အခန်း (၄၉)
Vol. 4 Ch. 49
ကျင့်ကြံရေးလောကသည် နဂိုကတည်းက ထိုကဲ့သို့ မတရားသဖြင့် ရက်စက်ကြမ်းကြုတ်သော လောကတစ်ခုဖြစ်ပြီး လူသတ်ခြင်း၊ ဓားပြတိုက်ခြင်းဆိုသည်မှာ မပြောပလောက်သော လုပ်နေကျကိစ္စများသာပင်။ ဟုန်ချန်ယဲ့သည်လည်း နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးအနေဖြင့် မကောင်းသည့်နေရာမှန်သမျှတွင် ထူးချွန်သည်ဟုဆိုရပေမည်။
တစ်ဖက်လူက သူလိုချင်တာကို ပေးနိုင်သရွေ့ ရန်သူ့တပ်ကို ကူညီတိုက်ထုတ်ပေးနိုင်သည်။ ပြီးမှ ယဲ့ကျွင်းလင်ကို ဒေါသတွေအကုန်ပုံချကာ အားရအောင်နှိပ်စက်ပြီး ထွက်လာခဲ့လိုက်မည်ဆိုလျှင်လည်း သိပ်နောက်ကျသည်မဟုတ်။
"ဂိုဏ်းချုပ် ကျွန်တော်ပြောမယ် ဒီလူကကြည့်ရတာ နည်းနည်းတော့ကူညီချင်သေးပုံပဲ အသိစိတ်တော့ကပ်လောက်ပါသေးတယ်" တောင်ထိပ်သခင်တစ်ဦးက တိုးတိုးကပ်ပြောလာသည်။
စစ်ပွဲကြီးက တံခါးဝသို့ရောက်လာလေပြီ။ ဟုန်ချန်ယဲ့၏အင်အားကိုလည်း သူတို့သိထားသောကြောင့် ထိုသူသာ ဆက်ပြီးကူညီပေးချင်စိတ်ရှိသေးလျှင် သူတို့ရွှယ်ထျန်းဂိုဏ်း ဒီတစ်ခေါက် အခက်အခဲများကို ကျော်လွှားနိုင်ချေရှိပေသည်။
"ဆရာတူညီလေးယဲ့ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်သေးတယ်လေ" ရှယိုနျန်က ချောင်းအနည်းငယ်ဟန့်လျက်ဆိုလိုက်သည်။ သို့သော် သူလည်းအကူအညီလိုချင်နေကြောင်း အသိသာကြီးပင်။
ယဲ့ကျွင်းလင်ထံမှ သူတို့ရရှိခဲ့သော ကျင့်စဥ်များနှင့်ဆေးလုံးများစွာရှိပြီး အချိန်စီးဆင်းမှုကို နှစ်တစ်ရာနေနာရီလောကကိုလည်း တွေ့မြင်အသုံးပြုခဲ့ပြီးပြီဖြစ်သောကြောင့် ရောင်းရင်းဂိုဏ်းသားများအနေဖြင့် လိုသည်ထက်ပိုမစပ်စုမိသော်ငြား ယဲ့ကျွင်းလင်လွန်စွာကြွယ်ဝနေကြောင်းကို သူတို့သိထားပြီးသားပါပင်။
အခုတော့ ဟုန်ချန်ယဲ့က တည့်တိုးပင် ကမ်းလှမ်းတောင်းဆိုလာသောကြောင့် ယဲ့ကျွင်းလင်မည်သို့ဆုံးဖြတ်မည်ကို သူတို့အားလုံး စိတ်ဝင်စားမိကြလေ၏။
"ဟဲဟဲ"
ယဲ့ကျွင်းလင်က ဟုန်ချန်ယဲ့၏ဆိုလိုရင်းကို သိနားလည်ဟန်ဖြင့် တဟဲဟဲရယ်သွမ်းသွေးလာသည်။
ရှင်းရှင်းလေးပြောရရင် မဖြစ်နိုင်ဘူးပေါ့ကွာ။ ငါတောင် စနစ်ပေးလို့ရထားတာတွေကို။
နောက်ပြီး လက်ရှိအခြေအနေကိုလည်း ယဲ့ကျွင်းလင်က အရေးတကြီးဖြစ်နေသည်ဟု မှတ်ယူမထားပေ။
"ဆိုတော့ အခုမင်းက ငါ့ထက်ပိုသန်မာနေပြီဆိုတာ သိပ်သေချာလှပြီပေါ့လေ"
ယဲ့ကျွင်းလင်က အပြုံးမမည်သော အပြုံးတစ်ပွင့်ဖြင့် ခပ်အေးအေး မေးလာသည်။
"သေချာတာပေါ့"
ဟုန်ချန်ယဲ့က အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြောဆိုလာသည်။ "ခင်ဗျားက ကျုပ်ကိုအကြိမ်ကြိမ်ဖိနှိပ်ပြီး ကျုပ်ကျင့်ကြံရေးကို နှောင့်နှေးစေခဲ့ပေမယ့် အခုတော့ နေနာရီလောကထဲမှာ နှစ်နှစ်ရာတောင့် ကျင့်ကြံခဲ့ပြီးပြီမလို့ ကျင့်ကြံဆင့်ရော အင်အားရောက ခင်ဗျားထက် သေချာပေါက် အပြတ်အသတ်ကိုသာတယ် ကျုပ်ခင်ဗျားကို ကျော်တက်နိုင်သွားပြီ"
တိကျပြတ်သားသော ယုံကြည်ချက်အပြည့် လေသံပါပေ။
"ယဲ့ကျွင်းလင်၊ ခင်ဗျားဒီလို ပေါ့ပေါ့နေပေါ့ပေါ့စားပြီး ရည်မှန်းချက်မရှိ ပျင်းရိနေခဲ့လို့ အခုလို့ သေနေ့ဆီရောက်လာရတာပဲ၊ နားလည်လား"
"ကျုပ်တို့ ကျင့်ကြံသူတွေဆိုတာ တစ်နေ့ထက်တစ်နေ့ ပိုသန်မာအားကောင်းလာဖို့ စဥ်ဆက်မပြတ်လေ့ကျင့်နေရမယ်၊ စိန်ခေါ်မှုအသစ်တွေကို အမြဲရင်ဆိုင်နေရမယ်၊ ခင်ဗျားလိုပျင်းရိပြီး တစ်နေကုန်တစ်နေခမ်း ဘာကြိုးစားအားထုတ်မှုမှမရှိတဲ့လူတစ်ယောက်က ကျင့်ကြံရေးလောကမှာ ရှိမနေသင့်ဘူး"
"ဒါကြောင့် လက်ထဲရှိသမျှအကုန် ကျုပ်ကိုသာထုတ်ပေးလိုက်တော့၊ ကျုပ်က အဲ့အမွေအနှစ်တွေကိုဆက်ခံပြီး ရှေ့ဆက်လျှောက်ဖို့ အများကြီးထိုက်တန်တဲ့လူပဲ"
"အာ အဲ့လို?"
လွန်စွာမှ စိတ်အားထက်သန်နေသော နတ်ဆိုးဂိုဏ်းချုပ်ဟောင်းကို ယဲ့ကျွင်းလင် အရူးတစ်ယောက်ကိုကြည့်သလို ကြည့်ပေးနေလိုက်သည်။
စနစ်ရှိတာပဲကို၊ ဘာလို့ကျင့်ကြံအားထုတ်နေရဦးမှာ?
ပေါ့ပေါ့နေ ပေါ့ပေါ့စားတာက ဘာလို့မကောင်းတာလဲ? မင်းအဲ့လိုမနေဖူးလို့ မသိတာပါ ငါ့ကောင်ရာ။
"ကဲ ဇဝေဇဝါဖြစ်နေတာတွေတော်သင့်ပြီ၊ ပေးစရာရှိတာ မြန်မြန်ပေးတော့၊ ငါ့ကိုအားသုံးပြီးယူစေချင်နေတာလား" ဟုန်ချန်ယဲ့က နတ်ဆိုးအရှင်တစ်ဦး၏အရှိန်အဝါဖြင့် လက်ကိုနောက်ပစ်ကာ အနားသို့တိုးကပ်လာလေသည်။ မျက်လုံးများက မီးဝင်းဝင်းတောက်လျက်။
ဘုန်း!
အင်အားထုကြီးတစ်ခု ပေါက်ကွဲထွက်လာကာ အရပ်မျက်နှာပေါင်းစုံလို့ ပြန့်ထွက်သွားလေ၏။
"ဆရာတူအစ်ကိုဟုန်..." ပုရှောင်ရှီးက တုန်တုန်ယင်ယင်ဖြင့် ခေါ်လိုက်သည်။ သူ့ရှေ့ကလူမှာ တဖြည်းဖြည်းနှင့် စိမ်းသက်လာပြီး သူရင်းနှီးသောဆရာတူအစ်ကို မဟုတ်တော့သကဲ့သို့ပင်။
"ဆရာတူညီလေးယဲ့၊ ခေါင်းမာမနေပါနဲ့တော့၊ ပေးလိုက်ပါ" ရှယိုနျန်နှင့် တောင်ထိပ်သခင်များမှာ ချွေးအေးပြန်လို့နေလေပြီ။
ထိုအချိန်တွင် ရုတ်တရတ် အပြင်ဘက်မှာ ပေါက်ကွဲသံကြီးတစ်ခု လွင့်ထွက်လာလေသည်။
ရွှယ်ထျန်းဂိုဏ်း၏ တောင်ချုပ်အစီအရင်မှာ ဖိအားပေးခံရသောကြောင့် ဆိုးရွားစွာပြိုကွဲထွက်သွားရပြီး ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းတစ်ခုက ရူးသွပ်စွာပေါက်ကွဲထွက်လာလေသည်။ မရေမတွက်နိုင်သော တပည့်သားများနှင့် အကြီးအကဲတို့မှာ နာကျင်စွာအော်ဟစ်ကာ လွင့်စင်လဲပြိုကြကုန်လေ၏။
"အမတသစ်ပင်အရှင်ရေ ရန်သူရဲ့အင်အားကအရမ်းကြီးတဲ့အတွက် ကျွန်တော်မျိုးတို့ ထပ်တောင့်မခံနိုင်တော့ပါဘူးခင်ဗျာ"
ခန္ဓာပေါင်းစည်းခြင်းအဆင့် ဂြိုဟ်သားသတ္တဝါတစ်ကောင်က ပါးစပ်ထောင့်မှသွေးများစီးကျလျက် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာအပြည့်ဖြင့် လာရောက်လျှောက်တင်လေသည်။
ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူ ထောင်ကျော်အရေအတွက်နှင့် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကဲံသူ ခြောက်ဆယ်ကျော်အထိပါဝင်သော လော့ထျန်းလျှို့ဝှက်နယ်မြေ၏ ဇာတိသားတစ်သိန်းသည်ပင် စစ်သင်္ဘောပျံအုပ်စု၏တိုက်ခိုက်မှုကို ဆက်လက်တောင့်မခံနိုင်တော့ဟုဆို၏။ အခြေအနေကား ထိန်းမနိုင်သိမ်းမရ ဖြစ်နေလေပြီ။
ပုရှောင်ရှီးမှာ အလန့်တကြားဖြစ်သွားပြီး ကူကယ်ရာမဲ့စွာမေးလာသည်။ "ဆရာသခင်၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ!"
"ယဲ့ကျွင်းလင်၊ မင်း အခုထိ မပေးသေးဘူးလား? ဒါမှမဟုတ် ငါကူညီမယ်ဆိုတာ မင်း မယုံလို့လား?"
ဟုန်ချန်ယဲ့က အေးစက်စွာ ထပ်မေးလိုက်သည်။
ဘုန်း!
ထိုအချိန်တွင် ကြောက်မက်ဖွယ်အရှိန်အဝါနှင့် စွမ်းအင်အမြောက်ကြီးတစ်ခုက ကောင်းကင်ကို ဖြတ်သန်းကာ မြူခိုးတောင်ထိပ်တစ်ခုလုံးကို ဖျက်ဆီးတော့မည့်ဟန်ဖြင့် ပျံသန်းတိုးထွက်လာလေသည်။
"အတင့်ရဲလိုက်တာ"
ဟုန်ချန်ယဲ့ လက်ကိုဝှေ့ယမ်း၍ ကာကွယ်လိုက်ကာ ကြမ်းကြုတ်စွာအော်ဟစ်လိုက်သည်။
ကြောက်မက်ဖွယ်စွမ်းအင်အမြောက်ကြီးမှာ ရုတ်တရက်ထွက်ပေါ်လာသည့် ပြင်းထန်သောခုခံအားကြောင့် လမ်းကြောင်းပြောင်းသွားရကာ ပြန်လည်ကွေ့ဝိုက်ပြီး လူရိပ်တွေအပြည့်ရပ်နေသည့် ကောင်းကင်တစ်နေရာဆီသို့ တဟုန်ထိုး ဦးတည်သွားတော့လေသည်။
တဒုန်းဒုန်း ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
တောက်ပသော ပေါက်ကွဲမှုရောင်ခြည်များ လင်းလက်စွာထွက်ပေါ်လာပြီး နာကျင်စွာအော်ဟစ်ညည်းညူသံများကတော့ စိတ်မချမ်းမြေ့ဖွယ်ကောင်းလှလေသည်။
"ဘယ်ကောင်လုပ်တာလဲကွ အခုထွက်လာပြီး သေလိုက်စမ်း"
ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးသံများ ထွက်ပေါ်လာကာ ဝိဉာဥ်အဆင့်တက်ခြင်း ကျင့်ကြံဆင့်အရှိန်အဝါ ဒါဇင်ချီမျှ လွင့်ထွက်ဖြန့်ကျက်လာပြီး မြူခိုးတောင်ထိပ်ထက်တွင် လာရောက်စုရပ်လိုက်ကြလေသည်။
"ဟမ့်"
ဟုန်ချန်ယဲ့သည် ဟမ့်ခနဲအသံတစ်ချက်ပေးလျက် ကောင်းကင်ယံသို့ ကြယ်တံခွန်တစ်ခုနှယ် ထိုးတက်သွားကာ ခန့်မှန်း၍မရသော အရှိန်အဝါတစ်ခုကို အောက်ကလူများကိုငုံ့ကြည့်ပြီး အေးစက်မောက်မာစွာပြောလိုက်သည်။ "ငါလုပ်တာလေ မင်းတို့ငါ့ကိုဘာပြန်လုပ်ချင်လို့လဲ"