ရှေးဟောင်းမူလမြို့၏ ထူးခြားချက်
Vol. 14 Ch. 269
ကျန်းချန်ရွှမ်တို့လည်း လီဖေးကို အသိအမှတ်ပြုသည့်အနေနှင့် တုံ့ပြန်နှုတ်ဆက်လိုက်ကြသည်။ မကြာမီ ဟွားမန်ရုံမှ ဦးဆောင်ပြီး သူတို့အားလုံး အစည်းအဝေးခန်းမဆောင်အတွင်း ရောက်ရှိနေ ရာယူလိုက်ကြသည်။ အားလုံး နေသားတကျ ဖြစ်သွားသောအခါ ဟွားမန်ရုံက လေးနက်တည်ကြည်သည့်အမူအရာနှင့် စကားစလိုက်သည်။
“အားလုံးပဲ ဒီမြို့မှာ ကျွန်မတို့ လာရောက်စုဝေးရတဲ့ ရည်ရွယ်ချက်ကို သိချင်နေကြမယ် ထင်ပါ တယ်။ စုစုပေါင်း ကျီဖုအဆင့် ကျင့်ကြံသူရှစ်ဦးတိတိ ဒီမြို့မှာ တာဝန်ကျတယ်၊ ရှစ်ဦးထဲမှာ ၆ ဦးက ကျီဖုအဆင့် နှောင်းပိုင်းကျင့်ကြံသူတွေပဲ”
ထိုအခါ လီဖေးမှတစ်ပါး ကျန်းချန်ရွှမ်တို့အားလုံး၏ မျက်နှာအမူအရာများမှာ တင်းမာလေးနက်သွားကြသည်။ ဟွားမန်ရုံပြောသလိုပင် သူတို့အားလုံး ထိုမေးခွန်း၏အဖြေကို သိချင်နေကြသည်။ ပုံမှန်လုပ်ထုံးလုပ်နည်းအရ မြို့တော်တစ်ခုကို အကာအကွယ်အစီအရင်ဖြင့် ကာရံပြီးနောက်တွင် ကျီဖုအဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ဦးနှင့် ကျီဖုအဆင့် အလယ်အလတ် ကျင့်ကြံသူသုံးဦး သို့မဟုတ် လေးဦးကသာ မြို့တော်ကို စောင့်ကြပ်ရလေ့ရှိသည်။ သည်တစ်ကြိမ်တွင်တော့ ကျီဖုအဆင့် နှောင်းပိုင်း ကျင့်ကြံသူအရေအတွက်မှာ ခြောက်ဦးအထိ ဖြစ်နေသည်လေ။
ဤမြို့တော်ကို ကာကွယ်ထားသည့် အစီအရင်မှာလည်း အဆင့် ၄ နီးပါးအဆင့်ရှိသည့် မြစ်ဆင်းတိုင်ယီအစီအရင်ကွက်ဖြစ်နေသည့်အတွက် အဆင့် ၄ ရွှေအမြုတေ နတ်ဆိုးဘုရင် လာရောက်တိုက်ခိုက်လျှင်တောင် စိုးရိမ်ဖွယ်မရှိဟု သူတို့ယူဆမိသည်။ ယခုလို များပြားလှသော တိုက်ခိုက်စွမ်းအားအစုအဖွဲ့ကြီးကို ဤမြို့တော်တွင် စုဝေးနေရာချထားရခြင်း၏ နောက်ကွယ်တွင် အကြောင်းရင်းတစ်စုံတစ်ရာ ရှိရမည်ဟု ကျန်းချန်ရွှမ်တို့ အတပ်တွေးပြီးဖြစ်သည်။ ထို့နောက် ဟွားမန်ရုံက စကားဆက်လိုက်သည်။
“အမှန်အတိုင်းပြောရရင် ရှင်တို့အားလုံးကို ဒီမြို့မှာ တာဝန်ပေးရခြင်းက….”
ဟွားမန်ရုံသည် အသက်ကို ပြင်းစွာ ရှုသွင်းလိုက်ပြီး အသံခပ်အုပ်အုပ်ဖြင့် ပြောသည်။
“ဒီမြို့ရဲ့အောက်မှာ အဆင့် ၄ အမြင့်ဆုံးအဆင့် ဝိညာဉ်သွေးကြောကို တွေ့ထားလို့ပဲ”
“ဘယ်လို အဆင့် ၄ အမြင့်ဆုံး ဟုတ်လား”
ဟွားမန်ရုံ၏စကားကြောင့် သူတို့အားလုံး တုန်လှုပ်သွားကြသည်။ အဆင့် ၄ ဝိညာဉ်သွေးကြောတစ်ခု၏ အရေးပါပုံကို သူတို့အားလုံး နားလည်ထားပြီးဖြစ်သည်။ အဆိုပါ သွေးကြောမျိုးသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၆ ဦးမှ ၇ ဦးအထိ တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်လောက်အောင် အစွမ်းထက်မြက်လှသည်။ ထိုနည်းတူ နတ်ဆိုးဘုရင် ၆ ဦးမှ ၇ ဦးအထိ ကျင့်ကြံနိုင်သော ရင်းမြစ်လည်းဖြစ်သည်။ သည်သတင်းသာ ပျံ့နှံသွားခဲ့လျှင် လူသားတို့၏နယ်မြေနှင့် ရင်းမြစ်များကို ဆာလောင်မွတ်သိပ်စွာ သဲကြီးမဲကြီး တိုက်ခိုက်သိမ်းပိုက်နေသည့် နတ်ဆိုးဘုရင်များသည် သူတို့၏ လက်ကိုင်တုတ် နတ်ဆိုးသားရဲတပ်ကြီးများကို ဤမြို့တော်ကို အလုံးအရင်းဖြင့် စေလွှတ်ကာ မရအရသိမ်းပိုက်မည်မှာ သေချာသည်။ ထိုအခါ ပိုင်မင်ရှန်းက
“တာအိုမိတ်ဆွေဟွားနဲ့ လီဖေးတို့ကို တစ်ခုမေးပါရစေ။ ဒီမြို့မှာ အဆင့် ၄ အမြင့်ဆုံးအဆင့် ဝိညာဉ်သွေးကြောရှိနေတယ် ဆိုတဲ့သတင်းကို ဘယ်သူတွေသိပြီးကြပြီလဲ”
အကယ်၍ ဤသတင်းသာ ပေါက်ကြားပြီး၊ သို့မဟုတ် ပေါက်ကြားစပြုနေပြီဆိုလျှင် ပိုင်မင်ရှန်းတို့သည် ဤမြို့မှ ချက်ချင်းထွက်ခွာရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ဤမြို့တော်ကို စောင့်ကြပ်ရန် ကျောက်စိမ်းရေဓားစင်မြင့်က အမိန့်ချထားသည့်တိုင် သူတို့အတွက် ရွေးချယ်စရာမှာ အမြန်ဆုံးဆုတ်ခွာရန် တစ်နည်းသာရှိပါသည်။ အနာဂတ်တွင် သူတို့ပိုင်မိသားစုကို ကျင့်ကြံရေးလောက တစ်ခုလုံးက တာဝန်မကျေပွန်မှုဖြင့် ပြစ်တင်ရှုတ်ချကြမည်ဆိုလျှင်တောင် သူတို့မိသားစု၏ ကံကြမ္မာနှင့် အသက်များကို ပုံအောရန် စိတ်ကူးမရှိပါ။ နတ်ဆိုးသားရဲများသာ အဆင့် ၄ ဝိညာဉ် သွေးကြောတည်နေရာကို သိရှိသွားပါက ရွှေအမြုတေအဆင့် ကျင့်ကြံသူသုံးဦး စစ်ကူလာလျှင် တောင် ဤမြို့ကို ကာကွယ်နိုင်မည်မဟုတ်ပါ။
ထိုအချိန်တွင် ပိုင်မိသားစုနှင့်စာလျှင် ဟွားမန်ရုံနှင့် ပိုမိုရင်းနှီးကျွမ်းဝင်သူ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဟွားမန်ရုံ၏ မျက်နှာကို စိုက်ကြည့်အကဲခတ်လျက် မျက်နှာအမူအရာ ပြောင်းလဲမှုရှိ မရှိကို သတိကြီးစွာ စစ်ဆေးနေမိသည်။ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပါက ဟွားမန်ရုံနှင့် မိတ်ဆွေများဖြစ်နေသည့်တိုင် လမ်းခွဲရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ကျန်းချန်ရွှမ်သည်လည်း ပိုင်မင်ရှန်းကဲ့သို့ပင် မိမိနှင့် မိသားစုအတွက် သေလမ်းတစ်လမ်းသာ ရှိသည်ကို သိသိလျက်နှင့် ကျန်းမိ သားစုဝင်များကို သေတွင်းသို့မပို့နိုင်ပါ။ သို့သော် ဟွားမန်ရုံနှင့် လီဖေးတို့သည် အစမှအဆုံးတိုင် တည်ငြိမ်အေးဆေးစွာ ရှိနေသည်ကို တွေ့လိုက်ရ၍ သက်ပြင်းချမိသည်။
“မစိုးရိမ်ပါနဲ့။ အခုထိတော့ ကျွန်မတို့ရှစ်ဦးအပြင် စင်မြင့်က ထိပ်သီးအကြီးအကဲတွေနဲ့ ကောင်းကင်ယွဲ့ဂိုဏ်းက အကြီးအကဲတွေပဲ သိပါသေးတယ်”
ဤနေရာတွင် ဟွားမန်ရုံက ခေတ္တရပ်လိုက်ပြီးမှ စကားဆက်သည်။
“ဒီသွေးကြောကို စတွေ့ခဲ့သူက ကျွန်မတို့စင်မြင့်က အကြီးအကဲမီးလျှံစီးနဲ့ ကောင်းကင်ယွဲ့ဂိုဏ်းက အကြီးအကဲဝမ်တို့ပဲ။ ဒီဝိညာဉ်သွေးကြောရဲ့ တည်နေရာကို သိသိချင်း သူတို့တတ်သမျှ နည်းစနစ်ပေါင်းစုံသုံးပြီး သွေးကြောကို ဖုံးကွယ်ခဲ့ကြတယ်။ ပြီးတော့မှ ဂိုဏ်းကို အသိပေးလိုက်ကြတာ။ သတင်းကြားကြားချင်းပဲ နှစ်ဂိုဏ်းလုံးက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ ပူးပေါင်းပြီး ဒီသွေးကြောရဲ့ အော်ရာကို အစအနမကျန် ဖုံးဝှက်ပစ်ခဲ့တယ်”
“နားလည်ပြီ”
ဟွားမန်ရုံ၏ ရှင်းပြချက်ကို အစအဆုံး ကြားသိရသောအခါမှ ကျန်းချန်ရွှမ်တို့အားလုံး သက်ပြင်းချနိုင်ကြတော့သည်။ ရွှေအမြုတေအဆင့် ဂိုဏ်းနှစ်ဂိုဏ်းမှ ထိပ်သီးကျင့်ကြံသူများ ကိုယ်တိုင်ဖုံး ကွယ်ထားသော ဤသွေးကြောသည် လွယ်လွယ်နှင့် သတင်းပေါက်ကြားရန် မဖြစ်နိုင်ပါ။
***