ဝိုင်းရံပိတ်ဆို့ခြင်း
Vol. 14 Ch. 271
“သူကတော့ မရောက်သေးဘူး”
ထိုအခါမှ ပိုင်ကျိရွမ်တစ်ယောက် သက်ပြင်းချနိုင်သည်။ ကျန်းချန်ရွှမ်သာ သူ့ဇနီးကဲ့သို့ ကျီဖုနဝမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေခဲ့လျှင် ကျန်းမိသားစု၏ အင်အားမှာ အလွန်ကြောက်မက်ဖွယ် ကောင်းသွားပါလိမ့်မည်။ ပိုင်ကျိရွမ် ထိုသို့တွေးမိနေချိန်မှာပင် ပိုင်ယွမ်ချန်းက ဆက်ပြောသည်။
“ကျန်းချန်ရွှမ်က ကျီဖုနဝမအဆင့်ကို မရောက်သေးပေမဲ့ အဌမအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတယ်။ အချိန်မရွေး နဝမအဆင့်ကို တက်လှမ်းနိုင်ချေရှိတယ်။ ဒါတင်မကသေးဘူး သူ့ဆီက ထွက်နေတဲ့ ဝိညာဉ်ဖိအားက သူ့ဇနီးထက် မလျော့ဘူး”
ထိုအခါ ပိုင်ကျိရွမ်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ ထိုစုံတွဲသည် သာမန်ကျင့်ကြံသူများ မဟုတ်သည်က သေချာသည်။ သူတို့ထံတွင် ကျင့်ကြံမှုမြန်နှုန်းကို မြှင့်တင်ပေးနိုင်သည့် အထူးနည်းစနစ်များ ပိုင်ဆိုင်ထားကြလေသလား။ အဆိုပါအတွေးများ ပိုင်ကျိရွမ်၏ စိတ်ထဲတွင် ပလုံစီနေချိန် တစ်လုံးတစ်ပါဒမျှ ဝင်ရောက်ပြောဆိုခြင်းမရှိသေးသည့် ဘိုးဘေးပိုင်မင်ရှန်းက နောက်ဆုံးတွင် စကားစလာသည်။
“ဘာပဲဖြစ်ဖြစ် တို့များ ပိုင်မိသားစုက ကျန်းမိသားစုနဲ့ လက်တွဲပြီး ဒီမြို့ကို ကာကွယ်ဖို့ ဝတ္တရားရှိလာပြီလေ။ ဒါကြောင့် သူတို့နဲ့ အဆင်ပြေအောင်နေပါ။ ကျိရွမ် မင်းရဲ့စိတ်ခံစားချက်တွေကို အလို မလိုက်မိစေနဲ့။ တစ်နေ့နေ့ကျရင် မင်းရဲ့အသက်ကို သူတို့နှစ်ယောက်က ကယ်ဆယ်ရတဲ့အဖြစ်မျိုး ရှိလာနိုင်တယ်။ ကြားလား”
“ကျွန်မနားလည်ပါပြီ သတ္တမဘိုးဘိုး”
ပိုင်ကျိရွမ်သည် ဘိုးဘေးဖြစ်သူ၏ ဆုံးမစကားကို လက်ခံရန် ခဲယဉ်းနေသေးသော်လည်း တစ်ချိန်တည်းတွင် ဘိုးဘေး၏ စကားသည် သဘာဝကျသည်ဟုမြင်မိသည်။ အနာဂတ်တွင် သူမ၏ အပြုအမူများကို ဆင်ခြင်ပါမည့်အကြောင်းကို ခေါင်းညိတ်ကတိပေးလိုက်ပါတော့သည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အသင့်ပြင်ဆင်ပေးထားသည့် လှိုဏ်ဂူကို ရောက်ရှိနေရာယူ လိုက်ကြသည်။ ထို့နောက်တွင် အချိန်မဆွဲဘဲ ကျန်းရန်ယီတို့လူစုကို ဆက်သွယ်ရေးကျောက်စိမ်းပြားမှတဆင့် ဆင့်ခေါ်လိုက်သည်။ မကြာမီ ကျန်းရန်ယီဦးဆောင်သည့် ကျန်းမိသားစုဝင်များ လူစုံတက်စုံ ရောက်ရှိလာကြသည်။
မိသားစုဝင်အားလုံး နေသားတကျ ဖြစ်မဖြစ် စစ်ဆေးပြီးနောက် ကျန်းချန်ရွှမ်က ဤမြို့ကို နတ်ဆိုးသားရဲများ တစ်ကြိမ်တိုက်ခိုက်ပြီးဖြစ်၍ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်နိုင်ကြောင်း ကျန်းမိသားစုဝင်အားလုံးကို အသိပေးလိုက်သည်။
“အခုကစပြီး မြို့တံတိုင်းတစ်လျှောက် ကင်းလှည့်ဖို့နဲ့ နတ်ဆိုးသားရဲ လှုပ်ရှားမှုကို ထောက်လှမ်းဖို့ အလှည့်ကျတာဝန်ယူရမယ်။ ပုံမှန်မဟုတ်တာမျိုး တွေ့တာနဲ့ ကျုပ်တို့ကို ချက်ချင်းသတင်းပို့ပါ၊ ဒါမှမဟုတ် အဲဒီနေ့မှာ တာဝန်ကျတဲ့ ကျီဖုအဆင့် ကျင့်ကြံသူကိုလည်း သတင်းပို့နိုင်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ကိုလည်း ဂရုစိုက်ရမယ်။ အန္တရာယ်တွေ့တာနဲ့ ကိုယ့်မှာရှိတဲ့ လျှို့ ဝှက်လက်နက်တွေကို ထုတ်သုံးဖို့ မနှမြောနဲ့။ ရင်းမြစ်လက်နက်တွေကို ကုန်သွားရင် ပြန်ဖြည့်လို့ ရတယ်။ အသက်ပါသွားရင်တော့ ပြန်ယူလို့မရဘူး၊ နားလည်ကြရဲ့လား”
“နားလည်ပါတယ်”
ကျန်းချန်ရွှမ်၏ အမိန့်ကို ကျန်းရန်ယီ၊ ကျန်းရန်ချွမ်းအပါအဝင် ကျန်းမိသားစုဝင်အားလုံး တစ်ညီ တစ်ညွတ်တည်း နာခံလိုက်ကြသည်။ ကျန်းချန်ရွှမ်က ကျေနပ်ဟန်နှင့် ခေါင်းညိတ်လိုက်ပြီး
“လောလောဆယ်တော့ ဒီလောက်ပဲ။ ခင်ဗျားတို့အားလုံး ပြန်နားနိုင်ပါပြီ။ ဖြစ်နိုင်ရင် ရသမျှအချိန်အတွင်းမှာ ကိုယ့်အင်အားကို မြှင့်တင်ကြပါ။ အချောင်မခိုကြပါနဲ့”
ကျန်းမိသားစုဝင်များ ထွက်ခွာသွားသောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း အချိန်မဖြုန်းဘဲ ကျင့်ကြံရာလှိုဏ်ဂူအသီးသီးသို့ ဝင်ရောက်ပြီး ကျင့်ကြံမှုကို စလိုက်ကြပြန်သည်။ ဤသို့နှင့် လဝက် ဟူသောကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့သည်။ ထိုဆယ့်ငါးရက်အတွင်း၌ နတ်ဆိုးသားရဲများ လာရောက်တိုက်ခိုက်ခြင်းမရှိ၍ ရှေးဟောင်းမူလတစ်မြို့လုံး အေးချမ်းတည်ငြိမ်လျက်ရှိသည်။ ရံဖန်ရံခါဆိုသလို တစ်ကိုယ်တော်ကျင့်ကြံသူများသည် မြို့ပြင်သို့ထွက်ပြီး နတ်ဆိုးသားရဲတို့၏ သဲလွန်စ၊ အရိပ်အယောင်များကို စုံစမ်းထောက်လှမ်းပြီး ရှေးဟောင်းမူလမြို့ အုပ်ချုပ်သူများကို သတင်းပို့ပြီး ဆုငွေထုတ်ကြသည်။
တစ်နေ့တွင် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး ပေးပို့လိုက်သော သတင်းစကားကို ဖတ်ရှုနေသည့် ကျန်းရန်တောက်၏ သားဖြစ်သူ ကျန်းယွင်ချန်းသည် မျက်မှောင်ကုတ်သွားမိသည်။ သူ့ရှေ့ မှောက်တွင် ရပ်နေသည့် လူထွားကြီးတစ်ဦးကို မော့ကြည့်လျက် မေးခွန်းထုတ်လိုက်သည်။
“ရှေးဟောင်းမူလမြို့ရဲ့ အနောက်တောင်မှာ လေပြင်းကြံ့သားရဲ အရိပ်အယောင်ကို တွေ့တယ်ဆိုတာ သေချာပါတယ်နော်”
ကျန်းယွင်ချန်းအနေနှင့် သေချာအောင် မေးမြန်းရသည့် အကြောင်းရင်းမှာ လေပြင်းကြံ့များသည် ရှေးဟောင်းမူလမြို့နှင့် အနီးတဝိုက် တောင်တန်းများတွင် ကျက်စားလေ့မရှိသည့် နတ်ဆိုးသားရဲများ ဖြစ်နေသောကြောင့်ဖြစ်သည်။ သတင်းစကားပေးပို့သူ လူထွားကြီး၏ တွေ့ရှိချက်သာ အမှန် ဖြစ်ခဲ့လျှင် ဤအရေးသည် အသေးအဖွဲအဖြစ် ယူဆ၍မရတော့ပါ။ ဖခင်ဖြစ်သူ ကျန်းရန်တောက် နှင့် ဘိုးဘေးနှစ်ဦးကို ချက်ချင်းအသိပေးရန် လိုလာပါလိမ့်မည်။
“သခင်လေးယွင်ချန်း ကျုပ်သေချာမြင်ခဲ့တာပါ။ ဖျတ်ခနဲမြင်လိုက်တာဆိုပေမဲ့ ကျုပ်အမြင်မှား နိုင်စရာမရှိပါဘူး။ လေပြင်းကြံ့ဆိုတာသေချာပါတယ်”
ကျန်းယွင်ချန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ခင်ဗျားပေးတဲ့သတင်း မှန်ကန်ကြောင်း အတည်ပြုနိုင်ရင် ခင်ဗျားနဲ့ ခင်ဗျားလူတွေအတွက် ပုံမှန်ဆုလာဘ်အပြင် အပိုထပ်ဆောင်းပြီး ဆုချဦးမယ်”
ထိုအခါ လူထွားကြီးသည် ဝမ်းသာလုံးဆို့သွားပြီး လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်လေး”
တစ်အောင့်မျှကြာလျှင် ကျန်းယွင်ချန်းသည် ခန်းမဆောင်တစ်ခုသို့ ခပ်သုတ်သုတ် ထွက်လာခဲ့သည်။ ထိုခန်းမသည် ကျီဖုအဆင့်ကျင့်ကြံသူများ ယာယီစတည်းချရာ နေရာဖြစ်သည်။ တိုက်ဆိုင်စွာနှင့် ထိုနေ့အတွက် တာဝန်ကျသူသည် ဖခင်ဖြစ်သူ ကျန်းရန်တောက်ဖြစ်နေသည်။ ကျန်းယွင်ချန်းသည် တံခါးကိုခေါက်လိုက်ရာ အထဲမှ ဝင်ခဲ့ရန်ပြော၍ သူလည်း တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။ ဖခင်ဖြစ်သူ ကျန်းရန်တောက်ကို ထိုင်ခုံတစ်ခုတွင် ထိုင်လျက်သား အသင့်တွေ့ လိုက်ရသည်။ သူ့ရှေ့တွင် နောက်ထပ်လူတစ်ဦး ထိုင်လျက်ရှိနေသည်ကိုလည်း မြင်လိုက်ရသည်။
***