ရှေးဟောင်းမူလမြို့သို့ ထွက်ခွာခြင်း (၂)
Vol. 14 Ch. 268
ဟွားမန်ရုံနှင့် လီဖေးတို့လည်း လိုက်ပါမည်ဟု သိရသည်။။ ကျန်းမိသားစုနှင့် ပိုင်မိသားစုတို့သည် လျန်နိုင်ငံကျင့်ကြံရေးလောကရှိ ကျီဖုအဆင့်မိသားစုများအနက် ထိပ်သီးမိသားစုများဟုသတ်မှတ်နိုင်ပါသည်။ မိသားစုနှစ်ခုလုံးတွင် ကျီဖုအဆင့် ကျင့်ကြံသူနှစ်ဦးအထက် ရှိကြသည်။ အထူးသဖြင့် ပိုင်မိသားစုဖြစ်သည်။ ထိုမိသားစု၏ ဘိုးဘေးဖြစ်သူ ပိုင်မင်ရှန်းသည် လွန်ခဲ့သည့် နှစ်တစ်ရာကတည်းက ကျီဖုနယ်ပယ် နဝမအဆင့်ကို ရောက်ရှိနေသူဖြစ်ရာ လက်ရှိအချိန်တွင် မည်သည့်နယ်ပယ်အဆင့်ကို ရောက်ရှိနေမှန်း သိရှိရန်မလွယ်တော့ချေ။ ပိုင်မိသားစုတွင် ပိုင်မင်ရှန်းအပြင် နောက်ထပ် ပါရမီရှင်တစ်ဦးလည်း ရှိနေပါသေးသည်။
ထိုသူမှာ ကျောက်စိမ်းရေဓားစင်မြင့်က ကြီးမှုးကျင်းပသော ရတနာဖလှယ်ပွဲကို ကျန်းချန်ရွှမ်တို့ တက်ရောက်ခဲ့စဉ်က မြင်ဖူးခဲ့သည့် ပိုင်ယွမ်ချန်းဆိုသူ ဆံပင်အဖြူရောင်နှင့် လူငယ်ဖြစ်သည်။ ထိုအချိန်က သူ၏ကျင့်ကြံမှုအဆင့်မှာ ကျီဖုသတ္တမအဆင့်ရှိပြီး နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက်တွင် ပိုင်ယွမ်ချန်း၏ ကျင့်ကြံမှုအဆင့်သည် ရှေးကထက် များစွာတိုးတက်လာမည်မှာ သေချာပါသည်။ ဟွားမန်ရုံနှင့် လီဖေးတို့လို ကျီဖုနှောင်းပိုင်းအဆင့် နှစ်ဦးကိုပါ ထည့်ပေါင်းလိုက်လျှင် သူ တို့အဖွဲ့တွင် ကျီဖုနှောင်းပိုင်းအဆင့် ကျင့်ကြံသူခြောက်ဦးအထိ ရှိလာမည်ဖြစ်သည်။ ခြောက်ဦးစလုံး၏ တာဝန်မှာ ရှေးဟောင်းမူလမြို့ကို စောင့်ကြပ်ရန်ဖြစ်သည်။
ကျင့်ကြံရေးလောကတွင် ကျီဖုနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများ၏ အဆင့်အတန်းမှာ အတော်ပင်မြင့်မားသည်ဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် ခံတပ်မြို့တစ်ခုဖြစ်သည့် ရှေးဟောင်းမူလမြို့ကို ကာကွယ်ရန် ကျီဖုနှောင်းပိုင်းအဆင့် ခြောက်ဦးကို တာဝန်ပေးခြင်းမှာ မေးခွန်းထုတ်စရာကောင်းနေသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း အကြံအိုက်ဟန်နှင့် တစ်ဦးမျက်နှာတစ်ဦး ကြည့်မိလိုက်ကြသည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်သည် ရရှိလာသောအမိန့်ကို ကျန်းမိသားစုဝင်အားလုံးကို မခြွင်းမချန်ပြောပြလိုက်သည်။ သူမျှော်လင့်ထားသည့်အတိုင်းပင် ကျန်းမျိုးနွယ်စုဝင် အကြီးအကဲအားလုံး အကြီးအကျယ် အံ့အားသင့်ကုန်ကြသည်။ ကျန်းရန်ယီက မနေနိုင် တော့ဘဲ
“စီနီယာဦးလေးခင်ဗျား ရှေးဟောင်းမူလမြို့ကို ကာကွယ်ဖို့ ကျီဖုနှောင်းပိုင်း ခြောက်ဦးတောင် ဆင့်ခေါ်ထားတယ်ဆိုတော့ အဲဒီမြို့က ထူးခြားတာတစ်ခုခုရှိလို့လား။ ဒါမှမဟုတ် မဟာဗျူဟာအရ အရေးပါနေလို့လား”
ကျန်းချန်ရွှမ်က ခေါင်းခါလိုက်ပြီး
“လောလောဆယ်တော့ ဘာကိုမှမပြောနိုင်သေးဘူး။ အဲဒီကိုရောက်မှပဲ အသေးစိတ်သိရလိမ့်မယ်၊ ကဲ အခု အဲဒီမြို့ကို ဘယ်သူတွေလိုက်မယ်၊ ဘယ်သူတွေက မိသားစုကို စောင့်ရှောက်ဖို့ နေရစ်ခဲ့ရမယ်ဆိုတာကို ဆုံးဖြတ်ချိန်တန်ပြီ”
ကျန်းချန်ရွှမ်၏ စကားဆုံးလျှင် ကျန်းမိသားစုဝင် အတော်များများ ရှေ့ထွက်လာကြပြီး ကျန်းချန်ရွှမ်နှင့်အတူ ရှေးဟောင်းမူလမြို့သို့ လိုက်ပါမည်ဟု စာရင်းပေးကြသည်။ ထိုလူစုတွင် ကျန်းရန်တောက်၊ ကျန်းရန်ယီ၊ လျူလင်းလုံတို့လည်းပါဝင်သည်။ ကျန်းချန်ရွှမ်သည် လူအုပ်ကို အကဲခတ်လိုက်ပြီးနောက် လူအတော်များများကို လက်ဖြင့်ညွှန်လျက် ရွေးထုတ်လိုက်သည်။ ထိုသူများသည် နောက်တန်းတွင်နေရစ်ခဲ့ပြီး မိသားစုကို စောင့်ရှောက်ရမည်ဖြစ်သည်။ အများစုမှာ အခြေခံတည်ဆောက်ခြင်းနယ်ပယ်ကို တက်လှမ်းပြီးစ လူငယ်ကျင့်ကြံသူများဖြစ်သည်။ ကျန်လူများမှာ တိုက်ခိုက်ခြင်းတွင် မကျွမ်းကျင်ဘဲ ဆေးပြား၊ လက်နက်များ ဖန်တီးပြုလုပ်ရာတွင် အားသန်သူများဖြစ်ကြသည်။
ကျန်းချန်ရွှမ်က လျူလင်းလုံကို စိုက်ကြည့်လိုက်ပြီး
“လင်းလုံ ခင်ဗျားလည်း ဒီမှာပဲနေခဲ့လို့ရတယ်။ မိသားစုကို သေသေချာချာ ကြီးကြပ်ပေးပါ”
ထိုအခါ လျူလင်းလုံ၏ မျက်နှာမှာ တစ်မျိုးပြောင်းသွားပြီး တစ်ခုခုပြောရန်ပြင်သည်။ သို့သော် ကျန်းချန်ရွှမ်က ပြောခွင့်မပေးဘဲ
“ကျုပ်ဆုံးဖြတ်ပြီးပြီ။ ခင်ဗျားကိုပေးတဲ့ တာဝန်ကလည်း ကျုပ်တို့တာဝန်ထက် နိမ့်ကျခြင်းမရှိပါဘူး။ ကျုပ်တို့မရှိတုန်းမှာ ဒီမိသားစု ဘေးကင်းဖို့နဲ့ ပုံမှန်လည်ပတ်နိုင်ဖို့က ခင်ဗျားတစ်ယောက်တည်းအပေါ် မူတည်တယ်။ ကျုပ်ကို စိတ်ပျက်အောင်မလုပ်ဖို့ မျှော်လင့်ပါတယ်”
ကျန်းချန်ရွှမ်အနေနှင့် ထိုဆုံးဖြတ်ချက်ကို ဂရုတစိုက် စဉ်းစားတွက်ချက်ပြီးမှ ချမှတ်ခဲ့ခြင်းဖြစ်ပါသည်။ ကျန်းမိသားစုကိုယ်စား ရှေ့တန်းသို့ သွားရောက်ရမည့် လူစာရင်းတွင် သူနှင့် ရှန်းရူယန်တို့ မဖြစ်မနေပါဝင်ရပါမည်။ ထို့ပြင် ကျန်းရန်တောက်နှင့် လျူလင်းလုံတို့ နှစ်ဦးအနက် တစ်ဦးလိုက်ပါရန်လည်း လိုပါမည်။ ဤနေရာတွင် ကျန်းရန်တောက်သည် တိုက်ခိုက်ရေးတွင် ထူးချွန်သော်လည်း စီမံအုပ်ချုပ်ရေးတွင် ညံ့ဖျင်းသည်။ ထို့ကြောင့် သူ့ကို နောက်တန်းတွင် ချန်ခဲ့၍မဖြစ်ပေ။ လျူလင်းလုံမှာမူ စီမံကိုင်တွယ်သည့်နေရာတွင် ထူးချွန်သည့်အပြင် မိသားစု၏ နေ့စဉ်အရေးကိစ္စ များကိုလည်း ကိုင်တွယ်နေကျဖြစ်၍ နောက်တန်းတွင် ချန်ရစ်ခဲ့ရခြင်းဖြစ်သည်။
ကျန်းရန်ယီကိုပါ ခေါ်ဆောင်ရသည့် အကြောင်းပြချက်ကတော့ ရိုးရှင်းပါသည်။ ရှေးဟောင်းမူလမြို့တော်ကိုရောက်လျှင် အဆင့်နိမ့်ကျင့်ကြံသူများကို ကွပ်ကဲရန် ခေါင်းဆောင်တစ်ဦးလိုပါသည်။ ထိုနေရာအတွက် ကျန်းရန်ယီထက် သင့်လျော်သူမရှိသည့်အတွက်ဖြစ်သည်။ ဆုံးဖြတ်ချက်ချပြီး မကြာခင်တွင်ပင် ခရီးထွက်ရန် ပြင်ဆင်ကြတော့သည်။ ရက်အနည်းငယ်ကြာပြီးနောက်တွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ကျန်းရန်တောက်၊ ကျန်းရန်ယီနှင့်တကွ ကျန်းမျိုးနွယ်စုဝင် အကြီးအကဲ တို့သည် ရာပေါင်းများစွာသော ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို ဦးဆောင်ကာ အဆင့် ၃ ရတနာလှေများဖြင့် ရှေးဟောင်းမူလမြို့သို့ ချီတက်ကြသည်။
စုစုပေါင်းအင်အားမှာ ကျီဖုအဆင့် သုံးဦး၊ အခြေခံတည်ဆောက်ခြင်းအဆင့် ၁၅ ဦးနှင့် ရာပေါင်းများစွာသော အဆင့်နိမ့်ကျင့်ကြံသူများဖြစ်သည်။ ရှေးဟောင်းမူလမြို့အနီး ချဉ်းကပ်မိကြသောအခါတွင် မြို့ကိုကာရံထားသည့် မြင့်မားလှသော တံတိုင်းကြီးများကို တွေ့လိုက်ရတော့သည်။ ကျန်းမိသားစုဝင် အတော်များများသည် ဤမျှ ခမ်းနားမြင့်မားလှသည့် တံတိုင်းမျိုးကို မမြင်ခဲ့ဖူးသောကြောင့် ရင်သပ်ရှုမောဖြစ်သွားကြသည်။
“ဘယ်သူတွေလဲ ရပ်လိုက်”
ထိုအချိန်တွင် တံတိုင်းထက်မှ အသံများထွက်ပေါ်လာသည်။ ထိုသူများသည် မြို့တံတိုင်းကို ကြီးကြပ်ရသည့် ကျင့်ကြံသူများဖြစ်ကြသည်။ ကျန်းချန်ရွှမ်က တိုကင်ပြားတစ်ခုကို ပစ်တင်လိုက်ရာ ခေါင်းဆောင်ဖြစ်ဟန်တူသည့် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးလက်ထဲကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ရှိသွားသည်။ ထိုလူက တိုကင်ပြားကို စေ့စပ်စွာ ကြည့်ရှုစစ်ဆေးပြီးနောက် မျက်နှာအမူအရာ ချက်ချင်းပြောင်းသွားပြီး ကျန်းချန်ရွှမ်ကို ဦးညွတ်အရိုအသေပေးလိုက်သည်။
“ကျန်းမိသားစုက စီနီယာကျန်းချန်ရွှမ်ပါလား။ ကျုပ်တို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ရင် ဗွေမယူပါနဲ့။ မြန်မြန်လုပ်ကြဟေ့… စီနီယာကျန်းနဲ့ ကျန်းမိသားစုဝင်တပ်ဖွဲ့တွေလာပြီ။ အစီအရင်ကို မြန်မြန်တင်လိုက်ကြ”
သက်လတ်ပိုင်းကျင့်ကြံသူက သူ့လူများကို အစီအရင်ကွက်ကို ခေတ္တမတင်ပေးရန် ညွှန်ကြား လိုက်သည်။ ကျန်းချန်ရွှမ်တို့လည်း ရတနာလှေများဖြင့် မြို့တံခါးကိုဖြတ်လျက် ဝင်ရောက်လိုက်ကြသည်။ ထိုအချိန်တွင် အဝေးတစ်နေရာမှ အလင်းတန်းများ ပျံသန်းလာသည်ကို တွေ့လိုက်ရပြီး အနီးသို့ရောက်လျှင် ပျံသန်းလာသူများမှာ ကျီဖုအဆင့်ကျင့်ကြံသူများ ဖြစ်နေသည်ကို တွေ့ရ သည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ဟွားမန်ရုံဖြစ်ပြီး သူမနှင့်အတူ လူသုံးယောက်ပါလာသည်ကို အားလုံးမြင်လိုက်ကြသည်။ ထိုသုံးဦးအနက် အသက်ငယ်ငယ်တစ်ဦးမှာ ပိုင်ယွမ်ချန်းဖြစ်ပြီး ဟွားမန်ရုံ၏ ဘယ်ဖက်ရှိ အဘိုးကြီးတစ်ဦးထံမှ အလွန်အားကောင်းသည့် အော်ရာများ ထုတ်လွှင့် လျက်ရှိသည်ကို ထောက်လျှင် ထိုလူကြီးသည် ပိုင်မိသားစု၏ ဘိုးဘေး ပိုင်မင်ရှန်းဖြစ်ပုံရသည်။
ကျန်တစ်ဦးမှာ အသက်နှစ်ဆယ်ဝန်းကျင်ရှိသည့် မိန်းမချောလေးတစ်ဦးဖြစ်ပြီး ပိုင်မိသားစု၏ နောက်ထပ် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ဟန်တူသည်။ ထိုအချိန်တွင် ပိုင်မိသားစုဝင်များသည် ကျန်းချန်ရွှမ်နှင့် ကျန်းမိသားစုဝင်များကို မသိမသာ လေ့လာအကဲခတ်နေကြသည်။ ဟွားမန်ရုံသည် ကျန်းချန်ရွှမ်တို့ကို မြင်လျှင် ဝမ်းသာအားရ နှုတ်ဆက်လိုက်ပြီး
“တာအိုမိတ်ဆွေကျန်းနဲ့ရှန်း ရှင်တို့ရောက်လာကြပြီပေါ့။ ရှင်တို့ကို မိတ်ဆက်ပေးရဦးမယ်”
ဟွားမန်ရုံက သူမ၏ ဘေးတွင် ရပ်နေသည့် လူသုံးဦးကို ညွှန်ပြလိုက်ပြီး
“သူက ကျန်းမိသားစုရဲ့ဘိုးဘေး ပိုင်မင်ရှန်းပါ။ သူက လက်ရှိမိသားစုအကြီးအကဲ ပိုင်ယွမ်ချန်းတဲ့၊ မိန်းကလေးကတော့ ပိုင်ကျိရွှမ် လို့ခေါ်ပါတယ်၊ သူတို့လည်း ကျွန်မတို့နဲ့အတူ ဒီမြို့ကို ကာကွယ်စောင့်ရှောက်ကြမှာပါ”
ထို့နောက် ဟွားမန်ရုံက ကျန်းချန်ရွှမ်တို့ကိုလည်း တစ်ဦးချင်း မိတ်ဆက်ပေးလိုက်ပြန်သည်။ ပိုင်မင်ရှန်းနှင့် ပိုင်ယွမ်ချန်းတို့သည် ကျန်းချန်ရွှမ်တို့အား ယဉ်ကျေးဖော်ရွေစွာ နှုတ်ဆက်ကြသော်လည်း ပိုင်ကျိရွမ်မှာမူ အနည်းငယ်မောက်မာလိုဟန်ရှိသည်။ သူမ၏အမူအရာမှာ အေးစက်တင်း မာသည်ဟု မဆိုနိုင်သော်လည်း ဖော်ဖော်ရွေရွေ မရှိသည်ကတော့ သေချာသည်။ ထိုအချက်ကို ဟွားမန်ရုံလည်း သတိပြုမိဟန်တူသည်။ သူမသည် အခြေအနေကို ထိန်းသိမ်းလိုသည့် သဘောဖြင့် စကားစဖြတ်လိုက်ပြီး
“ဒါနဲ့ ဒီမှာပဲ မတ်တတ်ရပ်နေလို့ ဘယ်ဖြစ်မလဲ။ အထဲဝင်ကြရအောင်လေ”
ဟွားမန်ရုံသည် ကျောက်စိမ်းရေဓားစင်မြင့်မှ ကျင့်ကြံသူတစ်ဦးကို ဆင့်ခေါ်လိုက်ပြီး ကျန်းရန်ယီ ဦးဆောင်သည့် ကျန်းမိသားစုဝင် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများအတွက် နေရာထိုင်ခင်းစီစဉ်ရန် ညွှန်ကြားလိုက်သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ကျန်းရန်တောက်နှင့် ပိုင်မိသားစုဝင်များကို အစည်းအဝေးခန်းမဆောင် အတွင်းသို့ ဦးဆောင်ခေါ်သွားသည်။ လမ်းတွင် ကျန်းချန်ရွှမ်က ဟွားမန်ရုံအား
“ဒါနဲ့ တာအိုမိတ်ဆွေလီဖေးကို မတွေ့ပါလား”
ဟွားမန်ရုံက ပြုံးလျက်ပြန်ဖြေသည်။
“ဂျူနီယာမောင်လေး လီဖေးက ဂိုဏ်းမှာ စီစဉ်စရာလေးတွေရှိလို့ ကျန်ခဲ့ပါတယ်။ မကြာခင် ရောက်လာမှာပါ”
ဟွားမန်ရုံ၏ စကားဆုံးဆုံးချင်းတွင် အဝေးကောင်းကင်တစ်နေရာတွင် ဓားအလင်းတန်းတစ်ခု ပြိုးပြက်သွားသည်ကို သူတို့အားလုံးမြင်လိုက်ကြသည်။ ဟွားမန်ရုံက ပြုံးလိုက်ပြီး
“တိုက်ဆိုင်လိုက်တာ။ ဂျူနီယာမောင်လေး လီဖေး ရောက်လာပြီပဲ”
မကြာခင် ရှေးဟောင်းမူလမြို့ရှိရာသို့ ဦးတည်ပျံသန်းလာသော ဓားအလင်းတန်းသည် ဝတ်ရုံရှည်ကို ဆင်မြန်းထားသည့် လူငယ်တစ်ဦးဖြစ်နေသည်။ ထိုလူငယ်သည် သူတို့စောင့်စားနေကြသော လီဖေး ပင်ဖြစ်သည်။
“စီနီယာအစ်မဟွား”
လီဖေးသည် ဟွားမန်ရုံကို ဦးစွာနှုတ်ဆက်လိုက်ပြီးနောက် ကျန်းချန်ရွှမ်နှင့် ပိုင်မိသားစုဝင်များကို ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
***