← Chapters

ရိတ်သိမ်းချိန်

Vol. 14 Ch. 263

ရိတ်သိမ်းချိန်

Vol. 14 Ch. 263

ကျန်းချန်ရွှမ်သည် ဟွားမန်ရုံ၏တောင်းဆိုချက်ကို လက်ခံရန် တွေဝေနေမိသည်။ ခံတပ်မြို့ကို စောင့်ကြပ်ရမည့် တာဝန်သည် အန္တရာယ်များလှသလို သူနှင့်အတူ ကျန်းမိသားစုဝင်များပါ တစ်ပါတည်းလိုက်ခဲ့ရမည် ဖြစ်သည့်အတွက်ကြောင့်ပင်။ သူတို့အတွက် အသက်ရှင်ကျန်ခဲ့ရန် အခွင့်အလမ်းမှာလည်း မသေချာလှ။ အဆိုပါ ခံတပ်မြို့များကို အဆင့် ၃ ကာကွယ်ရေး အစီအရင်ကွက်များ တပ်ဆင်ထားမည်ဟု ဆိုသော်လည်း ထိုအစီအရင်များသည် နှစ်တစ်ရာမှ တစ်ကြိမ်ပေါ်သည့် နတ်ဆိုးသားရဲကြီးများ၏ ထိုးစစ်ကို ကြံ့ကြံ့ခံနိုင်ပါမည် ဟူသော အာမခံချက်မရှိပါ။ အနာဂတ်ကို ကြိုတင်မှန်းဆ၍ မလွယ်ပါ။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပင် တစ်ခုခုချွတ်ချော်သွားပါက သေကိန်းဆိုက်သွားနိုင်သည်။

တစ်ချိန်တည်းတွင် သူတို့ပုခုံးပေါ်ကျရောက်လာသည့် ဝတ္တရားကို ရှောင်လွှဲရန်ဆိုသည်မှာလည်း မဖြစ်နိုင်ကြောင်း ကျန်းချန်ရွှမ် တွေးမိပြန်သည်။ ဒေသတစ်ခုလုံး ဘေးဒုက္ခရောက်လျှင် ကျန်းမိသားစုလည်း ထိုဘေးဒုက္ခကို ရှောင်လွှဲနိုင်မည်မဟုတ်ပါ။ ထို့ပြင် ကျောက်စိမ်းရေဓားစင်မြင့်၏ အကြီးအကဲ ဟွားမန်ရုံကိုယ်တိုင် ကျိုးနွံစွာ အကူအညီတောင်းလာသည်ဖြစ်ရာ ငြင်းပယ်ရန်လည်း မသင့်လျော်ချေ။ လက်ရှိအချိန်တွင် ကျန်းချန်ရွှမ်အနေနှင့် ထိုအချက်ကို အလေးအနက်ထား စဉ်းစားခြင်းမပြုပါက နောင်တစ်ချိန်တွင် စင်မြင့်သည် အကူအညီတောင်းခံသည့် အဆင့်မှ အတင်းအကျပ် အမိန့်ပေးသည့်အဖြစ်သို့ ဆိုက်ရောက်သွားနိုင်ပါသည်။

လျန်နိုင်ငံရှိ ကျင့်ကြံခြင်းမိသားစုတစ်ခုဖြစ်သည့် ကျန်းမိသားစုအနေနှင့် ထိုအမိန့်ကို ဖီဆန်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် လက်ရှိအချိန်တွင် အသင့်တော်ဆုံး ရွေးချယ်မှုမှာ အကူအညီတောင်းခြင်းကို လက်ခံပြီး တစ်ချိန်တည်းတွင် ရတတ်သမျှသော အကျိုးအမြတ်များကို ပြန်လည်တောင်းခံခြင်းသာ ဖြစ်ပါလိမ့်မည်။ ထိုအတွေးနှင့်အတူ ကျန်းချန်ရွှမ်သည် ဦးညွတ်နေသော ဟွားမန်ရုံကို ထူမတ်ပေးလိုက်ပြီး

“တာအိုမိတ်ဆွေဟွား ဒီလောက်ထိ လုပ်စရာမလိုပါဘူး၊ လျန်နိုင်ငံကို ကာကွယ်ရမဲ့တာဝန်က ကျုပ်တို့အားလုံးမှာ ရှိပါတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ လက်ရှိကျင့်ကြံမှုအဆင့်အတန်းအရ ခံတပ်မြို့တစ်ခုကို ကာကွယ်နိုင်မဲ့ အရည်အသွေးမျိုး ပြည့်မီမနေပါဘူး”

ထိုအခါ ဟွားမန်ရုံသည် ကျန်းချန်ရွှမ်၏ ဆိုလိုရင်းကို နားလည်လိုက်ဟန်နှင့် ကျန်းချန်ရွှမ်ကို ပြုံးပြလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“တာအိုမိတ်ဆွေကျန်းပြောတာ သဘာဝကျပါတယ်။ ရှင့်အနေနဲ့ ဘာများလိုအပ်ပါသလဲ။ ကျွန်မ တို့ကူညီနိုင်တာ ဘာများရှိပါသလဲ”

ကျန်းချန်ရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး

“လတ်တလောမှာ ကျုပ်ရဲ့ဇနီးနဲ့ကျုပ်က နတ်ဘုရားစွမ်းအားတစ်ခုကို ကျင့်ကြံနေကြပါတယ်။ ဒီ အတွက် အဆင့် ၃ အမြင့်ဆုံးအဆင့် လျှပ်စီးဓာတ် ဝိညာဉ်ရတနာတစ်ခုနဲ့ မီးဓာတ်ဝိညာဉ်ရတနာ တစ်ခုတို့ အရေးပေါ်လိုအပ်နေပါတယ်”

ထိုအခါ ဟွားမန်ရုံတစ်ယောက် မျက်မှောင်ကြုတ်သွားမိသည်။ ကျန်းချန်ရွှမ်‌ တောင်းခံလိုက်သော ဝိညာဉ်ရတနာအမျိုးအစားများမှာ သူမလို ပုဂ္ဂိုလ်မျိုးအတွက်ပင် ရှာဖွေရခက်ခဲသည့် ရှားပါးရတနာများဖြစ်နေသည်။ သို့သော် ကျန်းချန်ရွှမ်၏ တောင်းဆိုမှုမှာ အကျိုးအကြောင်းညီသလို အခွင့်အခါကို အကောင်းဆုံးအသုံးချလိုက်သည့် လှုပ်ရှားမှုတစ်ခု ဖြစ်သည့်အတွက် ဟွားမန်ရုံအနေနှင့် ငြင်းပယ်ရန် ခက်ခဲသွားသည်ဟုဆိုရပါမည်။ ထို့ပြင် သူမ၏ ဆရာဖြစ်သူနှင့် စင်မြင့်မှ ထိပ်သီးအကြီးအကဲများအနေနှင့်လည်း ကျန်းချန်ရွှမ်၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိမ့်မည်ဟု ယုံကြည်မိသည်။ ထို့ကြောင့် ဟွားမန်ရုံသည် အတန်ကြာ စဉ်းစားလိုက်ပြီးမှ

“ကောင်းပါပြီ။ ကျွန်မပြန်ရောက်ချင်းချင်း ဆရာ့ကို တင်ပြလိုက်ပါ့မယ်။ သူတို့လက်ခံမယ်လို့ ယုံကြည်ပါတယ်။ အကျိုးအကြောင်းသိသိချင်း ဆက်သွယ်လိုက်ပါ့မယ်”

“ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေဟွား”

ထို့နောက်တွင် ကျန်းချန်ရွှမ်နှင့် ဟွားမန်ရုံတို့သည် နတ်ဆိုးသားရဲကပ်ဘေးနှင့် ဖြစ်လာနိုင်သည့် အနာဂတ်အရေးများကို တိုင်ပင်ဆွေးနွေးကြသည်။ ထိုအချိန်တွင်ပင် ကျန်းချန်ရွှမ်သည် ဟွားမန်ရုံထံမှ ရနိုင်သမျှသော အခွင့်အရေးများကို အခွင့်သင့်လျှင်သင့်သလို တောင်းဆိုလိုက်ပါသေးသည်။ ကံကောင်းထောက်မစွာနှင့် စကားဝိုင်းသည် ရင်းနှီးချစ်ကြည်စွာ အဆုံးသတ်သွားသည်။ ထို့နောက် ဟွားမန်ရုံသည် မတ်တတ်ရပ်လိုက်ပြီး

“တာအိုမိတ်ဆွေကျန်းရေ၊ ဒီနေ့တော့ ဒီလောက်ပါပဲ။ အချိန်လင့်နေပြီမလို့ ပြန်လိုက်ပါဦးမယ်”

ကျန်းချန်ရွှမ်လည်း ဟွားမန်ရုံကို မှော်တိုင်တောင်အပြင်ထိ လိုက်ပို့ပေးပြီးနောက် ခန်းမဆောင်အတွင်းသို့ ပြန်ဝင်လာပြီး ကျန်းရန်ယီ၊ ကျန်းရန်တောက်နှင့် လျူလင်းလုံတို့ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူတို့သုံးဦးအား ဟွားမန်ရုံ၏ အကူအညီတောင်းခံမှု အကြောင်းကို အသိပေးလိုက်ရ သည်။ ထိုအခါ ကျန်းရန်ယီတို့သုံးဦးလုံး၏ မျက်နှာများ တည်ကြည်သွားကြပြီး ကျန်းချန်ရွှမ်အား

“ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ စင်မြင့်ပြောသလိုပဲ လက်ခံလိုက်ကြမလား”

ကျန်းရန်တောက်က စိုးရိမ်ပူပန်စွာ မေးသည်။ ကျန်နှစ်ဦးကလည်း ကျန်းချန်ရွှမ်ကို ကြည့်လျက် တုံ့ပြန်မည့်အဖြေကို စောင့်စားနေကြသည်။

“ရွေးချယ်စရာမရှိဘူးလေ။ သူတို့ကို ကတိပေးပြီးသွားပြီ”

“စီနီယာဦးလေးက ကတိတောင်ပေးလိုက်ပြီလား”

ကျန်းချန်ရွှမ်၏အဖြေကြောင့် အစပိုင်းတွင် သုံးဦးလုံး တုန်လှုပ်သွားကြသော်လည်း တဖြည်းဖြည်း နားလည်သွားသည်။

***

All Chapters