← Chapters

ဟုန်ချန်ယဲ့က ပုန်ကန်တော့မှာလား?

Vol. 4 Ch. 45

ဟုန်ချန်ယဲ့က ပုန်ကန်တော့မှာလား?

Vol. 4 Ch. 45

ဝုန်း.....ဝုန်း.....

မြစ်ကို ဖြတ်ကူးနေသော ငါးကြင်းများကဲ့သို့ စစ်သင်္ဘောပျံများဟာ ကောင်းကင်ပြင်ကို ဖြတ်သန်းသွားလာနေပြီး လမ်းတစ်လျှောက်ရှိ တိမ်တိုက်များမှာ အပိုင်းပိုင်းအစစ စုတ်ပြတ်သတ်သွားလေသည်။

မြင်ကွင်းတစ်လျှောက်တွင် မိုးမျှော်တိုက်များကဲ့သို့ ကြီးမားထည်ဝါ စစ်ချီအလံများဟာ လေဟာနယ်ထဲတွင် တလူလူလွင့်လျက်ရှိ၏။

ထိုစစ်သင်္ဘောများထဲမှ အနိမ့်ဆုံးအဆင့်သည်ပင် အဆင့်ကိုးရတနာများဖြစ်ပြီး အစွမ်းထက်သော အစီအရင်များစွာ ပါဝင်ကာ သင်္ဘောကိုယ်ထည်တစ်ခုလုံးမှ တောက်ပသော အလင်းရောင်များ ဖြာထွက်လျက်ရှိသည်။

စွမ်းအားအပြည့်ထည့်ထားသော မှော်စွ‌မ်းအင်အမြောက်ကို တစ်ချက်မျှ ပစ်ခတ်လိုက်လျှင် ဝိဉာဉ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦးကို ချက်ချင်း အငွေ့ပျံသွားစေနိုင်ပြီး ဝိဉာဉ်အဆင့်တက်ခြင်း ကျင့်ကြံသူပင် သေလုမျောပါး ဖြစ်သွားနိုင်၏။

စစ်သင်္ဘောပျံ အစင်းတိုင်းတွင် တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် ရပ်နေသော ယွီဟွားဂိုဏ်းသား ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပြီး အရေအတွက်မှာ သိပ်သည်းထူထပ်လှကာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း၏ အငွေ့အသက်များ ထွက်ပေါ်လို့နေသည်။

အဆုံးအစမရှိသော ဖိအားတစ်ရပ်သည် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားပြီး ဟွမ်ကျိုးပြည်နယ်ရှိ သက်ရှိသတ္တဝါအားလုံးကို စိတ်နှလုံးတုန်လှုပ်စေပေသည်။

ကြောက်စရာကောင်းလိုက်တာ၊ ဒါကြီးက ယွီဟွားဂိုဏ်းရဲ့ စစ်ချီတပ်မတော်ကြီးပေါ့!

ချီတက်ရာလမ်းကြောင်းကို ပိတ်ဆို့သူ မည်သူမဆို သေရမည်!!! ဟု အသံတိတ်ကြွေးကြော်ကြိမ်းဝါးနေသကဲ့သို့ပါပင်။

"ဟားဟားဟား၊ ရွှယ်ထျန်းဂိုဏ်းတော့ သွားပြီဟေ့!"

"အရှေ့ပိုင်းစီရင်စုရဲ့ နံပါတ်တစ် မသေမျိုးဂိုဏ်း ဒေါသထွက်ရင် ဘယ်သူခံနိုင်လိမ့်မတုန်း!"

"ဟို ယဲ့မျိုးရိုးကောင်လေး စည်းလွတ်ဝါးလွတ်ကိုမိုက်ရိုင်းထားတာ အကျိုးဆက်အနေနဲ့ အခုတော့ ဆိုးဆိုးရွားရွား သေရတော့မှာပဲ! အခုလောက်ဆို ကြောက်ဒူးတုန်နေလောက်ရောပေါ့!"

"ဟွမ်ကျိုးနယ်ခံသားတွေ အခုလောက်ဆိုရင် နားလည်သင့်ပြီ၊ တချို့ပုဂ္ဂိုလ်တွေကို စော်ကားချင်တိုင်းစော်ကားလို့ မရဘူးဆိုတာ!"

အရှေ့ပိုင်းစီရင်စုတစ်လွှားတွင် လူတိုင်းက ထိုတိုက်ပွဲအကြောင်းကိုသာ ဆွေးနွေးနေကြပြီး အင်အားစုအားလုံးက အနီးကပ် စောင့်ကြည့်လို့နေကြသည်။

ဝိညာဉ်ပြည်နယ်တွင်...

ဇိမ်ခံသီးသန့်ခန်းတစ်ခုမှ စိတ်နှလုံးနာကျင်ဖွယ် အော်ဟစ်သံများ ကြားနေရပြီး ခုတင်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါလျက်ရှိ၏။

အဖြူရောင် ကန့်လန့်ကာများအတွင်းဝယ် လူရိပ်နှစ်ခုကို ဝိုးတဝါး မြင်နိုင်ပေသည်။

ခုတင်ဘေးရှိ ကြမ်းပြင်ပေါ်တွင်မူ အဝတ်ဗလာကျင်းလျက်၊ အရေပြားနှင့် အရိုးသာ ကျန်တော့သည့်အလား ပိန်လှီနေပြီး ဝိဉာဥ်စွမ်းအင်များ အဆုံးစွန်ထိခြောက်ခမ်းသွားသော အမျိုးသမီးများမှာ အမှိုက်သရိုက်များကဲ့သို့ ပြန့်ကျဲတည်ရှိလျက် ရှိလေသည်။

"သခင်လေးရေ! သူတို့ တိုက်နေကြပြီ! အပြင်မှာ တိုက်ကုန်ကြပြီ!"

အခန်းအပြင်မှ အလောတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

အစေခံသည် တံခါးကို စိတ်လှုပ်ရှားစွာ ဖွင့်လိုက်ပြီး မြေကြီးပေါ်တွင် သတိလစ်နေသော အမျိုးသမီး ကျင့်ကြံသူများအား မြင်လိုက်ရသောအခါ မချိတင်ကဲ တုန်လှုပ်သွားရကာ အံ့သြတကြီးဖြင့် တစ်ချက်ဆွံ့အသွားမိရသည်။ "သခင်လေးက တယ်ရက်စက်ပါလား!"

အော်ဟစ်သံများ ရုတ်တရက် တိတ်ဆိတ်သွားသည်။

ကန့်လန့်ကာအတွင်းမှ ဒေါသတကြီးဖြင့် အသံတစ်ခု ထွက်လာသည်။ "ခွေးကောင်၊ အပြင်မှာ ဘယ်သူတွေ တိုက်နေလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောလေ၊ မဟုတ်ရင် ဒီသခင်လေးက မင်းခေါင်းကို ဖြတ်၊ အိမ်သာထဲ ပစ်ထည့်ပြီး လောက်စာကျွေးပစ်မယ်!"

အစေခံ၏ ဦးရေပြားသည် ကြောက်စိတ်ဖြင့် ထုံကျင်သွားပြီး အလျင်အမြန် ပြောပြလိုက်သည်။ "ဟုတ်ကဲ့၊ ယွီဟွာဂိုဏ်းပါ! ခုနကမှ ယွီဟွာဂိုဏ်းရဲ့ တပ်မတော်ဟာ ဟွမ်ကျိုးပြည်နယ်ကို ကျူးကျော်ဝင်ရောက်လာတာပါခင်ဗျာ!"

"မင်း ဘာပြောလိုက်တာလဲ?!"

ရွှယ်ထျန်းယိသည် အံ့သြတကြီးအမူအရာဖြင့် ကန့်လန့်ကာကို လက်တစ်ဖက်ဖြင့်ဆွဲမလျက် ထလာလေသည်။

အရှေ့ပိုင်းစီရင်စု ဝိညာဉ်ပြည်နယ်မှ ထိပ်တန်းကျင့်ကြံရေးသမားတစ်ဦးဖြစ်သော ရှုမိသားစု၏ သခင်လေးအနေဖြင့် ဟွမ်ကျိုးပြည်နယ်တွင် လျှို့ဝှက်နယ်မြေလုပွဲကို ရှုံးနိမ့်ခဲ့ပြီးကတည်းက ယဲ့ကျွင်းလင်ကို ကြိတ်ပြီးမကျေမနပ်ဖြစ်နေကာ ထိုသူ ကျဆုံးဆုတ်ယုတ်ဖို့ကို တစ်ချိန်လုံးဆုတောင်းနေခဲ့ရသည်ပင်။

"တကယ်မှန်ပါတယ် သခင်လေး၊ တစ်ပြည်လုံးမှာ အဲ့သတင်းပဲ ပျံ့နှံ့နေတာ၊ ယွီဟွာဂိုဏ်းက ဒီတစ်ခါ တကယ်ကို ပြင်းပြင်းထန်ထန် ချတော့မှာပဲ၊ သူတို့က ရွှယ်ထျန်းဂိုဏ်းကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်ထားပြီးသား! ဒါဟာ သူတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထည်ထောင်ဖို့ပါပဲ!"

ရွှယ်ထျန်းယိ၏ နှုတ်ခမ်းထောင့်စွန်းများ ရွှင်မြူးစွာ ကွေးညွှတ်တက်သွားပြီး နှလုံးသားထဲမှ ထကြွလာသော လက်စားချေလိုစိတ်များကို ခံစားလိုက်ရသည်။ "နိမ့်ကျတဲ့ ဇနပုဒ်သားတစ်ယောက်က ငါ့ထက်တောင် မာနကြီးတဲ့ပုံဖမ်းနေသေးတာ၊ အပြစ်ပေးခံရထိုက်တယ်! ဒီသခင်လေးက အဲ့ကောင်သက်ဆိုးမရှည်လောက်ဘူးဆိုတာ သိပြီးသား!"

ပြောပြီးသည်နှင့် ရွှယ်ထျန်းယိသည် ခုတင်ပေါ်သို့ ပြန်တက်သွားပြီး ကန့်လန့်ကာအတွင်းမှ ထိတ်လန့်ဖွယ် အော်ဟစ်သံများ ပြန်ထွက်လာသော်လည်း ဒီတစ်ခါတွင်တော့ ရယ်သံများနှင့် ရောယှက်နေကာ ခုတင်မှာ ပို၍ပင် ပြင်းထန်စွာ တုန်ခါနေသည်။

"မင်းက ဘာရပ်လုပ်နေသေးတာလဲ? ထွက်သွားစမ်း!"

"ဟုတ်ကဲ့!"

အစေခံသည် တံတွေးကို မြိုချလိုက်ပြီး ခေါင်းကို ငုံ့ကာ အရိုအသေပြုလျက် ဆုတ်ခွာသွားသည်။

ဟွမ်ကျိုးပြည်နယ်တွင်...

အဆုံးအစမဲ့ကျယ်ပြောသော ကောင်းကင်ပြင်သည် မီးခိုးရောင်သန်းကာ မှိုင်းညို့နေပြီး လေထုမှာ အလွန်အုံ့မှိုင်းကာ လူအပေါင်းကို စိတ်မသက်မသာနှင့် အသက်ရှူမဝသလို ခံစားရစေသည်။

ယွီဟွားဂိုဏ်း၏ စစ်သင်္ဘောပျံအုပ်စုကြီးသည် တဇွတ်ထိုးပင် ရှေ့သို့မှန်မှန်ချီတက်လာပြီး ထိုကြီးမားသော အရှိန်အဝါဖိအားသည်ကား မုန်တိုင်းတစ်ခုကဲ့သို့ အရပ်မျက်နှာအနှံ့ လွှမ်းခြုံလို့နေပေ၏။

"ဘယ်လောက်တောင် အင်အားကြီးလိုက်တဲ့ တပ်ဖွဲ့လဲ၊ ကျင့်ကြံသူ ဘယ်လောက်တောင်အများကြီး စေလွှတ်ထားတာပါလိမ့်?"

"ဒီတစ်ခါ ရွှယ်ထျန်းဂိုဏ်း ခံနိုင်ရည် ရှိပါ့မလား?"

"ကောင်းကင်ဘုံအရှင်ယဲ့ရေ ထွက်သာပြေးပါတော့!"

ဟွမ်ကျိုးပြည်နယ်မှ ကျင့်ကြံသူများ၏ မျက်နှာများမှာ ဖြူဖျော့အားယုတ်လို့နေပြီး သူတို့တားဆီးရန် မစွမ်းသာသော တပ်မတော်ကိုကြီး မော့ကြည့်ရုံသာတတ်နိုင်ကြကာ သက်ရောက်လာသောဖိအားကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ အရိုးထဲထိ အေးခဲသွားသကဲ့သို့ ခံစားနေရလေသည်။

မရောက်လာခင် အတော်ကြာကြာကတည်းက သတင်းကိုကြားသိခဲ့ရသော်လည်း ယွီဟွားဂိုဏ်း၏ အင်အားထုကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံလိုက်ရပြီးနောက် ၎င်းတို့၏ နှလုံးသားထဲရှိ အနည်းငယ်သော စိတ်ကူးမျှော်လင့်ချက်လေးများပါ ပျက်စီးသွားရကာ နက်ရှိုင်းသော ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများဖြင့် အစားထိုးခံလိုက်ရလေသည်!

တောင်ဖြိုဂိုဏ်းတွင်...

ဖုန့်အိုးယန်၏ မျက်လုံးသူငယ်အိမ်များ မှေးကျဉ်းသွားပြီး သူ့၏ အိုမင်းသော မျက်နှာမှာ တအံ့တသြအမူအရာရှိကာ တစ်စုံတစ်ခုကို ငေးစိုက်ကြည့်လျက်ရှိ၏။ လက်ဖျားများလည်း အနည်းငယ် တုန်ယင်လို့နေသည်။

သူ့နှလုံးသား အနက်ရှိုင်းဆုံးတစ်နေရာတွင် မကြုံစဖူး ထိတ်လန့်ကြောက်ရွံ့စိတ်တစ်ခု ခိုအောင်းဝင်ရောက်လာလေသည်!

ဤမျှကြီးမားသော တပ်မဟာတစ်ခုကို ကြုံတွေ့ရမည်ဆိုလျှင် သူသည် ယခင်ကကဲ့သို့ ဓားတစ်လက်ဖြင့် တစ်ကိုယ်တော် ရင်ဆိုင်ရဲဦးပေမည်လား?

ဖုန့်အိုးယန် တွေးပင် မတွေးဝံ့ပါ!

"ကောင်းကင်ဘုံအရှင်ယဲ့ရေ ဒီတစ်ခါတော့ မာနကြီးပြမနေဖို့ ဒီအဘိုးကြီးတောင်းပန်လိုက်ပါရစေ မဖြစ်နိုင်တော့ဘူးဆိုရင် ထွက်သာပြေးပါတော့ အရှင်ရယ်..."

လူတိုင်း၏အမြင်တွင် ယဲ့ကျွင်းလင်သည် ဟွမ်ကျိုးပြည်နယ်၏ နံပါတ်တစ် အင်အားအကြီးဆုံးသူဖြစ်ပြီး ဒေသခံ ကျင့်ကြံသူအားလုံး၏ စိတ်ဝိဉာဥ်ကို ဦးဆောင်အားဖြည့်ပေးနေသူဖြစ်သောကြောင့် သူသာ အမြစ်ဖြတ်ရှင်းလင်းခံရပါက ဟွမ်ကျိုးအတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြီးမားသော ဆုံးရှုံးမှုဖြစ်မည်မှာ သေချာသည်။

အရှက်ကိုမငဲ့ကွက်နိုင်‌တော့ဘဲ ထွက်ပြေးတိမ်းရှောင်ကာ ဂုဏ်သိက္ခာမဲ့စွာ ပုန်းလျှိုးကွယ်လျှိုးနေထိုင်ရမည်ဆိုလျှင်ပင် သူတို့ နားလည်ပေးနိုင်ပါသည်။

ဒုန်း!

ဒုန်း!

ဒုန်း!

ဒုန်း!

စစ်ချီစည်တော်သံသည် မိုးကြိုးကဲ့သို့ ပေါက်ကွဲထွက်ကာ မိုင်တစ်သန်းအလွန်ထိ ပျံ့နှံ့သွားသည်!

တောင့်တင်းခိုင်မာသော မဟာစစ်သင်္ဘောပျံအုပ်စုကြီးသည် မယိမ်းယိုင်သော အရှိန်အဟုန်ဖြင့် ခရီးဆက်ကာ မကြာမီပင် ရွှယ်ထျန်းဂိုဏ်း၏ အုပ်ချုပ်မှုအောက်ရှိ နယ်မြေသို့ ချဥ်းနင်းဝင်ရောက်လာခဲ့လေသည်။

ဒုန်း ဒုန်း ဒုန်း!

အလောတကြီးနိုင်သော အချက်ပေးတာအိုခေါင်းလောင်းသံသည် ဂိုဏ်းတစ်ခုလုံးတွင် ပဲ့တင်ထပ်လို့သွား၏

All Chapters