← Chapters

အဆင့် ၄ ဝိညာဉ်သွေးကြော

Vol. 14 Ch. 270

အဆင့် ၄ ဝိညာဉ်သွေးကြော

Vol. 14 Ch. 270

ထို့ကြောင့်ပင် ရှေးဟောင်းမူလမြို့ကို ကာကွယ်ရန် အင်အားအမြောက်အများ နေရာချထားခြင်းဖြစ်သည်ကို ကျန်းချန်ရွှမ်တို့ နားလည်သွားသည်။ နတ်ဆိုးသားရဲများသာ ဤမြို့ကို သိမ်းပိုက်နိုင်ခဲ့လျှင် အဆင့် ၄ ဝိညာဉ်သွေးကြော တည်နေရာကို အနှေးနှင့်အမြန် ရှာဖွေတွေ့ရှိသွားမည်မှာ သေချာလှသည်။ ထိုအခါ နတ်ဆိုးဘုရင်များသည် ဤမြို့ကို လူသားကျင့်ကြံသူများ လက်ထဲသို့ ပြန်လည်မကျရောက်စေရန် ပို၍ကြီးမားသည့် နတ်ဆိုးသားရဲကပ်ဘေးများကို ဖန်တီးနိုင်ချေရှိ သည်။ ထို့ပြင် ဤ ရှေးဟောင်းမူလမြို့ကို နတ်ဆိုးသားရဲများအား သိမ်းပိုက်ခွင့်မပြုနိုင်ရသည့် နောက်တစ်ချက်ရှိပါသေးသည်။ အမှန်တွင် ထိုအချက်သည် အရေးပါဆုံးအကြောင်းပြချက်ဟု ဆိုရပါမည်။

အဆင့် ၄ အမြင့်ဆုံးအဆင့် ဝိညာဉ်သွေးကြော၏ စွမ်းအားကြောင့် နတ်ဆိုးသားရဲများ၏ ခွန်အားများ တစ်ဟုန်ထိုး တိုးတက်လာနိုင်သည့် အန္တရာယ်ပင်ဖြစ်သည်။ ထိုအချိန်တွင် လျန်နိုင်ငံကျင့်ကြံရေးလောကတစ်ခုလုံးကိုပါ ခြိမ်းခြောက်လာနိုင်သည့် အခြေအနေမျိုးအထိ ဆိုက်ရောက်သွားနိုင်ပါသည်။ ဟွားမန်ရုံ၏ ရှင်းပြချက်ကို ကြားသိပြီးနောက် ကျန်းချန်ရွှမ်တို့တွင် မေးခွန်းတစ်ခုမေးစရာ ရှိလာပြန်သည်။ ရှေးဟောင်းမူလမြို့တော်သည် ဤမျှအထိ အရေးပါသည်ဆိုလျှင် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကိုယ်တိုင် အဘယ်ကြောင့် စောင့်ကြပ်ခြင်းမပြုရသနည်း ဆိုသည့်မေး ခွန်းဖြစ်သည်။ ဟွားမန်ရုံသည် ထိုမေးခွန်းမေးလာမည်ကို ကြိုတင်ရိပ်စားမိဟန်နှင့် ရှင်းပြသည်။

“ဒီနေရာကို ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ မစေလွှတ်ရတဲ့ အကြောင်းရင်းက နတ်ဆိုးသားရဲတွေ သတိမထားမိအောင်လို့ပါ။ ဒီမြို့က မဟာဗျူဟာအရ အထိုက်အလျောက် အရေးပါတဲ့မြို့ ဆိုတော့ ကျီဖုနှောင်းပိုင်းအဆင့် ကျင့်ကြံသူ ၆ ဦး စေလွှတ်တာကို နတ်ဆိုးသားရဲတွေဖက်က သံသယဝင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုမြို့တစ်မြို့အတွက်နဲ့ ရွှေအမြုတေအဆင့် အကြီးအကဲတွေကို စေလွှတ်ကာကွယ်ခိုင်းလိုက်ရင်တော့ နတ်ဆိုးဘုရင်တွေ သံသယဖြစ်မှာ ကျိန်းသေတယ်။ ကျွန်မဆိုလိုတာကို အားလုံး နားလည်ကြမယ်ထင်ပါတယ်”

“နားလည်ပါပြီ”

ဟွားမန်ရုံ၏ ရှင်းလင်းချက်ကို ကျန်းချန်ရွှမ်တို့အားလုံး ကျေနပ်စွာ ခေါင်းညိတ်လိုက်ကြသည်။ သူမ၏ရှင်းပြချက်မှာ ယုတ္တိတန်ပါသည်။ ကျီဖုနှောင်းပိုင်း ကျင့်ကြံသူ ၆ ဦးကိုသာ စေလွှတ်ခြင်းသည် မှန်ကန်မျှတသည့် ဆုံးဖြတ်ချက်တစ်ခု ဟုဆိုရမည်။ ထိုထက် အင်အားကြီးသွားပါက နတ်ဆိုးဘုရင်တို့ သံသယပွားသွားနိုင်သလို လုပ်ထုံးလုပ်နည်းအတိုင်း အင်အားလျှော့၍ စေလွှတ်ပါကလည်း နတ်ဆိုးသားရဲတို့၏ သိမ်းပိုက်ခြင်းကို ခံသွားရနိုင်သည်လေ။ ထို့နောက် ဟွားမန်ရုံကပင်

“ကောင်းပြီ။ ရှင်တို့သိသင့်သိထိုက်တာ မှန်သမျှကို ကျွန်မပြောပြီးပါပြီ။ ဒီလျှို့ဝှက်ချက်တွေ မပေါက်ကြားအောင် ရှင်တို့အားလုံး သစ္စာကျိန်ဆိုဖို့လိုပါမယ်”

ဟွားမန်ရုံ၏ တောင်းဆိုချက်မှာ သူတို့အားလုံး မျှော်လင့်ထားပြီးဖြစ်၍ အံ့အားသင့်ခြင်းမရှိပါ။ ဤ သတင်းသည် အရေးကြီးလွန်းသောကြောင့် အမှားအယွင်းတစ်ခုမျှ အဖြစ်မခံနိုင်သည်ကို ကျန်းချန်ရွှမ်တို့ နားလည်ပြီးဖြစ်သည်။ မကြာမီ ဟွားမန်ရုံနှင့် လီဖေးတို့ရှေ့မှောက်တွင် ခြောက်ဦးလုံး သစ္စာကျိန်ဆိုလိုက်ကြသည်။ ထို့နောက် ကျန်းချန်ရွှမ်က ဟွားမန်ရုံအား

“တာအိုမိတ်ဆွေဟွား ကျုပ်တို့က ဒီမြို့ကို အခုမှရောက်တာပါ။ ဒီတော့ ဒီမြို့ရဲ့ မြေပြင်အခြေအနေနဲ့ ပတ်ဝန်းကျင်ဒေသအကြောင်းတွေကို ကောင်းကောင်းမသိသေးဘူး။ ခင်ဗျားက ဒီမြို့ကိုရောက်တာကြာပြီဆိုတော့ ကျုပ်တို့အားလုံးကို ဒီရှေးဟောင်းမူလမြို့တော်နဲ့ အနီးတဝိုက်က မြေပြင်အခြေအနေကို ပြောပြလို့ရမလား”

ဟွားမန်ရုံသည် ကျန်းချန်ရွှမ်၏ မေးခွန်းကို ခေတ္တအချိန်ယူစဉ်းစားလိုက်ပြီးမှ

“အမှန်အတိုင်းပြောရရင် ရှင်တို့မရောက်ခင်ပဲ ဒီမြို့ကို နတ်ဆိုးသားရဲတွေ ဝင်တိုက်သွားသေးတယ်”

“ဘယ်လို”

ကျန်းချန်ရွှမ်တို့အားလုံး မျက်လုံးပြူးသွားကြသည်။ ဟွားမန်ရုံက ခေါင်းညိတ်လျက်

“ကံကောင်းတာက သွေးတိုးစမ်းတဲ့ သဘောလောက်ပဲ တိုက်သွားတာ။ နတ်ဆိုးသားရဲအင်အားများပေမဲ့ အဆင့် ၂ အထက်ရှိတာ တစ်ကောင်မှမပါဘူး၊ ဒီမြို့ကို ထိတောင်မထိသွားနိုင်ပါဘူး”

ထိုအခါကျမှ ပိုင်မင်ရှန်းတို့ သက်ပြင်းချနိုင်သည်။ နတ်ဆိုးသားရဲများသည့် အင်အားစမ်းသည့် သဘောဖြင့် တိုက်သွား၍သာ တော်သေးသည်။ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပါက ဒုက္ခများနိုင်ချေရှိသည်။ အင်အားအရေအတွက်ချင်း ယှဉ်လျှင် လူသားမျိုးနွယ်တို့သည် နတ်ဆိုးသားရဲများထက် တစ်ပန်းနိမ့်လျက်ရှိသည်။ ရှေးဟောင်းမူလမြို့တော်တစ်ခုလုံးတွင် အင်အားစုဆောင်းလျှင် အလွန်ဆုံး ထောင်ဂဏန်းမျှသာ ရရှိနိုင်သော်လည်း နတ်ဆိုးသားရဲများမှာမူ အချိန်နေရာမရွေး အင်အားသောင်းချီ စုစည်းနိုင်စွမ်းရှိနေသည်။

ကျီဖုနှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်လင့်ကစား သောင်းဂဏန်းရှိသည့် နတ်ဆိုးသားရဲများ နှင့် အီလေးဆွဲတိုက်ခိုက်နေရလျှင် အချိန်ကြာလာသည်နှင့်အမျှ ဖိအားတိုးလာမည်မှာ မလွဲပါ။ ထိုအချိန်တွင် မြို့ကိုကာကွယ်ထားသည့် တိုင်ယီအစီအရင်သည်လည်း အလုပ်ဖြစ်တော့မည်မဟုတ်။ ကျန်းချန်ရွှမ်တို့လည်း တာဝန်အသီးသီးကို ညှိနှိုင်းခွဲဝေပြီးနောက် အစည်းအဝေးခန်းမမှ ထွက်ခွာရန်ပြင်လိုက်သည်။ ဟွားမန်ရုံက သူတို့ဇနီးမောင်နှံနှစ်ဦးကို နေထိုင်ရာ လှိုဏ်ဂူအထိ လိုက်ပါပို့ ဆောင်ပေးသည်။ ကျန်းချန်ရွှမ်တို့သုံးဦး မြင်ကွင်းမှပျောက်ကွယ်သွားသောအခါ ပိုင်ကျိရွမ်က မျက်မှောင်ကြုတ်လိုက်ပြီး အစ်ကိုဖြစ်သူနှင့် ဘိုးဘေးအား

“သတ္တမဘိုးဘိုးနဲ့ အစ်ကို၊ ကျန်းမိသားစုက တက်လာတာမကြာသေးတဲ့ မိသားစုအဆင့်ပဲရှိသေး တာ။ ဘာဖြစ်လို့ ကျွန်မတို့ပိုင်မိသားစုနဲ့ တစ်တန်းတည်း ခြေရာတိုင်းနေတာလဲ”

ပိုင်ကျိရွမ်၏အမေးကြောင့် ပိုင်မင်ရှန်းနှင့် ပိုင်ယွမ်ချန်းတို့ တစ်ဦးမျက်နှာ တစ်ဦးကြည့်လိုက်ကြသည်။ ထို့နောက် အစ်ကိုဖြစ်သူ ပိုင်ယွမ်ချန်းက

“ကျိရွမ် ကျန်းချန်ရွှမ်နဲ့ ရှန်းရူယန်တို့ကို နင်ဘယ်လိုမြင်လဲ”

“သူတို့လား”

ပိုင်ကျိရွမ်သည် တစ်အောင့်မျှ စဉ်းစားလိုက်ပြီးမှ

“ဘယ်လိုမြင်ရမှာလဲ။ ကျီဖု နှောင်းပိုင်းအဆင့်ကို ရောက်တာမကြာသေးတဲ့ လင်မယားပေါ့၊ သူတို့ဆီက ခြိမ်းခြောက်နိုင်တဲ့ အငွေ့အသက်မျိုးမရပါဘူး၊ အဲဒီနှစ်ယောက်က ဘာဖြစ်နေလို့လဲ”

ပိုင်ယွမ်ချန်းက ခေါင်းခါလိုက်ပြီး

“နင့်အတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဘယ်ခံစားရမလဲ။ သူတို့နှစ်ယောက်နဲ့ နင့်အကြားက စွမ်းအားကွာဟချက်က အရမ်းကြီးတာကိုး။ ပုရွက်ဆိတ်တစ်ကောင်က ကျားတစ်ကောင်ရဲ့ ခြိမ်း ခြောက်နိုင်စွမ်းကို နားမလည်နိုင်သလိုပေါ့”

“အယ်”

ပိုင်ကျိရွမ်တစ်ယောက် မျက်လုံးပြူးသွားသည်။

“ဖြစ်နိုင်ပါ့မလားနော်”

“မဖြစ်နိုင်ဘူးဆိုတာမရှိဘူး”

ပိုင်ယွမ်ချန်းက ခေါင်းညိတ်ပြီး ဆက်လက်ရှင်းပြသည်။

“သတ္တမဘိုးဘိုးနဲ့ ငါလည်း အခုကို အာရုံခံမိနေတယ်။ ကျန်းချန်ရွှမ်နဲ့ သူ့ဇနီးဆီကနေ အရမ်းပြင်းထန်တဲ့ ဝိညာဉ်ဖိအားတွေကို ငါတို့နှစ်ယောက်လုံး ခံစားမိတယ်။ ပြီးတော့ ကျန်းချန်ရွှမ်ရဲ့ မိန်းမ ရှန်းရူယန်က ကျီဖု နဝမအဆင့်ကို ရောက်နေပြီ”

“ဘာ နဝမအဆင့် ဟုတ်လား”

ပိုင်ကျိရွမ်တစ်ယောက် အကြီးအကျယ် တုန်လှုပ်သွားတော့သည်။ သူမ၏ ဘိုးဘေးဖြစ်သူ ပိုင်မင်ရှန်းသည်ပင် ကျီဖုနယ်ပယ် နဝမအဆင့်၏ အထွတ်အထိပ်သာ တက်လှမ်းနိုင်ပါသေးသည်။ ထို့ပြင် ပိုင်မင်ရှန်းသည် ထိုနယ်ပယ်တွင် နှစ်တစ်ရာနီးပါး နေခဲ့ပြီးပြီဖြစ်သည်။ ရှန်းရူယန်မှာမူ ယခုလို အဆင့်အတန်းမျိုးကို အသက်ငယ်ငယ်နှင့် တက်လှမ်းနိုင်ခဲ့ပြီလား။ ပိုင်ကျိရွမ်တစ်ယောက် အတွေးများ ပလုံစီနေချိန်မှာပင် တစ်စုံတစ်ခုကို တွေးမိပြီး အစ်ကိုဖြစ်သူအား မေးခွန်းထုတ်လိုက်ပြန်သည်။

“အစ်ကို ရှန်းရူယန်က ကျီဖုနဝမအဆင့်ဆိုတော့ သူ့ယောက်ျား ကျန်းချန်ရွှမ်ကရော….”

***

All Chapters