အခန်း (၄၇)
Vol. 4 Ch. 47
"ဟင်?"
ရှယိုနျန်၏ မျက်နှာထား လေးနက်တည်တင်းလို့သွားသည်။
သူသည် ယခုအချိန်တွင် ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဟုန်ချန်ယဲ့ရှေ့တွင်မူ သူသည် ကြီးမြတ်သော မှော်ဆရာတစ်ဦးနှင့် ရင်ဆိုင်နေရသော မှော်ဆရာပေါက်စလေးတစ်ဦးကဲ့သို့ ခံစားနေရသည်ပင်။
ထိုတပည့်သား၏ ပုံမှန်မဟုတ်သော စကားပြောပုံဆိုပုံနှင့် လုပ်ရပ်များကြောင့် ရှယိုနျန်သည် ခြိမ်းခြောက်ခံနေရသလို အရိပ်အယောင်များ ခံစားမိလာလေသည်။
ဟုန်ချန်ယဲ့သည် ထိုငဖျင်းအုပ်စုကို အဖက်လုပ်စကားပြောရန်ပင် ပျင်းရိလို့နေပြီး နှစ်တစ်ရာနေနာရီလောက၏ ဗဟိုချက်တည်ရာကို လှည့်ကြည့်လိုက်ကာ မျက်လုံးများက လောဘစိတ်ဖြင့် စူးစူးရှရှ တောက်ပလင်းလက်သွားသည်။
"ဒီလို မြင့်မြတ်တဲ့ရတနာကို ဒီနေရာမှာ အလဟဿအဖြစ်ခံမယ့်အစား ငါယူသုံးလိုက်တာက ပိုအကျိုးရှိမှာပေါ့"
ပြောရင်းဆိုရင်း လက်တစ်ဖက်ကို ဆတ်ခနဲဆန့်ထုတ်လိုက်ပြီး နီရဲသော မီးလျှံလက်ဝါးတစ်ခုကို ပုံဖော်လိုက်ကာ နှစ်တစ်ရာနေနာရီလောကကို ယူဆောင်ရန် ဟန်ပြင်လိုက်သည်။
"ရဲတင်းလိုက်တာ!"
"မင်း ဘာလုပ်တာလဲ?!"
ဟုန်ချန်ယဲ့၏ရည်ရွယ်ချက်ကို မြင်လိုက်သော် အားလုံးက ဒေါသတကြီး တားဆီးရန် ကြိုးစားလာကြ၏။
"မင်းတို့ အားလုံး ငါ့ရှေ့က ဖယ်စမ်း!!!" အေးစက်ကြမ်းကြုတ်သော အသံတစ်ခုက သူ့ပါးစပ်မှ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံဆင့်အရှိန်အဝါတစ်ခုက ရုတ်ချည်း ပေါက်ကွဲပြန့်ထွက်လာသည်။
"မင်း…" တောင်ထိပ်သခင်များလည်း ကြောက်လန့်တကြားဖြင့် မြေပေါ်သို့မျက်နှာမှောက်ကာ ပြားပြားဝပ်နေလိုက်ရလေသည်။
ဝိဉာဉ်အဆင့်တက်ခြင်း ကျင့်ကြံသူများဖြစ်သော်လည်း တစ်ဖက်လူ၏ဖိအားအောက်တွင် ထရပ်ဖို့ပင် အခွင့်မသာခဲ့ပေ!
ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်၏ အစောပိုင်းအဆင့်တွင် ရှိသော ရှယိုနျန်ကတော့ ဒူးတစ်ဖက်ထောက်လျက် အနေအထား၌ မရရအောင်တောင့်ခံ၍ ထိန်းထားနိုင်ခဲ့ပေသည်။
သူ့နဖူးထက်တွင် ပဲစေ့အရွယ်ခန့်ရှိသော ချွေးစက်များ အပြည့်သီးနေပြီး ဟုန်ချန်ယဲ့ကို မယုံကြည်နိုင်စွာကြည့်ကာ ခက်ခက်ခဲခဲ ထုတ်ပြောလိုက်သည်။ "ဒီလူရဲ့ နတ်ဆိုးအငွေ့အသက်က အရမ်းပြင်းထန်တာပဲ! ဆရာတူညီလေးယဲ့ခေါ်လာတဲ့ ဒီတပည့်က တကယ်ပဲ ဘာနောက်ခံမျိုးရှိနေတာလဲ?"
"အမှိုက်သရိုက်ကောင်တွေ"
ဟုန်ချန်ယဲ့က ခနဲ့လိုက်ကာ နေနာရီလောကကို အတင်းအဓမ္မ ယူဆောင်ရန် ဟန်ပြင်လိုက်သည်။
သူယူဆောင်ဖို့ကြိုးစားလိုက်ချိန်မှာပင်.....
လှုပ်ရှားမှုများမှာ ချုပ်ထိန်းခံလိုက်ရသကဲ့သို့ ရုတ်တရတ် တောင့်ခဲသွားရပြီး ဘယ်လောက်ပဲ ကြိုးစားကြိုးစား နေနာရီလောကသည် တုတ်တုတ်ပင်လှုပ်မသွားဘဲ ပြင်ပသက်ရောက်မှုဒဏ် မရောက်နိုင်သကဲ့သို့ တသမတ်တည်း တည်ငြိမ်လျက်သာရှိ၏။
"ဘာဖြစ်နေတာလဲ?"
ဟုန်ချန်ယဲ့ စိတ်မရှည်နိုင်တော့ပေ။
ယဲ့ကျွင်းလင်သာ သူ့ဖြစ်အင်ကို မြင်လျှင် ဘဲငန်းတစ်ကောင်လို အသံဆိုးကြီးဖြင့် ခွက်ထိုးခွက်လန် ရယ်နေပေရော့မည်။ ဤနေနာရီလောကသည် စနစ်မှ ပေးအပ်သော အထူးဆုတစ်ခုဖြစ်သောကြောင့် ပိုင်ရှင်မှတစ်ပါး အခြားမည်သူတစ်ဦးတစ်ယောက်မှ ခွင့်ပြုချက်မရှိဘဲ ယူဆောင်သွားနိုင်မည် မဟုတ်ချေ။
"ဟုန်ချန်ယဲ့ မင်းကမြူခိုးတောင်ထိပ်သခင်ရဲ့ တပည့်ကြီးဖြစ်ပြီး ဂိုဏ်းရဲ့ အထူးချွန်ဆုံး ပါရမီရှင်လည်း ဖြစ်တယ်၊ ဂိုဏ်းက မင်းကျင့်ကြံရေးတိုးတက်စေဖို့ သေချာပေါက် အားသွန်ခွန်စိုက် ကူညီထောက်ပံ့ပေးနေတာပဲ၊ ဒါတောင် မင်းဘယ်လိုများ ပုန်ကန်ရဲရတာလဲ?"
ရှယိုနျန်က အံတင်းတင်းကြိတ်လျက် ကြိမ်းမောင်းသည်။
မခံချင်စိတ်နှင့်အတူ သူ့တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများ ထွက်ပေါ်လာကာ ဟုန်ချန်ယဲ့ထုတ်လွှတ်ထားသော ဖိအားကို မထင်မှတ်ဘဲ တွန်းလှန်နိုင်လိုက်လေသည်။ ထို့နောက် တဖြည်းဖြည်းချင်း ထရပ်လိုက်နိုင်ပြီး မျက်လုံးများက တစ်ဖက်လူကို ဒေါသတကြီး စိုက်ကြည့်လို့နေ၏။
"ခွေးကောင်၊ မင်းက ဘာလဲ၊ ဒီအရှင်ကို သင်ခန်းစာပေးစေချင်တာလား?!"
ဟုန်ချန်ယဲ့ စိတ်မရှည်လက်မရှည်ဖြင့် ဆဲဆိုကာ လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်သည်။
အုန်း!
ရှယိုနျန်၏ ခန္ဓာကိုယ်မှာ အနောက်သို့ ဆယ်ကျန်းကျော်ခန့်အထိ လွင့်ထွက်သွားပြီး မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ကျလျက် သွေးများက ပါးစပ်ထောင့်မှ စီးကျလာတော့လေသည်။ သူသည် ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် နာကျင်စွာအုပ်လိုက်ရင်း ဟုန်ချန်ယဲ့ကို ကြောက်ရွံ့စွာပြန်မော့ကြည့်လိုက်မိ၏။
ဒါ ဘယ်လို ကျင့်ကြံဆင့်မျိုးလဲ?
ပေါ့ပေါ့ပါးပါး တစ်ချက်တည်းဖြင့် သူ့ကိုရိုက်ချလိုက်ပုံက ပြန်လှန်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝမရှိခဲ့!
ဒေါသဖြင့်တောက်လောင်နေသော နီရဲရဲပုံရိပ်ကို မော့ကြည့်ရင်း ရှယိုနျန်တစ်ယောက် ရင်တစ်ခုလုံး တုန်ယင်လာရလေသည်။
ဒီကောင်က ကြောက်စရာကောင်းလွန်းတယ်!
ပြိုင်ဘက်၏ လက်ရှိအင်အားမှာ နေနာရီလောကထဲ မဝင်ခင်ကနှင့် ယှဉ်လိုက်ရင် ခန့်မှန်းရခက်လွန်းလှလေသည်။
"ဂိုဏ်းချုပ်!"
တောင်သခင်များက စိုးရိမ်တကြီး အော်လိုက်ကြသည်။
ဆရာတူညီလေးယဲ့၏ အားကိုးရသောတပည့်ကြီးက အရေးကြီးသောအချိန်တွင်မှ ဤသို့သစ္စာဖောက်လိမ့်မည်ဟု သူတို့လုံးဝထင်မှတ်မထားခဲ့ပါပေ။
"ဟမ့် ပုရွက်ဆိတ်ကောင်တွေ မင်းတို့ကများငါ့ကို လက်ညှိုးထိုးပြောဆိုချင်ကြသေးတယ်ပေါ့လေ ခုနေမသတ်သေးတာပဲ ငါ့ဘက်က ညှာလွန်းလှပြီမှတ်ပါ!"
ဟုန်ချန်ယဲ့၏ အသံသည် အေးစက်စက်နှင့် ပြတ်သားကြမ်းကြုတ်လှကာ မျက်လုံးများက မထီမဲ့မြင် မာန်တက်နေသည့်ဟန်ကို အပြည့်အဝဖော်ကြူးလျက်ရှိလေသည်။ ထိုသူမှာ သက်ရှိသတ္တဝါအားလုံးကို ဖုန်မှုန့်များကဲ့သို့ သဘောထားကြည့်ရှုနေဟန်ရလေသည်။
"မင်း…" ရှယိုနျန်နှင့် တောင်ထိပ်သခင်များအုပ်စုမှာ ခြိမ်းခြောက်စကားတွင် ဆံပင်ထောင်မတတ်ကြောက်ရွံ့သွားရပြီး နတ်ဆိုးဘုရင်ကြီးတစ်ဦးနှင့် ထိပ်တိုက်တွေ့ရသလို ထင်ယောင်ထင်မှားခံစားချက်ကိုပင် ခံစားနေရလေသည်။
ထိုအချိန်တွင် ဂိုဏ်းအပြင်မှ လူသတ်ပွဲတစ်ပွဲအား ဖိတ်ခေါ်နေသကဲ့သို့ ကြုံးဝါးသံတစ်ခု ထွက်ပေါ်လာသည်။ "ယွီဟွားဂိုဏ်းရဲ့ တပ်မတော် ရောက်ရှိလာပြီ၊ တရားခံ ယဲ့ကျွင်းလင်ရေ မြန်မြန်ထွက်လာပြီး အသေခံလိုက်တာပိုကောင်းမယ်ဟေ့!!!"
စကားသံအဆုံးတွင် ဂိုဏ်းချုပ်နှင့်တောင်သခင်များ မျက်နှာအကြီးအကျယ်ပျက်ယွင်းသွားကြတော့၏။
ဟုန်ချန်ယဲ့ကလည်း လှောင်ရယ်သံစွက်လျက် ကြေညာလာလေသည်။ "ဟိုကောင်နဲ့ စာရင်းရှင်းဖို့အချိန်ကျပြီပဲ"
ထို့နောက် ဝှစ်ခနဲပင် လူတစ်ကိုယ်လုံး နေရာမှ ပျောက်ကွယ်သွားတော့သည်။
"ဂိုဏ်းချုပ်၊ ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ…" ဓားဝှက်တောင်ထိပ်သခင်က ကြံရာမရစွာဖြင့် မေးလာလေသည်။
"မြန်မြန် အနောက်ကလိုက်ကြည့်ရအောင်!"
ရှယိုနျန် စိတ်မချနိုင်ဘဲ အလျင်အမြန် လိုက်သွားရန် ထွက်ခွာသွားသည်။
မြူခိုးတောင်ထိပ်တွင်....
ငွေရောင်ဆံပင်ပိုင်ရှင်လူငယ်သည် ညာလက်ဖြင့် ခေါင်းကို ထောက်ကာ ခုံရှည်ပေါ်တွင် ပျင်းရိစွာ ဘေးတစောင်း လှဲလျောင်းနေပြီး ပါးစပ်ထဲတွင် ကောက်ကွေးနေသော ပိုက်တစ်ချောင်းအားအားရပါးရ စုပ်ယူလို့နေပြီး စားပွဲပေါ်တွင် တင်ထားသော နို့လက်ဖက်ရည်သည် ပိုက်မှတဆင့် သူ့ခံတွင်းထဲသို့ စီးဆင်းနေပေသည်။
မျက်လုံးမပွင့်တပွင့်ဖြင့် လှဲလျောင်းနေပုံမှာ အတော်လေးဇိမ်ကျနေပုံပင်။
ယဲ့ကျွင်းလင် လေချဉ်တက်ကာ "နို့လက်ဖက်ရည်ရဲ့ ပြောင်မြောက်တဲ့အရသာကတော့ အံ့မခန်းပါပဲ!" ဟု ထအော်လိုက်သည်။
ထို့နောက် သူနှင့် မနီးမဝေးနေရာတွင် အင်အားကြီးမားသော ပုံရိပ်တစ်ခုက လျှပ်တစ်ပြက် ပေါ်ထွက်လာသည်။
ယဲ့ကျွင်းလင်၏ ပျင်းလွန်းလို့အရည်ထွက်မတတ်ဖြစ်နေသော မျက်နှာကိုမြင်သော် ဟုန်ချန်ယဲ့ မျက်နှာမဲ့သွား၏။
ဒီကောင်ကတော့ ကျင့်ကြံသူတွေရဲ့ သိက္ခာကို ဖျက်ဆီးနေပြန်ပြီပဲ!
ဒီလိုပျက်စီးနေတဲ့ပုံနဲ့ ဘယ်မသေမျိုးအဆင့်ကိုများတက်နိုင်မှာလဲ? အနာဂတ်မှာရော ဘာတက်လမ်းတွေများ ရှိနေဦးမှာတဲ့လဲ?
သေချာတာပေါ့၊ ဒင်းက ပွပေါက်တိုးပြီး တစ်နေရာရာက ရှေးဟောင်းရတနာသိုက်တစ်ခုကို တူးခဲ့မိလို့ ဒီလိုမက်မောစရာကျင့်စဥ်တွေနဲ့ သဘာဝအရင်းအမြစ်တွေ ဒီလောက်ပေါများနေတာ။ ဒါတွေသာမရှိရင် အလကားကောင်ပဲ
ဒါပေမဲ့ အခုတော့...
ဒင်းပိုင်သမျှရတနာတွေအကုန် သူ့အပိုင်ဖြစ်တော့မယ်လေ!
ဟုန်ချန်ယဲ့ ရောက်လာတာကို သိလိုက်တဲ့ ယဲ့ကျွင်းလင်က လှုပ်ရှားဖို့တောင် ပျင်းရိနေပြီး ဘေးတစောင်း လှဲလျောင်းနေသည့် ပုံစံအတိုင်း ပါးစပ်ထဲက နို့လက်ဖက်ရည်ပိုက်ကို ခပ်ဖြည်းဖြည်းစုပ်ရင်း ပလီပလာတွေရွတ်လာလေသည်။ "ငါ့တပည့်အလိမ္မာလေး မင်းကို ဆရာသခင်က အရမ်းလွမ်းနေတာ
မင်းနှမကို လွမ်းလေ!
ဟုန်ချန်ယဲ့သည် ဒေါသကိုမပေါက်ကွဲအောင် အတင်းအကြပ် ထိန်းချုပ်ကာ အေးစက်စွာ ပြောလိုက်သည်။ "အပြင်မှာ ခင်ဗျားအသက်ကို နှုတ်ဖို့အတွက် တံခါးကိုရိုက်ချိုးဝင်လာတော့မတတ် ဖြစ်နေကြပြီ ခင်ဗျားကတော့ ထဖို့လေးတောင်ဒီလောက်ပင်ပန်းနေရသလား? သေမှာ မကြောက်ဘူးလား?"
"ဘာရယ်?"
ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။
"ဟဲဟဲ၊ မသိချင်ယောင်ဆောင်မနေပါနဲ့၊ ခင်ဗျားအဲ့လောက်မတုံးပါဘူး၊ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်... ဟာ သ-သရဲကြီး?!"
ဟုန်ချန်ယဲ့ စကားမဆုံးခင် ထူးထူးဆန်းဆန်းသတ္တဝါလေးတစ်ကောင် ပြေးထွက်လာတာကို မြင်လိုက်ရသော် မျက်လုံးတစ်စုံက အံ့သြတကြီး ပြူးကျယ်သွားကာ မဆိုင်သည့်စကားတွေပါ လွှတ်ခနဲထွက်ကျလာကုန်တော့၏။
တစ်ဖက်လူက သေးသွယ်နူးညံ့ပြီး အဖြူရောင် သိုင်းကြိုးဂါဝန်လေးကို ဝတ်ဆင်လို့ထားသည်။ ပေါ်လွင်နေသည် အသားအရေက နူးညံ့ချောမွေ့လှကာ ဆီးနှင်းလို ဖြူဖွေးသွယ်လျသည့် လက်မောင်းတွေက ကျောက်စိမ်းကြာနွယ်ရိုးများလို လှပလှပေသည်။ ဂါဝန်အောက်မှ ဖြောင့်စင်းသောခြေတံနှစ်ချောင်းက လုံးဝန်းချောမွတ်ပြီး ညီညာစွာရပ်လျက်ရှိ၏။
သို့ပေမဲ့ လည်ပင်းအထက်မှာတော့ ရုတ်တရက် ပေါ်လာသည့် ကြွက်ခေါင်းတစ်ခုကို မြင်ရပေမည်။
ထို ကြွက်တစ်ပိုင်းလူတစ်ပိုင်း သရဲမလေးသည် မီးခိုးတစ်လုံလုံးဖြင့် ပြေးထွက်လာပြီး လက်နှစ်ဖက်ဖြင့် ပန်းကန်ပြားတစ်ခုကို ကိုင်ထားကာ စိတ်လှုပ်ရှားစွာဖြင့် စကားတတွတ်တွတ်ဆိုလေသည်။ "ဆရာသခင် ရှုရှုကို လုပ်ခိုင်းထားတဲ့ အစပ်အရသာ အော်လီယန်းကြက်တောင်ပံတွေရလာပြီ၊ မြည်းကြည့်ပါဦး!"
ထို့နောက် ဟုန်ချန်ယဲ့ကို တွေ့တော့ အံ့သြတကြီး ပြေးလာပြီး နှုတ်ဆက်လာလေသည်။ "အယ်၊ ဆရာတူအစ်ကိုဟုန် သီးသန့်ကျင့်ကြံရေးကနေထွက်လာတာ မြန်သားပဲနော်!"
"မင်း၊ မင်း အဲ့နားမှာတင်ရပ်လိုက်စမ်း! ရှေ့ ရှေ့တိုးမလာနဲ့ သ သရဲ"
ဟုန်ချန်ယဲ့၏ မိုက်ခနဲမူးနောက်သွားရကာ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရသည်။
ဒါ ဟိုမွေးဖြူကြွက်လား?
သူက ဘယ်လိုဖြစ်သွားရတာလဲ?
ဒါက ဘယ်လို ထူးဆန်းတဲ့ ပုံစံကြီးလဲ?
မဟုတ်မှ လွဲရော…
ဟုန်ချန်ယဲ့ အတွေးတစ်ခုဝင်လာကာ ယဲ့ကျွင်းလင်ကို ဖျတ်ခနဲလှမ်းကြည့်လိုက်ပြီး ကျောတစ်ပြင်လုံးလည်း အေးစိမ့်သွားရလေသည်။
သောက်ကျိုးနဲ!
ခင်ဗျားက ဒီလိုထူးထူးဆန်းဆန်းကြီးတွေမှ ကြိုက်တာလား!
စွပ်စွဲသလိုအကြည့်အောက်တွင် ယဲ့ကျွင်းလင်တောင့်ခနဲဖြစ်သွားရသည်။ ဟိုကောင် မင်းဘာတွေတွေးနေတာလဲ? ငါကဖြောင့်မတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ပါနော်၊ မင်း အဲ့ရုပ်ကြီးက မဟုတ်တာတွေတွေးနေပြီမလား?
သေချာတာပေါ့၊ အဲ့ဒီမလုံမလဲပုံစံနဲ့တင် သေချာနေပါပြီ!
"ဆရာတူအစ်ကိုဟုန်.." ပုရှောင်ရှီးက မျက်နှာငယ်လေးနှင့်ခေါ်လိုက်သည်။ သူ့ပုံစံကိုကြောက်လို့ ဒီလိုဖြစ်သွားတာမှန်း သူသိပါသည်။
ဝှစ် ဝှစ် ဝှစ်~
ထိုအချိန်တွင် ပုံရိပ်အချို့က မြူခိုးတောင်ထိပ်သို့ ဆင်းသက်လာလေသည်။
"မင်း ပုန်ကန်တဲ့တပည့်ကောင်၊ ဆရာသခင်ကိုများ ဘာလုပ်ဖို့ ကြံစည်နေတာလဲ?!"
"ညီလေးယဲ့၊ သတိထား!"
ရှယိုနျန်နှင့် တောင်ထိပ်သခင်များက စိုးရိမ်တကြီး ပြောလာကြလေသည်။
ထို့နောက် အားလုံး၏အကြည့်လားရာမှာ ပုံမှန်မဟုတ်သော ပုံရိပ်တစ်ခုထံသို့ ဆွဲဆောင်ခံလိုက်ရပြီး မျက်လုံးပြူးမျက်ဆံပြူးဖြင့် "ဒါကြီးက...ဒါကြီးက"ဟူသော ထစ်အထစ်အ စကားများသာ ထွက်လာနိုင်ကြပေတော့၏။
"မကြောက်ပါနဲ့ ဆရာသခင်တို့ ကျွန်မပါ၊ ရှုရှုပါ!" ပုရှောင်ရှီးက ရှင်းပြသည်။
"ဒါဆိုမင်းက ဆရာတူညီလေးယဲ့ရဲ့ ဒုတိယတပည့်ပေါ့၊ ဒါနဲ့ ဒီပုံစံကြီးက တကယ်ကို ကြောက်စရာကောင်းတယ်နော်" ရှယိုနျန်က ကြောင်တောင်တောင်ဖြင့် ပြောလာသည်။
"ဆရာတူညီလေးယဲ့က ပါရမီပိုင်းမှာ အရမ်းထူးချွန်ရုံတင် မကဘူး၊ အကြိုက်ကပါ အများနဲ့မတူ တမူထူးခြားတာပဲ" တောင်ထိပ်သခင်များက တအံ့တသြ ရေရွတ်လာကြလေသည်။
ငါတို့ညီလေးက ထူးထူးဆန်းဆန်း ကစားနည်းမျိုးကို ကြိုက်နှစ်သက်တတ်တာပဲကိုး...
"အယ်" ယဲ့ကျွင်းလင် နားထောင်ရင်း ပိုပိုပြီးလွဲလားသလို ခံစားလာရလေသည်။ ဘာလို့ မင်းတို့အားလုံးက မဟုတ်တာတွေတွေးပြီး ငါ့ကိုပဲတိုက်ခိုက်နေကြတာလဲ?