← Chapters

အဆင့် ၃ နတ်ဆိုးသားရဲများ

Vol. 14 Ch. 274

အဆင့် ၃ နတ်ဆိုးသားရဲများ

Vol. 14 Ch. 274

သည်တစ်ခါ ကျူးကျော်လာသည့် အဆင့် ၂ နတ်ဆိုးသားရဲ အရေအတွက်သည် ပထမတစ်ခေါက်ထက် များပြားသည်မှာ သေချာသည်။ ထိုမျှမကသေး နောက်ထပ် အဆင့် ၂ နတ်ဆိုးသားရဲများ ထပ်မံရောက်ရှိလာဦးမည့် လက္ခဏာကိုလည်း တွေ့ရပြန်သည်။ တံတိုင်းထက်ရှိ ကျင့်ကြံသူအားလုံးလည်း တိုက်ခိုက်ရန် အချိန်ကျရောက်လာမှန်း သိလိုက်ကြသည်။

“အားလုံး မင်းတို့ရဲ့ ဓမ္မလက်နက်တွေနဲ့ တိုက်ကြတော့”

ကျန်းရန်ယီက ညွှန်ကြားလိုက်သည်။ ထိုအချိန်တွင် နတ်ဆိုးသားရဲများသည် တံတိုင်းနှင့် ပေနှစ်ဆယ်သာ ကွာတော့သည်။ ဤအခြေအနေမျိုးတွင် ဝိညာဉ်စုအမြောက်နှင့် ဆက်လက်ခုခံနေပါက အမြှောက်ပစ်အားသည် အထူးနှေးကွေးသွားပါလိမ့်မည်။ ဓမ္မလက်နက်များသည် နတ်ဆိုးသားရဲများအပေါ် ထိုက်သင့်သလောက် ထိခိုက်မှုရှိသလို ရှောင်တိမ်းရန်လည်း ခက်ခဲသည်။

ချွင်..

ကျွီ…

ကျင့်ကြံသူအားလုံးလည်း ကျန်းရန်ယီ ညွှန်ကြားလိုက်သည်နှင့် ဓမ္မလက်နက်များကို ပြိုင်တူဆွဲ ထုတ်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော ဓားအလင်းများ ကောင်းကင်ထက်တွင် ပေါ်လာတော့သည်။ ရှေ့တန်းရှိ နတ်ဆိုးသားရဲများသည် သူတို့ပိုင်ဆိုင်သော စွမ်းအား အသီးသီးဖြင့် ပြန်လည်ခုခံကြသည်။ ဆူးချွန်များ၊ အဆိပ်မြူခိုးများ၊ အစိုင်အခဲအတုံးများ အစရှိသည့် လက်နက်အသီးသီးသည် လူသားကျင့်ကြံသူတို့၏ ဓမ္မလက်နက်များနှင့် တိုးတိုက်မိပြီး ကြီးမားသော ပေါက်ကွဲမှုများ ဆင့်ကဲဖြစ်ပေါ်လာသည်။

အချို့သော နတ်ဆိုးသားရဲများသည် ဓမ္မလက်နက်ထိမှန်ပြီး ကိုယ်ခန္ဓာများ နှစ်ပိုင်းပြတ်ကုန်ကြသလို အချို့ကျင့်ကြံသူများ၏ ဓမ္မလက်နက်များသည်လည်း နတ်ဆိုးသားရဲများ၏ စုပေါင်းခုခံမှု ကြောင့် လေထဲတွင်ပင် ပစ်ချခံလိုက်ကြရသည်။ တိုက်ပွဲတစ်လျှောက်တွင် နတ်ဆိုးသားရဲများ အ လျှိုလျှိုလဲပြိုကုန်သလို ဓမ္မလက်နက် ဖျက်ဆီးခံလိုက်ရသောကြောင့် သွေးအန်လိုက်ရသည့် ကျင့်ကြံသူအရေအတွက်လည်း မနည်းလှပါ။ တိုက်ပွဲအခြေအနေမှာ ရှေ့မတိုးနောက်မဆုတ် အခြေအနေမျိုးဖြစ်နေသည်။ ကျန်းရန်ယီနှင့် အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများလည်း လက်ပိုက် ကြည့်မနေအားတော့ဘဲ စစ်ကူရောက်ရှိလာသည့် အဆင့် ၂ နတ်ဆိုးသားရဲများကို ခုခံကြရသည်။

နောက်ဆုံးတွင် နတ်ဆိုးသားရဲများ ခေတ္တတပ်ပြန်ဆုတ်သွားကြသည်။ ထိုအခါကျမှ အရှေ့တံခါးရှိ ကျင့်ကြံသူများ သက်ပြင်းချနိုင်ကြသည်။ တိုက်ပွဲမှာ ရက်အနည်းငယ်အထိ ကြာမြင့်သွား၍ သူတို့ အားလုံး ခြေပစ်လက်ပစ် ပင်ပန်းသွားကြသည်။ ကျန်းရန်ယီနှင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများလည်း ထိုနည်းလည်းကောင်းပင်။ တိုက်ပွဲစဉ်တစ်လျှောက်တွင် လူသားကျင့်ကြံသူ များအဖို့ သတိမလွတ်ရဘဲ အပြင်းအထန် တိုက်ပွဲဝင်နေခဲ့ရသလို နတ်ဆိုးသားရဲများကို အဆက်မ ပြတ်ခုခံနေခဲ့ရ၍ စစ်မှန်မှုအဆီအနှစ် စွမ်းအင်ကုန်ဆုံးမှုသည် ပုံမှန်အခြေအနေထက် အဆပေါင်းများစွာ မြန်ဆန်နေခဲ့သည်။

ကံကောင်းထောက်မစွာနှင့် မြို့တော်ကို ကာရံထားသည့် တိုင်ယီအစီအရင်ကြောင့် ကျင့်ကြံများအနေနှင့် တစ်လှည့်စီ အနားရပြီး ဆေးပြားများ မှီဝဲသုံးစွဲခြင်းဖြင့် စစ်မှန်မှု အဆီအနှစ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းခွင့်ရကြသည်။ ဤသို့ အနားယူခွင့်မရလျှင် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ များကို အသာထား၍ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများပင် ယခုလို အရှိန်မြင့်တိုက်ပွဲကြီးကို တစ်ဆက်တည်း ဆင်နွှဲနိုင်မည်မဟုတ်ပေ။ လက်ရှိအချိန်တွင် ကျင့်ကြံသူများသည် တံတိုင်းပေါ်တွင် လှဲ၍ထိုင်၍ သော်လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး မှီ၍သော်လည်းကောင်း ခြေပစ်လက်ပစ် အနားယူနေကြရသည်။ အဝတ်အစားများလည်း စုတ်ပြဲနေသလို ခန္ဓာကိုယ်တွင်လည်း သွေး များစွန်းနေကြသည်။

အချို့တွင် အရိုးထိနက်သည့် ဒဏ်ရာဒဏ်ချက်များကိုပင် တွေ့နိုင်သည်။ တစ်ကိုယ်တော်ကျင့်ကြံသူများမှစ၍ စင်မြင့်၊ ပိုင်နှင့် ကျန်းမိသားစုဝင် ကျင့်ကြံသူများအထိ အားလုံး သိလိုက်ကြသည်က စစ်ပွဲဆိုသည့်အရာသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ပင်ဖြစ်သည်။ ကျင့်ကြံသူများအကြား ဖြစ်လေ့ဖြစ်ထရှိသည့် အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်ပွားခြင်းများသည် လက်တွေ့စစ်ပွဲနှင့် ယှဉ်လိုက်ပါက ဘာမှမဟုတ်တော့ပါ။ သည်တစ်ကြိမ်တိုက်ပွဲသည် နတ်ဆိုးသားရဲကပ်၏ ပထမ လှိုင်းသာရှိသေးသည်။ အစဉ်အလာအရဆိုလျှင် လာမည့်နေ့ဝက် သို့မဟုတ် တစ်ရက်အတွင်းတွင် ဒုတိယလှိုင်းလာပါဦးမည်။

အမှန်တကယ်လည်း နောက်ထပ်နာရီနှစ်ဆယ်အကြာတွင် နတ်ဆိုးသားရဲတို့၏ ပုံရိပ်များ အဝေးတစ်နေရာတွင် မှုန်ပျပျ ပေါ်လာကြပြန်သည်။ အနားယူနေကြသော ကျင့်ကြံသူများလည်း စိတ်နှင့်ခန္ဓာကို ပြန်လည်စုစည်းပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ရသည်။ ဒုတိယအကြိမ်တွင် နတ်ဆိုးသားရဲလှိုင်းလုံးမှာ သိသိသာသာပင် ပိုမိုပြင်းထန်နေသည်။ အချိန်မကြာလိုက်ခင် သားရဲအုပ်ကြီးသည် ရှေးဟောင်းမူလမြို့တော်အနီးကို ရောက်ရှိလာကြသည်။ ထိုသားရဲကြီးများ ပစ်လွှတ်လိုက်သည့် လက်နက်များသည် တစ်ခုပြီးတစ်ခု တိုင်ယီအစီအရင်ကို ထိမှန်ပေါက်ကွဲကုန်ကြသည်။

ထိုတိုက်ခိုက်မှုများသည် အမှန်စင်စစ်တွင် တိုင်ယီအစီအရင်ကွက်ကို ခြိမ်းခြောက်နိုင်စွမ်း လုံးဝမရှိသော်လည်း အစီအရင်၏ စွမ်းအင်ပမာဏကို အချိန်နှင့်အမျှ လျော့ကျစေနိုင်စွမ်းရှိသည်။ နတ် ဆိုးသားရဲများသည် ထိုအချက်ကို ကောင်းစွာနားလည်ထားသည့်အတွက် အဆင့်နိမ့်သားရဲများကို နယ်ရုပ်အဖြစ် တင်ကြိုစေလွှတ် စတေးနေခြင်းဖြစ်သည်။ ထိုသားရဲများအနေနှင့် အစီအရင်ကို အနည်းငယ်မျှ ထိခိုက်စေနိုင်လျှင်ပင် သူတို့၏ ရည်ရွယ်ချက် အောင်မြင်သည်ဟုဆိုရမည်။ အချိန်သည် တစ်စတစ်စ ကုန်ဆုံးလာသည်။

သားရဲအုပ် ဒုတိယလှိုင်းအပြီး တတိယလှိုင်းအစတွင် မြို့တွင်းရှိ အခြေအနေများကို ကြီးကြပ်နေသည့် ကျန်းရန်တောက်သည် တံတိုင်းထက်ကို ရုတ်တရက် ပျံသန်းရောက်ရှိလာသည်။ သူသည် နတ်ဆိုးသားရဲအုပ်ကြီးကို မျဉ်းဖြောင့်အတိုင်း စစ်ဆေးအကဲခတ်ပြီးနောက် သူ့အကြည့်က နောက်ဆုံးတန်းရှိ သားရဲသတ္တဝါကြီးများထံ ကျရောက်သွားသည်။ ထိုအချိန်တွင် ကျန်းရန်တောက်၏ ဘေးတစ်ဖက်တစ်ချက်တွင် လူနှစ်ဦး ပျံသန်းရောက်ရှိလာသည်။ စင်မြင့်မှ လီဖေးနှင့် ပိုင်ကျိရွမ် တို့ဖြစ်သည်။ နှစ်ဦးစလုံး၏ မျက်နှာမှာ တင်းမာလျက်ရှိသည်။ ပိုင်ကျိရွမ်က

“အခြေအနေကြည့်ရတာ နောက်တစ်လှိုင်းလာရင် အဆင့် ၃ နတ်ဆိုးသားရဲတွေ ပါလာမဲ့ပုံပဲ”

ကျန်းရန်တောက်နှင့် လီဖေးတို့က ပိုင်ကျိရွမ့်စကားကို ထောက်ခံဟန်နှင့် ခေါင်းညိတ်လိုက်ကြသည်။ မျှော်လင့်ထားသည့်အတိုင်းပင် လက်ရှိ နတ်ဆိုးသားရဲလှိုင်းပြီးချိန်၌ နောက်ထပ်တစ်လှိုင်း ဆင်နွှဲမည့် နတ်ဆိုးသားရဲအုပ်ကြီး၏ အနောက်တွင် အလွန်ကြီးမားသော သားရဲကြီးသုံးကောင် စတင်လှုပ်ရှားနေသည်ကို မြင်လိုက်ကြရသည်။

***

All Chapters