ရိတ်သိမ်းခြင်း (၂)
Vol. 14 Ch. 264
လျန်နိုင်ငံတစ်ခုလုံးကို သက်ရောက်နေသည့် ယခုလိုအခြေအနေမျိုးတွင် ကျန်းမိသားစုအတွက် ရွေးချယ်စရာမရှိပါ။
“ဒါပေမဲ့ သူနဲ့အပေးအယူလုပ်ရင်း ကျုပ်တို့မိသားစုအတွက် အခွင့်အရေးတွေကိုလည်း ရနိုင်သမျှ တောင်းခဲ့ပါသေးတယ်၊ သူကလည်း သဘောတူထားတယ်”
ကျန်းချန်ရွှမ်သည် သူနှင့် ဟွားမန်ရုံတို့အကြား ဆွေးနွေးညှိနှိုင်းခဲ့သည်များကို မခြွင်းမချန် ရှင်းပြလိုက်ရာ ကျန်းရန်ယီတို့လည်း အထူးပင် အံ့အားသင့်သွားကြသည်။ ဟွားမန်ရုံသည် ဤတောင်းဆိုချက်အားလုံးကို လွယ်လွယ်ကူကူနှင့် လက်ခံလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။ ကျောက်စိမ်းရေဓားစင်မြင့်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို များစွာ မျက်နှာသာပေးကြောင်း ကောက် ချက်ချလိုက်ကြသည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်သည် ကျန်းရန်ယီတို့လူစုအား လိုအပ်သည့် ပြင်ဆင်စရာ၊ စီစဉ်စရာများကို မှာကြားပြီးနောက် အချိန်မဆိုင်းဘဲ ရွှမ်းမင်တောင်ထွတ်သို့ ပြန်လာခဲ့တော့သည်။
တောင်ထွတ်ကိုရောက်လျှင် ရှန်းရူယန်၏ ဂူပိတ်ကျင့်ကြံမှု မပြီးဆုံးသေးသည်ကို တွေ့ရ၍ ကျန်းချန်ရွှမ်လည်း သူမကို မနှောက်ယှက်တော့ဘဲ ပြန်ထွက်လာသည့်အခါမှ အကြောင်းစုံကို ရှင်းပြရန် စီ စဉ်လိုက်သည်။ ထို့နောက် ကျန်းချန်ရွှမ်သည် သူ့ကိုယ်ပိုင်လှိုဏ်ဂူသို့ ခပ်သုတ်သုတ် ပြန်လာခဲ့သည်။ လက်ရှိအချိန်တွင် နတ်ဆိုးသားရဲဘေး မလာခင် ခုနစ်နှစ်တိတိ အချိန်ရပါသေးသည်။ သို့သော် ထိုခုနစ်နှစ်ဟူသော ကိန်းဂဏန်းသည် ပိုပိုသာသာ တွက်ချက်ထားမှန်း သူသိထားသည်။ သူ၏ကိုယ်ပိုင်တွက်ချက်မှုအရ ငါးနှစ်အတွင်း ထိုကပ်ဘေးကြီး ကျရောက်နိုင်ချေ ရှိနေသည်။
ထို့ကြောင့် ထိုကာလအတွင်း မိမိတို့၏အင်အားကို တတ်နိုင်သမျှ အစွမ်းကုန်မြှင့်တင်ထားရန် လို အပ်ပါလိမ့်မည်။ အင်အားကြီးလေလေ အသက်ရှင်ကျန်ရန် အခွင့်အလမ်းများလေလေ ဖြစ်သည်။ ထို့နောက် ကျန်းချန်ရွှမ်သည် သူလုပ်ဆောင်ရမည့် အစီအစဉ်များကို အကွက်ချစဉ်းစားလိုက်ပြန်သည်။ ပထမဆုံးအနေနှင့် ကျင့်ကြံမှုအဆင့်တက်ရန် ဆုံးဖြတ်လိုက်သည်။ စနစ်မှ ပေးထားသည့် မစ်ရှင်ကိုတော့ ကျင့်ကြံမှုအဆင့်တက်ပြီးမှ ဆောင်ရွက်မည်ဖြစ်သည်။ ထိုအတွေးနှင့်အတူ ကျန်းချန်ရွှမ်သည် အိုးရန်ရွှမ်ထံမှရခဲ့သည့် ပျံသန်းခြင်းအဆီအနှစ်ဆေးပြားကို ထုတ်ယူလိုက်သည်။
ထိုဆေးပြားသည် ကျီဖုနှောင်းပိုင်းအဆင့် ကျင့်ကြံသူများ၏ ဓမ္မစွမ်းအင်ကို တိုးတက်စေသည်။ ကျန်းချန်ရွှမ်လည်း ထိုဆေးပြားကို တစ်လုပ်တည်းနှင့် စားသုံးလိုက်သည်။ တစ်ခဏချင်းတွင် ဆေး၏အာနိသင်စွမ်းအင်သည် ကိုယ်ခန္ဓာတစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။ ချက်ချင်းပင် ဓာတ်ငါးပါးစစ်မှန်မှုနည်းစနစ်ကို စတင်လည်ပတ်လိုက်ပြီး ဆေးစွမ်းအင်ကို ကိုယ်တွင်းတစ်လျှောက် ပဲ့ ထိန်းစီးဆင်းစေလိုက်သည်။ ဆေးစွမ်းအင်ကို ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းပို့လွှတ်လိုက်သည့် အချိန်တိုင်းတွင် ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်ပမာဏ တိုးတက်လာကြောင်း ခံစားမိသည်။
ဆေးအာနိသင်အားလုံးကို ခန္ဓာကိုယ်က စုပ်ယူပြီးသည့်အချိန်တွင် ကျီဖု အဌမအဆင့် နယ်ပယ်ကို တက်လှမ်းရန် အခွင့်အရေးတစ်ခု ရောက်ရှိလာတော့သည်။ စိတ်နှင့်ခန္ဓာကို ပြီးပြည့်စုံသည့် အနေအထားအတွင်း ချိန်ညှိပြီးနောက် ကျန်းချန်ရွှမ်သည် နောက်တစ်ဆင့်ကို ထိုးဖောက်တက် ရောက်ရန် ကြိုးစားလိုက်သည်။ လအနည်းငယ်ကြာပြီးနောက် ဖန်သားကွဲသလို အသံတစ်ခုကြားလိုက်ရပြီး ရှေးအရင်ကထက် များစွာသာလွန်အားကြီးသည့် အော်ရာတစ်ခု ထွက်ပေါ်လာတော့သည်။ ကျီဖုနယ်ပယ် အဌမအဆင့်ကို ရောက်ရှိခဲ့ပါပြီ။
ကျန်းချန်ရွှမ်၏ ကျေနပ်နှစ်သိမ့်ခြင်း လက္ခဏာများ ထင်ဟပ်လာသည်။ ယခုအခါ ကိုယ်တွင်းရှိ ဓ မ္မစွမ်းအင်သည် ၃၀ ရာခိုင်နှုန်း ပိုမိုတိုးတက်လာသလို ထိုစွမ်းအင်ပမာဏကို ကိုင်တွယ်ထိန်းချုပ် ရာတွင်လည်း ရှေးကထက် ချောမွေ့ဟန်ချက်ညီလာသည်ကို ထင်ရှားစွာ ခံစားမိသည်။ ကျန်းချန်ရွှမ်သည် အဌမနယ်ပယ်တွင် အခြေတည်ရန် အချိန်အနည်းငယ် ဆက်လက်အားထုတ်ပြီးနောက် စနစ်မှပေးအပ်ထားသည့် မစ်ရှင်များကို ဆောင်ရွက်ရန် ပြင်ဆင်လိုက်သည်။ ပထမဦးဆုံး မစ်ရှင်မှာ အဆင့် ၃ အမြင့်ဆုံးအဆင့် အဂ္ဂိရတ်ပညာရှင်အဖြစ်သို့ မြှင့်တင်ရန်ဖြစ်သည်။
သို့သော် ထိုမစ်ရှင်ပြီးမြောက်ရန် ဆယ်စုနှစ်ချီ၍ အချိန်ပေးရမည်ဖြစ်၍ နောက်ထပ်မစ်ရှင်တစ်ခုကို အာရုံစိုက်လိုက်သည်။ ဝိညာဉ်သစ်ဥသစ်ဖုများကို စိုက်ပျိုးရန် မစ်ရှင်ဖြစ်သည်။ ထိုတာဝန်သည် နှေးလျှင် လအနည်းငယ်၊ မြန်လျှင် ဆယ်ရက်မှ ဆယ့်ငါးရက်အတွင်းသာ ကြာမြင့်မည်ဖြစ် သည်။ နောက်ဆုံးမစ်ရှင်မှာ အဆင့် ၃ အစီအရင်ကွက် ဖန်တီးသူအဖြစ် မြှင့်တင်ရန်ဖြစ်သည်။ ဤမစ်ရှင်သည် ဝိညာဉ်ဆေးပင်စိုက်ပျိုးခြင်းထက် ပိုမိုရှုပ်ထွေးခက်ခဲသော်လည်း အဆင့်၃ အမြင့်ဆုံးအဆင့် အဂ္ဂိရတ်ပညာရှင်အဖြစ် မြှင့်တင်ရန် မစ်ရှင်ထက်တော့ များစွာလွယ်ကူပါသည်။ ထို မစ်ရှင်သုံးခုကို အသေးစိတ် ခွဲခြမ်းလေ့လာတွက်ဆပြီးနောက် ဒုတိယမစ်ရှင်ကို ဦးဆုံးဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းချန်ရွှမ်သည် လှိုဏ်ဂူအပြင်ထွက်ပြီး ဝိညာဉ်ဆေးပင်များ စိုက်ပျိုးရန် သင့်တော်သည့် မြေနေရာလွတ်ကို ရှာဖွေသည်။ ထို့နောက် အဆင့် ၁ အနိမ့်စား ဝိညာဉ်ဆေးပင်မျိုးစေ့များကို ထုတ်ယူပြီး မြေကွက်လပ်ပေါ်တွင် ဖြန့်ကျဲလိုက်သည်။ တစ်ဆက်တည်းတွင် လက်သင်္ကေတအချို့ကို ပြု လုပ်ပြီး ဝိညာဉ်မိုးများ ဖန်တီးကာ မျိုးစေ့များကို ရေဓာတ်ပေးရန် စီစဉ်လိုက်ပြန်သည်။ ကျန်းချန်ရွှမ်လို ကျီဖု အဌမအဆင့် ကျင့်ကြံသူတစ်ဦးသည် အဆင့် ၁ ဝိညာဉ်ဆေးပင်များ စိုက်ပျိုးနေသည်ကို တစ်စုံတစ်ယောက် မြင်သွားပါက ပါးစပ်အဟောင်းသား ဖြစ်သွားမည်မှာ သေချာလှသည်။ လဝက်အကြာတွင် မျိုးစေ့များမှ အညှောင့်များ အစီအရီ ထွက်ပေါ်လာကြတော့သည်။
အပြင်ပန်းအရ ကျန်းချန်ရွှမ်၏ ဆေးပင်များသည် သန်စွမ်းစွာ ဖြစ်ထွန်းလာမည့်ဟန်ပေါ်သည်။ ဤသည်မှာလည်း သဘာဝကျသည်။ ကျန်းချန်ရွှမ်လို ကျီဖုအဌမအဆင့် ကျင့်ကြံသူတစ်ဦး ဖန်တီးထားသည့် ဝိညာဉ်မိုးများသည် အဆင့်နိမ့်ကျင့်ကြံသူများ ဖန်တီးလိုက်သည့် မိုးများထက် အရည်အသွေးများစွာ မြင့်မားနေခြင်းကြောင့်ဖြစ်သည်။ ထိုအချိန်တွင် စနစ်မှအချက်ပေးသံကို ကြားလိုက်ရတော့သည်။
[ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ ဝိညာဉ်ဆေးပင်တစ်ရာကို စိုက်ပျိုး၍ ပြီးပါပြီ။ ဆုလာဘ်အနေနှင့် စိုက်ပျိုးခြင်းပါရမီအမှတ် +၁၊ ဝိညာဉ်အမြစ်လွှဲပြောင်းခြင်းနည်းစနစ်၊ ဝိညာဉ်အမြစ် ကျင့်ကြံခြင်းနည်းစနစ်၊ ဝိညာဉ်တိမ်လွှာ ခရမ်းရောင်ချီမျှင်တို့ကို ရရှိပါမည်]
စနစ်သည် မစ်ရှင်တစ်ခုတည်းအတွက် ဆုလေးခုကို တစ်ချိန်တည်း ချီးမြှင့်လိုက်ခြင်းဖြစ်သည်။ ကျန်းချန်ရွှမ်အနေနှင့် စနစ်၏ ယခုလိုရက်ရောမှုမျိုးကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်ဟု ဆိုနိုင်ပါမည်။ သို့သော် အထက်ပါ ဆုလေးမျိုးကို ပြန်လည်သုံးသပ်ကြည့်သောအခါ မျက်မှောင်ကြုတ်စရာများ ပေါ်လာသည်။ ထိုဆုများကို ချီးမြှင့်ခြင်းအားဖြင့် စနစ်သည် သူ့ကို ဝိညာဉ်ဆေး ပင်စိုက်ပျိုးရေးသမား လမ်းစဉ်ကို လျှောက်လှမ်းစေလိုခြင်းများလား။ သို့သော် နောက်ဆုံးဆုဖြစ်သည့် ဝိညာဉ်တိမ်လွှာ ခရမ်းရောင်ချီမျှင်ကတော့ ပုံမှန်ဆုလာဘ်ဟု ဆိုရမည်။ ထိုရတနာသည် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အမြစ်ကို တိုးတက်စေနိုင်သလို ပုန်းလျှိုးနေသော အလားအလာကိုလည်း မြှင့်တင်ပေးသည်။
တစ်နည်းဆိုရလျှင် အဆိုပါချီမျှင်ကို အသုံးပြုပြီးပါက မူလက အဆင့် ၃ ဝိညာဉ်အဆင့်ထိသာ အမြင့်ဆုံးရောက်နိုင်သော ကျင့်ကြံသူသည် အဆင့် ၄ ၊ ၅ နှင့် ၆ အထိ ရောက်ရှိသွားနိုင်သည်။ ထိုရတနာမျိုးကို အနှစ်သာရကိုးပါး ကျင့်ကြံရေးလောကတွင် တွေ့ရှိရန် မဖြစ်နိုင်သလောက် နည်းပါးသည်။ ထို့ပြင် ဝိညာဉ်အမြစ်သည် ဂိုဏ်းတစ်ဂိုဏ်း၊ မိသားစုတစ်ခု၏ ကျင့်ကြံခြင်းအုတ်မြစ်နှင့်လည်း ဆက်စပ်နေပါသေးသည်။ ထိုအခိုက်တွင် ကျန်းချန်ရွှမ်သည် သူတို့ကျန်းမိသားစု ရှာဖွေတွေ့ရှိခဲ့သည့် အဆင့် ၃ ရေဓာတ်ဆီးသီးသစ်ပင်ကို အမှတ်ရလိုက်သည်။
“ဒီနတ်ဆိုးသားရဲအရေးပြီးရင် ငါအဲဒီကိုသွားပြီး….”
ကျန်းချန်ရွှမ်၏ အတွေးမဆုံးခင်မှာပင် ရင်းနှီးပြီးဖြစ်သည့် အော်ရာတစ်ခုကို ခံစားမိ၍ ဂူဝသို့ကြည့်လိုက်ရာ ရှန်းရူယန်ကိုတွေ့လိုက်ရသည်။ ကျန်းချန်ရွှမ်၏ ရှေ့မှောက်တွင် အဆင့် ၁ အနိမ့်စား ဝိညာဉ်ဆေးပင်များကို အစုလိုက်တွေ့လိုက်ရသောကြောင့် ရှန်းရူယန်လည်း အံ့အားသင့်သွားပြီး လှပသော မျက်နှာထက်ဝယ် နားမလည်နိုင်ခြင်း အရိပ်အငွေ့များ ထင်ဟပ်လာတော့ သည်။ ကျန်းချန်ရွှမ်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သည်လိုအချိန်အခါမျိုးတွင် ရှန်းရူယန်တစ်ယောက် သူ့ကိုတွေ့မြင်သွား၍ဖြစ်သည်။
“ဒါကဒီလိုရှိပါတယ် ရူယန်…”
ရှင်းပြမည်အပြုတွင် အဝေးတစ်နေရာမှ အလင်းတန်းနှစ်ခု ပျံသန်းလာသည်ကို နှစ်ဦးလုံး အာရုံခံမိလိုက်ကြသည်။
***