ဝိုင်းရံပိတ်ဆို့ခြင်း (၃)
Vol. 14 Ch. 273
တစ်ခဏချင်းတွင် လေထုအတွင်း၌ နတ်ဆိုးသားရဲများ၏ ဟိန်းဟောက်သံများ ညံစီသွားသည်။ မီးလျှံများ၊ ရေခဲဓားသွားများ၊ လေဓားသွားများ၊ ဓားချီများသည် နတ်ဆိုးသားရဲအုပ်အတွင်း ကျ ရောက်သွားပြီး ဒါဇင်နှင့်ချီသော သတ္တဝါများ အတုံးအရုံး သေဆုံးကုန်ကြသည်။ နတ်ဆိုးသားရဲ ရာဂဏန်းမှာ အပြင်းအထန် ဒဏ်ရာရကုန်ကြသည်။ သို့သော် ထိုပမာဏသည် ပင်လယ်အတွင်းမှ ရေတစ်စက် လျော့ပါးသလောက်သာ ရှိပြီး နတ်ဆိုးသားရဲများအတွက် ဆုံးရှုံးမှုဟုပင်မခေါ်ဆို ထိုက်ပါ။ မကြာမီ ကျင့်ကြံသူများ ဖန်တီးထားသည့် ရွှံနွံအိုင်ကြီးသည် နတ်ဆိုးသားရဲများကြောင့် ပြင်ညီအဖြစ် ပြန်လည်ရောက်ရှိသွားပြီး မြို့တံတိုင်းဆီသို့ ဆက်လက်ချီတက်လာကြပြန်သည်။
ကျင့်ကြံသူအများအပြားသည် ထိုမြင်ကွင်းကြောင့် တုန်လှုပ်ကာ ခြေတစ်လှမ်းဆုတ်မိလိုက်ကြ သည်။ အထူးသဖြင့် နတ်ဆိုးသားရဲကပ်ဘေးကို ပထမဆုံး ရင်ဆိုင်ဖူးသည့် ကျင့်ကြံသူများသည် ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ကာ ကြောင်ငေးကြည့်နေမိကြသည်။ ကျန်းရန်ယီနှင့် ခံစစ်ကို ဦးဆောင်ညွှန်ကြားနေသော ကျင့်ကြံသူများသည်လည်း မျက်နှာပျက်စပြုလာသည်။ ကျင့်ကြံသူများ ထုတ်ဖော်လိုက်သော မန္တန်များ၊ နည်းစနစ်များသည် တိကျမှုအရာတွင်မက၊ ပြင်းအားတွင်ပါ တစ် စထက်တစ်စ ကျဆင်းလာ၍ဖြစ်သည်။ ကျင့်ကြံသူအချို့ ပစ်လွှတ်လိုက်သည့် မန္တန်စက်အချို့ဆိုလျှင် အပြည့်အဝ မဖန်တီးရသေးဘဲ ကြောက်ကြောက်နှင့် ကသမ်းကရမ်း ပစ်လွှတ်လိုက်ခြင်းဖြစ်ရာ နတ်ဆိုးသားရဲများအတွက်တော့ အယားဖြေလောက်ရုံသာ ရှိပါသည်။
အခြေအနေကို ရိပ်စားမိသော ကျန်းရန်ယီ၊ ကျန်းရန်တောက်နှင့် ပိုင်မိသားစုမှ ကျင့်ကြံသူများသည် သံကုန်အော်ဟစ် သတိပေးလိုက်ရသည်။။
“အားလုံး နားထောင်ကြ၊ အကြောက်တရားက မင်းတို့ကို အနိုင်မယူသွားစေနဲ့။ အကြောက်တ ရားကို မထိန်းနိုင်လျှင် တို့အားလုံး သေကုန်ကြလိမ့်မယ်။ မသေချင်ရင် စိတ်ကို အတည်ငြိမ်ဆုံး ထားကြ”
ထိုစကားလုံးများတွင် စိတ်ကိုစေစားနိုင်သော နည်းစနစ်တစ်ရပ်ကို ထည့်သွင်းထား၍ ကြားလိုက်ရသော ကျင့်ကြံသူများလည်း စိတ်ကိုပြန်လည်ထိန်းချုပ်ပြီး တဖြည်းဖြည်း တည်ငြိမ်လာကြတော့ သည်။ အတွင်းစိတ်၌ ကြောက်ရွံ့နေသေးသော်လည်း အပြင်ပန်းတွင် တည်ငြိမ်သွားကြသည်။
ဘုန်း….ဘုန်း…ဘုန်…
ကျင့်ကြံသူများ ပစ်လွှတ်လိုက်သော မန္တန်နှင့် နည်းစနစ်ပေါင်းစုံသည် ဒုတိယလှိုင်းအဖြစ် နတ်ဆိုးသားရဲအုပ်ကြီးအပေါ် မိုးသီးမိုးစက်များပမာ ကျဆင်းလာကြသည်။ ဓားသွားချွန်များဖြင့် ထိုး ဖောက်၍လည်းကောင်း၊ ရေခဲပန်းဆွဲများဖြင့် ထုတ်ချင်းဖောက်၍လည်းကောင်း၊ မီးလျှံများဖြင့် လောင်ကျွမ်း၍လည်းကောင်း၊ နွယ်ရှင်များဖြင့် ရစ်ပတ်တိုက်စား၍လည်းကောင်း အမျိုးမျိုးအဖုံဖုံဖြင့် ချေမှုန်းကြရာတွင် နတ်ဆိုးသားရဲ နှစ်ရာကျော် ပြုတ်သွားသည်။ သို့သော် ကျင့်ကြံသူများအနေနှင့် သည်ထက်ပို၍ တိုက်ခိုက်နိုင်စွမ်းမရှိတော့ပါ။ ထိုပမာဏသည် နတ်ဆိုးသားရဲများအတွက် ကြီးကြီးမားမား ထိခိုက်ခြင်းမရှိဘဲ ဆက်လက်ချီတက်လာကြရာ တံတိုင်းနှင့် ပေတစ်ထောင်အ ကွာအထိ ရောက်လာကြသည်။
တံတိုင်းထက်ရှိ ကျင့်ကြံသူများသည် နတ်ဆိုးသားရဲများ၏ ကြမ်းကြုတ်ရက်စက်ကြောင်း ထင်ရှားနေသည့် မျက်နှာများ၊ အစွယ်များနှင့် သွေးနီရောင်တောက်နေသည့် မျက်လုံးများကိုပင် သဲသဲ ကွဲကွဲ မြင်စပြုလာပြီဖြစ်သည်။ ထိုသားရဲကြီးများမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်အော် ရာများကြောင့် ကျင့်ကြံသူအများစု၏ ခြေထောက်များ တုန်ရီခွေလျော့လာတော့သည်။ တိုင်ယီအစီအရင် ကျိုးပျက်သွားပြီး တစ်မြို့လုံးကို နတ်ဆိုးသားရဲများ သိမ်းပိုက်သွားနိုင်လျှင် သူတို့၏ ကံကြမ္မာ မည်သို့မည်ပုံရှိမည်ကို တွေးမိလိုက်ကြသောကြောင့် အကြောက်တရားသည် လူအများစု၏ စိတ်ထဲတွင် ထိန်းသိမ်းမရအောင် စိုးမိုးလာသည်။
သို့သော် ကျန်းရန်ယီတို့အနေနှင့် ဤသို့ဖြစ်ပျက်လာမည်မှန်း ရိပ်စားမိပြီးဖြစ်၍ အသင့်ပြင်ထား သော စိတ်ငြိမ်မန္တန်များကို ကျင့်ကြံသူအားလုံးထံ အသုံးပြုလိုက်သည်။ ထိုအခါ တုန်လှုပ်နေသော ကျင့်ကြံသူများလည်း စိတ်ကိုပြန်လည်စုစည်းကာ တံတိုင်းထံ ပြေးဝင်လာသော နတ်ဆိုးသားရဲ အုပ်ကြီးကို မမှိတ်မသုန် အာရုံစိုက်ကြည့်လိုက်ကြသည်။
“ဝိညာဉ်စုအမြောက်နဲ့ပစ်ဟ”
ကျန်းရန်တောက်၏အမိန့်သံက တံတိုင်းတလျှောက် ပဲ့တင်ထပ်သွားသည်။ ထိုအမြောက်သည် မြို့တော်ကာကွယ်ရေး ဓမ္မလက်နက်ဖြစ်ပြီး ငွေရောင်နှင့် အနက်ရောင်သုံးလျက် ပြေပြစ်စွာ သွန်းလုပ်ထားကာ မျက်နှာပြင်တွင် မှော်သင်္ကေတများ ထွင်းထုထားသည်။ ပစ်လွှတ်လိုက်ပါလျှင် အ ဆင့် ၂ အမြင့်ဆုံးအဆင့် မန္တန်တစ်ခုနှင့် ညီမျှသည့် ပေါက်ကွဲမှုကို ဖန်တီးနိုင်သည်။ အမြောက်ဝ၏ အချင်းမှာ နှစ်မီတာရှိပြီး ဝိညာဉ်ကျောက်တုံးများကို လောင်စာအဖြစ် အသုံးပြုပြီး အသက်သွင်းရ သည်။ ထိုအမြောက်၏ အားနည်းချက်မှာ ရွှေ့ပြောင်းမရခြင်းနှင့် အဝေးမှသာ ပစ်လွှတ်နိုင်ခြင်းတို့ ဖြစ်သည့်အတွက် အဆင့်တူ နတ်ဆိုးသားရဲများအဖို့ ရှောင်တိမ်းရန်မခက်ပါ။ သို့သော် ဤအချိန် သည် အမြောက်သုံးရန် အကောင်းဆုံးအချိန်ဖြစ်နေသည်။
ဒုန်း ဒုန်း ဒုန်း……
တစ်ခဏချင်းတွင် ဝိညာဉ်စုအမြောက်ပြောင်းများသည် မျက်စိကျိန်းမတတ် လင်းလက်လာပြီး ကျယ်လောင်သောမြည်သံများနှင့်အတူ အမြောက်ဆံများသည် ပေတစ်ထောင်အကွာရှိ နတ်ဆိုး သားရဲအုပ်အတွင်းသို့ ကျရောက်ပေါက်ကွဲသွားသည်။ သားရဲအများအပြား လွင့်စင်ထွက်ကုန်ပြီး အူများ၊ ခြေလက်များ၊ သွေးများ ပြန့်ကျဲသွားတော့သည်။ ပထမအကြိမ် ပစ်လွှတ်မှုအပြီးတွင် ရပ် တန့်သွားခြင်းမရှိဘဲ ဒုတိယ၊ တတိယနှင့် စတုတ္ထလှိုင်း အမြောက်ဆံများ ဆင့်ကဲကျရောက်လာ တော့သည်။ နတ်ဆိုးသားရဲများ တံတိုင်းနှင့် ပေတစ်ရာအကွာရောက်လျှင် ၂၀၀၀ အရေအတွက်ရှိသည့် သားရဲများ သေဆုံးခဲ့ပြီးဖြစ်သည်။
ထိုအချိန်တွင် ဒေါသတကြီး ဟိန်းဟောက်သံများ ကြားလိုက်ရပြီးနောက် ပြင်းထန်သောအော်ရာများ ထုတ်လွှတ်နေသည့် နတ်ဆိုးသားရဲ တစ်ဒါဇင်နီးပါးသည် ရှေ့သို့ပြေးထွက်လာကြသည်။ ထိုသားရဲများအနက် ဆယ်မီတာမြင့်သည့် လေပြင်းကြံ့ကြီးတစ်ကောင်သည် ပါးစပ်ကိုဟပြီး အစိမ်း ရောင်လေပွေဓားများကို ပစ်လွှတ်လိုက်သည်။ ထိုဓားသွားများသည် ဝိညာဉ်စုအမြောက်မှ ပစ် လွှတ်လိုက်သည့် အမြောက်ဆံတစ်လုံးကို ထိမှန်ပြီး နှစ်ပိုင်းတိတိ ဖြတ်တောက်ပေးလိုက်သည်။ ထိုကြံ့ကြီးသည့် အဆင့် ၂ နတ်ဆိုးသားရဲဖြစ်သည်။ တစ်ချိန်တည်းတွင် အခြားသော အဆင့် ၂ သားရဲများသည်လည်း နတ်ဘုရားစွမ်းအား အမျိုးမျိုးပစ်လွှတ်ပြီး အမြောက်ဆံများကို လေထဲတွင် ချေဖျက်ပြလျက်ရှိသည်။ အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ကောင်းကင် တစ်ခွင်လုံးတွင် မီးခိုးများ ဖုံးလွှမ်းသွားသည်။ မူလက ဝိညာဉ်စုအမြောက်၏ အစွမ်းကြောင့် ကျေနပ်အားရနေသော ကျင့်ကြံသူများလည်း မျက်နှာပျက်စပြုလာကြသည်။
***