← Chapters

ဝိုင်းရံပိတ်ဆို့ခြင်း (၂)

Vol. 14 Ch. 272

ဝိုင်းရံပိတ်ဆို့ခြင်း (၂)

Vol. 14 Ch. 272

ထိုသူမှာ ပိုင်မိသားစုမှ ပိုင်ယွမ်ချန်းဖြစ်သည်။ ကျန်းယွင်ချန်းသည် ခပ်သုတ်သုတ် ဝင်လိုက်ပြီး အဖေဖြစ်သူ ကျန်းရန်တောက်နှင့် ပိုင်ယွမ်ချန်းတို့နှစ်ဦးလုံးကို ဂါရဝပြုလိုက်သည်။

“တာအိုမိတ်ဆွေရန်တောက် သူက ခင်ဗျားသား မလား။ အသက်ငယ်ငယ်လေးနဲ့ အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်ရောက်နေပြီပဲ၊ အနာဂတ်မှာ အများကြီးမျှော်လင့်လို့ရတယ်”

ကျန်းရန်တောက်က ခေါင်းခါလိုက်ပြီး

“မိတ်ဆွေကြီးယွမ်ချန်းရေ ကျုပ်သားမှာ ဝိညာဉ်အမြစ်သုံးခုပဲပါတာဗျ။ ခင်ဗျားသားနဲ့ ယှဉ်လို့မရသေးပါဘူး”

ထို့နောက် ကျန်းရန်တောက်က စကားလမ်းကြောင်းလွှဲလိုက်ပြီး

“ယွင်ချန်း ဘာကိစ္စတုန်းကွ”

ကျန်းယွင်ချန်းက လူထွားကြီးပေးပို့သည့်သတင်းကို အစအဆုံး တင်ပြလိုက်သည်။ ထိုအခါ ကျန်းရန်တောက်နှင့် ပိုင်ယွမ်ချန်းနှစ်ဦးလုံး မျက်နှာအမူအရာများ တင်းမာသွားကြသည်။ ပိုင်ယွမ်ချန်း က တွေးတွေးဆဆနှင့် မှတ်ချက်ချသည်။

“မိတ်ဆွေကြီးရန်တောက် လေပြင်းကြံ့တွေ အကြောင်းကို ကျုပ်ကောင်းကောင်းသိတယ်။ ဒီကြံ့တွေက အမြဲစိမ်းသစ်တောတွေမှာပဲနေကြတာ။ ဒီနေရာလို တောင်တန်းထူထပ်တဲ့ ဒေသတွေမှာ နေလေ့မရှိဘူး။ အခုဒီကောင်တွေပေါ်လာပြီဆိုတော့ ကျုပ်အထင်မမှားရင် နတ်ဆိုးသားရဲမျိုးနွယ်စုတစ်ခုက သူတို့ကို ဆင့်ခေါ်ပြီး ဒီမြို့ကို တိုက်ခိုက်ဖို့ကြံစည်နေတာပဲဖြစ်မယ်”

ကျန်းရန်တောက်က သဘောတူဟန်နှင့် ခေါင်းညိတ်လိုက်သည်။

“မိတ်ဆွေကြီးပြောတာ သဘာဝကျတယ်။ ကြည့်ရတာတော့ ကျုပ်တို့ ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ရမဲ့ နတ်ဆိုးသားရဲလှိုင်းတစ်ခု စနေပြီထင်တယ်”

လေပြင်းကြံ့များ မမျှော်လင့်ဘဲ ရောက်လာခြင်းသည် နတ်ဆိုးသားရဲလှိုင်းလုံးတစ်ခု ချီတက်လာနေပြီဟု အချက်ပေးခေါင်းလောင်းထိုးလိုက်သလိုပင်ဖြစ်သည်။ ထို့နောက် ကျန်းရန်တောက်က

“တခြားလူတွေကို အသိပေးလိုက်ကြရအောင်” ဟုပြောလိုက်ရာ ပိုင်ယွမ်ချန်းက ခေါင်းညိတ်ပြသည်။ ကျောက်စိမ်းဆက်သွယ်ရေးပြားမှတဆင့် ကျီဖုအဆင့် ကျင့်ကြံသူများအားလုံးကို အသိပေးလိုက်ကြတော့သည်။ ထို့နောက်တွင် ကျန်းရန်တောက်သည် သားဖြစ်သူကို လိုအပ်သည်များ စီစဉ်ထားရန် ညွှန်ကြားလိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက်….

ရှေးဟောင်းမူလမြို့တော် တံတိုင်းထက်ရှိ ကျင့်ကြံသူအချို့သည် ရုတ်တရက် မျက်လုံးပြူးသွားပြီး အဝေးတစ်နေရာကို လက်ညှိုးညွန်လျက် တုန်လှုပ်စွာ ရေရွတ်လိုက်ကြသည်။

“နတ်ဆိုး…နတ်ဆိုးသားရဲတွေ လာကြပြီ”

ထိုအခါ အခြားသော နေရာများတွင် တာဝန်ကျနေသည့် ကျင့်ကြံသူများလည်း အလျှိုလျှို ရောက်လာကြပြီး အဝေးသို့မျှော်ကြည့်လိုက်ကြသည်။ မိုင်ရာဂဏန်းအကွာတွင် နတ်ဆိုးသားရဲအုပ်ကြီးသည် အရှိန်အဟုန်ဖြင့် သူတို့ရှိရာသို့ ပြေးလာနေကြသည်ကို တုန်လှုပ်ဖွယ် တွေ့လိုက်ကြရသည်။ ရှေ့ဆုံးမှ ချီတက်လာသည့် သတ္တဝါများမှာ လေပြင်းကြံ့များဖြစ်ကြသည်။

“မြန်မြန် သတင်းပို့ကြ”

ရဲရဲနီနေသည့် မီးလျှံတစ်ခု ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး တစ်ဆက်တည်းတွင် ခေါင်းလောင်းသံများ အဆက်မပြတ် ထွက်ပေါ်လာကာ တစ်မြို့လုံးကို ဖုံးလွှမ်းသွားတော့သည်။ မကြာမီ ကျောက်စိမ်းရေဓားစင်မြင့်၊ ကျန်းမိသားစုနှင့် ပိုင်မိသားစုလက်အောက်ရှိ ကျင့်ကြံသူများသည် တာဝန်ကျရာ နေရာအသီးသီးမှ ထွက်လာပြီး မြို့တံတိုင်းများထံ ဦးတည်ပျံသန်းကုန်ကြသည်။ အများစုမှာ နတ်ဆိုးသားရဲများ ပစ်မှတ်ထား ဦးတည်နေသည့် အရှေ့ဘက်တံတိုင်းရှိရာသို့ ပျံသန်း လာကြသည်။ ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ဟွားမန်ရုံ၊ လီဖေးနှင့် ပိုင်မိသားစုဝင်သုံးဦးတို့သည် မြို့တော်၏ အထက်ကောင်းကင်ပြင်တွင် ရပ်လျက် ဖွေးဖွေးလှုပ်နေသော နတ်ဆိုးသားရဲတပ်ကြီး ကို မတုန်မလှုပ် ငုံ့ကြည့်နေမိကြသည်။

ထိုစဉ် ပိုင်ယွမ်ချန်းက ဟွားမန်ရုံအား

“တာအိုမိတ်ဆွေဟွား ဒီတစ်ခေါက် သူတို့အင်အားက နောက်ဆုံးတစ်ခေါက်နဲ့ ဘယ်လောက်ကွာမလဲ”

ဟွားမန်ရုံက ခေတ္တစဉ်းစားလိုက်ပြီး

“ဒီတစ်ခေါက် သိသိသာသာပိုများတယ်။ နောက်ပြီး ပါဝင်တဲ့ နတ်ဆိုးသားရဲ မျိုးနွယ်စုတွေလည်း ပိုစုံတယ်”

ထိုအချိန်တွင် ကျန်းရန်ယီဦးဆောင်သည့် ကျန်းမိသားစုဝင်များ၊ ကျောက်စိမ်းရေဓားစင်မြင့်မှ အ ခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများ၊ အရှေ့ဘက်ဂိတ်တံခါးကို တာဝန်ယူကာကွယ်နေသော ပိုင်မိသားစုဝင်များသည် သူတို့ရှေ့မှောက်သို့ ချဉ်းနင်းဝင်ရောက်လာသည့် နတ်ဆိုးသားရဲတပ်ကြီး အပေါ် အာရုံစိုက်လိုက်ကြသည်။ ကျန်းရန်ယီက အသံမြှင့်၍ အော်ဟစ်လိုက်သည်။

“အားလုံး အသင့်ပြင်ထားကြ။ သုံးစက္ကန့်အတွင်း ရွှံ့နည်းစနစ်ကို တစ်ပြို်ငနက်တည်း သုံးမယ်”

ကျန်းရန်ယီ၏ စကားဆုံးသည့်အချိန်တွင် ရှေ့ဆုံးမှ ဦးဆောင်လာသည့် လေပြင်းကြံ့များနှင့် ဝက်ဝံရိုင်းများသည် မြို့တံတိုင်းနှင့် ပေတစ်ထောင်အကွာသို့ ရောက်ရှိလာတော့သည်။ ထိုအခိုက်တွင် အရှေ့တံတိုင်းထက်ရှိ ကျင့်ကြံသူအားလုံးသည် ရွှံနည်းစနစ်ကို တစ်ချိန်တည်း ထုတ်ဖော်လိုက်ကြသည်။ အဆိုပါနည်းစနစ်သည် သတ်မှတ်ထားသည့် ပတ်ဝန်းကျင်ဧရိယာတစ်ခုကို ရွှံနွံအိုင်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။ အရွယ်အစားကြီးမားသည့် လေပြင်းကြံ့နှင့် ဝက်ဝံရိုင်း နတ်ဆိုးသားရဲများအတွက် အထူးပြင်ဆင်ထားသည့် နည်းစနစ်တစ်ခုဖြစ်သည်။

ဘုန်း…ဘုန်း….ဘုန်း…

တစ်ခဏချင်းတွင် ထောင်ချီသော မန္တန်စက်ကွင်းများသည် မြေပြင်ထက်သို့ စုပြုံကျရောက်သွားတော့သည်။ ထို့နောက်တွင် နဂိုမူလက မာကျောလျက်ရှိသည့် မြေသားသည် ရုတ်တရက် ပျော့ပြောင်းသွားပြီး ရွှံနွံအိုင်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ရှေ့ဆုံးမှ ပြေးဝင်ချီတက်လာသည့် လေ ပြင်းကြံ့များနှင့် ဝက်ဝံရိုင်းများလည်း နွံအိုင်အတွင်း သက်ဆင်းမိပြီး အရှိန်ရပ်ကုန်ကြသည်။ နောက်မှ လိုက်ပါလာသည့် နတ်ဆိုးသားရဲများသည် အရှိန်မထိန်းနိုင်တော့ဘဲ ရှေ့ဆုံးတန်းမှ လေပြင်းကြံ့များ၊ ဝက်ဝံရိုင်းများနှင် တိုးတိုက်မိပြီး သားရဲတစ်အုပ်လုံး ပြိုဆင်းသွားတော့သည်။ ထိုအခွင့်အရေးကို စောင့်မျှော်နေသော တံတိုင်းထက်ရှိ ကျင့်ကြံသူများလည်း အချိန်မဆိုင်းဘဲ မန္တန်များကို ထုတ်ဖော်ပစ်လွှတ်လိုက်ကြသည်။ ထိုမန္တန်စက်ကွင်းများကို တိုင်ယီအစီအရင်ကွက် က အဆင့်မြှင့်တင်ပေးပြီးနောက်တွင် ပေထောင်ဂဏန်းအကွာကို ဖြတ်သန်းလျက် နတ်ဆိုးသား ရဲအုပ်ကြီးပေါ်သို့ ထိမှန်ကျရောက်သွားတော့သည်။

***

All Chapters