← Chapters

ခံစစ်စည်းကျိုးပြီ

Vol. 14 Ch. 276

ခံစစ်စည်းကျိုးပြီ

Vol. 14 Ch. 276

ပိုင်မင်ရှန်း၏ စကားကို အားလုံး သဘောတူကြသည်။

“ဒါကြောင့်မလို့ ကင်းလှည့်တဲ့အချိန်၊ မြို့တော်ကို ကာကွယ်တဲ့အချိန်တွေမှာ ခင်ဗျားတို့၊ ကျုပ်တို့ လူလုံးမထွက်ပြဖို့လိုမယ်၊ ဒီကိစ္စတွေကို ကျိရွမ်၊ တာအိုမိတ်ဆွေလီဖေးနဲ့ မိတ်ဆွေ ရန်တောက်တို့ကိုပဲ လွှဲထားကြရအောင်။ အခုလို လုပ်အားစိုက်ထုတ်ရတဲ့အတွက် သူတို့သုံးယောက်အတွက် ဆုလာဘ်ကိုလည်း နှစ်ဆတိုးမြှင့်ပေးရမယ်”

ပိုင်မင်ရှန်း၏အတွေးမှာ ယုတ္တိနည်းကျသည်ဟု အားလုံးထင်မြင်မိကြသည်။ သူတို့အားလုံးသည် မြို့တော်တွင် ရောက်ရှိနေခြင်းမှာ ဝိညာဉ်သွေးကြော၏ တည်ရှိမှုကို ကာကွယ်ရန်အတွက်သာ ဖြစ်သည်လေ။ ကျန်းချန်ရွှမ်၊ ပိုင်မင်ရှန်းနှင့် ရှန်းရူယန်တို့လို အင်အားကြီးကျင့်ကြံသူများ မြို့အတွင်းရှိနေမှန်း နတ်ဆိုးသားရဲများ မသိလျှင် အင်အားတို့းမြှင့် တိုက်ခိုက်စရာ အကြောင်းမရှိပါ။ ကျီဖုနှောင်းပိုင်း ကျင့်ကြံသူများ၏ တည်ရှိမှုကို ဖုံးကွယ်ထားလျှင် သူတို့အားလုံးအတွက် အချိန် ဆွဲပြီးသား ဖြစ်သွားမည်မှာ သေချာသည်။

အကယ်၍ ကျီဖုနှောင်းပိုင်း ကျင့်ကြံသူများ မဖြစ်မနေ လူလုံးပြ၍ တိုက်ခိုက်ရတော့မည့် အခြေအ နေမျိုး ဆိုက်ရောက်လာခဲ့လျှင်တောင် အဆိုပါနေ့ရက်သည် တတ်နိုင်သမျှ နောက်ကျပြီး ရောက် ရှိလာရန် လိုအပ်ပါမည်။ သို့သော် ထိုဆုံးဖြတ်ချက်သည် အလုပ်ပိုပင်ပန်းမည့် ကျန်းရန်တောက် တို့ သုံးဦးအတွက် တရားမျှတမှုမရှိသလို ဖြစ်နေသည်။ ထို့ကြောင့် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် သူတို့သုံးဦး၏ သဘောတူညီမှုကို အရင်ရယူဖို့ လိုပါမည်။ အားလုံး၏ အကြည့်က သူတို့သုံးဦးအပေါ် ကျရောက်သွားသည်။ ထိုစဉ် ဟွားမန်ရုံမှစပြီး

“ဂျူနီယာမောင်လေး လီဖေး မင်းဘယ်လိုသဘောရလဲ”

လီဖေးက ခေတ္တစဉ်းစားလိုက်ပြီး

“ကျွန်တော့်အတွက် ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမဲ့ တိုက်ပွဲအတွက် လိုအပ်တဲ့ ရင်းမြစ်တွေကိုတော့ ဒီထက် ဖြည့်ဆည်းပေးဖို့လိုမယ်”

လီဖေး၏အဆိုကို အားလုံးလက်ခံကြသည်။ ကျန်းရန်တောက်နှင့် ပိုင်ကျိရွမ်တို့ကလည်း သဘောတူသောကြောင့် ဤအစီအစဉ်မှာ အတည်ဖြစ်သွားသည်။ ယခုအချိန်မှစ၍ ရှေးဟောင်းမူလမြို့ကို ပုံမှန်ကင်းလှည့်မည့် တာဝန်မှာ သူတို့သုံးဦး၏ ပုခုံးပေါ်ကျလာသည်။ ကျန်းချန်ရွှမ်တို့ ငါးဦးမှာမူ နတ်ဆိုးသားရဲများ မြင်တွေ့ခြင်းမရှိရန် ပုန်းအောင်းနေရမည်ဖြစ်သည်။ အချိန်သည် မျက်စိတစ် မှိတ်အတွင်း ကုန်လွန်ပြီး ခြောက်လတာ ကြာမြင့်သွားခဲ့ပါပြီ။

ထိုခြောက်လအတွင်း နတ်ဆိုးသားရဲများ လေးကြိမ်အထိ တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ ထိုအထဲမှ နှစ်ကြိမ်သည် အဆင့် ၃ နတ်ဆိုးသားရဲများ ကိုယ်တိုင်ဦးဆောင်ခြင်းဖြစ်သည်။ ထိုအတောအတွင်း ကျန်းချန်ရွှမ်သည် အဂ္ဂိရတ်စွမ်းရည်ကို အဆင့် ၃ အလယ်အဆင့်ထိ မြှင့်တင်ရန် ကြိုးစားခဲ့သလို ကိုယ်ပိုင်နတ်ဘုရားစွမ်းအားဖြစ်သည့် အဇူရာဧကရာဇ် ကောင်းကင်ဘုံ ရန်နှိမ်ဓားကိုလည်း နောက်တစ်ဆင့် မြှင့်တင်နိုင်ခဲ့သေးသည်။ လက်ရှိအချိန်တွင် အဆိုပါနတ်ဘုရားစွမ်းအားသည် ရွှေအမြုတေပဏာမအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

ကျန်းချန်ရွှမ်သည် ကျင့်ကြံမှုကို ပြန်လည်စတင်ရန် ကြံရွယ်လိုက်ချိန်တွင် ကျောက်စိမ်းပြား ရုတ်တရက် လင်းလာ၍ ကောက်ယူဖတ်ရှုလိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ ပေးပို့သူမှာ ဟွားမန်ရုံဖြစ်ပြီး ကျီဖုအဆင့် ကျင့်ကြံသူအားလုံးကို အစည်းအဝေးခန်းမဆောင်သို့ လာရောက်ရန်နှင့် အလွန်အရေးကြီးသော ကိစ္စတစ်ခုကို ဆွေးနွေးရမည်ဖြစ်ကြောင်း ပါရှိသည်။ ကျန်းချန်ရွှမ် လည်း အချိန်မဆိုင်းတော့ဘဲ ဂူပြင်သို့ ခပ်သုတ်သုတ် ထွက်လာသည်။ အပြင်တွင် ရှန်းရူယန်ကိုပါ တွေ့လိုက်ရ၍ နှစ်ဦးသား အစည်းအဝေးခန်းမဆီသို့ ထွက်ခွာလာကြသည်။ ခန်းမအတွင်း၌ ဟွား မန်ရုံနှင့် လီဖေးနှစ်ဦးကိုသာ တွေ့ရသည်။ ထိုနှစ်ဦးသည် ကျန်းချန်ရွှမ်တို့ စုံတွဲကို မြင်သောအခါ ခေါင်းညိတ်နှုတ်ဆက်ကြသည်။

ကျန်းချန်ရွှမ်တို့ နေရာယူပြီး မကြာမီတွင် ကျန်လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ချ လာကြသည်။ ရှစ်ဦးလုံး ရောက်ရှိပြီးနောက် ဟွားမန်ရုံက ကျောက်စိမ်းတိုကင်တစ်ခုကို ထုတ်ယူ လိုက်ပြီး

“နတ်ဆိုးသားရဲအရေးနဲ့ ပတ်သက်ပြီး သတင်းအချို့ရထားတယ်။ အားလုံး ဖတ်ကြည့်ကြပါ”

ထို့နောက် ဟွားမန်ရုံက တိုကင်ပြားကို အနီးဆုံးတစ်ယောက်ထံ ကမ်းပေးလိုက်သည်။ ခြောက်ဦး လုံး ဖတ်ရှုပြီးသောအခါ အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လွန်ခဲ့သည့်ခြောက်လအတွင်း လူသားမျိုးနွယ်တို့သည် သားရဲတို့၏ ထိုးစစ်ကြောင့် တစ်ဆုတ်ထဲ ဆုတ်ခွာနေရသည်။ ယွင်နှင့်ယန်နိုင်ငံများလည်း အခြေအနေမကောင်းလှ။ အဆိုးဆုံးမှာ လျန်နိုင်ငံဖြစ်သည်။ လျန်နိုင်ငံရှိ ခံစစ်စည်းနှစ်ခု ကျိုးပျက်သွားသည်ဟုသိရပြီး အနီးတဝိုက်ရှိ စီရင်စုသုံးခုသည် နတ်ဆိုးသားရဲတို့၏ ချေမွခြင်းကိုခံရပြီး သေမျိုးလူသား ၁၃ သန်းလည်း သားရဲတို့၏ အစာဖြစ်ကုန်ကြသည်။ ထိုတိုက်ပွဲများတွင် ကျင့်ကြံသူအရေအတွက် သောင်းဂဏန်း ကျဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါအဖြစ်အပျက်သည် ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့၏ မျက်နှာကို တည့်တည့်ဖြတ်ရိုက်လိုက်သည်နှင့် အလားတူသည်။ အဆိုပါနှစ်ဂိုဏ်း၏ ထိပ်သီးအကြီးအကဲများသည် နတ်ဆိုးသားရဲများ ခံစစ်စည်းကို မကျော်စေရဟု ကြွေးကြော်ခဲ့သည် မဟုတ်ပါလား။

***

All Chapters