ထူးခြားသောဖြစ်ရပ်များ
Vol. 1 Ch. 5
နက်မှောင်တောင် အောက်ခြေတွင် မာန်စွမ်းအင် နှိုးပွဲတော်၌ ပါဝင်ယှဉ်ပြိုင်နေကြသည့် လာစုများကို ကြည့်ရှုရန် မျိုးနွယ်စုဝင်အားလုံး ရောက်ရှိနေကြ၏။
ထိုအချိန်တွင် ရုပ်တုကြီးမှာ လေထဲမှာ လွင့်မျော တုန်ခါလာပြီး မိုးခြိမ်းသံကဲ့သို့ အသံအကျယ်ကြီး ထွက်ပေါ်လာလေသည်။ ရုတ်တရက် ထွက်လာသော အသံကြောင့် မျိုးနွယ်ဝင်များအားလုံး ခေတ္တ မှင်တက်သွားကြလေ၏။
အကြီးအကဲ၏ မျက်လုံးများ တောက်ပသွားပြီး အရှေ့သို့ တိုးလာလေသည်။ အကြီးအကဲက မာန်နတ်ဘုရားရုပ်တုအား ကြည့်မနေ။ သို့တိုင် ကောင်းကင်ထံ မျက်နှာမူထားတဲ့ သူ့အကြည့်များက ပကတိ တည်ငြိမ်လှသည်။
ထိုအချိန်ကျမှ ထူးခြားမှုကို သတိပြုမိသွားသည့် မျိုးနွယ်ဝင်အားလုံး မိုးကောင်းကင်အား မော့ကြည့်လိုက်ကြလေ၏။
၎င်းတို့ မော့ကြည့်လိုက်သည့်အခါ မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းနှင့် စုဖွဲ့လာသည့် အမည်းရောင် အငွေ့များကို မြင်တွေ့လိုက်ရသည်။ အငွေ့များသည် အရပ်မျက်နှာ အမျိုးမျိုးမှ လာရောက် ပေါင်းစပ်ပြီး ခဏလေး အတွင်း လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုအငွေ့များသည် ထက်ဝက်မျှသော မိုးကောင်းကင်နှင့် နက်မှောင်တောင် တစ်တောင်လုံးကို ဖုံးအုပ်သွားကြလေ၏။ တောင်တန်းကြီးမှာ ကြီးမားသော်လည်း ဤမြေတွင် မူမမှန်သည့် ခြင်းရာတစ်ခုခု ဖြစ်ပျက်နေပြီကို သူတို့အားလုံး မြင်နိုင်၊ အတပ်ပြောနိုင်ကြလေ၏။
တဖြည်းဖြည်း မွေ့ယမ်းလာသည့် လေပွေကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ပဲ့တင်သံများ မြည်ဟည်း သွားစေသည့် မိုးထစ်ချုန်းသံများ ထွက်ပေါ်လာလေတော့၏။ လျှပ်ပန်းလျှပ်နွယ်များ ဟိုဒီ ကူးလူးနေပြီး လေပွေကြားမှာပင် တလက်လက် လင်းလက်နေသော လျှပ်စီးကြောင်းများကို မြင်တွေ့နေရ၏။
"ငါတို့ရဲ့ မာန်ဘိုးဘေးတွေ ပြန်လာတာများလား" နက်မှောင်တောင် မျိုးနွယ်ဝင် တစ်ယောက်က ထအော်လိုက်သည်။ ဒူးထောက်လိုက်သည့် အားလုံး၏ မျက်လုံးတွေထဲတွင် ရိုသေကျိုးနွံမှုများနှင့် ကြောက်ရွံ့ ထိတ်လန့်မှုများ ပြည့်နှက်၍ နေသည်။ ၎င်းတို့အားလုံး ကောင်းကင်ထံ မျက်နှာမူပြီး ပူဇော်လိုက်ကြသည်။
အကြီးအကဲနှင့် မျိုးနွယ်စု ခေါင်းဆောင်များသာ ဒူးမထောက်ဘဲ မတ်တပ်ရပ်လျက် ကျန်နေတော့သည်။ အကြီးအကဲ၏ ဘေးမှ မျိုးနွယ်စု ခေါင်းဆောင်များက အသင့် အနေအထားနှင့် ရှိနေကြ၏။
လေပွေ၏ အရှိန်မှာ ပို၍ မြန်ဆန်ကြီးထွားလာသည်။ ခဏအကြာ လေမုန်တိုင်းသည် မြေပြင်ကို တိုက်ခတ်လာ၏။ နက်မှောင်တောင် အနီးတဝိုက်ရှိ အရပ်ဒေသအားလုံးတွင်လည်း ၎င်းမုန်တိုင်းဒဏ်ကို ထပ်တူခံစားနေကြရ၏။
လွင့်မျောနေသည့် ရုပ်တုမှာ လေပွေကြောင့် ဖြစ်ပေါ်နေသည့် လေဖိအားဒဏ်ကို မခံနိုင်ဘဲ ပြင်းထန်စွာ လှုပ်ယမ်းနေသည်။ နက်မှောင်တောင်၏ အခြားဘက်ခြမ်းတွင် ၎င်းတို့မျိုးနွယ်စုနှင့် အင်အား အတူတူခန့်ရှိမည့် မျိုးနွယ်တစ်စု နေထိုင်သည်။ ထိုမျိုးနွယ်စုမှာ မဟူရာတောင် မျိုးနွယ်စု ဖြစ်သည်။ ထိုမျိုးနွယ်ဝင်များသည်လည်း အမြင့်ပေ (၁၀၀) ခန့်ရှိ လေထုထဲတွင် ၎င်းတို့၏မာန်နတ်ဘုရားရုပ်တု မြောက်တက်နေသည်ကို အံ့ဩတကြီးနှင့် မှင်တက်ကာ ကြည့်နေကြ၏။
ရုပ်တုမှာ ပကတိ အနက်ရောင်ဖြစ်ပြီး လူနှင့် နည်းနည်းမှ မတူပေ။ ထိုအစား တောက်တဲ့ အကြီးစား တစ်ကောင်နှင့်သာ တူပြီး ပြုတ်ကျတော့မလို သွက်သွက်ခါ လှုပ်ယမ်းနေ၏။ ၎င်းရုပ်တုအောက်တွင် အနက်ရောင် လက်ရှည် ချည်ထည်ကြမ်းနှင့် ပိန်ပိန်ပါးပါး အဘိုးအို တစ်ယောက် ရှိနေသည်။ သူ့အကြည့်များက နက်ရှိုင်းလွန်း၍ အဘိုးအိုတယောက် ဘာတွေးနေသည်ကို မည်သူမျှ မခန့်မှန်းနိုင်ဘဲ ရှိနေသည်။
နက်မှောင်တောင် အနီးတစ်ဝိုက်ရှိ မျိုးနွယ်စုအားလုံးတွင် သာမက အလွန်လှမ်းလှသော အရပ်ဒေသမှ မျိုးနွယ်စုများအထိပင် ယခုလို အဖြစ်အပျက်မျိုး ဖြစ်ပျက်နေခြင်း ဖြစ်သည်။
ဘာတွေ ဖြစ်နေတာလဲ။ လေပွေက ဘယ်ကဘယ်လို ရောက်လာတာလဲ ဆိုသည်ကို အကြီးအကဲပင် မသိဘဲ ရှိနေသည်။ သူပူဇော်ရမည့် မာန်နတ်ဘုရား ရုပ်တုထဲ ရောက်နေသည့် စုမင်ကိုပင် ဂရုမစိုက်နိုင်အားတော့။
နက်မှောင်တောင် နယ်မြေ ပိုင်နက်ထဲရှိ မာန်နတ်ဘုရား ရုပ်တုထံမှ အလင်းရောင် ဖျဖျ ထွက်ပေါ်လာပြီး သူတို့အားလုံးအပေါ် ဖြာကျလာလေသည်။ များမကြာခင် တစ်နယ်မြေလုံး ထိုအလင်းရောင်ကြောင့် ထိန်ထိန်ညီး သွားလေသည်။ ထို့နောက် စုမင်မှာ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။ သူပူဇော်ရမည့် ရုပ်တုသည် အိပ်ပျော်ရာမှ လန့်နိုးလာသလို လှုပ်ခါလာ၏။ ရုပ်တုကို ကြည့်ရသည်မှာ ခံစားလှုပ်ရှားနိုင်သည့် ရုပ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားသလိုမျိုးပင်။
ဖြာကျနေသည့် အလင်းရောင်များ အလယ်တွင် ရုပ်တုမှာ အလင်းရောင်ကို သည်းမခံနိုင်သည့် ပုံစံမျိုးနှင့် ကြောက်မက်ဖွယ် ကောင်းလောက်အောင် ဒေါသတကြီး လှုပ်ယမ်းနေသည်။
ရုပ်တုကို လူတစ်ပိုင်း သားရဲတစ်ပိုင်းပုံစံမျိုး ထုလုပ်ထားခြင်း ဖြစ်သည်။ ၎င်း၏ ဘယ်လက်တွင် ကြီးမားလှသည့် နဂါးကြီးတစ်ကောင်ကို ချီထားပြီး တစ်ခြားတစ်ဖက်တွင် ခက်ရင်းခွ တစ်ချောင်းကို ကိုင်ဆောင် ထားလေသည်။ ရုပ်ထုကြီး လှုပ်ယမ်းလာသည်ကို မြင်လိုက်ရ၍ မကြာခင်က သတ္တိသွေး အပြည့်တင်ထားသည့် စုမင်၏စိတ်တ်မှာ အကြောက်တရားများအဖြစ် ပြောင်းလဲသွားလေတော့သည်။ စုမင်သည်လည်း အိပ်မက် မက်နေတာလားဟု ထင်မြင်ရင်း ကြောင်နေမိသည်။
စုမင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပေ။ ဘာတွေဖြစ်နေလဲ၊ ဘာလုပ်ရမလဲ လုံးဝ မသိတော့။ သူ ဒီအတိုင်းပဲ ကြောင်တောင်တောင်နှင့် သတိလက်လွတ်ရပ်နေမိသည်။
သူ့တစ်ကိုယ်လုံးအား လည်ပင်းတွင် ဆွဲထားသည့် ကျောက်နက်ထံမှ ဖြာထွက်နေသည့် အလင်းရောင်က လွှမ်းခြုံထားသည်။ စုမင်ပုံစံက သူ့ကိုယ်သူနှင့် အနီးနားရှိ လေဟာပြင်ကို ပေါင်းစည်း ဆက်စပ်ရန် ကြိုးစားနေသည့် အလားပင်။ အလင်းရောင်များ ပိုမိုတောက်ပလာသည်နှင့်အမျှ ရုပ်တုထံမှ ထွက်ပေါ်နေသော အလင်းကို ကျောက်နက်ကလေးထံမှ ထွက်ပေါ်လာသော ရောင်ခြည်က ဝါးမျို သွားလေတော့သည်။
ခေါင်းတစ်ခုလုံး ကွဲထွက်တော့မတတ် စုမင် ခံစား နေရသည်။ မမြင်ရသည့် အင်အားတစ်ခုက တားမြစ်ထားသည့် စည်းကလနားတခုကို ချိုးဖောက် ဖျက်ဆီး လိုက်သလိုမျိုး စုမင် တစ်ကိုယ်လုံး တုန်ယင် နေပြီး သူ့ခေါင်းထဲတွင်လည်း ထူးဆန်းသော ပုံရိပ်များ ဖြစ်ပေါ်လာလေတော့၏။
လွင်ပြင်ကျယ်ကြီး တစ်ခု ... ။ စုမင် လေထဲမှ အောက်သို့ ငုံ့ကြည့်လိုက်သည်။ မြေပြင်ပေါ်တွင် တစ်ရာမှ တစ်ထောင် ... တစ်ထောင်မှ တစ်သောင်းရှိသည့် လူအုပ်ကြီး တဖြည်းဖြည်း များပြားလာသည်ကို တွေ့လိုက်ရ၏။ လူအုပ်ကြီးမှာ မျက်စိတစ်ဆုံး ရှည်လျားလွန်းလှရာ အဆုံးသတ် မရှိတော့ဟုပင် ထင်မြင်ရလေသည်။
"ဒါ ဘယ် ... နေရာလဲ"
စုမင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ မြင်နေရတဲ့ မြင်ကွင်းကြောင့် သူ့မှာ ထိတ်လန့်နေပြီး အတွေးပင် ဖြောင့်ဖြောင့် မတွေးနိုင်ရှာလောက်အောင် ခေါင်းတခုလုံး ရှုပ်ထွေးနေလေ၏။
လူအုပ်ကြီးသည် တစ်ဖက်တစ်ချက်စီတွင် နေရာယူထား၏။ အားလုံးက မြေပေါ်တွင် ဒူးထောက်နေပြီး မိုးကောင်းကင်ကို ပူဇော်ကိုးကွယ်နေသလို လက်တွေကို မြှောက်ထားကြ၏။ နားထောင်သူတိုင်း၏ ဝိညာဉ်ကို ထိခတ်လှုပ်ရှားစေပြီး တက်ကြွစေသည့် ဗုံသံတခု လေထုထဲတွင် ပျံ့လွင့်လာလေသည်။
စုမင်၏ ဘေးပတ်ပတ်လည်တွင် မာန်နတ်ဘုရားရုပ်ထုများ ရာနှင့်ချီ ရှိနေ၏။ ရုပ်ထုအားလုံးမှာ သူ့ပုံစံနှင့်သူ ထူးခြားထင်ရှားနေကြပြီး ရှေးဟောင်းခေတ်ကာလ၏ အရိုင်းဆန် ကြမ်းကြုတ်သော စရိုက် လက္ခဏာများ အပြည့်အဝ ပိုင်ဆိုင်ထားကြလေသည်။ ရုပ်ထုအားလုံး၏ ကိုယ်ခန္ဓာမှာ တကယ့် အသက်ရှိသူ တစ်ယောက်ပမာ လူ့အသွေးအသားများနှင့် ဖွဲ့စည်းတည်ဆောက်ထားလေ၏။
၎င်းရုပ်ထုအားလုံးသည်လည်း ဒူးတစ်ဖက်ထောက်၍ လက်နှစ်ဖက် မြှောက်ထားပြီး မိုးကောင်းကင်အား ပူဇော်ကိုးကွယ်သည့် အနေအထားနှင့် ရှိနေပြန်သည်။
စုမင် ခေါင်းမော့ပြီး ကြည့်လိုက်သည့်အခါ ...
ကောင်းကင်၏ အမြင့်ဆုံး နေရာတွင် လူသား ဖြစ်တည်မှု၏ အထွတ်အထိပ် ရောက်နေကြသူများဟု တင်စားဖော်ပြရမည့် လူနှစ်ယောက် ရှိနေသည်။ စုမင်မှာ ထိုသူနှစ်ဦး၏ မျက်နှာများကို အသေအချာ မမြင်ရပေ။ သို့တိုင် တစ်ချက်ကလေး ကြည့်မိရုံနှင့် ကောင်းကင်ဘုံ၏ ကျက်သရေဆောင် ပုဂ္ဂိုလ်ထူးများကို မြင်တွေ့ခွင့် ရနေမှန်း စုမင် တွေးမိလိုက်သည်။ ထိုအခါ စုမင်မှာ သူတို့ ခြေဖဝါးအောက်မှ ပုရွက်ဆိတ်တစ်ကောင်သာသာ ခံစားနေရတော့သည်။
တကယ့် နတ်ဘုရား အစစ်တွေ ...
တစ်ယောက်မှာ ရှည်လျားလှသည့် ခရမ်းရောင် ဆံနွယ်စများနှင့် ဖြစ်သည်။ ထိုလူက ညာလက်တော်ကို မြှောက်ပြီး ကောင်းကင်ထံ ဝှေ့ယမ်းလိုက်၏။ ရုတ်တရက် လောကတခွင် ပြောင်းလဲသွားလေသည်။ တစ်ခဏလေးအတွင်း နေ့သည် ညဖြစ်သွားပြီး ကောင်းကင်ပြင်တွင် တလက်လက် တောက်ပနေသည့် ကြယ်မှုန်လေးများ ပေါ်ပေါက်လာလေ၏။ ထိုပုဂ္ဂိုလ်၏ လက်တော်ဝှေ့ယမ်းမှုကြောင့် ကြယ်မှုန်လေးများသည် မမြင်ရသည့် အင်အားတစ်ခု၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသလို ကောင်းကင်က ကြွေကျလာကြလေသည်။ ကြယ်မှုန်လေးများသည် ခရမ်းရောင် ဆံနွယ်ရှင်ဘေးတွင် စုစည်းသွားကြပြီး ကြယ်မှုန် မြစ်တစ်စင်း ဖြစ်ပေါ်သွားလေတော့၏။
ထိုပုဂ္ဂိုလ်ကပင် တစ်နေရာကို သူ့ညာလက်တော်နဲ့ ညွှန်လိုက်ပြန်သည်။ ထိုအခါ ကြယ်မှုန်လေးများမှာ ကြောက်ခမန်းလိလိ လေပြင်းမုန်တိုင်း တစ်ခုကဲ့သို့ အသွင်မျိုးဖြင့် ၎င်းတို့၏ရန်သူထံ ပြေးဝင်သွားကြတော့သည်။ ကောင်းကင်ပြိုတယ်ဆိုတာ ယခုလို မြင်ကွင်းမျိုး ဖြစ်လိမ့်မည်။ မိုးကောင်းကင် တစ်ခုလုံးရဲ့ စွမ်းအားသည် လူတစ်ယောက်ထဲ၏ စေစားမှုအတိုင်း လှုပ်ရှားသက်ဝင်နေလေ၏။
ခရမ်းရောင် ဆံနွယ်ရှင်သည် မုန်တိုင်းအတွင်း၌ ရုတ်ချည်းဆိုသလို မျက်လွှာချလိုက်ပြီး လူအုပ်ထံ အကြည့် ရောက်လာ၏။ ထိုအခါ စုမင်နှင့် အကြည့်ချင်း ဆုံသွားလေသည်။
စုမင်မှာ သူ့အသိဉာဏ်များ ထိုးစစ်ဆင်ခံလိုက်ရသလို ခံစားသွားရသည်။ စုမင်မှာ အင်အား တစ်ခု၏ တွန်းထုတ်ခြင်းကြောင့် ပုံရိပ်ယောင် ကမ္ဘာထဲမှ လွင့်ထွက်သွားလေတော့သည်။
စုမင် တုန်ယင်နေ၏။ သူ့ရှေ့တွင် ပိန်းပိတ်အောင် မှောင်လွန်းလှသော အမှောင်ထုမှ လွဲပြီး တခြားမရှိပေ။ ခဏအကြာ မူးဝေဝေ ဖြစ်နေရာမှ သတိဝင်လာသည်။ စုမင်ကြည့်လိုက်ရာ သူ ယခုတိုင် မာန်နတ်ဘုရား ရုပ်တုထဲမှာ ရှိနေတုန်းကို တွေ့လိုက်ရသည်။ သူ့ဘေးနားတွင်လည်း မည်သည့် အလင်းရောင်မျှ ရှိမနေ။ အားလုံးက သူ့စိတ်ထဲမှ ထင်ယောင်ထင်မှား ပုံရိပ်ယောင်တွေပဲလား။
အသက်ကို လုရှူနေရသည့် စုမင် တစ်ကိုယ်လုံး ချွေးများနှင့် ရွှဲရွှဲနစ်နေသည်။ ရင်ဘတ်တွင် ဆွဲထားသည့် ကျောက်တုံးကို စုမင် ငုံ့ကြည့်လိုက်၏။ နက်မှောင်ပြီး မသိမသာလေး အနွေးဓာတ် ထုတ်လွှတ် ပေးနေသည်မှလွဲ၍ တခြားထူးထူးခြားခြား ဘာမှ မရှိပေ။
"ဘယ်လို ပုံရိပ်တွေလဲ ... ဒါမှမဟုတ် ရုပ်တုရဲ့ မှတ်ဉာဏ်လား... အခု ဖြစ်နေတာ စာလိပ်ထဲမှာ ရေးထားတဲ့အတိုင်း တသွေမတိမ်းပဲ။ ကြယ်တွေနဲ့ ကောင်းကင်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ဆိုတာ အဲဒါပဲ ... "
ခဏနေမှ စုမင်မှာ အလန့်ပြေတော့သည်။ သူ့အကြည့်တွင် မရေရာမှုများနှင့် ပြည့်နှက်နေပြီး သူ့အတွေးများက ရှုပ်ယှက်ခတ်နေသည်။ ထို့နောက် သူ မတ်တပ်ထရပ်ပြီး ရုပ်တုအား နောက်တစ်ခါ အရိုအသေပေးကာ ထွက်ခွာရန် ပြင်လိုက်လေသည်။
စုမင် ဦးညွတ် အရိုအသေ ပေးလိုက်သည်နှင့် အက်ကွဲသံတစ်သံကို ကြားလိုက်ရ၏။ စုမင်၏ ခါးကိုင်းလေ ရုပ်တု၏ မျက်နှာပြင်ပေါ်မှ အက်ကွဲကြောင်းက ပိုမို ကြီးလာလေ ဖြစ်သည်။
ရုပ်တုမှာ စုမင်၏ အရိုအသေပေးမှုကို မခံယူရဲသည့်အလားပင်။ စုမင်သာ ဆက်ပြီး အရိုအသေ ပေးနေမည်၊ ပူဇော်နေဦးမည်ဆိုလျှင် ရုပ်တုမှာ ကွဲထွက်သွားတော့မည့်ပုံ ရှိသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း စုမင် အသက်ပြင်းပြင်းရှူလိုက်၏။ သူ အတွေးမမှားပေ။ သူမြင်နေရသည်မှာလည်း ထင်ယောင်ထင်မှား ပုံရိပ်ယောင် တစ်ခု မဟုတ်ပေ။
ရုပ်တု အက်ကွဲနေသည့် အချိန်တွင် စုမင်အာရုံထဲ အသံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ ၎င်းအသံစီစီလေးများက စုမင်၏ မျက်လုံးအစုံကို ဝမ်းသာပီတိမှုတို့နှင့် တလက်လက် တောက်ပသွားစေသည်။ သူအမြဲ မျှော်လင့်နေခဲ့ရသည့် အသံ။ သွေးကြော ကျောက်သား အဆင့်ကို ရောက်ရှိနိုင်မည့် မာန် ပညာရပ် ကျင့်ကြံခြင်း နည်းလမ်းတို့ ပါဝင်နေသည့် အသံများ ...။
ကျင့်ကြံခြင်း အတတ်အား စကားလုံးများမှတစ်ဆင့် သင်ယူဖို့ ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ တစ်ခု တည်းသော နည်းလမ်းမှာ နတ်ဘုရားရုပ်တုထံမှ တိုက်ရိုက် ဆက်ခံ ရယူခြင်း ဖြစ်သည်။ မာန် နတ်ဘုရား ရုပ်တုသည် မျိုးနွယ်စု၏ သေရေး ရှင်ရေးနှင့် ဆက်စပ်နေသောကြောင့် မျိုးနွယ်စုများအတွက် အလွန်တရာ အရေးပါသော ရုပ်ထုများလည်း ဖြစ်ကြသည်။
အသံများ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားချိန်တွင် ရုပ်တုထဲ ရှိနေသော စုမင်မှာ ပျောက်ကွယ်သွားပြီး နက်မှောင်တောင် မျိုးနွယ်စု အလယ်တွင် ပြန်ပေါ်လာတော့သည်။ သူပြန်ပေါ်လာသည့်အခါ ကောင်းကင်ကို မော့ကြည့်နေသည့် အကြီးအကဲနှင့် မျိုးနွယ်ဝင်များကို တွေ့လိုက်ရသည်။ စုမင်ရင်တွေ တအား ခုန်လာပြီး အထက်ကို မော့ကြည့် လိုက်၏။
လေပွေသည် ဝဲကတော့တစ်ခုလို မွေ့ယမ်း နေပြီး ထစ်ချုန်းသံကိုလည်း သဲ့သဲ့ ပြုနေဆဲ။
"စုမင် အနားကိုလာခဲ့"
စုမင်သည် ခပ်လှမ်းလှမ်းက ခေါ်လိုက်သည့် အကြီးအကဲ၏အသံကို ကြားလိုက်ရသည်။ စုမင် ကြောက်နေမိသည်။ လေထုထဲမှ မူမမှန်ဖြစ်အင်များကို စုမင် ခံစားမိပြီး ၎င်းဖြစ်အင်များသည် သူ့လည်ပင်းမှ ကျောက်ကလေးနှင့် တစ်နည်းနည်း သက်ဆိုင်နေမှန်း သိနေ၍ ဖြစ်သည်။ သို့သော် သူက ဘာမှမပြောဘဲ အကြီးအကဲအနားသို့ တုန်ရီခြောက်ခြားစွာဖြင့် လျှောက်သွားလိုက်ပြီး အနောက်တွင် ရပ်လိုက်လေ၏။
များမကြာမီ မိုးပေါ်ကမြင်ကွင်းမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ပုံမှန်အနေအထားအတိုင်း ပြန်ဖြစ်သွားသည်။ စုမင်အလှည့်တွင် ရုပ်တုထံမှ အလင်း မဖြာထွက်သောကြောင့် မည်သူမျှ အောင်မြင်သည်၊ ကျရှုံးသည်ကို လာမမေးကြပေ။ ရုပ်ထုထံမှ အလင်းမထွက်ခြင်းသည် ကျရှုံးခြင်း၏ အဓိပ္ပာယ်ပင် မဟုတ်လော။
ကောင်းကင်ကြီး အခြေအနေ ပြန်ကောင်းသွားသည်နှင့် ကျန်လာစုအကုန်လုံး ရုပ်တုထဲ ထပ်ဝင်ကြရသည်။ အားလုံးပြီးဆုံးသွားသည့်အခါ ယနေ့၏ စွမ်းအင်နှိုးခြင်း အခမ်းအနားတွင် အသက် (၁၆) နှစ်အရွယ်နှင့် မာန်ကိုယ်ခန္ဓာ ပိုင်ဆိုင်သူ ကလေး နှစ်ယောက် ထွက်လာလေသည်။
မျိုးနွယ်စု၏ အရေးကြီးဆုံး မျိုးနွယ်ဝင်များ ဖြစ်လာကြမည့် ကလေးနှစ်ယောက်အား အကြီးအကဲများက ခြံရံလျက် ခေါ်ဆောင်သွားလေ၏။ ကလေးနှစ်ယောက်မှာ မာန်ပညာရပ်အား ကျင့်ကြံသည့် လမ်းခရီးတွင် တွေ့ကြုံရမည့် အဖြစ်အပျက် အမျိုးမျိုးအကြောင်းကို လေ့လာသင်ယူရမည် ဖြစ်သည်။
တစ်ခြား လာစုများသည်လည်း စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားကြလေသည်။ စုမင်လည်း ခပ်မဆိတ်ပဲ ပြန်လာခဲ့လေ၏။ သို့တိုင် သူ့နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်နေသည်။ စုမင် အကြီးအကဲကို အကြောင်းစုံ ပြောပြလိုက်ချင်သည်။ သို့သော် ယခုကိစ္စသည် အလေးအနက်ထား ဆွေးနွေးရမည့် ကိစ္စကြီးတစ်ခု ဖြစ်နေမှန်း သူ့စိတ်ထဲမှ သိနေသည်။ အထူးသဖြင့် ယခုသူကြုံတွေ့ခဲ့ရသည့် ရုပ်တုပင် အက်ကွဲခဲ့ရသည့် အတွက်ကြောင့် ဖြစ်သည်။
ထိုအကြောင်းများကို တွေးရင်း စုမင် အိမ်ထဲဝင်လာသည်။
အကြီးအကဲသည် စုမင်၏ နောက်ကျောအား ဝေခွဲမရဟန်နှင့် ခပ်ဝေးဝေးက ကြည့်နေလေသည်။
စုမင် အိမ်ထဲ မြန်မြန်ဝင်လာပြီး သူ့ရဲ့ သစ်သား အိပ်ရာပေါ် ထိုင်ချလိုက်၏။ မျက်နှာပြင် မညီညာသည့် အနက်ရောင်ကျောက်တုံးလေးကို သူ ဇဝေဇဝါ ကြည့်လိုက်သည်။ ခဏအကြာ သူ လည်ဆွဲကို ချွတ်မလို လုပ်လိုက်၏။ သို့သော် စုမင် ခဏ ရပ်တန့်လိုက်သည်။ တယောက်ယောက် ဝင်လာလျှင် ချက်ချင်းသိနိုင်ရန် ကုတင်ပေါ်မှ ထသွားပြီး တံခါးကို သစ်သား ဘားတန်းနဲ့ ကန့်လန့် ထိုးပိတ်လိုက်သည်။
ပြီးမှ ပြန်ထိုင်ပြီး ကျောက်တုံးလေးကို လက်ထဲ ထည့်ကာ စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။
"တကယ်ပဲ ဒါက ဘာကျောက်တုံးလဲ ... ရှောင်ဟုန် တွေ့လာတာ ဆိုတော့ ... ဖြစ်နိုင်တာက လေပြင်းတော့ သစ်ရွက်ကြွေတွေ လွင့်သွားပြီး ကျောက်တုံးလေးကို တွေ့လာတာ ဖြစ်မယ်။ ဒါနဲ့ ရှောင်ဟုန်က ကောက်လာတာပဲ ဖြစ်မယ်"
စုမင် ရင်တခုလုံး တဒိန်းဒိန်း လှုပ်ယမ်းသွားလေ၏။ သူ့လက်ထဲ အဖိုးတန် ရတနာလေးတစ်ခု ရထားသလို တွေးမိသွားလေသည်။
"မာန် နတ်ရုပ်တုတောင် ဒါလေးရဲ့ ရှေ့မှာ အက်ကွဲရတယ် ... ရှောင်ဟုန် ဒါကို ဘယ်က ရလာတာပါလိမ့် ... အဲမှာ ဒါမျိုးတွေ ထပ်ရှိဦးမလားမသိဘူး"
စုမင် နှုတ်ခမ်းကို သပ်လိုက်၏။ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာသည်။
"ငါ့မှာ မာန် ကိုယ်ခန္ဓာ မရှိလို့ နည်းလမ်းတွေကို ဆက်ခံခွင့် မရှိခဲ့ပေမဲ့ ဒါလေးက ငါ့ကို ဖြစ်မြောက်အောင် လုပ်ပေးခဲ့တာပဲ "
စုမင်က စိတ်လှုပ်ရှားနေသည်ကို ခဏထိန်းလိုက်ပြီး စွမ်းအားရှိသမျှ ကျောက်တုံးကို အာရုံစိုက် ကြည့်လိုက်လေသည်
အချိန်သာ ကုန်လွန်သွားပြီး စုမင် ပင်ပန်းလာသည်။ ကျောက်တုံးကို လက်တွင် ကိုင်ထားရင်း သူအိပ်ပျော် သွားလေ၏။
ထိုအခါ ကျောက်တုံးဆီမှ ခပ်ဖျဖျ အလင်းရောင်လေး ထပ်မံ လင်းလက် လာပြန်တော့သည်။
*****