← Chapters

နတ်ဆိုးသားရဲကပ်ဘေးစပြီ (၂)

Vol. 14 Ch. 266

နတ်ဆိုးသားရဲကပ်ဘေးစပြီ (၂)

Vol. 14 Ch. 266

ရှန်းရူယန်၏ စကားကို ကျန်းချန်ရွှမ်က သဘောတူဟန်နှင့် ခေါင်းညိတ်ပြသည်။

“ကိုယ်လည်း အဲဒီလိုတွေးမိတယ်။ တိုက်ဆိုင်တာက မိသားစုအတွက်လိုအပ်တဲ့ ဝိညာဉ်ပစ္စည်း တချို့ဝယ်ဖို့ ရန်တောက်က ယွင်နိုင်ငံကို သွားဖို့ရှိတယ်။ အဲဒီအချိန်ရောက်ရင် ရန်တောက်ကို တစ်ခါတည်း ရှန်းမိသားစုဆီ လမ်းကြုံဝင်ခိုင်းလိုက်တာပေါ့။ နောက်ပြီး ဓမ္မရတနာတစ်ခု၊ နှစ်ခုလောက်နဲ့ လုံလောက်မယ်မထင်ဘူး။ ကိုယ်တို့ ဖော်စပ်ထားတဲ့ အဆင့် ၃ ပဲစေ့စစ်သည်ဆေးပြား နှစ်ပြားကိုပါ ထပ်ဆောင်းထည့်ပေးလိုက်ကြတာပေါ့။ ဒါဆိုရင်တော့ လုံလောက်နိုင်ပါပြီ”

ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။

“တကယ်ကောင်းတဲ့အကြံပဲ”

ထို့နောက်တွင်တော့ ဇနီးမောင်နှံနှစ်ဦးလည်း စကားအနည်းငယ် ပြောဆိုဆွေးနွေးပြီးနောက် ကျင့်ကြံရာလှိုဏ်ဂူများဆီသို့ ကိုယ်စီပြန်သွားကြပြီး ဂူပိတ်ကျင့်ကြံမှုကို စတင်လိုက်ကြပြန်သည်။ လအနည်းငယ်ကြာပြီးနောက်….. ကျန်းချန်ရွှမ်သည် လက်ထဲရှိ ဖန်မှန်မီးလျှံဖြူကို စိုက်ကြည့်နေသည်။ မီးလျှံ၏ ဗဟိုအူတိုင်တဝိုက်တွင် အနီဖျော့ရောင် ယှက်သန်းနေသည်ကို မြင်သောအခါ ကျေနပ်နှစ်သိမ့်စွာ ပြုံးလိုက်တော့သည်။ ကျန်းချန်ရွှမ်သည် မီးဧကရာဇ်သလင်းကျောက်ကို မီးလျှံဖြူထံကျွေးပြီး ဖန်မှန်မီးလျှံ၏စွမ်းအားနှင့် အဆင့်အတန်းကို နောက်တစ်ဆင့်မြှင့်လိုက်ခြင်း ဖြစ်သည်။

မူလက မီးလျှံဖြူသည် ကောင်းကင်နှင့်မြေကြီး မီးလျှံများအနက် အဆင့်အတန်းအနိမ့်ဆုံးဖြစ်ပြီး အလယ်အလတ်အဆင့်ထက်ပင် နိမ့်ကျသည်ဟု သတ်မှတ်ထားကြသော်လည်း ယခုအခါ မီးလျှံဖြူဟူသောအမည်အစား ပတ္တမြားမီးလျှံဟု ပြောင်းလဲခေါ်ဆိုရလောက်အောင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယခုအခါတွင် ဤမီးလျှံကို အသုံးပြု၍ ဆေးပြားများကို ချက်လုပ်ပါက အောင်မြင်နိုင်ချေ ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားမည်ဖြစ်သည်။ သို့သော် လတ်တလော အခြေအနေများအရ အဂ္ဂိရတ်နယ်ပယ်ထက် အစီအရင်ကွက် ထူထောင်ဖန်တီးခြင်းအတတ်ကို ပိုမိုအာရုံစိုက် သင့်သည်ဟု ကျန်းချန်ရွှမ် ယူဆမိသည်။

ရှန်းရူယန်၏ သွန်သင်လမ်းညွှန်မှုအောက်တွင် ကျန်းချန်ရွှမ်သည် အဆင် ၂ အမြင့်ဆုံးအဆင့် အစီအရင်ကွက်ဖန်တီးသူ အဖြစ်ကို ရရှိခဲ့ပြီးဖြစ်ရာ အဆင့် ၃ ကို တက်လှမ်းရန် ခြေတစ်လှမ်းစာမျှသာ လိုပါတော့သည်။ သို့သော် နတ်ဆိုးသားရဲကပ်ဘေးမတိုင်ခင် ထိုအဆင့်ကို ရောက်ရှိပါ့မလား ဆိုသည်ကိုတော့ သူကိုယ်တိုင်ပင် အတပ်မပြောရဲပါ။ လေးနှစ်ကြာပြီးနောက်တွင်……

ကျန်းချန်ရွှမ်၏ လှိုဏ်ဂူအတွင်း၌ မှော်ဝင်အစီအရင် သင်္ကေတများ လင်းလက်ကွန့်မြူးနေကြပြီး တောင်တစ်လုံးပမာ လေးလံသိပ်သည်းလှသည့် အော်ရာလှိုင်းတစ်ခုကို ထုတ်လွှင့်နေကြသည်။ အဆင့် ၃ အနိမ့်စားအဆင့် အစီအရင်ကွက်ဖြစ်သည့် ပထဝီတောင်တန်း အစီအရင်ကွက်ကို လက် စသတ်နိုင်ခဲ့ပြီဖြစ်သည်။ ကျန်းချန်ရွှမ်သည် သူလေးနှစ်တိုင် ကြိုးစားပမ်းစား ဖန်တီးခဲ့ရသော အ စီအရင်ကွက်ကို ကြည့်ရင်း ပီတိဖြာလျက်ရှိသည်။

ဒင်…

ထိုအချိန်တွင် သူနှင့်ရင်းနှီးပြီးဖြစ်သည့် အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရတော့သည်။

[ဂုဏ်ပြုပါသည် စနစ်ပိုင်ရှင်၊ အဆင့် ၃ အစီအရင်ကွက် ဖန်တီးသူအဆင့်ကို ရောက်ရှိခဲ့ပါပြီ။ ဆု လာဘ်အနေနှင့် အစီအရင်ပါရမီအမှတ် +၁၊ အဆင့် ၄ အစီအရင်ပြား ကြယ်ကွင်းဆက်ကြိုး အစီအရင်နှင့် အစီအရင်ပညာရှင်တစ်ဦးကို ပူးကပ်လေ့လာခွင့် တစ်ကြိမ်တို့ကို ရရှိပါမည်]

ကြယ်ကွင်းဆက်ကြိုး ဟူသည့်အမည်ကြောင့် ကျန်းချန်ရွှမ်တစ်ယောက် အနည်းငယ် အံ့အားသင့်မိသွားသည်။ သည်တစ်ခါတွင် စနစ်သည် သူ့အား အဆင့် ၄ အစီအရင်ပြား ကြယ်ကွင်းဆက်ကြိုးကို ရက်ရက်ရောရော ချီးမြှင့်လိုက်ပေပြီ။ ထိုအစီအရင်ပြားသည် ထိုးစစ်နှင့် ခံစစ်အပြင် ရန်သူကို စိတ်ရှုပ်ထွေးစေရန် လှည့်စားခြင်းတို့ကို တစ်ချိန်တည်းတွင် ဆောင်ရွက်နိုင်သည့် ရတနာတစ်ပါး ဖြစ်သည်။ ကြယ်ကွင်းဆက်ကြိုးသည် နာမည်အတိုင်းပင် ကြယ်များထံမှ စွမ်းအင်ကို ရယူဖြည့် ဆည်းခြင်းအားဖြင့် အလိုအလျောက် အဆင့်မြှင့်တင်နိုင်သည့် လက်နက်တစ်ပါးဖြစ်သည်။

ထိုအစီအရင်ကို စွမ်းအားပြည့် အသုံးပြုလိုက်ပါက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေ ပါစေ တန်ပြန်တုံ့ပြန်နိုင်သည့် နည်းစနစ်တစ်ရပ်ရပ် မရှိပါက ကျိန်းသေ သေပွဲဝင်ရပါလိမ့်မည်။ ကျန်းချန်ရွှမ်ပိုင်ဆိုင်ထားသည့် ဝှက်ဖဲများတွင် ယခုအစီအရင်ပြားသည် အကောင်းဆုံးတစ်ခုဟု ပင် သတ်မှတ်လျှင် လွန်မည်မဟုတ်ပါ။

“ငါအနေနဲ့ ဒီအစီအရင်ပြားကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်ဖို့ဆိုရင် လက်ရှိ ငါ့ရဲ့ အစီအရင်ဖန်တီးခြင်း အဆင့်အတန်းနဲ့တော့ မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့ အစီအရင်ပညာရှင်တစ်ဦးကို ပူးကပ်ပြီး အနီးကပ်လေ့လာခွင့်ကိုတော့ စနစ်ကပေးထားသေးတယ်”

ထိုအတွေးနှင့်အတူ ကျန်းချန်ရွှမ်လည်း တုံ့ဆိုင်းခြင်းမရှိတော့ဘဲ စနစ်မှပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုလိုက်တော့သည်။

ထိုအချိန်တွင် လျန်နိုင်ငံ ရှေးဟောင်းတောင်တန်းတစ်နေရာတွင်ဖြစ်သည်။ ထိုဒေသသည် လျန်နိုင်ငံနှင့် နတ်ဆိုးသားရဲတို့ ကျက်စားရာနယ်မြေတို့ကို ပိုင်းခြားထားသည့် နယ်နိမိတ်ဒေသတစ်ခုလည်းဖြစ်သည်။ တောင်တန်း၏ အနောက်တစ်နေရာတွင် ပေတစ်ထောင်ကျော်အမြင့်တွင် တည် ထားသည့် မြို့တစ်ခုရှိသည်။ ထိုမြို့ကို လျန်နိုင်ငံကျင့်ကြံရေးလောကသားများက နတ်ဆိုးသားရဲများကို ခုခံရန် တည်ဆောက်ထားခြင်းဖြစ်ပြီး ရှေးဟောင်းမူလမြို့ ဟုအမည်ရသည်။ ထိုတောင်တန်း၏ အပြင်တစ်နေရာတွင် နတ်ဆိုးသားရဲများကို အမဲလိုက်သည့် လူငါးယောက်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ပတ်ဝန်းကျင်ကို အဆက်မပြတ် စူးစမ်းလေ့လာလျက်ရှိသည်။

နတ်ဆိုးသားရဲကပ်ဘေး နီးလာသည်နှင့်အမျှ အဆိုပါအမဲလိုက်အဖွဲ့ကဲ့သို့ အဖွဲ့ငယ်များကို နယ်နိမိတ်စည်းဝန်းကျင်တွင် မကြာခဏ တွေ့လာရသည်။ အကြောင်းရင်းမှာ လျန်နိုင်ငံ၏ အင်အားအကြီးဆုံး ရွှေအမြုတေအဆင့်ဂိုဏ်းနှစ်ခု၏ ဆုကြေးစနစ်အသစ်ကြောင့် ဟုဆိုနိုင်မည်။ နယ်ခြားမြို့အပြင်မှ နတ်ဆိုးသားရဲများကို သတ်ဖြတ်နိုင်သူများသည် သားရဲအသေကောင်များကို ယူလာပြီး ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်နိုင်သည်ဟု တရားဝင်ထုတ်ပြန်ထားသည်။ သတ်ဖြတ်နိုင်သည့် နတ်ဆိုးသားရဲ၏ အဆင့်အတန်းအပေါ် မူတည်ပြီး ဆုကြေးပမာဏကို ဆုံးဖြတ်ခြင်းဖြစ် သည်။

ပုံမှန်အားဖြင့် အဆင့် ၁ နတ်ဆိုးသားရဲတစ်ကောင်သည် ဝိညာဉ်ကျောက်တုံး ငါးခုမှ ဆယ့်ငါးခုအထိ တန်ကြေးရှိပြီး အဆင့် ၂ သားရဲများမှာ ဝိညာဉ်ကျောက်တုံး ၅၀ မှ ၂၀၀ အထိ တန်ကြေးရှိနိုင်ပါသည်။ ဆုကြေးမှာ များပြားလှသည်ဟု မဆိုသာသော်လည်း တစ်ကိုယ်တော်ကျင့်ကြံသူများ အတွက်တော့ အပိုဝင်ငွေရရှိနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်နေပါသည်။ ထိုဆုကြေးများအတွက် ရန်ပုံငွေမတည်သူများမှာ ထုံးစံအတိုင်း စင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းကဲ့သို့ အုတ်မြစ်ခိုင်မာပြီး ဖြစ်သည့် ရွှေအမြုတေအဆင့် ဂိုဏ်းနှစ်ခုဖြစ်သည်။ သာမန်ဂိုဏ်းများနှင့် မိသားစုများ မဆိုထားနှင့် ရွှေအမြုတေအဆင့်ကို မကြာသေးမီကမှ တက်လှမ်းနိုင်ခဲ့သည့် ဖန်းမိသားစုပင် အဆိုပါဓနအင်အားမျိုးကို မပိုင်ဆိုင်သေးပါ။

စင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့က သည်အစီအစဉ်ကို အဘယ်အတွက် ဖန်တီးရပါသနည်း။ အဖြေမှာ ရိုးရှင်းပါသည်။ ပထမဆုံးအချက်အနေနှင့် ကျင့်ကြံသူများကို နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ရန် တင်ကြိုပြင်ဆင်ပေးသည့် သွေးပူလေ့ကျင့်ခန်း သဘောမျိုးဖြစ်သည်။ ဒုတိယတစ်ချက်မှာ နတ်ဆိုးသားရဲများ၏ ပြုမူလှုပ်ရှားပုံကို ထောက်လှမ်းလို၍ဖြစ်သည်။ ထိုအချိန်တွင် လူ ငါးဦးပါဝင်သည့် အမဲလိုက်အဖွဲ့ဝင်တစ်ဦးဖြစ်သော တာအိုဝတ်ရုံဝတ် လူငယ်တစ်ဦးသည် ဘေးဘီဝဲယာကို အကဲခတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် အဖွဲ့ခေါင်းဆောင် ဖြစ်ဟန်တူသော ရှည်ရှည်ပိန်ပိန်လူကို အသံအုပ်အုပ်ဖြင့် အသိပေးလိုက်သည်။

“အစ်ကိုဟူ အခြေအနေက ပုံမှန်မဟုတ်ဘူးဗျ။ ထူးထူးခြားခြားကို တိတ်ဆိတ်လွန်းနေတယ်။ ကျွန်တော်တို့ ဒီနေရာက အမြန်ဆုံးလစ်ဖို့လိုနေပြီ”

ထိုအခါ တာအိုဝတ်ရုံဝတ်လူငယ်၏ ဘေးတွင်ရှိသည့် အဝါရောင်မိန်းမချောလေးကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။

“အစ်ကိုယွင်ပြောတာမှန်တယ်။ ဒီနေရာကြီးက တစ်မျိုးကြီးပဲ အစ်ကိုဟူ။ ကျွန်မတို့ ဆက်မသွားသင့်တော့ဘူး”

အဖွဲ့သားနှစ်ဦးက တိုက်တွန်းနေသောကြောင့် ခေါင်းဆောင်လုပ်သူ ပိန်ရှည်ရှည်လူသည် ကျန်အဖွဲ့သားနှစ်ဦးဖြစ်သည့် အပြာရောင်ဝတ်လူငယ်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို မေးငေါ့ အကြံတောင်းလိုက်သည်။

“မင်းတို့ရော ဘယ်လိုသဘောရလဲ”

ထိုအခါ အပြာဝတ်လူငယ်က ခေါင်းညိတ်လိုက်ပြီး

“အစ်ကိုဟူ့သဘောပါ။ အစ်ကိုနားချင်ရင်နားပါ”

သက်လတ်ပိုင်းအရွယ် မိန်းမက အနည်းငယ် စဉ်းစားလိုက်ပြီး

“မောင်လေးယွင်နဲ့ ရှောင်းမေတို့ ပြောတာ သဘာဝကျတယ်၊ ဒီမှာကြာကြာနေလို့မဖြစ်ဘူး။ အမြန်ဆုံးပြန်ကြရအောင်”

“နေဦး”

အမျိုးသမီး၏ စကားဆုံးဆုံးချင်းမှာပင် ကျန်လေးဦးသည် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိလိုက်ကြ၍ အနောက်သို့ လည်ပြန်ကြည့်လိုက်ကြသည်။ ကြီးမားသော သတ္တဝါကြီးများသည် မိုးပေါ်မှ ပြုတ်ကျသလို ရုတ်တရက်ပေါ်လာပြီး သူတို့ငါးဦးထံ ပြေးဝင်လာသည်ကို တွေ့လိုက်ရတော့သည်။ နားကွဲမတတ် စူးရှသည့် ဟိန်းသံများကိုလည်း တစ်ဆက်တည်း ကြားလိုက်ရပြီး မြေပြင်တစ်ခုလုံး လှုပ်ယမ်းသွားသလို သစ်ပင်များလည်း ပြိုလဲကုန်ကြသည်။ ထိုအခါ နဂိုကတည်းက ဖြူဖတ်ဖြူလျော်ဖြစ်နေသည့် ငါးဦးသားသည် ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်လိုက်ကြတော့သည်။

“နတ်ဆိုးသားရဲကပ်ကြီး ရောက်လာပြီ၊ မြန်မြန်ပြေးဟ”

ငါးဦးသားသည် ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ ပိန်ရှည်ရှည်လူမှ ဦးဆောင်ပြီး နေရာမှ တစ်ချိုးတည်းလှည့်ကာ ရှေးဟောင်းမူလမြို့ရှိရာသို့ ရှိသမျှအားအင်အကုန် ညှစ်ထုတ်ထားသော ခြေလှမ်းကျဲကြီးများဖြင့် ထွက်ပြေးပါတော့သည်။

***

All Chapters