← Chapters

အဆင့် ၃ နတ်ဆိုးသားရဲများ (၂)

Vol. 14 Ch. 275

အဆင့် ၃ နတ်ဆိုးသားရဲများ (၂)

Vol. 14 Ch. 275

အဆင့် ၃ လေပြင်းကြံ၊ အဆင့် ၃ ဝက်ဝံရိုင်းနှင့် အဆင့် ၃ ကြွက်နီကြီးတို့ဖြစ်သည်။ သားရဲကြွက်ကြီးသည် မီတာနှစ်ဆယ်ကျော် အမြင့်ရှိပြီး တစ်ကိုယ်လုံးကို အနီနှင့်အဝါ သားမွေးများ ဖုံးလွှမ်းထားကာ အမြီးသည် တံစဉ်တစ်ခုကဲ့သို့ ကောက်ကွေးချွန်မြလျက်ရှိသည်။ ထိုသားရဲသုံးကောင်၏ခွန်အားသည် အဆင့် ၃ အလယ်အဆင့်ရှိပြီး ကျီဖုနယ်ပယ် အလယ်အဆင့် ကျင့်ကြံသူများနှင့် ညီ မျှသည်။ ထိုစဉ် သားရဲကြီးသုံးကောင်သည် ပြိုင်တူ ဟိန်းဟောက်လိုက်ကြသည်။ ထိုအခါ အဆင့် နိမ့်သားရဲများသည် ရှေးဟောင်းမူလမြို့တော်တံခါးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။

ဂျိန်း..

မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ကျောက်တုံးများ၊ မြေစမြေနများ လွင့်ပျံကုန်ကြသည်။ တစ်ချိန်တည်းတွင် တံတိုင်းထက်ရှိ ကျင့်ကြံသူမျာသည် ပြင်းထန်သော ဖိအားတစ်ရပ် လိမ့်ဝင်လာသည်ကို ခံစားမိလိုက်ရ၏။ ကျန်းရန်ယီက သံကုန်အော်ဟစ်လိုက်သည်။

“တိုက်ကြ…ဒီကောင်တွေကိုတားကြ”

တိုင်ယီအစီအရင်မှ အဆင့်မြှင့်ပေးထားသော မန္တန်စက်ကွင်းများသည် ရှေ့ဆုံးရှိ နတ်ဆိုးသားရဲများအပေါ်ကို မိုးစက်များပမာ တဖွဲဖွဲ ကျရောက်လာကြသည်။ တိုက်ပွဲသည် ခဏချင်း အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုစဉ် အဆင့် ၃ နတ်ဆိုးသားရဲသုံးကောင်သည် စတင်လှုပ် ရှားလာပြီး ကျန်းရန်တောက်တို့ သုံးဦးထံ ပြေးဝင်လာကြသည်။ ကျန်းရန်တောက်တို့လည်း တွေဝေမနေဘဲ သားရဲသုံးကောင်ထံ ပျံသန်းလိုက်ကြသည်။ ထိုသုံးကောင်ကို အစီအရင်ကွက်အား တိုက်ရိုက်တိုက်ခိုက်ခွင့် မပြုနိုင်ပါ။

ဘုန်း…..

နှစ်ဖွဲ့ထိပ်တိုက်တွေ့လိုက်သည့် တစ်ခဏတွင် အော်ရာလှိုင်း အတက်အကျများ မြန်ဆန်သွားပြီး သဲသဲမဲမဲ တိုက်ခိုက်နေကြသည့် ကျင့်ကြံသူများနှင့် အဆင့်နိမ့်သားရဲများပင် တိုက်ခိုက်လက်စကို ခေတ္တရပ်နားပြီး ကောင်းကင်ထက်သို့ မော့ကြည့်မိလိုက်ကြသည်။ ကျန်းရန်တောက်သည် အရိပ်ဓားချက်ကို အသုံးပြု၍ ကြွက်နီသားရဲကြီးကို မရပ်မနား ခုတ်ပိုင်းလိုက်သည်။ တစ်ချိန်တည်းတွင် အဝါရောင်ဒိုင်းကိုဖွင့်လျက် ကြွက်နီကြီး၏ တန်ပြန်တိုက်ခိုက်မှုများကို ကာကွယ်လိုက်သည်။ ဒိုင်း သည် အဆင့် ၃ အလယ်အဆင့်ရှိပြီး ကျန်းချန်ရွှမ်ကိုယ်တိုင် တိုက်ပွဲမစမီကပေးအပ်ထားသည့် တစ္ဆေဝါဒိုင်းဖြစ်သည်။

ထိုဒိုင်းကို အသုံးပြုလျက် ကျန်းရန်တောက်သည် ကြွက်နီသားရဲကြီးနှင့် ဘတစ်ပြန်ကျားတစ်ပြန် တိုက်ခိုက်နေသလို လီဖေးသည်လည်း ဝက်ဝံရိုင်းသားရဲနှင့် ရင်ဆိုင်နေရသည်။ လီဖေး၏ ကျင့်ကြံမှုအဆင့်မှာ ကျီဖုသတ္တမအဆင့်ရှိသလို အဆင့် ၃ အမြင့်ဆုံးအဆင့် ငွေဓားပျံကို ကိုင်စွဲထားခြင်း ကြောင့် ဝက်ဝံရိုင်းကြီးကို အသာစီးတိုက်ခိုက်နေနိုင်သည်။ ဝက်ဝံကြီး၏ အရေပြားမှာ ထူထဲလှသော်လည်း ငွေဓားပျံသည် အရေပြားကို ထိုးဖောက်လျက် ဝက်ဝံသားရဲ၏ ကိုယ်ခန္ဓာအနှံ့တွင် မရေမတွက်နိုင်သော ဒဏ်ရာဒဏ်ချက်များ ဖြစ်ပေါ်စေလျက်ရှိသည်။

ပိုင်ကျိရွမ်ကတော့ အဆင့် ၃ လေပြင်းကြံ့နတ်ဆိုးနှင့် လက်ရည်တူ တိုက်ခိုက်လျက်ရှိသည်။ သို့သော် အခြေအနေတစ်ရပ်လုံးကို သုံးသပ်ရလျှင် ကျန်းရန်တောက်တို့ဖက်မှ အရေးသာနေသည်ဟု ဆိုရမည်။ လီဖေးသာ ဝက်ဝံရိုင်းသားရဲကြီးကို အနိုင်ပိုင်းနိုင်ခဲ့လျှင် ကျန်းရန်တောက်တို့ဖက်မှ သိ သိသာသာ အသာစီးရသွားမည်ဖြစ်သည်။ သို့သော် နတ်ဆိုးသားရဲများသည် အဆိုပါအခွင့်အရေးမျိုး ပေးလိုဟန်မတူပါ။ နားကွဲမတတ် စူးရှသည့် ဟိန်းဟောက်သံနှစ်ခု ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ် အော်ရာနှစ်ခု ချဉ်းကပ်လာကြသည်။

ထိုမြင်ကွင်းကြောင့် ကျန်းရန်တောက်တို့သုံးဦး မျက်နှာအနည်းငယ် ပျက်သွားကြသည်။ တိမ်ပုံစံအကွက်များ ပိုင်ဆိုင်ထားသည့် ကျားသစ်နက်ကြီးတစ်ကောင်နှင့် ငွေရောင်အဝိုင်းများပါရှိသည့် စပါးအုံးမြွေကြီးတစ်ကောင်တို့ ရုတ်တရက် ပေါ်လာကြသည်။ ထိုနှစ်ကောင်မှာ အဆင့် ၃ တိမ်ပွင့် ကျားသစ်နက်သားရဲနှင့် အဆင့် ၃ ငွေကွင်းစပါးအုံးမြွေသားရဲတို့ဖြစ်ကြသည်။ ကျားသစ်နက်နှင့် စပါးအုံးမြွေကြီးသည် လီဖေးကို ပစ်မှတ်ထား တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ကျားသစ်နက်သားရဲသည် ပါးစပ်အတွင်းမှ အနက်ရောင်လေပွေများ ပစ်လွှတ်လိုက်သလို စပါးအုံးမြွေကြီးသည်လည်း ပါးစပ်ကြီးကိုဟလျက် အနီရောင်အဆိပ်လုံးများ ထွေးထုတ်လိုက်သည်။

အဆိပ်ငွေ့များ လေထုအတွင်း ဖြတ်သန်းသွားသောအခါ တရှဲရှဲမြည်သံများနှင့်အတူ ကောင်းကင် ယံတွင် မီးခိုးတန်းများ ဖြစ်တည်လာတော့သည်။ အဆိပ်ငွေ့၏ တိုက်စားမှုကြောင့် မီတာတစ်ရာ ကျော်အချင်းဝက်ရှိသည့် ဧရိယာအတွင်းရှိ သစ်ပင်များ၊ ကျောက်တုံးများနှင့်အတူ အဆင့် ၁ နှင့် ၂ နတ်ဆိုးသားရဲများပါ သွေးအိုင်အဖြစ်သို့ ပြောင်းသွားကြသည်။ အနီးအနားရှိ နတ်ဆိုးသားရဲတို့မှာ ဘေးလွတ်ရာကို တိမ်းရှောင်ကြသည်။ အစီအရင်မှ ကာကွယ်ပေးထားခံရသည့် ကျင့်ကြံသူများ ပင် သူတို့ရှေ့မှောက်ရှိ မြင်ကွင်းကြောင့် တုန်လှုပ်သွားကြသည်။

ထိုအချိန်တွင် လီဖေးလက်ထဲရှိ ငွေဓားပျံသည် ငွေရောင်အလင်းမျက်နှာပြင်ကြီး အဖြစ်သို့ ပြောင်း လဲသွားသည်။ ထိုအလင်းမျက်နှာပြင်ကို ဓားချီများဖြင့် ဖွဲ့စည်းထားကြောင်း အားလုံးမြင်တွေ့ လိုက်ကြရသည်။ အနက်ရောင်လေပြင်းများနှင့် အဆိပ်ငွေ့များ ထိုမျက်နှာပြင်နှင့် ထိတွေ့မိသောအခါတွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး အဆိပ်ငွေ့များနှင့် လေပြင်းများ အငွေ့ပျံပျောက် ကွယ်ကုန်ကြသည်။ သားရဲကြီးနှစ်ကောင်သည် လီဖေးကို ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲ ဒဏ်ရာရနေသော ဝက်ဝံရိုင်းကို သယ်ဆောင်လျက် လာရာလမ်းအတိုင်း လှည့်ပြန်သွားကြသည်။

တစ်ချိန်တည်းတွင် ကျန်းရန်တောက်၊ ပိုင်ကျိရွမ်တို့နှင့် တိုက်ခိုက်နေကြသော လေပြင်းကြံ့နှင့် ကြွက်နီသားရဲတို့လည်း နောက်ဆုံးတစ်ကြိမ် မီးကုန်ယမ်းကုန် တိုက်ခိုက်ပြီးနောက် အလျင်အမြန် ဆုတ်ခွာသွားတော့သည်။ ကျန်းရန်တောက်တို့ လိုက်လံတိုက်ခိုက်ခြင်းမပြုဘဲ လက်ပိုက်ကြည့် နေလိုက်ကြသည်။ ရှေ့ဆက်တိုးလိုက်ပါက နတ်ဆိုးသားရဲတို့၏ စားကျက်အတွင်း ရောက်ရှိသွား ပြီး ပိတ်ဆို့တိုက်ခိုက်ခံရနိုင်မှန်း သူတို့သိရှိပြီးဖြစ်သည်။

“သည်တစ်လှိုင်းပြီးရင်တော့ ကျုပ်တို့အားလုံး အစည်းအဝေးထိုင်ပြီး ဘာဆက်လုပ်ကြမလဲ ဆို တာကို ဆွေးနွေးဖို့လိုပြီ”

လီဖေး၏ မှတ်ချက်စကားကို ကျန်းရန်တောက်နှင့် ပိုင်ကျိရွမ်တို့ သဘောတူလိုက်ကြသည်။

ရက်အနည်းငယ်ကြာပြီးနောက်…

ရှေးဟောင်းမူလမြို့တော်၏ ခန်းမဆောင်တစ်ခုတွင်ဖြစ်သည်။ ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ကျန်းရန် တောက်၊ ဟွားမန်ရုံ၊ လီဖေး၊ ပိုင်မင်ရှန်း၊ ပိုင်ယွမ်ချန်းနှင့် ပိုင်ကျိရွမ်တို့ စုံစုံလင်လင် ရှိနေကြသည်၊ ကျန်းရန်တောက်၊ ပိုင်ကျိရွမ်နှင့် လီဖေးတို့က အဆင့် ၃ နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ခဲ့ရသည့် တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို တင်ပြနေကြသည်။ အဆုံးသတ်တွင် လီဖေးက

“ကျုပ်ရဲ့တွေ့ရှိချက်အရ သည်တစ်ကြိမ်မှာ အဆင့် ၃ သားရဲအင်အားက ကျုပ်တို့ထင်ထားတာထက် များပြားနေတယ်။ သူတို့အင်ပြည့်အားပြည့် မတိုက်သေးတာက ဒီမြို့အကြောင်းကို ရေရေရာရာ မသိသေးလို့ဖြစ်မယ်။ လတ်တလောမှာ သွေးတိုးစမ်းတဲ့ အဆင့်ပဲရှိသေးတယ်။ ဒီအဆင့်ကျော်သွားရင်တော့ ကျုပ်တို့အတွက် ကိုင်တွယ်ရခက်ခဲလာဖို့ပဲ ရှိတော့တယ်”

လီဖေးစကားကို အားလုံးသဘောတူကြသည်။ ပိုင်မင်ရှန်းက ခေါင်းညိတ်လျက်

“တာအိုမိတ်ဆွေလေးလီဖေးပြောတာ သဘာဝကျတယ်။ လက်ရှိအခြေအနေအရ ကျုပ်တို့မူလက စီစဉ်ထားတဲ့ ဗျူဟာတွေကို ပြင်ဆင်ဖို့လိုပြီ”

သူ့စကားကြောင့် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ဟွားမန်ရုံတို့ စိတ်ဝင်စားသွားကြသည်။ ကျန်းရန်တောက်က ကြားဖြတ်ဝင်၍

“ဒါဆို အကြီးအကဲပိုင်အနေနဲ့ ဘယ်လိုပြင်ဆင်လိုပါသလဲ”

ထိုအခါ ပိုင်မင်ရှန်းက လက်ကိုမြှောက်၍ လက်သီးဆုပ်ကာ ဂါရဝပြုလိုက်ပြီးမှ

“ကျုပ်တို့ဒီကိုလာရတဲ့ ရည်ရွယ်ချက်က နတ်ဆိုးသားရဲတွေကို သတ်ဖြတ်ဖို့ထက် ဒီရှေးဟောင်းမူ လမြို့တော်ကို ကပ်ဘေးပြီးတဲ့အထိ ကာကွယ်ပေးဖို့ပဲဖြစ်တယ်။ ဒီအချက်ကို အားလုံးသဘောတူ ကြမယ်ထင်ပါတယ်”

***

All Chapters