ပုရှောင်ရှီးရဲ့ လူသားအသွင်ကြောင့် မျက်စိတောင်ကန်းချင်သွားပြီ
Vol. 4 Ch. 43
"ဆရာသခင်၊ ဂိုဏ်းကို ကာကွယ်နိုင်ဖို့အတွက် ကျွန်တော် ပိုသန်မာချင်တယ်!" ဟုန်ချန်ယဲ့က မလျှော့တမ်း ဆက်ပြောသည်။
"ရပါတယ်၊ ဂိုဏ်းမှာ ငါရှိတယ်လေ"
"ဒါဆိုရင်.... ဒါဆိုရင် ကျွန်တော်လည်း ပိုသန်မာလာပြီး ဆရာသခင်ရဲ့ပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေထမ်းဆောင်ချင်ပါတယ်!!"
"မင်းကလား? မြန်မြန်သာထွက်သွားလိုက်ပါတော့ကွာ!"
"……"
ဟုန်ချန်ယဲ့က တစ်ဖက်လူ တမင်လုပ်နေမှန်း ရိပ်မိသည်။ အရည်အချင်းမရှိတဲ့သူတွေကိုပဲ ဝင်ခွင့်ပေးပြီး သူ့ကိုကျတော့ ဘယ်လောက်ပဲတောင်းဆိုနေပါစေ မျက်နှာသာမပေးချေ။
"ချီးတဲ့မှ ငါ့ကျင့်ကြံဆင့်က မင်းကို ကျော်သွားမှာ သိပ်ကြောက်နေတယ်ဟုတ်လား!"
ဟုန်ချန်ယဲ့ စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
"ဆရာသခင်၊ အစ်ကိုကြီးဟုန်က ဒီလောက်တောင်သွားချင်နေတာကို ဝင်ခွင့်ပေးလိုက်ပါ သူ့အလုပ်တွေကို ရှုရှုလုပ်ပေးပါ့မယ်!" ရုတ်တရက် ပုရှောင်ရှီး၏ ကလေးဆန်ဆန် အသံလေး ထွက်ပေါ်လာသည်။
ယဲ့ကျွင်းလင်က သက်ပြင်းချလိုက်ပြီး စိုးရိမ်ဟန်ဖြင့်ဆိုသည်။ "ဆရာက မင်းအရမ်းအလုပ်ပိသွားမှ စိုးလို့ပါကွာ"
"ရပါတယ်၊ ရှုရှုကိုပဲ လွှဲထားလိုက်ပါဆို!"
တစ်ခဏမျှ စဉ်းစားပြီးနောက် ယဲ့ကျွင်းလင်က ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။ "ဒါဆိုလည်း မင်းကို နှစ်တစ်ရာနေနာရီလောကထဲမှာ ကျင့်ကြံဖို့ ငါခွင့်ပြုမယ်"
နှစ်တစ်ရာနေနာရီလောက၏ စွမ်းရည်အသုံးပြုမှုက အလွန်အကန့်အသတ်ရှိပြီး တစ်ခါတစ်ခါ ဖွင့်ဖို့အတွက်လည်း အရင်းအမြစ် အများကြီး ကုန်ကျတာကြောင့် သုံးချင်တိုင်းသုံးလို့ရသည့် အခွင့်အရေးတော့ မဟုတ်ပေ။
အဓိက အကြောင်းအရင်းကတော့ အလကားရထားတဲ့ အလုပ်သမားလေးကို လက်လွှတ်မခံချင်လို့ပါပဲ!
ဒါပေမဲ့ ပုရှောင်ရှီးက တာဝန်ယူမယ်ဆိုတော့လည်း ယဲ့ကျွင်းလင်က သဘောတူလိုက်ရုံပဲပေါ့။
"ကျေးဇူးတင်ပါတယ် ဆရာသခင်!"
ဟုန်ချန်ယဲ့ အလွန်ပျော်မြူးသွားလေသည်။
"ငါ့လာပြီး ဘာတွေကျေးဇူးတင်နေတာလဲ? မင်းရဲ့ ဆရာတူညီမလေးကို ကျေးဇူးတင်သင့်တယ်လေ!" ယဲ့ကျွင်းလင် သူ့ကို သတိပေးလိုက်သည်။
ဟုန်ချန်ယဲ့လည်း ထရပ်လိုက်ပြီး ပုရှောင်ရှီးဘက်သို့ လက်သီးဆုပ်အရိုအသေပြုကာ ပြောလိုက်သည်။ "ကူပြောပေးတဲ့ ဆရာတူညီမလေးကို ဟုန်ချန်ယဲ့ ကျေးဇူးတင်ပါတယ်!"
"ဟီးဟီး"
ပုရှောင်ရှီး နည်းနည်း ရှက်သွားပြီး သူ့ပါးသူ ကုတ်နေလိုက်သည်။
ထို့နောက် ဟုန်ချန်ယဲ့တစ်ယောက် ချာခနဲ လှည့်ထွက်သွားတော့သည်။
နှုတ်ခမ်းမှာ အေးစက်စက် အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး ရင်ဘတ်ထဲမှ ဦးတည်ထားသောရည်မှန်းချက်ပန်းတိုင်များလည်း တစ်စထက်တစ်စ ပိုလို့ထင်ရှားပြတ်သားလာလေ၏။
"စောင့်နေလိုက်၊ ငါကျင့်ကြံရေးကနေ ထွက်လာတဲ့နေ့က မင်းဆိုတဲ့ ယဲ့ကျွင်းလင် ဦးညွှတ်ရမယ့်နေ့ပဲ!"
ဟုန်ချန်ယဲ့ လှည့်ထွက်သွားသည့်ပုံကို ကြည့်ပြီး ယဲ့ကျွင်းလင် အသာခေါင်းခါလိုက်သည်။ သူသိပ်အဖက်လုပ်စရာတော့မရှိပေ။
ဒီနတ်ဆိုးဂိုဏ်းချုပ်ဟောင်းလေး ဘာတွေတွေးနေလဲဆိုတာကို ယဲ့ကျွင်းလင် သိပါတယ်။
သူက အလျင်အမြန် ပိုသန်မာလာပြီး ဆရာသခင်ကို အံတုတော်လှန်၊ ကျွန်ခံဘဝကနေ နေ့ချင်းညချင်း လွတ်မြောက်သွားတဲ့ ပြဇာတ်လေးတစ်ပုဒ် ကပြချင်ရုံသက်သက်ပါ။
သူ့ဆရာဆိုတဲ့သူက ရွှေလက်ချောင်းပိုင်ရှင် လူယုတ်မာဖြစ်နေမှတော့ စိတ်မကောင်းရုံပဲ တတ်နိုင်တော့တာပေါ့!
ဒီကိစ္စကတော့ သူခေါင်းထဲထည့်ထားစရာကို လိုမနေပါချေ။
"ရှုရှက နောက်ဆုံးတော့ ဖျော်နည်းအသစ်နဲ့ နို့လက်ဖက်ရည်ခွက်ငါးဆယ် လုပ်ပြီးသွားပါပြီ ဘယ်တစ်ခုနဲ့ ကိုယ့်ကိုကိုယ် ဆုချသင့်လဲ? ဒီမြက်ဂျယ်လီလေးကိုပဲ သောက်လိုက်ရအောင်ပါကွယ်!"
ပုရှောင်ရှီး တတွတ်တွတ်ရေရွတ်ကာ နို့လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူပြီး ပိုက်ထိုးကာ စုပ်သောက်လိုက်တော့ သူ့မျက်နှာထက်တွင် ကျေနပ်သွားဟန် အပြုံးတစ်ခု ပေါ်လာလေသည်။
"ရှောင်ရှီး၊ ဒီကိုလာဦး ဆရာသခင်မင်းကိုပွတ်ပေးဦးမယ်"
"လာပြီ လာပြီ"
အရပ်တစ်မီတာခွဲလောက်သာရှိသော မွေးဖြူကြွက်လေးက အလိုက်တသိ တိုးကပ်လာပေးသည်။ ယဲ့ကျွင်းလင် အမွေးနုနုလေးတွေကို ပွတ်သပ်ပေးလိုက်ပြီး သက်ပြင်းအသာချကာ ညည်းညူလေသည်။ "ငါ့မှာအခုတော့ သူများတွေလို ပွတ်စရာကြောင်တောင်မရှိတော့ဘူး ဒီကြွက်ကိုပဲပွတ်ပေးနေရတယ် မတရားလိုက်တာ"
"ကြောင်လား? ကြောင်ဘယ်မှာလဲ? ရှုရှုက ကြောင်တွေကို အကြောက်ဆုံးပဲ!" ပုရှောင်ရှီးတစ်ယောက် ချက်ချင်းလန့်ဖျပ်ကာ ပျာတီးပျာယာဖြင့် ဟိုဟိုဒီဒီလှည့်ကြည့်နေပုံမှာ ရယ်စရာကောင်းလှပေသည်။
ယဲ့ကျွင်းလင်လည်း မရယ်ဘဲမနေနိုင်တော့ချေ။ "မင်းမှာ ဒီလောက်အစွမ်းထက်တဲ့ တာ့လောမသေမျိုးခန္ဓာကိုယ်ကြီး ရှိနေတာ၊ မင်းလက်အောက်မှာလည်း လူကြမ်းကောင်တွေ အများကြီး ရှိနေတာကို ဘာလို့ ကြောင်တွေကို ကြောက်နေသေးတာလဲ?"
ကောင်းကင်ဘုံမှာ အစွမ်းအထက်ဆုံး မသေမျိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သူ့ကို သစ္စာရှိရှိ တာဝန်ထမ်းဆောင်ပေးမည့် ဂြိုလ်သားမျိုးနွယ်စု အင်အားထုကြီး ထောင်သောင်းချီလောက် ရှိနေသည်ကိုပင် ဒီတစ်ယောက်ကတော့ ဒီလိုကြောက်နေနိုင်သေးလေသည်။ ပုရှောင်ရှီးနေရာမှာ တစ်ခြားသူတစ်ယောက်သာဆိုလျှင်တော့ ချက်ချင်းပဲ မည်သူမျှ မယှဉ်နိုင်သည့် အုပ်စိုးချုပ်ကိုင်မှုလမ်းကြောင်းတစ်ခုကို စတင်ဖောက်လုပ်နေလောက်ပေပြီ။
"ရှုရှုလည်းမသိဘူး ဒီတိုင်းကြောက်တာပဲသိတယ်" ပုရှောင်ရှီးက ခေါင်းလေးကိုကုတ်လျက်ဖြေလာသည်။
ယဲ့ကျွင်းလင်က သူ့မေးစေ့သူပွတ်ကာစဥ်းစားရင်း မေးသည်။ "မင်း နှစ်တစ်ရာနေနာရီလောကထဲမှာ ကျင့်ကြံဖို့ မသွားချင်ဘူးလား? အထဲမှာ နှစ်တစ်ရာဆိုတာ အပြင်မှာ တစ်ရက်ပဲ ရှိတာ!"
ပုရှောင်ရှီးက ချက်ချင်းပြန်ဖြေလာသည်။ "ရှုရှုမသွားချင်ဘူး အပြင်မှာ တစ်ရက်ပဲ ကြာပါစေဦး ရှုရှုက အထဲရောက်နေရင် ဆရာသခင်ကို နှစ်တစ်ရာကြီးတောင် ခွဲနေရမှာ"
"ပြီးတော့ ကျင့်ကြံရတာ တကယ်ကို ငြီးငွေ့စရာကောင်းတယ်! ရှုရှုက ဆရာသခင့်နောက်ကို လိုက်ပြီး အရသာရှိတဲ့ အစားအစာတွေကို လျှောက်စားနေရတာ ပိုကြိုက်တယ်!"
ယဲ့ကျွင်းလင်နားထောင်ရင်း အကျယ်ကြီး အော်ရယ်လိုက်မိလေသည်။
ဒီမွေးဖြူကြွက်ကတော့ သူ့စိတ်နေသဘောထားနဲ့ တကယ်ကို လိုက်ဖက်ညီနေတာပဲ!
သူ့ကို အလဲထိုးဖို့ပဲ အမြဲတမ်း စဉ်းစားနေတဲ့ အဲဒီ ကောက်ကျစ်တဲ့ နတ်ဆိုးဂိုဏ်းချုပ်ကောင်နဲ့ လားလားမှကို မတူဘူး!
"ဒါနဲ့"
ယဲ့ကျွင်းလင်က ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားပြီး မေးလာသည်။ "နတ်ဆိုးမျိုးနွယ်တွေက ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကို ရောက်ရင် လူ့အသွင်ပြောင်းနိုင်တယ်လို့ မပြောကြဘူးလား? မင်း လူ့အသွင်ပြောင်းတာကို ငါ တစ်ခါမှလည်း မမြင်ဖူးသေးဘူး"
သူ့တပည့်တွေသူ သိပ်ဂရုမစိုက်ဘူးဆိုပေမဲ့ မသိချင်ဘူးလို့ မဆိုလိုဘူးလေ!
ဒီအူကြောင်ကြောင် မွေးဖြူကြွက်လေး လူအသွင်ပြောင်းရင် ဘာပုံစံဖြစ်မလဲဆိုတာလောက်တော့ ယဲ့ကျွင်းလင်လည်း သိချင်သည်သာ။
ပုရှောင်ရှီး တောင့်ခနဲဖြစ်သွားပြီး တွန့်ဆုတ်ဆုတ်နှင့်ဖြေလာသည်။ "အဲ့ဒါ ရှုရှု မေ့နေလို့...."