ့ သူတို့အားလုံးက လျန်နိုင်ငံက ဖြစ်နေတယ်။ နောက်ပြီး နတ်ဆိုးသားရဲကပ်ဘေး လာခါနီးနေပြီဆိုတော့ လတ်တလောမှာ ရှင်တို့ကို လက်တုံ့ပြန်ဖို့အရေးကို သူတို့စဉ်းစားနိုင်ဦးမှာ မဟုတ်ဘူး။ ရှင်တို့သတိပြုရမှာတစ်ခုက နတ်ဆိုးသားရဲကပ်ဘေး ပြီးသွားတဲ့နောက်ပိုင်းမှာ ကျင်းနိုင်ငံကို မသွားမိဖို့ပဲ။ သူတို့ဘက်ကနေ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ ပါလာရင်တော့ ကျွန်မဆရာကိုယ်တိုင် ရှင်တို့ကို ကာကွယ်ပေးလိုရင်တောင် အခွင့်သာမှာမဟုတ်တော့ဘူး”
ထိုစကားအရ ဟွားမန်ရုံ သွယ်ဝိုက်ရည်ညွှန်းလိုက်သည်မှာ သူတို့ဇနီးမောင်နှံနှစ်ဦးအား ကျင်းနိုင်ငံဘက်မှ ရန်ပြုတိုက်ခိုက်လာခဲ့ပါက သူမ၏ဆရာဖြစ်သူ ကုယွဲ့ဖန်းနှင့် ဓားစင်မြင့်အနေနှင့် သူတို့နှစ်ဦးအား အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးမည်ဟု အာမခံလိုက်ခြင်းဖြစ်သည်။ ထိုအ တွက် သူတို့နှစ်ဦးဘက်မှ ပြန်လည်ဆောင်ရွက်ပေးရမည်မှာ ကျင်းနိုင်ငံသို့ ခရီးသွားလာခြင်း မပြုရန်တစ်ချက်သာ ရှိပါသည်။ ထို့ကြောင့် ကျန်းချန်ရွှမ်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ဟွားမန်ရုံကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထို့နောက် ကျန်းချန်ရွှမ်နှင့် ဟွားမန်ရုံတို့သည် စကားလမ်းကြောင်းလွှဲလိုက်ပြီး အခြားကိစ္စများအကြောင်း စကားစမြည်ပြောဆိုလိုက်ကြသည်။ ခေတ္တမျှအကြာတွင် ဟွားမန်ရုံ၏ မျက်နှာသည် တည်ကြည်လေးနက်သွားကာ ကျန်းချန်ရွှမ်ကို စိုက်ကြည့်လိုက်ပြီး
“တကယ်တော့ ကျွန်မဒီကိုလာတာ ခုနကကိစ္စအပြင် တခြားအရေးကြီးကိစ္စတစ်ခု ပြောဖို့အတွက်လည်းပါတယ်”
“ပြောပါ”
ဟွားမန်ရုံ၏ လေသံကြောင့် ကျန်းချန်ရွှမ် စိတ်လှုပ်ရှားသွားမိသည်။ ထို့နောက် ဟွားမန်ရုံက
“ရှင်လည်းမှန်းဆမိမှာပါ။ နတ်ဆိုးသားရဲကပ်ဘေး ကိစ္စပါပဲ။ ကျွန်မတို့ ဓားစင်မြင့်က ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေအပါအဝင် လျန်၊ ယွင်နဲ့ ယန်သုံးနိုင်ငံက ထိပ်သီးကျင့်ကြံသူတွေရဲ့ တွက်ချက်မှုအရ နတ်ဆိုးသားရဲကပ်ဘေးဟာ လာမဲ့ခုနစ်နှစ်အတွင်း ဖြစ်ပေါ်လာလိမ့်မယ်တဲ့။ ဒါတင်မကဘူး သည်တစ်ခေါက်ကပ်ဘေးက အရင်အကြိမ်တွေကထက် ပိုပြီးကြီးမားလိမ့်မယ်”
ထိုအခါ ကျန်းချန်ရွှမ်၏မျက်နှာမှာ အထူးတည်ကြည်လေးနက်သွားသည်။ ကပ်ဘေးကြီးသည် သူထင်ထားသည်ထက် စောပြီး ကျရောက်တော့မည်ဖြစ်သည်။
“ဒါကြောင့် နတ်ဆိုးသားရဲတွေ ကျွန်မတို့ ခံစစ်စည်းကို မကျော်နိုင်အောင် နယ်စပ်တလျှောက်မှာ ခံတပ်မြို့တွေတည်ပြီး ခုခံဖို့ စီစဉ်နေကြတယ်”
“ခံတပ်မြို့တွေ ဟုတ်လား”
ကျန်းချန်ရွှမ်တစ်ယောက် အနည်းငယ် အံ့အားသင့်သွားသည်။ ဟွားမန်ရုံက ခေါင်းညိတ်ပြလိုက် ပြီး ဆက်လက်ရှင်းပြသည်။
“ဒီကိစ္စကို ကျွန်မတို့စင်မြင့်နဲ့ ကောင်းကင်ယွဲ့ဂိုဏ်းတို့ အတူပူးပေါင်းပြီး ပြင်ဆင်နေကြပါပြီ။ မကြာခင် ခံတပ်မြို့တွေကို အပြီးသတ်ထူထောင်နိုင်ပါတော့မယ်။ ပြီးတော့ အဲဒီခံတပ်မြို့တွေကို တစ်မြို့ချင်းစီမှာ အဆင့် ၃ အမြင့်ဆုံးအဆင့် ကာကွယ်ရေးအစီအရင်ကွက်တွေ အနည်းဆုံးတစ်ခုစီ တပ်ဆင်ပေးမှာပါ။ အဓိကကျတဲ့ ခံတပ်မြို့ကြီးတွေကိုတော့ အဆင့် ၄ အစီအရင်ကွက်တွေနဲ့အတူ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကိုယ်တိုင် စောင့်ကြပ်သွားပါလိမ့်မယ်။ ဒီလိုပြင်ဆင်ထား တဲ့အတွက် ရွှေအမြုတေအဆင့် နတ်ဆိုးဘုရင်တွေ လာခဲ့ရင်တောင် ကျွန်မတို့အနေနဲ့ ခုခံနိုင်စွမ်း ရှိသွားပါမယ်”
သူတို့ဆောင်ရွက်နေသည်မှာ စီမံကိန်းအကြီးစားတစ်ခု ဟုသတ်မှတ်နိုင်ပါလိမ့်မည်။ သည်တစ်ကြိမ်တွင် လျန်၊ ယွင်နှင့် ယန်သုံးနိုင်ငံလက်တွဲပြီး ခြေလှမ်းအကြီးစားတစ်ခုကို ရဲရဲကြီးလှမ်းလိုက် ခြင်းပင်ဖြစ်သည်။ သူတို့၏ အကြံအစည်မှာ နတ်ဆိုးသားရဲများကို လူသားတို့နယ်မြေအတွင်း ခြေတစ်လှမ်းပင် ချခွင့်မပြုရန်ဖြစ်သည်။
သည်စီမံကိန်းအောင်မြင်ခဲ့လျှင် လူသားတို့အတွက် စိတ် အားတက်ကြွစရာတစ်ခု ဖြစ်လာပါလိမ့်မည်။ ထိုမျှမက လူသားသုံးနိုင်ငံသည် မိမိတို့ပိုင်ဆိုင်သည့် နယ်မြေများကို အတူလက်တွဲပြီး ကာကွယ်မည်ဖြစ်ကြောင်းကို နတ်ဆိုးသားရဲတို့အား အတိအလင်း ကြေညာမောင်းခတ်လိုက်သလိုလည်း ဖြစ်သွားမည်မှာ သေချာပါသည်။
နတ်ဆိုးသားရဲများသည် လူသားမျိုးနွယ်တို့၏ နယ်မြေများကို သိမ်းပိုက်ဖျက်ဆီးပြီးလျှင် ပြန် လည်ဆုတ်ခွာလေ့မရှိဘဲ ထိုနယ်မြေများကို နတ်ဆိုးနယ်မြေများအဖြစ် အပြီးသိမ်းပိုက်လေ့ရှိကြသည်။ ထိုအချက်ကြောင့် ကန်းနန်ဒေသရှိ လူသားတို့၏ နယ်မြေများသည် တစ်စထက်တစ်စ လျော့ကျလာရခြင်းဖြစ်သည်။ လူသားနယ်မြေ အတော်များများသည် နတ်ဆိုးသားရဲတို့၏ စားကျက်များအဖြစ်သို့ ပြောင်းလဲသွားကြပြီဖြစ်သည်။ ဓားစင်မြင့်နှင့် ကန်းယန်ဒေသရှိ အခြားသော ရွှေအမြုတေအဆင့်ဂိုဏ်းများသည် ထိုအချက်ကို ကောင်းစွာ နားလည်ပြီးဖြစ်ဟန်တူသည်။
သမားရိုးကျ ခုခံမှုများဖြင့် မလုံလောက်တော့ဘဲ အရဲကိုးသည့် လှုပ်ရှားမှုတစ်ခုကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်နေပြီး မဟုတ်လျှင် ရေရှည်တွင် လူသားမျိုးနွယ်အတွက် ရှင်သန်ရပ်တည် နိုင်ရန် အခွင့်အလမ်းနှင့် ရင်းမြစ်များ နည်းသထက်နည်းလာပါလိမ့်မည်။ ကျင်းနှင့် ရှုနိုင်ငံတို့ မည် သို့မည်ပုံ စီမံကြမည်ကို မသိရှိရသေးသော်လည်း လျန်၊ ယွင်နှင့် ယန် သုံးနိုင်ငံကတော့ သဘောတူညီမှုရရှိပြီးဖြစ်သည်။ လက်ရှိအချိန်တွင် သူတို့သုံးနိုင်ငံအား အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံ သူများ လာရောက်စစ်ကူရန် ကိစ္စကိုတော့ သုံးနိုင်ငံလုံး မမျှော်မှန်းထားကြပါ။
သူတို့ကန်းနန်ဒေသသည် အနှစ်သာရကိုးပါး မသေမျိုး ကျင့်ကြံခြင်းလောက၏ မြောက်ဘက်အ စွန်အဖျား ဝေးလံခေါင်သီသည့် နေရာတွင် တည်ရှိနေခြင်းကြောင့် ပြင်ပမှကျင့်ကြံသူများ၏ အာရုံစိုက်ခြင်းကို မခံကြရပါ။ ထို့ကြောင့် ဒေသတွင်းနိုင်ငံများ အားလုံး စုပေါင်းလက်တွဲပြီး နတ်ဆိုးသားရဲကပ်ကြောင့် ဖြစ်ပေါ်ခံစားလာရမည့် ဘေးဒုက္ခများကို လျှော့နိုင်သမျှ လျှော့ချရန်သာ ရှိပါသည်။
“တာအိုမိတ်ဆွေကျန်း ရှင်နဲ့ ရှင့်ရဲ့ဇနီးက ကျွန်မတို့လျန်နိုင်ငံမှာ အရေအတွက်သိပ်မရှိတဲ့ ကျီဖုအဆင့်နှောင်းပိုင်း ကျင့်ကြံသူတွေ ဖြစ်နေကြတယ်။ဒါကြောင့် ရှင်တို့နှစ်ယောက်အနေနဲ့ တခြားကျင့်ကြံသူတွေနဲ့ လက်တွဲပြီး ခံတပ်မြို့တစ်မြို့ကို တာဝန်ယူစောင့်ကြပ်ပေးစေလိုပါတယ်၊ လျန်နိုင်ငံက သေမျိုးလူသားတွေနဲ့ ကျင့်ကြံသူအားလုံးကိုယ်စား ကျွန်မကပဲ ကျေးဇူးတင်စကား ဆို ထားပါရစေ”
ဟွားမန်ရုံသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ကာ ကျန်းချန်ရွှမ်အနီးသို့ တိုးကပ်လာပြီး လေးနက်စွာ ဦးညွတ်လျက် အရိုအသေပေးလိုက်တော့သည်။
***