နတ်ဆိုးသားရဲကပ်ဘေးစပြီ
Vol. 14 Ch. 265
ထိုနှစ်ဦးအနက် တစ်ဦးမှာ လျူလင်းလုံဖြစ်ပြီး ကျန်တစ်ဦးသည် ဓားရှည်ကို ကျောတွင်ပိုးထားသည့် လူငယ်တစ်ဦးဖြစ်သည်။ ကျန်းချန်ရွှမ်တို့ နှစ်ဦးကိုမြင်လျှင် လျူလင်းလုံသည် ကမန်းကတန်း ဦးညွတ်အရိုအသေပေးလိုက်ပြီး
“အစ်ကိုကျန်းနဲ့အစ်မရှန်း သူက ကျောက်စိမ်းရေဓားစင်မြင့်က လီဖေး တဲ့”
ရှန်းရူယန်တစ်ယောက် ဇဝေဇဝါဖြစ်သွားသော်လည်း ကျန်းချန်ရွှမ်က သဘောပေါက်ဟန်နှင့် ခေါင်းညိတ်လိုက်သည်။
“တာအိုမိတ်ဆွေလီဖေးက တာအိုမိတ်ဆွေဟွားရဲ့ အမိန့်အရ လာရောက်ရခြင်း ဖြစ်ဟန်တူရဲ့”
“မှန်ပါတယ်၊ စီနီယာအစ်မဟွားရဲ့ ညွန်ကြားချက်အရ ဒီသိုလှောင်လက်စွပ်ကို ယူလာပေးတာပါ”
လီဖေးက ပြောပြောဆိုဆိုနှင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ကျန်းချန်ရွှမ့်လက်ထဲ အပ်လိုက် သည်။ ထို့နောက် သူကပင် ဆက်လက်ရှင်းပြသည်။
“ခင်ဗျားတောင်းဆိုထားတာ အားလုံးကို ဒီလက်စွပ်ထဲ ထည့်ပေးထားတယ်လို့ အစ်မဟွားက ပြောလိုက်ပါသေးတယ်၊ ကြည့်ကြည့်ပါဦး”
“ကောင်းပြီ”
ကျန်းချန်ရွှမ်သည် သိုလှောင်လက်စွပ်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်သည်။ ထိုအခါတွင် ကျန်းချန်ရွှမ်တစ်ယောက် အံ့အားသင့်သွားတော့သည်။ လက်စွပ်အတွင်းရှိ ရတနာပစ္စည်း အရေအတွက်သည် သူထင်ထားသည်ထက်ပင် ပိုမိုများပြားနေသည်။ အကြမ်းဖျဉ်းတွက်ချက်မှုအရ လေးပုံတစ်ပုံ ပိုမိုများပြားနေသည်ကို တွေ့ရသည်။ ထို့ပြင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အထူးအလိုရှိနေသည့် လျှပ်စီးဓာတ်နှင့် မီးဓာတ်အခြေခံ ဝိညာဉ်ရတနာများကိုလည်း တွေ့လိုက်ရ၍ ဝမ်းသာလုံးဆို့သွားတော့သည်။ ပထမတစ်ခုမှာ မိုးကြိုးရေလွှမ်းနဂါးငယ်တစ်ကောင်၏ အရိုးဖြစ်ပြီး ကျန်တစ်ခုမှာ မီးဧကရာဇ် သလင်းကျောက်ဖြစ်သည်။
ဒုတိယတစ်ခုဖြစ်သည့် မီးသလင်းကျောက်သည် ရှားပါးသည်ဟု ဆိုရမည့် အဆင့် ၃ အမြင့်ဆုံးအဆင့် မီးဓာတ်ဝိညာဉ်ရတနာတစ်ပါးဖြစ်ပြီး အဆင့် ၃ အမြင့်ဆုံးအဆင့် ဓမ္မရတနာများကို သွန်း လုပ်ရာ၌လည်းကောင်း၊ အဆင့် ၃ မီးဓာတ် အစီအရင်ကွက်များကို ဖန်တီးထူထောင်ရာ၌လည်းကောင်း အသုံးပြုနိုင်သည်။ ထိုမျှမကသေး နောက်ထပ်အသုံးချနိုင်သည့် တစ်နေရာလည်း ရှိပါသေးသည်။ ကောင်းကင်နှင့်မြေကြီးမီးလျှံအား ထိုသလင်းကျောက်ကို ကျွေးခြင်းအားဖြင့် အဆင့် မြှင့်တင်နိုင်ခြင်းပင်ဖြစ်သည်။ ကျန်းချန်ရွှမ်သည် သိုလှောင်လက်စွပ်ကို သိမ်းဆည်းလိုက်ပြီး လီဖေးအား
“တာအိုမိတ်ဆွေလီဖေးရေ စင်မြင့်ကို ပြန်ရောက်တဲ့အခါ တာအိုမိတ်ဆွေကြီးဟွားကို ကျေးဇူးတင်ကြောင်း ပြောပေးပါ။ သူပေးလိုက်တဲ့ပစ္စည်းတွေကို ကျုပ်အရမ်းကျေနပ်ပါတယ်လို့၊ နောက်ပြီး စကားမစပ်..”
ကျန်းချန်ရွှမ်သည် ခေတ္တရပ်လိုက်ပြီး လီဖေးကို အကဲခတ်လိုက်ရင်း
“ခင်ဗျားကြည့်ရတာ ခရီးပန်းလာပုံပဲ။ ကျုပ်တို့ကျန်းမိသားစုမှာ ရက်အနည်းငယ်လောက် တည်းခိုသွားပါလား၊ ကျုပ်တို့ဘက်က အစွမ်းကုန် ဧည့်ဝတ်ကျေပါ့မယ်”
သို့သော် လီဖေးက ခေါင်းခါလိုက်ပြီး
“ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပေမဲ့ ကျုပ်မှာ လုပ်စရာကိစ္စတွေ ရှိပါသေးတယ်။ နောက်များမှပဲ ဒီကိုလာရောက်လည်ပတ်ပါရစေ”
“ကောင်းပါပြီ”
ထို့နောက်တွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် လျူလင်းလုံတို့သည် လီဖေးအား ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင် နှုတ်ဆက်လိုက်ကြသည်။ လီဖေး၏ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွား သောအခါ ကျန်းချန်ရွှမ်သည် လျူလင်းလုံအား
“လင်းလုံ ဒီလက်စွပ်ထဲက ပစ္စည်းတွေကို ရန်ယီလက်ထဲအပ်လိုက်။ ဒါတွေအားလုံးကို မိသားစုဝင်အားလုံးအတွက် အဆင်ပြေသလို ခွဲဝေခိုင်းလိုက်ပါ”
ကျန်းချန်ရွှမ်သည် နဂါးအရိုးနှင့် မီးသလင်းကျောက်မှလွဲ၍ ကျန်ရတနာအားလုံးကို လျူလင်းလုံလက်ထဲ ထည့်ပေးလိုက်သည်။
“ဒါတွေက တာအိုမိတ်ဆွေဟွားက တို့ကျန်းမိသားစုကို လွှဲပြောင်းပေးပါမယ်လို့ ကတိပေးထားတဲ့ ပစ္စည်းတွေပဲ။ ခင်ဗျားနဲ့ ရန်တောက်တို့ ပစ္စည်းစာရင်းကို ကြည့်ပြီး လိုချင်တာရှိရင် ယူထားလို့ရတယ်”
“ကောင်းပါပြီ”
လျူလင်းလုံက ရိုသေစွာ ခေါင်းညိတ်ပြသည်။ ထို့နောက်တွင် သုံးဦးသား စကားအနည်းငယ် ပြောဆိုပြီးနောက် ကျန်းချန်ရွှမ်သည် ရှန်းရူယန်နှင့်အတူ ရွှမ်းမင်တောင်ထွတ်ကို ပြန်လိုက်ကြသည်။ တောင်ထွတ်တစ်နေရာတွင် ကျန်းချန်ရွှမ်သည် ဖြစ်သမျှအကြောင်းစုံကို ရှန်းရူယန်ကို ရှင်းပြလိုက်တော့သည်။ ရှန်းရူယန်သည်လည်း ခင်ပွန်းဖြစ်သူ၏ စကားကို ခေါင်းတညိတ်ညိတ်နှင့် နားထောင်ရင်း မှတ်ချက်ပြုလိုက်သည်။
“ယောကျ်ား ရှင်လုပ်တာမှန်တယ်။ အခုလို လျန်နိုင်ငံတစ်ခုလုံးရဲ့ ကံကြမ္မာနဲ့စပ်ဆိုင်နေတဲ့ အရေးမျိုးမှာ ကျွန်မတို့ဘက်က ရွေးချယ်စရာ သိပ်မရှိဘူး။ အနည်းဆုံးတော့ စင်မြင့်ဆီကနေ ဒီပစ္စည်းတွေကို ရလိုက်တာက အမြတ်ပဲ”
ထိုစဉ် ရုတ်တရက် ရှန်းရူယန်သည် တစ်စုံတစ်ခုကို တွေးမိလိုက်ပြီး စိုးရိမ်ပူပန်စွာပြောသည်။
“ဒီတစ်ခေါက် နတ်ဆိုးသားရဲတွေနဲ့ တိုက်ပွဲက အရင်ကထက် ပိုပြင်းထန်လောက်တယ်။ ကျွန်မတို့ရဲ့ ကျင့်ကြံမှုအဆင့်အရ အဆင့်၄ ရွှေအမြုတေအဆင့် နတ်ဆိုးသားရဲတစ်ကောင်နဲ့ မတွေ့ရသ၍ နှစ်ယောက်လုံး စိုးရိမ်စရာမရှိဘူး။ ကျွန်မစိတ်ပူနေတာက အစ်ကိုနဲ့ ဘိုးဘိုး ၅ တို့....”
ရှန်းရူယန်သည် စကားကို ဆုံးအောင်မပြောလိုက်သော်လည်း ကျန်းချန်ရွှမ်က နားလည်လိုက်ပါသည်။ သို့သော် သည်အရေးနှင့်ပတ်သက်ပြီး သူကိုယ်တိုင်ပင် မကြံတတ်ဖြစ်နေသည်။ အထူးသဖြင့် သူတို့စိုးရိမ်နေမိသည်မှာ ဘိုးဘိုး ၅ ရှန်းယွမ်လုံအတွက်ဖြစ်သည်။ သူတို့နှစ်ဦး ပေးအပ်ခဲ့သည့် လမင်းကြည့်သစ်သီးကြောင့် နောက်ထပ် အနှစ်ငါးဆယ်အထိ သက်တမ်းကို ဆွဲဆန့်နိုင်ခဲ့ပြီး ကံကောင်းထောင်မစွာဖြင့် နောက်ထပ်အသက်ရှည်ဆေးဝါးတစ်ပါးကို မှီဝဲခွင့်ရခဲ့သော်လည်း ရှန်းယွမ်လုံ၏သက်တမ်းမှာ အချိန်နှင့်အမျှ ကုန်ဆုံးနေသည်သာဖြစ်သည်။
ယခုတစ်ဖန် နတ်ဆိုးသားရဲများနှင့် တိုက်ခိုက်ရန် ရှေ့တန်းသို့ထွက်ရဦးမည်ဆိုပါက ရှန်းယွမ်လုံအတွက် အကျိုးဆက်မှာ မကောင်းလှပါ။ ထိုစဉ် ရှန်းရူယန်က
“ကျွန်မစဉ်းစားနေတာက နတ်ဆိုးသားရဲကပ်ဘေး ကျရောက်ဖို့ အချိန်နည်းနည်းလိုသေးတုန်းမှာ ကျွန်မတို့အတွက် အသုံးမလိုတော့တဲ့ ဓမ္မရတနာတစ်ခု၊ နှစ်ခုလောက်ကို ကျွန်မအစ်ကိုနဲ့ ဘိုးဘိုးအတွက် ရောင်းပေးနိုင်မလားလို့၊ ဒါဆိုရင် သူတို့အတွက် အသက်ရှင်ကျန်ရစ်နိုင်ချေ များလာလိမ့် မယ်ထင်တယ်”
***