ခံစစ်စည်းကျိုးပျက်ပြီ (၃)
Vol. 14 Ch. 278
သည်သတင်းက လူအားလုံး၏ စိတ်ခွန်အားကို ယုတ်လျော့စေသည်မှာ သေချာလှသည်။ စုန့်ဟိုင်မြို့တော် ကျဆုံးသွားလျှင် ရှေးဟောင်းမူလမြို့တော်သည်လည်း အလားတူ ကံကြမ္မာမျိုး အချိန်မ ရွေး ကျရောက်သွားနိုင်ပါသည်။ ကျင့်ကြံသူများအဖို့ မျှော်လင့်ချက် ကင်းမဲ့သလို ခံစားနေကြရပြီး စိတ်ပျက်အားလျော့လာကြသည်။ ထိုအခါ စင်မြင့်မှ ဂိုဏ်းတပည့်များကို ကောင်းကင်ပေါ်သို့ ပျံသန်းပြီး အားတက်ဖွယ်စကားများဖြင့် နှိုးဆော်ပါသော်လည်း အကျိုးမထူးပါ။ အဆင့် ၃ နတ်ဆိုး သားရဲလေးကောင်ကို မြင်လိုက်ရချိန်တွင် သူတို့အားလုံး၏ မျက်နှာတွင် အကြောက်တရားက မဖုံးမဖိနိုင် ထင်ဟပ်လာပါတော့သည်။
တစ်ချိန်တည်းတွင် အရှေ့ဘက်တံတိုင်းတွင်လည်း လူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။ အဆင့် ၃ နတ်ဆိုးသားရဲ ၇ ကောင် တစ်ပြိုင်နက်တည်း ပေါ်လာကြ၍ဖြစ်သည်။ ၇ ကောင်လုံးမှာ အဆင့် ၃ အလယ်အဆင့်များ ဖြစ်နေသည့်အတွက် အရှေ့တံတိုင်းကို တာဝန်ယူစောင့်ကြပ်နေ သော ကျန်းရန်တောက်၊ လီဖေးနှင့် ပိုင်ကျိရွမ်တို့သုံးဦးအတွက် ဖိအားအလွန်များသည့် အခြေအနေတစ်ရပ်အတွင်းသို့ ဆိုက်ရောက်သွားသည်။ သူတို့သုံးဦး၏ လက်ရှိအင်အားနှင့် ခုနှစ်ကောင် လုံးကို ကိုင်တွယ်ရန် မဖြစ်နိုင်ပါ။ ထိုအချိန်တွင် လီဖေးက လျှို့ဝှက်အသံပို့စနစ်ဖြင့် ကျန်းရန်တောက်နှင့် ပိုင်ကျိရွမ်ကို အသိပေးလိုက်သည်။
“တာအိုမိတ်ဆွေကျိရွမ်၊ ခင်ဗျားအစ်ကို ပိုင်ယွမ်ချန်းကို ဆက်သွယ်ပြီး မနီးမဝေးတစ်နေရာမှာ ပုန်းနေဖို့ပြောထားပါ။ အခြေအနေပေးတာနဲ့ သူ့ကို ဝင်တိုက်ခိုင်းမှဖြစ်မယ်။ သူနဲ့ပူးပေါင်းပြီး တစ်ကောင်၊ နှစ်ကောင်လောက် သတ်လိုက်နိုင်ရင် ကျုပ်တို့အတွက် ဖိအားလျော့သွားလိမ့်မယ်”
ပိုင်ကျိရွမ်သည်လည်း လက်ရှိအခြေအနေသည် နတ်ဆိုးသားရဲကပ် စတင်ကတည်းက ရင်ဆိုင်ခဲ့ရသမျှတွင် အဆိုးဆုံးအနေအထားဖြစ်ကြောင်း သိရှိထားပါသည်။ ထို့ကြောင့် လီဖေးနှင့် ကျန်းရန်တောက်တို့ကို အသံပို့စနစ်ဖြင့် ပြန်လည်အကြောင်းကြားသည်။
“မစိုးရိမ်နဲ့။ ကျွန်မအစ်ကိုကို အကြောင်းကြားပြီးပြီ။ အခါအခွင့်သင့်တာနဲ့ သူစလှုပ်ရှားလိမ့်မယ်”
“ကောင်းတယ်”
လီဖေးနှင့် ကျန်းရန်တောက်တို့လည်း ခေါင်းညိတ်ပြလိုက်သည်။ သူတို့ ရင်ဆိုင်ရမည့် အဆင့် ၃ သားရဲ ၇ ကောင်အနက် ငါးကောင်မှာ ရှေးအကြိမ်များက ရင်ဆိုင်ခဲ့ဖူးပြီးဖြစ်သည်။ နောက်ထပ် အသစ်တိုးလာသည့် နှစ်ကောင်မှာ တောင်ပံနှစ်ခုပါသည့် နတ်ဆိုးဝံပုလွေနှင့် သံမျောက်ကြီးတစ် ကောင်တို့ဖြစ်သည်။ မကြာမီ ထို ၇ ကောင်နှင့် ကျန်းရန်တောက်တို့သုံးဦးအကြား တိုက်ပွဲကြီးစတင်ပါတော့သည်။ တိုက်ပွဲစပြီးမကြာခင်တွင် ကျန်းရန်တောက်တို့သုံးဦး အရေးနိမ့်စပြုလာသည်၊ အထူးသဖြင့် သုံးဦးအနက် ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးဖြစ်သည့် ကျန်းရန်တောက်ဖြစ်သည်။
ကျန်းချန်ရွှမ်ပေးထားသည့် အဆင့် ၃ အလယ်အဆင့် ဓမ္မရတနာနှင့် တိုင်ယီအစီအရင်ကြောင့်သာ မဟုတ်လျှင် ကျန်းရန်တောက် အရေးနိမ့်သွားလောက်ပြီဖြစ်သည်။ ပိုင်ကျိရွမ်သည်လည်း အဆင့် ၃ သားရဲနှစ်ကောင်ကို တစ်ပြိုင်နက်တည်း ခုခံနေရပြီး အခြေအနေမကောင်းလှပါ။ လီဖေးမှာ အဆင့် ၃ သားရဲ အများဆုံးအရေအတွက်ကို ကိုင်တွယ်နေရသော်လည်း ကျီဖုနှောင်းပိုင်းအဆင့် ကို ရောက်ရှိနေသည့်အပြင် အနီးကပ်တိုက်ပွဲတွင် ကျွမ်းကျင်သူဖြစ်သောကြောင့် နိုင်နင်းစွာ ခုခံ ထားနိုင်သည်။ သို့သော် သည်ပုံစံအတိုင်း ဆက်သွားနေလျှင် သူတို့သုံးဦးအတွက် မလွယ်ကြောင်း ရိပ်မိလိုက်သည်။
သူတို့သုံးဦးအနက် တစ်ဦးဦး ကျဆုံးသွားပါက ကျန်နှစ်ဦးပါ ဆက်တိုက်ဆိုသလို အရေးနိမ့်သွား မည်မှာ သေချာသည်။ သို့သော် ကံကောင်းသည်က ထိုနေရာတွင် ကျီဖုအဆင့် ကျင့်ကြံသူမှာ သူ တို့သုံးဦးတည်း မဟုတ်ပါ။ ကျန်းရန်တောက်နှင့် ပိုင်ကျိရွမ်တို့ကို အဆင့် ၃ သားရဲများ အသည်းအသန် အမဲဖျက်ဖို့ ကြိုးစားနေချိန်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် လှံအလင်းတစ်စင်း ရုတ်တရက် ပေါ်လာတော့သည်။ ကျန်းရန်တောက်ကို တိုက်ခိုက်နေသည့် ကြွက်နီသားရဲကြီး၏ နှုတ်ခမ်းမွေးများ ရုတ်တရက် ထောင်လာသည်။ ကြွက်ကြီးက လှံကို ရှောင်တိမ်းမည်အပြုတွင် ကျန်းရန် တောက်သည် ခံစစ်အနေအထားမှ ရုတ်တရက် တိုက်စစ်ကို ကူးပြောင်းလိုက်ပြီး အရိပ်ဓားချက် ဓမ္မရတနာသည် အလင်းများ တောက်ပလာကာ ကြွက်ကြီး၏ ခန္ဓာကိုယ်အား ဓားချက်အလင်း များ ဖုံးလွှမ်းသွားတော့သည်။
ထိုစဉ် ကြွက်နီကြီး၏ မျက်လုံးများသည် မီးလျှံပမာ နီရဲလာပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးလုံးကြီးအ ဖြစ်သို့ ကူးပြောင်းသွားသည်။ ထိုမီးလျှံများသည် အဆင့်ဆင့်အေးခဲပြီး ဒိုင်းများအဖြစ်သို့ ပြောင်း လဲသွားပြီး ပိုင်ယွမ်ချန်း၏ လှံချက်ကို ကာကွယ်လိုက်သည်။
ဒုန်း ဒုန်း
သို့သော် ပိုင်ယွမ်ချန်း၏ တိုက်ခိုက်မှုသည် မျှော်လင့်ထားသည်ထက် ပြင်းထန်နေသည့်အတွက် လှံချက်နှင့်ထိတွေ့သည့်အခိုက် ဒိုင်းများ တစ်ခုပြီးတစ်ခု ကွဲကြေသွားသည်။ လှံအရှိန်မှာ ပြင်းလှ ၍ လေထုထဲတွင် လေပြင်းများပင် ဝှေ့ယမ်းစပြုလာသည်။ ကြွက်နီကြီးအနေနှင့် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင်မှာပင် လှံသည် ခန္ဓာကိုယ်ကို ဖောက်ထွင်းလျက် ဝမ်းဗိုက်နေရာတွင် ခြောက်မီတာ အချင်းရှိသည့် အပေါက်ကြီးတစ်ခုကို ဖြစ်ပေါ်သွားစေသည်။ တစ်ခဏချင်းတွင် ကြွက်နီသားရဲ၏ ကိုယ်တွင်းမှ သွေးများ တစ်ဟုန်ထိုးစီးဆင်းလာတော့သည်။
တစ်ချိန်တည်းတွင် လှံသွားတွင် ငွေရောင်နှင့် အနက်ရောင် အကွက်များရှိသည့် လှံတစ်စင်းသည် ကြွက်နီသားရဲ၏ မျက်လုံးနှစ်ဖက်ကို ထိုးဖောက်သွားပြီး ခေါင်း၏ အနောက်ဘက်မှ ပြန်ထွက် လာသည်။ ထိုလှံသည် အရှိန်လျော့သွားခြင်းမရှိဘဲ အနီးဆုံးပစ်မှတ်ဖြစ်သည့် ဝက်ဝံရိုင်းသားရဲထံ သို့ ပြေးဝင်သွားပြန်သည်။
***