ခံစစ်စည်းကျိုးပျက်ပြီ (၂)
Vol. 14 Ch. 277
အခန်းထဲရှိ လူအားလုံး တိတ်ဆိတ်သွားသည်။ အားလုံး၏ မျက်နှာမှာ ပြိုတော့မည့်မိုးပမာ ညှို့ မှိုင်းလျက်ရှိသည်။ ရှေ့တန်းခံတပ်နှစ်မြို့လုံး ရှေ့ဆင့်နောက်ဆုံး ကျဆုံးသွားသည့်သတင်းက သူ တို့အားလုံးအတွက် သတင်းကောင်းမဟုတ်ပါ။ နတ်ဆိုးသားရဲများသည် အဆိုပါနှစ်မြို့ကိုဖျက်ဆီး ပြီးနောက် ပစ်မှတ်ပြောင်းကာ ရှေးဟောင်းမူလမြို့တော်ကို ဦးတည်တိုက်ခိုက်လာနိုင်ချေရှိသည်။ ခဏအကြာတွင် ဟွားမန်ရုံက လူအားလုံး၏ မျက်နှာများကို စေ့စေ့ကြည့်ပြီး
“ဒီသတင်းအပြင် နောက်ထပ်သတင်းဆိုးတစ်ခုကို ပြောပြဖို့ ကျန်ပါသေးတယ်”
ထိုအခါ ကျန်ခုနစ်ဦးမှာ မျက်မှောင်များကြုတ်သွားကြသည်။ လက်ရှိကြားသိရသည့် သတင်း သည်ပင် အခြေအနေမကောင်းလှပါ။ နောက်ထပ်သတင်းဆိုးမှာ မည်မျှအထိ ဆိုးဝါးဦးမည်နည်း။ လူအားလုံးသည် တစ်စုံတစ်ရာ စကားမဆိုဘဲ ဟွားမန်ရုံ၏အပြောကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
“နတ်ဆိုးသားရဲတွေရဲ့ လှုပ်ရှားမှုကို ထောက်လှမ်းတဲ့အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ ဒီမြို့ကို ပစ်မှတ်ထားနေတဲ့ သားရဲအရေအတွက် တစ်နေ့တစ်ခြား များလာတယ်တဲ့။ လာမဲ့တိုက်ပွဲတွေမှာ ဒီ ထက်ပိုများတဲ့ နတ်ဆိုးသားရဲအုပ်တွေနဲ့ ရင်ဆိုင်ရဖို့ရှိတယ်”
ဟွားမန်ရုံ၏ ကြေညာချက်ကို ကျန်းချန်ရွှမ်တို့အားလုံး စိတ်မချမ်းမြေ့စွာ နားထောင်နေကြသည်။
“ဒီတော့ ကျွန်မတို့အားလုံး သတိရှိရှိနဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖို့ အသင့် ပြင်ထားဖို့လိုမယ်”
ဟွားမန်ရုံဆိုလိုသည်မှာ ကျန်းရန်တောက်တို့သုံးဦး မြို့တော်ကို မကာကွယ်နိုင်တော့လျှင် ကျန်လူများအနေနှင့် ဝင်ရောက်ကိုင်တွယ်ရန်ဖြစ်သည်။ ကျန်းရန်တောက်တို့ မကိုင်တွယ်နိုင်တော့သည့် အခြေအနေမျိုးနှင့် ကြုံရလျှင် ပထမဆုံးအနေနှင့် ပိုင်ယွမ်ချန်းက ဝင်ရောက်ကူညီရပါမည်။ ထို့ နောက် ဟွားမန်ရုံနှင့် ကျန်းချန်ရွှမ်၊ နောက်ဆုံးတွင် ကျင့်ကြံမှုအဆင့် အမြင့်ဆုံးနှစ်ဦးဖြစ်သည့် ပိုင်မင်ရှန်းနှင့် ရှန်းရူယန်တို့က ငယ်စဉ်ကြီးလိုက်အတိုင်း လူလုံးပြကူညီရမည်ဖြစ်သည်။ ထိုအစီအစဉ်ကို အားလုံးသဘောတူလိုက်ကြသည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး သုံးလတာ ကြာမြင့်သွားခဲ့သည်။ ထိုသုံးလအတွင်း နတ်ဆိုးသားရဲများ နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည်။ သို့သော် ထိုတိုက်ခိုက်မှုနှစ်ကြိမ်တွင် သားရဲတို့၏ အင်အားမှာ ပြောပလောက်အောင် များပြားခြင်းမရှိသည့်အပြင် အဆင့် ၃ နတ်ဆိုးသားရဲ တစ်ကောင်တလေမှ မပါဝင်ပါ။ ထိုအချက်ကိုပင် ဟွားမန်ရုံတို့ စိုးရိမ်ပူပန်နေရခြင်းဖြစ်သည်။ လက်ရှိအခြေအနေသည် မုန်တိုင်းမကျမီ တည်ငြိမ်နေသည်နှင့် အလားတူနေသည်။ နတ်ဆိုးသား ရဲများအနေနှင့် အလုံးအရင်းဖြင့် တိုက်ခိုက်ရန် အားယူပြင်ဆင်နေပုံရသည်။ အတပ်ပြောနိုင်သည်က နောက်တစ်ကြိမ်လာမည့် တိုက်ခိုက်မှုသည် ရှေးအကြိမ်များထက် အဆများစွာ ပိုမိုပြင်းထန် လာပါလိမ့်မည်။
နောက်ထပ်တစ်လကြာသွားသည်။ အရှေ့ဘက်တံတိုင်းတွင် ကင်းလှည့်နေသော ပိုင်မိသားစုဝင် ကျင့်ကြံသူများသည် ကီလိုမီတာရာပေါင်းများစွာအကွာတွင် နတ်ဆိုးသားရဲများ အုံလိုက်ကျင်း လိုက် ပေါ်လာသည်ကို မြင်လိုက်ကြရသည်။ ကျင့်ကြံသူများလည်း ထုံးစံအတိုင်း မီးပန်းပစ်လွှတ် ၍ အချက်ပြလိုက်ရာ တစ်မြို့လုံး အုပ်အုပ်ကျက်ကျက်ဖြစ်သွားသည်။ သို့သော် တစ်ချိန်တည်း၌ မြောက်ဘက်တံတိုင်းတွင် တာဝန်ကျနေသော ကျောက်စိမ်းရေဓားစင်မြင့် ဂိုဏ်းတပည့်များကလည်း ပြိုင်တူအချက်ပေးလိုက်ကြပြန်သည်။ ထိုအခါ မြို့တွင်းရှိ ကျင့်ကြံသူအားလုံး မျက်လုံးပြူးကုန်ကြသည်။
ပုံမှန်အားဖြင့် နတ်ဆိုးသားရဲများသည် မြို့တော်ကို အရှေ့ဘက်မှ ဝင်ရောက်တိုက်ခိုက်သည်က များသည်။ တောင်၊ မြောက်နှင့် အနောက်တံတိုင်းများတွင် သဘာဝ အတားအဆီးများ ရှိသည့်အ တွက် ချိုးဖျက်ရန် မလွယ်ကူခြင်းကြောင့် အရှေ့ဘက်တံတိုင်းကိုသာ အားပြု၍ တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ယနေ့တွင်တော့ မြောက်ဘက်တံတိုင်းအပြင်တွင် မရေမတွက်နိုင်သော နတ်ဆိုးသားရဲ များ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။ ထိုအချိန်တွင် မြောက်ဘက်တံတိုင်းထက်ရှိ ကျင့်ကြံသူ တစ်ဦးသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိလိုက်ပြီး နတ်ဆိုးသားရဲအုပ်ကို လက်ညှိုးညွှန် လျက် ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
“မဟုတ်သေးဘူး။ ဒီကောင်တွေက ရှေးဟောင်းမူလ တောင်တန်းဒေသမှာ ကျက်စားတဲ့ကောင် တွေမဟုတ်ဘူး”
ထိုသူ၏ စကားကိုကြားလျှင် နတ်ဆိုးသားရဲများအကြောင်း ကျွမ်းကျင်သည့် ကျင့်ကြံသူအချို့မှာ မျက်လုံးပြူးသွားကြပြီး တုန်ရီစွာပြောလိုက်သည်။
“ဒီကောင်ကြီးတွေက စုန့်ဟိုင်မြို့က ကောင်ကြီးတွေ”
“ဘာ စုန့်ဟိုင်က သားရဲတွေ ဟုတ်လား”
ကျန်လူများက မယုံနိုင်ဟန်နှင့် မေးခွန်းထုတ်လိုက်ကြသည်။ သူတို့အားလုံး သိထားကြသည်မှာ စုန့်ဟိုင်မြို့သည် ရှေးဟောင်းမူလမြို့ကဲ့သို့ ရှေ့တန်းခံတပ်မြို့ဖြစ်ပြီး မဟာဗျူဟာအရ အချက် အချာကျသည့် ဒေသလည်းဖြစ်သည်။ ထိုမြို့ကို တိုက်ခိုက်နေသော နတ်ဆိုးသားရဲများ ဤနေ ရာကို ရောက်လာခြင်း၏ အဓိပ္ပာယ်မှာ စုန့်ဟိုင်မြို့ကျဆုံးသွားသည့် သဘောပေလား။
***