အခန်း (၄၈)
Vol. 4 Ch. 48
"ဒါနဲ့ ခုနက ဆရာတူအစ်ကိုတို့အော်လိုက်တာက ဘာကိုဆိုလိုတာလဲ"
ယဲ့ကျွင်းလင်က အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်သည်။ ကြွက်ကိစ္စကို ဆက်ပြောနေလျှင် သူ့ ရှိမဲ့စုမဲ့ဂုဏ်သိက္ခာလေး ပျက်စီးရတော့မှာ စိုးကြောက်လှပေ၏။
"ဆရာတူညီလေးယဲ့၊ မင်းရဲ့ တပည့်အကြီးဆုံးက သစ္စာဖောက်ဖို့ ကြံစည်နေတယ်! သူက ခုနက နှစ်တစ်ရာနေနာရီကို လုယူဖို့ ကြိုးစားနေတာ၊ ငါတို့ကိုတောင် တိုက်ခိုက်ခဲ့သေးတယ်!"
တောင်ထိပ်သခင်များက အလျင်အမြန်တိုင်ကြားလာလေသည်။
"ဟေ့ ငါ့တပည့်လေးရေ၊ သူတို့ပြောနေတာတွေက အမှန်ပဲလား" ယဲ့ကျွင်းလင်၏ မျက်လုံးများ ပေကလပ်ပေကလပ်ဖြစ်သွားကာ ဟုန်ချန်ယဲ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
ငွေရောင်ဆံပင်ပိုင်ရှင်လူငယ်၏ ထိုသို့စိုက်ကြည့်ခြင်းကို ခံလိုက်ရသောအခါ ဟုန်ချန်ယဲ့ ရင်တစ်ချက်တုန်သွားသော်လည်း အလျင်အမြန်ပင် ပြန်တည်ငြိမ်သွားသည်။
သူသည် ယခင်ကဟုန်ချန်ယဲ့မဟုတ်တော့သည့်အတွက် ဤသူကို ကြောက်စရာမလိုတော့ပေ။
တစ်ပြန် ထိန်းချုပ်ရမည့်အချိန် ရောက်လေပြီ!
ဟုန်ချန်ယဲ့က မျက်နှာကို မော့ချီလိုက်ပြီး အထက်စီးဆန်ဆန် အမိန့်သံဖြင့် ပြောလိုက်သည်။ "အမှန်ဆိုရင်ရော ဘာဖြစ်လဲ? ခင်ဗျား ကျုပ်ကိုဘာလုပ်နိုင်မှာမလို့လဲ? အခု စစ်တပ်ကလည်း ချဉ်းကပ်လာနေပြီဆိုတော့ ကျုပ်မပုန်ကန်လည်း ခင်ဗျားသေမှာပဲ၊ ကိုယ့်အခြေအနေကို မသိသေးဘူးလား?"
"ယုတ်မာလိုက်တာ၊ သိုးရေခြုံထားတဲ့ ဝံပုလွေကောင်! ဆရာတူညီလေးယဲ့က မင်းကို ဒီလောက်ကောင်းကောင်း ဆက်ဆံခဲ့တာကို!" ရှယိုနျန်နှင့် အခြားသူများ ဒေါသအမျက်ဖြင့် တုန်လှုပ်သွားရကာ သူ့ကို ဝိုင်းဝန်းဆဲဆိုကြသည်။
ဂိုဏ်းဂဏအားလုံးအတွက် အဆိုးဆုံးပြဿနာမှာ တပည့်က ဆရာကို သစ္စာဖောက်ခြင်းဖြစ်ပြီး ဂိုဏ်း၏ အတွင်းပိုင်း တည်ငြိမ်အေးချမ်းမှုကို တုန်လှုပ်ယိမ်းယိုင်စေတတ်သည်ပင်။
"မင်းတို့က ဘာနားလည်မှာမလို့လဲ!"
ဟုန်ချန်ယဲ့၏ မျက်နှာမှာ ရေခဲပြင်ကဲ့သို့ အေးစက်မာကျောနေသည်။
သူကဲ့သို့ မြင့်မြတ်သောအရှင်သခင်တစ်ဦးကို ဂုဏ်သိက္ခာမရှိသည့် ကျင့်ကြံသူအငယ်တစ်ဦးက တစ်ချိန်လုံး ကစားနေခဲ့သည်လေ။ ပုခုံးနှင့် ခြေထောက်များကို ကိုယ်တိုင် နှိပ်နယ်ပေးရလေ့ရှိပြီး ပို၍ပင် မုန်းစရာကောင်းသည်မှာတော့ ထိုသူ၏ ခြေထောက်များကို နှိုက်နှိုက်ချွတ်ချွတ် ပွတ်သပ်ဆေးကြောပေးရခြင်းပင်!
ထိုအကြောင်းကို တွေးမိတိုင်း ရှက်စိတ်ဖြင့် ဒေါသများအလိပ်လိပ်တက်လာလေ့ရှိ၏။
"အပြစ်ပေးခံရတာ ဒါတွေအားလုံးက ငါ့အမှားတွေအတွက် အပြစ်ဒဏ်ပါပဲ" တပည့်ဖြစ်သူ၏ ပုန်ကန်မှုကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသောအခါ ယဲ့ကျွင်းလင်သည် စိတ်ပျက်အားငယ်စွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"သူ့ကို အပြစ်မတင်ကြပါနဲ့! ကျွန်တော့်အမှားပါ! ကျွန်တော့်က ရှောင်ဟုန့်ရဲ့ ခံစားချက်တွေကို တစ်ချိန်လုံး လျစ်လျူရှုထားခဲ့မိတာ! ဒါ ကျွန်တော့်အမှားတွေပါ! တကယ် နောင်တရမိပါတယ်!"
ယဲ့ကျွင်းလင်၏ မျက်လုံးများ နီရဲလာကာ ဝမ်းနည်းပက်လက်ဖြင့် ရင်ဘတ်ကို ထုရိုက်၍ နောင်တကြီးစွာရနေဟန်ဖြင့် ညည်းညူလေသည်။
"ဆရာသခင်!" ပုရှောင်ရှီးက ဘေးမှကြည့်ရင်း ငိုချင်စိတ်ဖြင့် နှာခေါင်းလေးပင်စပ်လာရတော့၏။
"ဆရာတူညီလေးယဲ့ရာ..." ရှယိုနျန်နှင့် တောင်ထိပ်သခင်များမှာ အံ့အားသင့်စွာ ရပ်ကြည့်နေကြရတော့သည်။ သူတို့ညီလေး ဤမျှဝမ်းနည်းနေသည်ကို တစ်ခါမျှမမြင်ဖူးခဲ့ကြပေ။
"ဟန်ဆောင်နေတာ၊ ဆက်ဟန်ဆောင်နေလိုက်လေ"
ဟုန်ချန်ယဲ့ပြောရင်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ သူသာ ထိုသူနှင့် အချိန်တွေအကြာကြီး အတူမနေဖူးခဲ့ပါက ထိုတောင်ထိပ်သခင်များလိုပင် လှည့်စားခံရနိုင်ချေရှိသည်။
"ရှောင်၊ ဟုန်ဟုန်၊ ချန်ယဲ့လေး၊ ဆရာ့ရဲ့ ချစ်လှစွာသော တပည့်လေးရယ်၊ ဆရာ့အမှားတွေအကုန်လုံးကို ဆရာသိပါပြီ ပြန်ခွင့်လွှတ်ပေးနိုင်မလားကွယ်? ဆရာတပည့်အချင်းချင်းပဲကို ဒီလိုတွေဖြစ်အောင်မုလုပ်ပါနဲ့၊ ငါတို့ အစကနေ ပြန်စကြရအောင်၊ ဟုတ်ပြီလား?"
ယဲ့ကျွင်းလင်က မျှော်လင့်တကြီးဖြင့် တိုးလျှိုးတောင်းပန်ရှာသည်။
"အောင်မလေး!"
ဟုန်ချန်ယဲ့ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွားရပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ စိတ်ထိန်းလိုက်ရလေသည်။
ဒီလောက်အရှက်မဲ့တဲ့သူ ရှိသေးတာလား?
ပညာတွေလည်း ရပါတယ်!
"ခင်ဗျား အဲ့လောက်နဲ့တော်တော့ ပေါက်ပန်းလေးဆယ်တွေ ရွံစရာကောင်းလိုက်တာ!"
ဟုန်ချန်ယဲ့က စက်ဆုပ်ရွံရှာသော လေသံဖြင့် ပြောသည်။
မျှော်လင့်မထားစွာပင် ထိုသူ ထပ်ပြီးငိုချင်းမချတော့ပါပေ။
ယဲ့ကျွင်းလင်မှာ အခုမှ စိတ်သက်သာရာရသွားပုံပေါ်ပြီး သူ့မျက်နှာမှာ ချက်ချင်းတည်ငြိမ်အေးဆေးသွားကာ လွန်ခဲ့သောစက္ကန့်ပိုင်းလောက်က အမူအရာနှင့် လုံးဝကွဲပြားသွားသည်။
သူ့နှုတ်ခမ်းထောင့်တွင် အနိုင်ရရှိသွားသော အပြုံးတစ်ခု ပေါ်လာသည်။
သူ့စိတ်ထဲတွင် စနစ်သတိပေးချက်တစ်ခု ပေါ်လာသည်ကို မည်သူမျှ မသိနိုင်ပါချေ။
【တင်၊ ယာယီတာဝန်ကို ပြီးမြောက်အောင်မြင်ခြင်းအတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်ရှင်၊ ဆုလာဘ်- မသေဆုံးသောအရှင်သခင် ခန္ဓာကျင့်စဥ်!】
【မသေဆုံးသောအရှင်သခင် ခန္ဓာကျင့်စဥ်】: ကျင့်ကြံသူ၏ အင်အားနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို ပေါင်းစပ်ထားသော အထူးကျင့်စဥ်တစ်ခုဖြစ်သည်။ အထွဋ်အထိပ်ဆင့်ထိရောက်အောင် ကျင့်ကြံနိုင်မည်ဆိုလျှင် အမှန်တကယ် မသေဆုံးနိုင်သော အရှင်သခင်ခန္ဓာတစ်ခုကို ပိုင်ဆိုင်နိုင်ကာ ခေတ်အဆက်ဆက်ဒဏ္ဍာရီသမိုင်းကြောင်းများအား တုန်လှုပ်ကွဲအက်စေလိမ့်မည်။
"ဆုလာဘ်က မဆိုးပါဘူး၊ စနစ်ရဲ့ ရွေးချယ်တာဝန်ကိုမြင်လိုက်တာနဲ့ ချက်ချင်းမုသွင်းပြီး နေရာမှာတင်သရုပ်ဆောင်လိုက်ရတာ၊ တန်တော့တန်ပါတယ်လေ"
ယဲ့ကျွင်းလင် စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်သည်။
အစောက သူသည် စနစ်၏ ယာယီရွေးချယ်မှုတာဝန်တစ်ခုကို အသက်သွင်းခဲ့ခြင်းပင်။
ပထမရွေးချယ်မှုမှာ သူသည် တပည့်ဖြစ်သူဟုန်ချန်ယဲ့၏ သစ္စာဖောက်ခြင်းကို ကြုံတွေ့ရသောအခါ ဆရာဖြစ်သူအနေဖြင့် ချက်ချင်း ပြိုလဲသွားရပြီးနောက် ဒေါသတကြီး ဆူပူကြိမ်းမောင်းပေးရမည်ပင်။ ဆုလာဘ်အနေဖြင့် မသေမျိုးအဆင့်ရုပ်ခန္ဓာ သန့်စင်ခြင်းဆေးလုံးတစ်လုံးကို ရရှိမည်ဖြစ်သည်။
ဒုတိယရွေးချယ်မှုမှာ သူ၏အမှားများကို စိတ်ပါလက်ပါ ဝန်ခံခြင်းဖြစ်ပြီး သရုပ်ဆောင်ရာတွင် ခံစားချက်သေချာထည့်ကာ အပိုအလိုမရှိ သဟဇာတဖြစ်အောင် ဇာတ်မင်းသားဟန် ငိုချင်းချကာလုပ်ပြနိုင်ရမည်ဖြစ်၏။ အောင်မြင်ပါက မသေဆုံးသောအရှင်သခင် ခန္ဓာကျင့်စဥ်ကို ဆုချမည်ဖြစ်သည်။
မသေမျိုးခန္ဓာသန့်စင်ဆေးလုံးများမှာ အလွန်ရှားပါးသော်လည်း မသေဆုံးသောအရှင်သခင် ခန္ဓာကျင့်စဥ် နှိုင်းယှဉ်လျှင် တန်ဖိုးနှင့် အကျိုးသက်ရောက်မှုမှာ ပမွှားသာပင်။
မသေဆုံးသောအရှင်သခင် ခန္ဓာကျင့်စဥ်ဆိုသည်မှာ ထိုမျှအထိ တန်ဖိုးကြီးလှပေသည်!
အရူးတောင် ဒီနှစ်ခုထဲက ဘာကိုရွေးရမည်ဆိုတာကို သိနိုင်ပေမည်!
ထို့ကြောင့် ယဲ့ကျွင်းလင်သည် ဒုတိယရွေးချယ်မှုနှိပ်လိုက်ကာ လူအများရှေ့တွင် ဟန်ပါပါသရုပ်ဆောင်ခဲ့ခြင်းပင်။
သရုပ်ဆောင်မှုအောင်မြင်ပြီး ကျင့်စဥ်ကိုလည်းရရှိပြီးဖြစ်သည်နှင့် ယဲ့ကျွင်းလင် သရုပ်ဆောင်မှုကို ချက်ချင်းခွာချကာ ယခင်လို တည်ငြိမ်အေးဆေးသောအသွင်သို့ တမုဟုတ်ချင်း ပြန်လည်ရောက်ရှိသွားလေသည်။
သူသည် ပျင်းရိစွာဖြင့် ခုံပေါ်တွင်ပြန်လှဲကာ နို့လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး ပိုက်ဖြင့် စုပ်ကာ အားရပါးရ သောက်နေလိုက်သည်။
"ဟင်?"
ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်လိုက်သည်။ ဒီကောင် ဘာတွေအကွက်ဆင်နေပြန်တာလဲ?
ရှယိုနျန်နှင့် အခြားသူများမှာ အူကြောင်ကြောင်မျက်နှာပေးဖြင့် တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြသည်။
"အားလုံးပဲ၊ ညီလေးယဲ့က ဖိအားတွေ အရမ်းများပြီး စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားတာများလား" ဓားဝှက်တောင်ထိပ်သခင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"တိတ်စမ်း!" ကောင်းကင်မွှေးရနံ့ တောင်ထိပ်သခင်မက စိတ်ပျက်လက်ပျက်ဖြင့် ဖြတ်ဟောက်လိုက်သည်။
"ရှောင်ရှီး"
"ဆရာသခင်၊ ရှုရှုလာပါပြီ!"
"ဆရာ့ပခုံးကို နှိပ်ပေးပါဦး"
"ဟုတ်ကဲ့!"
ပုရှောင်ရှီးက အမြန်ပြေးလာပြီး ယဲ့ကျွင်းလင်၏ ပခုံးကို နာခံစွာ နှိပ်နယ်ပေးနေသည်။
ယဲ့ကျွင်းလင်က သက်သာစွာဖြင့် မျက်လုံးများကို မှေးစင်းကာ ပေါ့ပေါ့ပါးပါး ပြောသည် "ရှောင်ဟုန်၊ မင်းက နှစ်နှစ်ရာလုံး နှစ်တရာနေနာရီလောကထဲမှာ တရားထိုင်ပြီး အခုမှ ပြန်ထွက်လာတာဆိုတော့ မင်းကိုယ်မင်း ပြန်တော်သွားပြီလို့ ထင်နေတာလား?"
ဟုန်ချန်ယဲ့က ခပ်မာမာပြန်ပြောသည်။ "အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့၊ ခင်ဗျားဆီမှာရှိတဲ့ရတနာအားလုံး လက်လွှဲပေးမယ်ဆိုရင် ကျုပ်ကူပြီးကယ်ထုတ်ပေးနိုင်တယ်! ဒါပေမဲ့ ငြင်းဆန်မယ်ဆိုရင်တော့ ဒီမှာပဲလှဲပြီး သေဖို့ စောင့်နေလိုက်တော့!"