အခန်း (၄၄)
Vol. 4 Ch. 44
တစ်ချိန်လုံး ကြွက်ပုံစံနှင့်သာနေလာသောသူအဖို့ ရုတ်တရတ် ကျင့်ကြံဆင့်တွေထိုးတက်သွားကာ လူအသွင်ပြောင်းလို့ရသွားချိန်မှာတောင် စိတ်ကအဆင်သင့်မဖြစ်လှသေးသောကြောင့် သူမပြောင်းဘဲနေနေခဲ့ခြင်းပင်။
ဟုတ်ကဲ့၊ ပြင်လိုက်ပါမယ်။
“ဒါဆို အခုပြောင်းလိုက်လေ”
ရယ်ချင်ပက်ကျိဖြင့် ပြုံးစိစိလုပ်ရင်း ယဲ့ကျွင်းလင်က ပြောလိုက်သည်။ ငါ့တပည့်ကတော့ တကယ့်ကိုအူကြောင်ကြောင်ကောင်ပဲ!
“ဟုတ်ကဲ့!”
ပုရှောင်ရှီးကလည်း အမိန့်နာခံစွာပင် ချက်ချင်းပြောင်းလဲလိုက်လေသည်။
ဝှစ်~
နို့ရောင်ဖြူဖျော့ဖျော့ အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်တွင်းမှ ထွက်ပေါ်လာ၏။ ထိုအလင်းတန်းများကြားတွင် ပုခုံးသိုင်းကြိုးပါသည့် အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားသော ပိန်ပိန်သေးသေး ကလေးမလေးတစ်ဦး တဖြည်းဖြည်း ပုံပေါ်လာလေသည်။
ယဲ့ကျွင်းလင်က နို့လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရုံအချိန်တွင် ထိုရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်သည်နှင့် ‘ဖွတ်’ခနဲ အသံနှင့်အတူ ပြန်ထွေးထုတ်လိုက်မိသည်။ သူ့မျက်နှာထက်တွင် အံ့သြတုန်လှုပ်သွားသည့် အမူအရာများထွက်ပေါ်လာပြီး “ဒါ၊ ဒါ ဘာကြီးလဲ?!” ဟု ကယောင်ခြောက်ခြား ထအော်လိုက်လေသည်။
သေးသွယ်နူးညံ့သော ကိုယ်လုံးလေး၊ နို့နှစ်လို ဖြူဖွေးနူးညံ့သော အသားအရေ၊ ဖြောင့်စင်းသော ကျောက်စိမ်းလို ခြေတံနှစ်ချောင်းက နုပျိုလန်းဆန်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ယောက်ျားလေးအများစု၏ စိတ်ကူးယဥ်အိပ်မက်ထဲက ဘာဘီရုပ်လိုခန္ဓာကိုယ်လေးလို့ ဆိုရပေမလား?
အင်း ခေတ်သစ်အချိန်မှာဆိုရင်တော့ လူကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဒါမှမဟုတ် သေဒဏ်ကျစေလောက်မယ့် ခန္ဓာကိုယ်မျိုးပဲ!
ဒါပေမယ့် အခုမြင်လိုက်ရတော့ ယဲ့ကျွင်းလင်အတော်လေး ကို့ရို့ကားရားနိုင်သလို ခံစားမိလေသည်။
ထိုသေးသွယ်လှပသော ဘာဘီရုပ်ကိုယ်လုံးလေး၏ လည်ပင်းအထက်၌ ကြွက်ခေါင်းတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ မျက်လုံးဝိုင်းဝိုင်းလေးများက ကလယ်ကလယ်နှင့်ကြည့်နေပြီးနောက် စိုးရိမ်တကြီးနှင့် ကလေးဆန်သောအသံလေး ထွက်လာသည်။ “ရှုရှု့ရဲ့ လူသားရုပ်ရည်က မလှလို့လားဟင်?”
ယဲ့ကျွင်းလင်: “……”
မလှရုံတင် မကဘူးဟေ့! မင်းဘိုးအေတဲ့မှ ကြောက်စရာကြီးဟ!!
ဒီလိုပြည့်စုံချောမွေ့လှတဲ့ ဘာဘီရုပ်လို ကိုယ်လုံးလေးက ကြွက်ခေါင်းကြီးနဲ့ တွဲလျက်ရှိနေတာလေ။
မိန်းကလေးမှန်း သိနေရင်တောင်မှ လူသားတွေရဲ့ အလှအပသတ်မှတ်ချက်တွေအရဆိုရင် ဒါကြီးက လုံးဝဥဿုံကို ထူးဆန်းလွန်းနေတယ်!
“ရှောင်ရှီး၊ မင်းက တမင်သက်သက် ဆရာ့ကို နောက်နေတာလား?”
ယဲ့ကျွင်းလင်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“မဟုတ်ရပါဘူး! ရှုရှုက အရမ်းကြိုးစားပြီး ပြောင်းပြနေတာပါ!” ပုရှောင်ရှီးက သူ့လက်ကလေးကို အလျင်အမြန် ဝှေ့ယမ်းလျက် ငြင်းဆိုလိုက်သည်။
ပြီးတော့ သူက ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး သနားစဖွယ်ဆိုသည်။ “ဒါပေမဲ့ ဘာလို့ ဒီပုံစံကိုပဲပြောင်းနိုင်မှန်း ရှုရှု မသိဘူး၊ ရှုရှုလည်း အရမ်း စိတ်မကောင်းဖြစ်မိပါတယ်…”
ယဲ့ကျွင်းလင်က စိတ်မသက်မသာဖြင့် နှုတ်ခမ်းကိုတတွန့်တွန့်လုပ်နေသည်။
သူ့ရဲ့ တပည့်ပေါချာချာလေးက တကယ်ကို တစ်ပြားလိုနေခဲ့တာပဲ။
သူက သူ့အပေါ် မျှော်လင့်ချက်တွေ အများကြီး မထားလိုက်သင့်ဘူး!
“ဟုတ်ပါပြီကွာ ကိစ္စမရှိပါဘူး၊ ဒါဆို မင်း ပြန်ပြောင်းလိုက်တော့နော်” အတော်လေးနာကျင်ခံစားလိုက်ရသည့် သူ့မျက်လုံလေးများကိုပွတ်သပ်ရင်း ယဲ့ကျွင်းလင်ပြောလိုက်သည်။
ဒီတိုင်းဆိုရင်တော့ မူလပုံစံကပဲ ပိုကောင်းပါတယ်ကွာ!
“ဟုတ်ကဲ့!”
ပုရှောင်ရှီးက သူ့ရဲ့ ပန်းသွေးရောင်လက်သီးဆုပ်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး ပါးစပ်နှင့် လေကို တဝရှူသွင်းလိုက်သည်။
နာရီဝက်ခန့် ကြိုးစားပြီးနောက် ကောင်းကင်မှ ကျီးအော်သံ တအာ့အာ့ ထွက်ပေါ်လာသည်။
“ဟေ့ကောင် ပြန်ပြောင်းပါတော့ဆိုကွာ!!” ယဲ့ကျွင်းလင်က ဒေါသတကြီး အော်လိုက်သည်။
ပုရှောင်ရှီးက မျက်နှာငယ်လေးဖြင့် ပြောလာသည်။ “ဆရာသခင်၊ ရှုရှု ရုတ်တရက် ဘယ်လိုပြန်ပြောင်းရမှန်း မသိတော့ဘူး”
ယဲ့ကျွင်းလင်: “!!!”
မင်းရဲ့ မူလပုံစံက ကြွက်ဆိုတာရော သေချာရဲ့လား? ဝက်မဟုတ်ဘူးလား?!
အိုင်ကျူအမှတ်ကတော့ စိုးရိမ်စရာအခြေအနေမှာရှိနေတာပဲ…
“ဆရာသခင် စိတ်မပူပါနဲ့၊ ရှုရှု ဒီရက်ပိုင်းအတွင်း ပိုကြိုးစားပြီး လေ့ကျင့်သွားပါ့မယ် သေချာပေါက် ပြန်ပြောင်းနိုင်မှာပါ!”
“ဪ အေးပါ ကြိုးစားပါကွာ"
ယဲ့ကျွင်းလင် ဘာမှမလုပ်ရပါဘဲ အရမ်းပင်ပန်းသွားသလို ခံစားလိုက်ရသည်။ သူ ဒီလို မကောင်းတဲ့အရာကို သွားမစခဲ့မိသင့်ဘူး။ ဒီလို ကြောက်စရာရလဒ်မျိုး ထွက်လာလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ။
“ဆရာသခင်၊ ရှုရှု့ကို ပွတ်ပေးချင်သေးလား?”
ပုရှောင်ရှီးက သူ့အနားသို့ တိုးကပ်လာပြီး မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် မျှော်လင့်ချက်အပြည့်နှင့် ကြည့်လာလေသည်။
သူ့ရှေ့တွင်ရှိသော ပုံမှန်မဟုတ်သည့် ကြွက်ခေါင်းနှင့် လူ့ကိုယ်ခန္ဓာကို ကြည့်ရင်း ယဲ့ကျွင်းလင်ဟာ လက်ထဲရှိ နို့လက်ဖက်ရည်ပင် အရသာမရှိတော့ဟု ခံစားလိုက်ရ၏။
“သွားစမ်းပါ၊ ငါ တစ်ယောက်တည်း နေချင်တယ်”
“အာ?”
ပုရှောင်ရှီးက နှလုံးသားထဲတွင် အလွန်နာကျင်သွားပြီး ဆရာသခင်က သူ့ကိုမနှစ်သက်တော့ဟု ခံစားလိုက်ရလေသည်။
သို့သော်လည်း ပြန်မပြောရဲဘဲ ရေကန်ဘက်သို့သာ အားကုန်ပြေးသွားလိုက်ပြီး ကန်ရေပြင်ပေါ်တွင် ထင်ဟပ်နေသော သူ့ရုပ်ပုံကို ဂရုတစိုက် စစ်ဆေးနေလိုက်သည်။ လက်သေးသေးလေးများဖြင့် သူ့ကြွက်ခေါင်းကို အသာကုတ်လိုက်ရင်း “ထူးဆန်းလိုက်တာ ဒါက အဲ့လောက်လည်းမဆိုးဘဲနဲ့” ဟု တွေးနေမိသည်။
နောက်နှစ်ရက်လောက်အကြာတွင် ယဲ့ကျွင်းလင်သည် ပုရှောင်ရှီး၏ ရုပ်သွင်သစ်ကို ကူကယ်ရာမဲ့စွာ လက်ခံလိုက်ရတော့သည်။
"ကြာတော့လည်း အကျင့်ရသွားမှာပါကွာ ကြည့်ရတာ အဲ့လောက်တော့လည်းမဆိုးပါဘူး ဟုတ်တယ်မလား!”
ယဲ့ကျွင်းလင် သူ့ကိုယ်သူ တိတ်တိတ်လေး နှစ်သိမ့်လိုက်သည်။
ဘုန်း!
ထိုအချိန်တွင် အရှေ့ပိုင်းစီရင်စုတစ်ခုလုံး တုန်လှုပ်သွားလေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက လန့်ဖျပ်သွားသော မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားသော စစ်သင်္ဘောပျံ အုပ်လိုက်ကြီးသည် တားဆီးလာမည့်အရာမှန်သမျှကို ဖြတ်တိုက်ထုတ်မည့်အင်အားမျိုးဖြင့် ဟွမ်ကျိုးပြည်နယ်ထံသို့ တည့်တည့်ကြီး ဦးတည်ချီတက်ကြလေပြီ။
သင်္ဘောဦးမှာ ရွှယ်ထျန်းဂိုဏ်းသို့ တိုက်ရိုက်ဦးစိုက်လျက်ရှိ၏။
နှစ်တစ်သောင်းတွင် တစ်ကြိမ်မျှပင် မဖြစ်ပေါ်ခဲ့ဖူးသော စစ်ပွဲကြီးတစ်ပွဲသည် ယခုအချိန်တွင်တော့ တရားဝင် စတင်ခဲ့လေပြီ!!